အပိုင်း ၁၁၄ ( The President 14 )
Viewers 10k

သူ၏ အစားထိုး ရှာဖွေသော ကိစ္စကို ကျန်းယွင်ရှိူ့ သိလျှင် စိတ်ဆိုးမည်မှာ သေချာကြောင်း ယန်ကျင်းဇီသည် ကောင်းကောင်းသိသည်။


သူ့ရှေ့မှ ကျန်းယွင်ရှိူ့၏ နူးညံ့သော အသွင်အပြင်ကို မကြည့်နှင့်။ ကျန်းယွင်ရှိူ့၏ စိတ်ထဲတွင် ချိန်ခွင်လျှာ တကယ် ရှိသည်။


ကျန်းမိသားစုက သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့သောကြောင့် သူက ကျန်းမိသားစုနှင့်ပတ်သက်၍ တစ်ခါမှ ‌မပြောတော့ချေ။ ကျန်းမိသားစုက သူ့ကို ပေးထားသော ပိုက်ဆံကို စုဆောင်း၍ ပမာဏတစ်ခုအထိ စုဆောင်းပြီးနောက် ကျန်းမိသားစုကို ပြန်ပေးရန် ပြင်ဆင်နေကြောင်းကိုပင် ယန်ကျင်းဇီသည် ယွီယဲ့ထံမှ သိရှိလိုက်ရသည်။


ဤအကြောင်းကြောင့် သူသည် သုံ့ချင်းလင်၏ အရေးကိစ္စများကို မည်သည့်အခါမျှ မပြောပြဝံ့ပေ။ သို့ရာတွင် သူသည် ပြောပြရမည်ဖြစ်သည်။


ကျန်းယွင်ရှိူ့က သူ့ထံမှ သုံ့ချင်းလင်အကြောင်း သိထားလျှင် ပိုကောင်းသည်။ ကျန်းယွင်ရှိူ့သာ တခြားသူများစီမှ သိသွားလျှင်၊ တစ်စုံတစ်ယောက်က ကျန်းယွင်ရှိူ့ဆီကို လောင်စာနှင့် ရှာလကာရည်များ ပိုလောင်းလိုက်လျှင်... ကျန်းယွင်ရှိူ့ သူ့ကို ခွင့်လွှတ်နိုင်ပါ့ဦးမလား?


“ မနေ့က ယွီယဲ့ ငါ့ကို စန္ဒရားတီးတဲ့ အလုပ်တစ်ခု ရှာပေးတယ်။ အသွင်အပြင်ကြေးကို သန်းတစ်ဝက် ပေးတယ်။ ငါ့ရုပ်သွင်ကြေးက တိုးသွားပြီ! ” ကျန်းယွင်ရှိူ့က ပျော်ရွှင်စွာ ပြောသည်။


‘ကမ္ဘာမြေပေါ်မှ ကောင်းကင်ဘုံ’ အဖြစ်အပျက် မဖြစ်မီ သူသည် စန္ဒရားတီးရန် ဖိတ်ကြားခံရသော်လည်း ထိုအချိန်တွင် သူ့ရုပ်သွင်ကြေးမှာ ယွမ် ၂၀၀,၀၀၀ သာ ရှိသည်။


ကိုယ်ပိုင်အကြောင်းအရင်းများကြောင့် ကျန်းယွင်ရှိူ့သည် ကုမ္ပဏီတစ်ခုနှင့် လက်မှတ်မထိုးရသေး၍ ပရော်ဖက်ရှင်နယ် စန္ဒရားတီးပညာရှင် မဖြစ်လာဘဲ တာဝန်ခံမှုမရှိသောကြောင့် သဘာဝကျစွာပင် အသွင်အပြင်ကြေးက မမြင့်မားချေ။


ကုန်ပစ္စည်းကြော်ငြာများလည်း ရှိသော်ငြား သူသည် ကုန်အမှတ်တံဆိပ်နှင့်ပတ်သက်သည့် လှုပ်ရှားမှုများကို တက်ရောက်ရန် လိုအပ်သောကြောင့် သူသည် မလုပ်ချင်ပေ။


ယခု အသံများစွာ ထွက်ပေါ်နေပြီး လိင်စိတ်ခံယူချက်ကို လူသိရှင်ကြား ကြေညာခြင်းက သူ၏အလုပ်အပေါ် သက်ရောက်မှုအချို့ ရှိသော်လည်း ထိုသက်ရောက်မှုက အရမ်းမကြီးမားချေ။ 


လူအများသည် အနုပညာရှင်များကို အမြဲတမ်း ပိုမိုသည်းခံကြပြီး သူတို့၏ လိင်စိတ်က သာမန်လူများနှင့် မတူဟု ခံစားမိကြကာ ယခုအခါ ကျန်းယွင်ရှိူ့က နာမည်‌ကျော်ကြားလာသောကြောင့် အသွင်အပြင်ကြေး တိုးလာပေသည်။


ကျန်းယွင်ရှိူ့သည် အလှည့်အပြောင်းများကို မတွေးဘဲ အလွန်ပျော်ရွှင်နေသည် : “ နောင်ကျရင် ငါ တစ်လကို ခဏခဏ တီးမယ်။ အဲ့ဒါဆို ငါ့မှာ ပိုက်ဆံရှိလာလိမ့်မယ်! ” ယန်ကျင်းဇီ သူ့အတွက် သုံးထားတဲ့ ငွေတစ်သန်းကို သူ မကြာခင်မှာ ပြန်ပေးနိုင်ပြီး ပိုလည်း ရှာနိုင်ဦးမယ်!


“ ဟုတ်တယ်၊ ကိုယ့်ယွင်ရှိူ့က အရမ်း‌‌တော်တယ်။ ” ယန်ကျင်းဇီက ပြုံးပြီး ကျန်းယွင်ရှိူ့ကို နမ်းကာ သူ့အမူအရာက လေးနက်သွားသည် : “ ယွင်ရှိူ့၊ ကိုယ် မင်းကို ပြောစရာရှိတယ်။ ”


“ ဘာလဲ? ” ကျန်းယွင်ရှိူ့သည် ယန်ကျင်းဇီ၏ လေးနက်သော အမူအရာကို မြင်လိုက်ရပြီး အနည်းငယ် စိတ်မသက်မသာဖြစ်မိသည်။


“ ကိုယ် အရင်က မိုက်မဲတဲ့ကိစ္စတစ်ခု လုပ်ခဲ့တယ်။ ” ယန်ကျင်းဇီက စကားဆိုသည်။


ယန်ကျင်းဇီသည် မဖုံးကွယ်ထားချင်သဖြင့် မူလပိုင်ရှင်၏ အစားထိုးရှာဖွေသော ကိစ္စကို ပြောပြလိုက်သည် : “ ကိုယ် မင်းကို အရမ်းသဘောကျတယ်။ ဒါပေမယ့် ကိုယ်က နိမ့်ကျတယ်လို့ ခံစားရပြီး မင်းဆီမလာရဲတော့ မင်းကို တိတ်တိတ်လေး အာရုံစိုက်နေခဲ့တယ်။ နောက်တော့ ကိုယ် လူတစ်ယောက်ကို မတော်တဆ တွေ့လိုက်ရတယ်။ သူက မင်းနဲ့ တော်တော်လေး ရုပ်တူပြီး စန္ဒရားလည်း တီးတတ်တယ်။ အဲ့ဒါကြောင့် ကိုယ် သူ့ကို ပိုက်ဆံပေးပြီး မင်းအဖြစ် ဟန်ဆောင်ခိုင်းခဲ့တယ်... ”


ယန်ကျင်းဇီသည် အရှိအရှိတိုင်း အလွန်တိကျစွာ ပြောခဲ့သည် – ကျန်းယွင်ရှိူ့က အဖြစ်မှန်ကို သိသင့်ပြီဖြစ်သည်။


ရလဒ်ကမူ ဤနှစ်နှစ်အတွင်း သုံ့ချင်းလင် စန္ဒရားတီးခတ်သည်ကို အမြဲတစေ သွားရောက်နားထောင်ခဲ့ကြောင်းကို သူ ပြောပြသောအခါ ကျန်းယွင်ရှိူ့က မျက်တောင်ခတ်ပြီး သူ့မျက်ဝန်းများမှ ကြည်စင်သော မျက်ရည်များ စီးကျလာသည်။


ယန်ကျင်းဇီသည် စိတ်ဆင်းရဲပြီး ဆက်မပြောနိုင်တော့ပေ။ သူသည် ရှေ့တိုးပြီး ကျန်းယွင်ရှိူ့၏ မျက်ဝန်းများမှ စီးကျလာသော မျက်ရည်များကို နမ်းလိုက်သည် : “ ယွင်ရှိူ့၊ ကိုယ် တောင်းပန်ပါတယ်... ဒါပေမယ့် ကိုယ် ကျိန်ဆိုတယ်၊ သူ စန္ဒရားတီးတာကိုပဲ ကိုယ် နားထောင်ခဲ့တာပါ။ ကိုယ် သူနဲ့ ဘာမှမလုပ်ခဲ့ဘူး! ကိုယ်တို့မှာ မသင့်တော်တဲ့ ဆက်ဆံရေး လုံးဝ မရှိဘူး! ”


မူလပိုင်ရှင်က တခြားဘာကိစ္စကိုမှ မလုပ်တတ်ပေမယ့် ဒီအချက်ကိုတော့ ချီးကျူးရမယ်!


“ မင်းက ငါ စန္ဒရားတီးတာကိုလည်း နားထောင်တယ်။ ” ကျန်းယွင်ရှိူ့က ယန်ကျင်းဇီကို ကြည့်သည်။


သူ့မျက်ရည်များ ကျဆင်းနေသော်လည်း သူ့မျက်နှာတွင် အမူအရာ လုံးဝမရှိဘဲ ယန်ကျင်းဇီကိုသာ ငြိမ်သက်စွာ ကြည့်နေသည်။


သို့သော် သူ၏ ဤအကြည့်က ပို၍ပင် ဝမ်းနည်းစရာကောင်းသည်။


ယန်ကျင်းဇီက ပြောသည် : “ မတူဘူးလေ။ ကိုယ် မင်းကို ချစ်တယ်။ ကိုယ် မင်းကို နမ်းတယ်။ ကိုယ်တို့နဲ့ အခြေအနေမတူဘူး။ အဲ့အချိန်တုန်းက ကိုယ် အတွေးများပြီး မိုက်မဲတဲ့ကိစ္စတွေ လုပ်ခဲ့ပေမယ့် မင်း ယုံကြည်ရမယ်။ မင်းတစ်ယောက်တည်းကိုပဲ ကိုယ် ချစ်ပြီး တစ်သက်လုံး မင်းတစ်ယောက်တည်းကိုပဲ ချစ်နေမယ်လို့ ကိုယ် ကျိန်ဆိုတယ်။ ”


ကျန်းယွင်ရှိူ့က ယန်ကျင်းဇီကို စိုက်ကြည့်နေဆဲဖြစ်သည်။


ယန်ကျင်းဇီသည် သူ့ကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလိုက်သည်။


“ ယွင်ရှိူ့၊ ကိုယ် မင်းကို ချစ်တယ်။ ”


“ ငါလည်း မင်းကို ချစ်တယ်။ ” ကျန်းယွင်ရှိူ့က မျက်တောင်ခတ်လိုက်၏ : “ ငါ မင်းကို လုံးဝ အပြစ်မတင်သင့်ဘူး။ အဲ့အချိန်တုန်းက ငါတို့ အတူမရှိခဲ့ကြဘူး။ မင်း တခြားလူတွေနဲ့ တွဲခဲ့တယ်ဆိုရင်တောင် ဘာမှမမှားဘူး... ဒါပေမယ့် ငါ အဆင်မပြေဖြစ်နေသေးတယ်။ ”


ယန်ကျင်းဇီသည် သူ့မျက်နှာကို နမ်းပြီး သူ့မျက်နှာပေါ်မှ မျက်ရည်များအားလုံးကိုလည်း နမ်းလိုက်သည်။ ကျန်းယွင်ရှိူ့က ထပ်ပြောလာသည် : “ ပြီးတော့ ငါ မင်းနဲ့ မခွဲနိုင်ဘူး။ ဒေါသထွက်လည်း မထူးပေမယ့် ငါ ဒေါသထွက်မိနေတုန်းပဲ။ ”


“ ယွင်ရှိူ့... ” ယန်ကျင်းဇီက ထပ်ခေါ်သည်။


ကျန်းယွင်ရှိူ့က ရုတ်တရက် ထရပ်ပြီး ယန်ကျင်းဇီကို ပြောသည် : “ မင်း အရင်ထွက်သွားနှင့်။ ငါ တစ်ယောက်တည်း ခဏနေချင်တယ်။ ငါ နားလည်သွားတဲ့အခါ ငါ အဆင်ပြေသွားလိမ့်မယ်။ ”


ယန်ကျင်းဇီကို ကျန်းယွင်ရှိူ့က စန္ဒရားခန်းအပြင်ဘက်သို့ တွန်းထုတ်လိုက်သည်။


“ ယွင်ရှိူ့၊ ကိုယ် အပြင်မှာပဲ ရှိနေမယ်။ မင်း စိတ်ဆိုးရင် ကိုယ့်ကို ရိုက်လို့ရတယ်။ မင်းကိုယ်မင်း စိတ်မဆိုး... ”


ယန်ကျင်းဇီ စကားပြောနေစဉ် တစ်ဝက်တစ်ပျက်တွင် ကျန်းယွင်ရှိူ့က ဝင်ပြောလာသည် : “ ငါ မင်းကို မရိုက်ရက်ဘူး။ ”


ထို့နောက် ယန်ကျင်းဇီ၏ရှေ့မှ စန္ဒရားခန်းတံခါး ပိတ်သွားလေသည်။


ယန်ကျင်းဇီသည် တံခါးကိုကြည့်ပြီး တွေးကာ နောက်ဆုံးတွင် ထိုင်ခုံတစ်လုံးကို ရွှေ့၍ တံခါးဝတွင် ထိုင်လိုက်သည်။


မူလပိုင်ရှင်၏ အိမ်အသံလုံစနစ်သည် အလွန်ကောင်းမွန်သည်။ သို့သော် အနီးကပ်နေလျှင် စန္ဒရားခန်းအတွင်းရှိ အသံကို ကြားနိုင်သေးသည်။


ကျန်းယွင်ရှိူ့က အခန်းတွင်းတွင် စန္ဒရားတီးနေသည်။


ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့၏ ယခင်က စန္ဒရားတီးခတ်မှု အများအပြားကို ကြားဖူးထားသည်။ ၎င်းတို့က ရွှင်မြူးတက်ကြွပြီး စွဲကျန်နေခဲ့သော်လည်း သူသည် ကျန်းယွင်ရှိူ့၏ ဤမျှပြင်းထန်သော ဂီတသံကို တီးခတ်မှုအား တစ်ခါမှ မကြားခဲ့ဖူးပေ။


ယခုအခါ သူသည် တံခါးကိုဖြတ်၍လာသော စန္ဒရားသံကိုသာ ကြားနေရပြီး ပြင်းထန်သော မုန်တိုင်း၏ အလယ်တွင် ရောက်ရှိနေသကဲ့သို့ ခံစား‌ရသည်။


ကျန်းယွင်ရှိူ့ တကယ် စိတ်ဆိုးနေတယ်!


ကျန်းယွင်ရှိူ့သည် တီးလုံးအပြည့်အစုံကို ဦးစွာတီးခတ်ခဲ့သော်လည်း နောက်ပိုင်းတွင်တော့ ပြတ်တောင်းပြတ်တောင်း စတင်တီးခတ်လာသည်။


ထိုအသံအပိုင်းအစများကို ယန်ကျင်းဇီ ကြားလိုက်ရပြီး သူ့နှလုံးသားလေး မြင့်ချီနိမ့်ချီ တုန်လှုပ်သွားသည် — ကျန်းယွင်ရှိူ့ အရမ်းစိတ်ဆိုးနေပြီ။ သူ့ကို ခွင့်လွှတ်ဖို့ ဆန္ဒမရှိရင် ဘယ်လိုလုပ်မလဲ?


ယန်ကျင်းဇီ၏ နှလုံးသားမှာ ပြင်းပြင်းထန်ထန် တဒုတ်ဒုတ် ခု‌န်နေသည်။ အချိန်ပြည့်တော့မည်ကို တွေ့သော် သူသည် အောက်ထပ်သို့ဆင်း၍ စားစရာပြုလုပ်ပြီး အပေါ်ထပ်သို့ သယ်လာကာ စန္ဒရားသံ ရပ်သော အချိန်တွင် တံခါးခေါက်လိုက်သည် : “ ယွင်ရှိူ့၊ စားချိန်ရောက်ပြီ။ ”


ခဏအကြာတွင် တံခါးပွင့်လာပြီး ကျန်းယွင်ရှိူ့က အခန်းထဲမှ ထွက်လာကာ အိမ်သာသို့သွား၍ လက်ဆေးသည်။ ထို့နောက် သူက စားပွဲ၌ထိုင်ကာ စတင်စားသည်။


“ ယွင်ရှိူ့၊ ကိုယ်တို့ ဒီနေ့ အင်တာနက်မှာ အသံသွင်းဖို့ကိုလည်း သဘောတူထားတယ်။ ခဏနေရင် ကိုယ် မင်းအတွက် အသံသွင်းပေးရမလား? ” ယန်ကျင်းဇီက ပြောသည်။


“ အိုကေ ” ကျန်းယွင်ရှိူ့က မကန့်ကွက်ဘဲ တွေဝေစွာ ခေါင်းညိတ်ပြသည်။


ယန်ကျင်းဇီသည် စိတ်သက်သာရာရသွားသည်။


စိတ်မကောင်းစရာဟာ သူ စိတ်သက်သာရာရရန်မှာ စောလွန်းနေသေးခြင်းဖြစ်သည်။


ညစာစားပြီးနောက် ကျန်းယွင်ရှိူ့က သူနှင့်အတူ သီချင်းအသံသွင်းသည်။


အသံသွင်းနေစဉ် သူသည် ကျန်းယွင်ရှိူ့နှင့် စကားပြောပြီး ကျန်းယွင်ရှိူ့က စကားပြန်ပြောသော်လည်း ကျန်းယွင်ရှိူ့က နှေးကွေးသွားပြီး အသံသွင်းရန် မူလစီစဉ်ထားသော သီချင်းပင် ပြောင်းသွားခဲ့သည်။ ကျန်းယွင်ရှိူ့က အတော်လေး တက်ကြွသော တေးဂီတအား နားထောင်သူကို ဝမ်းနည်းစေမည့် တေးဂီတအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။


အသံသွင်းခြင်းပြီးသောအခါ ကျန်းယွင်ရှိူ့က ယန်ကျင်းဇီကို ထပ်မံ၍ လျစ်လျူရှုလိုက်ပြန်သည်။ သူက စန္ဒရားရှေ့တွင် ထိုင်ပြီး ဆက်တီးသည်။


သူ တီးခတ်သော နုတ်သံစဉ်များမှာ ရှုပ်ပွပြီး နားထောင်သူများကို မပျော်ရွှင်ဘဲ စိတ်အချဉ်ပေါက်နေစေသည်...


တီး‌ခတ်နေစဉ် ကျန်းယွင်ရှိူ့က ပို၍ပို၍ ချောမွေ့စွာ တီးခတ်လာပြီး နောက်ဆုံးတွင်တော့ သူ့လက်များအောက်မှ အတော်လေး ပြီးပြည့်စုံသော သံစဉ်တစ်ခု ထွက်ပေါ်လာသည်။


ဤအချိန်တွင် ည‌ဆယ်နာရီ ဖြစ်သွားပြီး အိပ်ရာဝင်ရန် သတိပေးသော နှိုးစက်နာရီက နောက်ဆုံးတွင် အသံမြည်လာခဲ့သည်။


ကျန်းယွင်ရှိူ့က ရေချိုးလျှင် အနည်းဆုံး တစ်နာရီကြာသည်။ အိပ်ရာဝင်ရန် ပြင်ဆင်ဖို့ အချိန်ကျပြီဖြစ်သည်။


ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့ကို သတိပေးတော့မည်အပြုတွင် ကျန်းယွင်ရှိူ့က တီးခတ်ခြင်းကို ရပ်လိုက်ကြောင်း မြင်လိုက်ရသည်။


“ ယွင်ရှိူ့၊ အိပ်ချိန်ရောက်ပြီ။ ” ယန်ကျင်းဇီက ပြောသည်။


ကျန်းယွင်ရှိူ့က ခေါင်းညိတ်ပြီး ယန်ကျင်းဇီကို ရုတ်တရက် လှမ်းကြည့်သည် : “ မင်း ဘာလို့ ငါ့ကို မနမ်းတော့တာလဲ? ” ယခင်က ဤအချိန်တွင် ယန်ကျင်းဇီသည် သူ့ကို လာနမ်းပြီး အိပ်ရာဝင်ရန် ပြောမည်ဖြစ်သည်။


နမ်းလို့ရသေးလား? ယန်ကျင်းဇီ၏ မျက်ဝန်းများမှာ တောက်ပသွားပြီး သူ့အချစ်ကို ချက်ချင်း ပွေ့ဖက်ကာ လေးကြိမ်နမ်းလိုက်သည် : “ ယွင်ရှိူ့၊ တောင်းပန်ပါတယ်။ ”


“ မင်း တောင်းပန်စရာမလိုပါဘူး။ ငါ မင်းကို အပြစ်မတင်နိုင်ဘူး။ ငါ့ဘာသာငါ မပျော်မရွှင်ဖြစ်နေရုံလေးပါ... ဒါပေမယ့် အခု ပိုကောင်းလာပြီ။ ငါ သီချင်းတစ်ပုဒ် ရေးပြီး အခွေသစ်ထဲ ထည့်ချင်တယ်။ ” ကျန်းယွင်ရှိူ့သည် ယန်ကျင်းဇီကို လေးနက်စွာ ကြည့်ပြီး ပြတ်ပြတ်သားသား ပြောသည် : “ ဒီသီချင်းနာမည်က Jealous! ”


ယန်ကျင်းဇီ : “ ... ”


ကျန်းယွင်ရှိူ့က သဝန်တိုနေသည်။ သဝန်တိုနေသော ကျန်းယွင်ရှိူ့က ချစ်စရာကောင်းနေသေးသည်။


ယန်ကျင်းဇီသည် ဤ‌သို့တွေးနေပြီး ကျန်းယွင်ရှိူ့က ရုတ်တရက် သူ့ကို ပွေ့ဖက်ကာ သူ့နှုတ်ခမ်းကို တစ်ချက်ကိုက်သည် : “ ငါ မေ့သွားပြီ။ နောင်မှာ ထပ်မပြောနဲ့တော့။ ”


“ ကောင်းပြီ။ ” ယန်ကျင်းဇီက ကတိပေးသည်။


ကျန်းယွင်ရှိူ့က ကိုက်ပြီးနောက် ယန်ကျင်းဇီကို လွှတ်ပေးပြီး ထွက်ပြေးသည် : “ ငါ ရေသွားချိုးတော့မယ်! ”


ကျန်းယွင်ရှိူ့သည် သူ မေ့သွားပြီဟု ပြောခဲ့ပြီး တကယ်ပင် လုံးဝ ထပ်မပြောတော့ချေ။ ယန်ကျင်းဇီကို တွေ့သောအခါ သူ့သဘောထားဟာ ယခင်ကနှင့် တူညီနေဆဲဖြစ်သည်။


သို့သော် သူသည် “Jealous” ဟု အမည်ပေးထားသော သီချင်းကို အပြီးသတ် ရေးသားပြီးပြီဖြစ်ကာ အခွေတွင် ထည့်သွင်းရန် စိတ်ဆုံးဖြတ်ထားသည်။


ယန်ကျင်းဇီကရော? သူသည် ကျန်းယွင်ရှိူ့အား ဤသီချင်းများကို လျှို့ဝှက်ထားရမည်ဖြစ်ပြီး တခြားသူများ ကြား၍မဖြစ်ကြောင်း သတိပေးရုံသာ တတ်နိုင်သည်။


ကျန်းယွင်ရှိူ့က ယန်ကျင်းဇီကို ကြည့်သည် : “ ငါ ဒီသီချင်းတွေကို မင်းအတွက်ပဲ တီးပြဖူးတယ်။ ”


“ အင်း။ ” ယန်ကျင်းဇီက ရယ်မောသည်။


ယန်ကျင်းဇီက အလွန်လှပစွာ ရယ်မောနေရာ ကျန်းယွင်ရှိူ့လည်း မနေနိုင်ဘဲ လိုက်လံရယ်မောလေသည်။


သုံ့ချင်းလင်ကိစ္စကို သိရှိပြီးနောက် အဆင်မပြေဖြစ်ပြီး အလွန်ဝမ်းနည်းမိကြောင်း ကျန်းယွင်ရှိူ့ ဝန်ခံသည်။


ယန်ကျင်းဇီက သူနှင့် သုံ့ချင်းလင်တို့တွင် ဘာမှမရှိဟု ပြောသော်လည်း သုံ့ချင်းလင် စန္ဒရားတီးသည့်အချိန်တွင် ယန်ကျင်းဇီကလည်း သူ့ဘေးတွင် ထိုင်လျက် ကြည့်ကာ နှစ်နှစ်အကြာအထိ ကြည့်ခဲ့ကြောင်းကို တွေးမိလိုက်သည်နှင့်တပြိုင်နက် ကျန်းယွင်ရှိူ့ အဆင်မပြေဖြစ်မိသည်။


သို့သော်ငြား ထိုအချိန်တွင် သူတို့က အတူမရှိခဲ့လေရာ သူ့တွင် ယန်ကျင်းဇီကို အပြစ်တင်ရမည့် အကြောင်းအရင်း မရှိပေ။


ထို့ကြောင့် ခံစားချက်များကို ဖွင့်ထုတ်ပြီးနောက် သူသည် ဤကိစ္စကို လက်လွှတ်ပြီး နောက်တစ်ကြိမ် ထပ်ပြောတော့မည်မဟုတ်ချေ။


သူသည် ဤကိစ္စကြောင့်နှင့် ယန်ကျင်းဇီထံမှ မထွက်သွားနိုင်... အဲ့တော့ သူ မေ့ပစ်လိုက်တော့မယ်!


သူ့တွင် အချိန်ရှိလျှင် တခြားကိစ္စများကို စဉ်းစားခြင်းက ပိုကောင်းသည်... ပိုက်ဆံရှာခြင်း သို့မဟုတ် တခြားကိစ္စတစ်စုံတစ်ရာမျိုး ဖြစ်သည်။


ကျန်းယွင်ရှိူ့ ဗီလာသို့ရွှေ့ပြောင်းလာသည်မှာ ရက်လေးဆယ်ကြာပြီးဖြစ်ကာ ယွီယဲ့က သူ့ကို လာကြိုပြီး ဖျော်ဖြေပွဲတစ်ခုစီသို့ ခေါ်သွားသည်။


ကျန်းယွင်ရှိူ့သည် အဝတ်အစား ပြောင်းဝတ်ပြီး သူ့လက်အိတ်များကို ဝတ်ဆင်ကာ ခံ့ခံ့ညားညား ထွက်သွားသော်လည်း ပြန်ရောက်လာသောအခါ အနည်းငယ် နုံးနေသည်။


“ ဒီနေ့ လူတော်တော်များများ ငါ့ကို စကားလာပြောကြတယ်။ ငါ သူတို့ကို သိတောင်မသိဘူး။ ”


“ ပြီးတော့ သူတို့က ငါ့ကို ယန်ကျင်းဇီအကြောင်း ဆက်တိုက်မေးနေကြတယ်။ အရမ်းစိတ်ရှုပ်စရာကောင်းတယ်။ ”


“ ငါ အိမ်မှာ နေရတာကို ပိုသဘောကျနေတုန်းပဲ။ ”


… ...


ကျန်းယွင်ရှိူ့၏ တိုင်တန်းချက်များကို ယွီယဲ့ ကြားသောအခါ ချက်ချင်း ပြောလိုက်သည် : “ ယွင်ရှိူ့ စိတ်မပူနဲ့။ ငါ မင်းအတွက် အလုပ်တွေ ထပ်မယူတော့ဘူး။ ဒီလိုဖျော်ဖြေပွဲမျိုးကို အများဆုံး တစ်လ တစ်ခါလောက်ပဲ သွားလို့ရတယ်လို့ မစ္စတာယန်က ပြောထားတယ်။ ”


ကျန်းယွင်ရှိူ့၏ မျက်ဝန်းများ တောက်ပသွားပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားကာ အနည်းငယ် စိုးရိမ်သွားသည် : “ ငါ ပိုက်ဆံရှာတာ အရမ်းနည်းနေမလား? စကားမစပ်၊ ငါ ကျင်းဇီကို အရင်တစ်ခေါက်က ပိုက်ဆံတောင် မပေးရသေးဘူး... ”


“ မစ္စတာယန်က ပိုက်ဆံမလိုပါဘူး။ ” ယွီယဲ့က ပြောသည်။ စကားပြောပြီးနောက် သူသည် ဘရိတ်ကို ဆောင့်နင်းလိုက်ကာ ကားရှေ့တွင် လာရပ်နေသော လူကို မျက်မှောက်ကြုံ့၍ ကြည့်လိုက်သည် : “ ဒီလူက ဘယ်သူလဲ၊ ကားရှေ့မှာ လာရပ်ရဲတယ်! ”


ကံကောင်းစွာဖြင့် သူသည် ယန်ကျင်းဇီ၏ အိမ်နီးချင်း အသိုင်းအဝိုင်းသို့ ချဉ်းကပ်နေသောကြောင့် ကားကို အရှိ‌န်လျှော့မောင်းထားသည်။ မဟုတ်လို့ကတော့ တစ်ခုခုဖြစ်နေလောက်ပြီ!


ယွီယဲ့ ဒေါသထွက်နေစဉ် ထိုလူက သူ့ကားအနီးသို့ ချဉ်းကပ်လာပြီး ကားပြတင်းကို လာခေါက်သည်ကို တွေ့လိုက်ရသည်။


ကားပြတင်းက လျှောကျသွားပြီး ထိုလူ၏ အသံက ကားထဲသို့ ဝင်ရောက်လာသည် : “ ကျန်းယွင်ရှိူ့ ကားထဲမှာ ရှိတယ်မလား? ငါ့နာမည်က သုံ့ချင်းလင်ပါ။ ငါ့နာမည် ကြားဖူးလား မသိဘူး... စကားပြောကြမလား? ”


ကျန်းယွင်ရှိူ့သည် မော့ကြည့်လိုက်သောအခါ သူ့မျက်နှာနှင့် အတော်လေး ဆင်တူသော မျက်နှာကို တွေ့လိုက်ရသည်။


ယန်ကျင်းဇီ၏ ဗီလာအတွင်း။


ဤဗီလာ၏ ဧည့်ခန်းသည် အလွန်နေရာကျယ်ဝန်းပြီး ဈေးကြီးသော သားရေဆိုဖာများ ရှိသော်လည်း ကျန်းယွင်ရှိူ့သည် ထိုနေရာတွင် ထိုင်ရခြင်းကို မနှစ်သက်ပေ။


ဧည့်သည်များ လာသောအခါတွင်ပင် သူသည် သူတို့ကို ဧည့်တွေ့ရန် ထမင်းစားခန်းကို ရွေးချယ်သည်။


ဤအခိုက်အတန့်တွင် သူသည် လူခြောက်ယောက်စာ ထမင်းစား စားပွဲ၏ အဆုံးတစ်ဖက်တွင် ထိုင်နေပြီး သုံ့ချင်းလင်သည် တခြားတစ်ဖက်တွင် ထိုင်နေသည်။


သုံ့ချင်းလင်သည် ကျန်းယွင်ရှိူ့ကို ကြည့်လိုက်သည်။


ကျန်းယွင်ရှိူ့က သူ့ထက် အသက်ကြီးသော်ငြား အဆုံးတွင်မူ ကျန်းယွင်ရှိူ့က ချမ်းသာကြွယ်ဝသော မိသားစုမှ ဖြစ်လေရာ ထိုမျက်နှာကို ကြည့်ခြင်းဖြင့် သူ့ထက် အသက်ပိုငယ်သည်ဟု ပြောလျှင်ပင် ပြဿနာမရှိလောက်ချေ။


မနာလိုမှုလှိုင်းလုံးသည် သူ့နှလုံးသားထဲတွင် မလွှဲမရှောင်သာ တိုးလာသည်။


ကျန်းယွင်ရှိူ့၏ ဘဝသည် နှစ်ဘဝလုံးတွင် အလွန်ကောင်းမွန်ခဲ့ပြီး ဤဘဝတွင် သူ့ဘဝက ပို၍ပင် ကောင်းမွန်သေးသည်။


နက်ရှိုင်းသော မနာလိုစိတ်များက စိတ်ထဲတွင် ပေါ်လာပြီး အဘယ်ကြောင့် ဤကဲ့သို့ဖြစ်နေရကြောင်းကို သုံ့ချင်းလင် နားမလည်ပေ။


သူသည် ပြန်လည်မွေးဖွားလာပြီး အသာစီးရထားသည်။ ဒါပေမယ့် ဘာဖြစ်သလဲ? သူသည် ဤကြာပန်းဖြူကို သင်ခန်းစာ ပေးချင်သော်လည်း ၎င်းက ပို၍ပင် နာမည်ကြီးသွားစေသေးသည်။


သူသည် ပွဲဦးထွက်ခွင့် ရရှိရန် အလွန်ကြိုးစားခဲ့ရသော်လည်း ကုမ္ပဏီက သူ့ကို “ကျန်းယွင်ရှိူ့အငယ်လေး” အဖြစ် ပွဲထုတ်ချင်ပြီး ထို့နောက်တွင်တော့ သူက ကျန်းယွင်ရှိူ့ကို အတုခိုးရမည်ဖြစ်သည်။


ဘာလို့ ကျန်းယွင်ရှိူ့က သူ့ကို နှစ်ဘဝလုံး ဖိနှိပ်ထားတာလဲ?


“ မင်း ငါ့ကို ဘာအကြောင်း ပြောချင်တာလဲ? ” သုံ့ချင်းလင်က တိတ်ဆိတ်နေသောကြောင့် ကျန်းယွင်ရှိူ့က မေးသည်။


ဤအချိန်တွင် လက်ဖက်ရည်နှစ်ခွက်ကို ဖျော်ပြီးပြီဖြစ်ကာ သူ့အတွက် တစ်ခွက်နှင့် သုံ့ချင်းလင်အတွက် တစ်ခွက် ဖြစ်သည်။ ကျန်းယွင်ရှိူ့အတွက်မူ... ယွီယဲ့သည် သူ့ကို တွင်းထွက်ရေသန့်တစ်လုံး ပေးလိုက်သည်။


ကျန်းယွင်ရှိူ့သည် လေဟာနယ်ဖြင့် ထုပ်ပိုးထားသော ရေနှင့် အစားအစာအားလုံးကို ပြဿနာမရှိဘဲ စားသောက်နိုင်သည်။


“ ကျန်းယွင်ရှိူ့၊ ယန်ကျင်းဇီက ငါနဲ့ နှစ်နှစ်လောက် အတူရှိခဲ့တာ မင်း သိလား? ” သုံ့ချင်းလင်သည် ကျန်းယွင်ရှိူ့ကို ကြည့်လိုက်သည်။


သူသည် သူ့နောက်ဆုံးဘဝတွင် ကျန်းယွင်ရှိူ့နှင့်လည်း တွေ့ဖူးခဲ့သည်။ ယန်ကျင်းဇီက ရုတ်တရက်ကြီး သူနှင့် လမ်းခွဲချင်ပြီး ကျန်းယွင်ရှိူ့နှင့် သွားတွေ့သည့်အချိန်က ဖြစ်သည်။


သူသည် ရလဒ်ကို လက်မခံနိုင်သောကြောင့် ယနေ့ကဲ့သို့ ကျန်းယွင်ရှိူ့ကို ရှာပြီး ကားကို ရပ်လိုက်သော်လည်း ကျန်းယွင်ရှိူ့က သူနှင့် စကားပြောရန် တောင်းဆိုချက်ကို လက်မခံသည့်အပြင် သူ့ကို လျစ်လျူပင်ရှုခဲ့သည်။ ယန်ကျင်းဇီကို သူ့ဆီပြန်ပေးရန် ကျန်းယွင်ရှိူ့ကို ပြောမှသာ ကျန်းယွင်ရှိူ့က သူ့ကို အာရုံစိုက်ပြီး ယန်ကျင်းဇီအကြောင်း သူ့ကို မေးလာသည်။


စကားပြောပြီးနောက် အကျိုးဆက်မှာ ယန်ကျင်းဇီက သူနှင့် အကြီးအကျယ် ရန်ဖြစ်ပြီး ကျန်းယွင်ရှိူ့ကို သူတို့အကြောင်း ပြောပြခဲ့

သောကြောင့် သူ့ကို မုန်းတီးသွားခြင်းပင် ဖြစ်သည်...


ယခုအခါတွင်တော့ ကျန်းယွင်ရှိူ့၏ သဘောထားက ကွဲပြားနေပြီး သူ့နာမည်ကို ကြားရုံဖြင့် သူနှင့် စကားပြောရန် စီစဉ်သည်... ကျန်းယွင်ရှိူ့က သူ့ဖြစ်တည်မှုကို သိပြီးပြီ ဟုတ်တယ်မလား?