ယန်ကျင်းဇီသည် သူ့ခုတင်ပေါ်တွင် လဲလျောင်းနေသော ကျန်းယွင်ရှိူ့ကို ကြည့်ကာ ကြက်သေသေသွားရှာသည်။
ကျန်းယွင်ရှိူ့ရဲ့ ဆိုလိုရင်းက... သူ့အတွေးနဲ့ အတူတူပဲလား?
သူ အံ့အားသင့်နေစဉ် ကျန်းယွင်ရှိူ့က စောင်ကို ဆွဲခြုံ၍ ခေါင်းအုပ်ကာ ပုန်းသွားသည်။
ယန်ကျင်းဇီသည် အိပ်မက်မှနိုးထလာပြီး ရေချိုးခန်းထဲသို့ အမြန်ဝင်လိုက်သည်။
သူ့အခန်းရှိ ရေချိုးခန်းတွင် အသုံးပြုထားသည့် လက္ခဏာများ ရှိနေပြီး နောက်ထပ် ရေချိုးခန်းသုံးပစ္စည်း အနည်းငယ်လည်း ရှိနေသည်။ ရေချိုးခန်းထဲမှ ရေချိုးခန်းသုံးပစ္စည်းများကို အသုံးပြုသူကမူ... စဉ်းစားစရာ မလိုပါချေ။
ယန်ကျင်းဇီသည် ရေချိုးခန်းထဲသို့ အမြန်ပြေးသွားသည်။
ကျန်းယွင်ရှိူ့သည် ရေချိုးခန်းထဲမှ ရေကျသံကို နားထောင်ပြီး စောင်ထဲမှ သူ့ခေါင်းကို ပြန်ထုတ်လိုက်သည်။
သူသည် သူ့အောက်မှ အိပ်ရာခင်းကို စိတ်လှုပ်ရှားစွာ ဆွဲကိုင်ပြီး အနည်းငယ် နောင်တရနေမိသည်။
သုံ့ချင်းလင်က တံခါးဝသို့ ရောက်လာပြီး သူသည် အစပိုင်းတွင် အလွန်မသက်မသာဖြစ်မိသော်လည်း နောက်ပိုင်းတွင် သူသည် ပိုမိုသတိရှိလာပြီး ပြင်းထန်သော ရန်လိုစိတ်ပင် နိုးကြားလာသည်။
သုံ့ချင်းလင်က သူနှင့် ယန်ကျင်းဇီတို့၏ ဆက်ဆံရေးကို ဖျက်ဆီးချင်နေကြောင်း သူသည် ခံစားမိသည်။
သူသည် သုံ့ချင်းလင်၏ ဖျက်ဆီးမှုကို မလိုချင်ပေ။
ဒါပေမယ့် သူ ဘာလုပ်သင့်သလဲ?
အမှန်အတိုင်းဆိုရလျှင် သူသည် နှစ်လို့ဖွယ်မကောင်းသူ အမြဲတစေ ဖြစ်ခဲ့သည်။ ငယ်ရွယ်စဉ်က သူ့မိသားစုသည် သူ့ကို သဘောမကျခဲ့ဘဲ အရွယ်ရောက်လာသောအခါတွင် သူ့အတန်းဖော်များကလည်း သူ့ကို သဘောမကျကြချေ။
သူသည် လူများနှင့် ပြောဆိုဆက်သွယ်နည်းကို မသိသည့်အပြင် သူ့တွင် သန့်ရှင်းသပ်ရပ်မှု အစွဲအလမ်းလည်း ရှိသည်။
အတိတ်၌ သူသည် ပိုမိုကြီးမားသော အဖွဲ့ထဲသို့ ဝင်ရောက်ပေါင်းသင်းရန် ကြိုးစားခဲ့ဖူးသော်ငြား အပြင်အစားအစာများ မစားလိုခြင်းကဲ့သို့သော၊ လူတစ်ဦးနှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက် မနေနိုင်ဘဲ လက်ဆေးမိခြင်းကဲ့သို့သော တစ်စုံတစ်ရာကို သူ ပြသမိသည်နှင့်တပြိုင်နက် ထိုလူများက အမြဲတမ်း မပျော်မရွှင်ဖြစ်သွားကြသည်။
တဖြည်းဖြည်းနှင့် သူသည် တစ်ယောက်တည်း နေတတ်လာသည်။
ယန်ကျင်းဇီက သူ့ကို အခု ကြိုက်ပေမယ့် အချိန်ကြာသွားရင် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စရာလို့ ထင်လာမှာလား?
ထို့အပြင် မည်သို့ပင်ဖြစ်စေ၊ သုံ့ချင်းလင်ကလည်း ယန်ကျင်းဇီကို နှစ်နှစ်တာ အဖော်ပြုပေးခဲ့သည်။ သို့သော် သူသည် ယန်ကျင်းဇီနှင့် လအနည်းငယ်သာ အချိန်ကုန်ဆုံးရသေးသည်။
ထို့ထက်ပိုအရေးကြီးသည်မှာ သူသည် ယန်ကျင်းဇီကို လက်မလွှတ်နိုင်ဘဲ ယန်ကျင်းဇီနှင့် မခွဲခွာချင်ပေ။
သူသည် သူ့အချစ်ကို ကာကွယ်ရန် တစ်ခုခုလုပ်သင့်သည်ဟု ခံစားမိသည်။
ထို့ကြောင့် အပေါ်ထပ်သို့ တက်လာပြီးနောက် သူသည် အံကြိတ်ကာ ယန်ကျင်းဇီ၏ အခန်းထဲသို့ ဝင်လိုက်သည်။
နိုင်ငံခြားမှ လူများနှင့် သိပ်မပေါင်းသင်းခဲ့သော်လည်း သူသည် ပတ်ဝန်းကျင်မှ လူများကို အမြဲစောင့်ကြည့်တတ်သည်။ လူနှစ်ယောက် ချစ်မိသွားပြီးနောက် သူတို့က အတူနေထိုင်ကြကာ တစ်စုံတစ်ခု ဖြစ်ပျက်သွားသည်ကို သူသည် သတိပြုမိသည်။
အချစ်မရှိလျှင်တောင် လူတချို့က ဟိုတယ်ကို အတူသွားကြလိမ့်မည်ဖြစ်သည်။
သူနှင့် တစ်စုံတစ်ခု ဖြစ်ချင်နေကြသောကြောင့် သူ့ကို ဘွင်းဘွင်းရှင်းရှင်း ဖိတ်ခေါ်ကြသော လူများပင် တော်တော်များများ ရှိခဲ့သည်။
ယန်ကျင်းဇီက သူ့ကို ရွှေ့ပြောင်းနေထိုင်ရန် မေးသည့်အချိန်တွင် သူသည် ယန်ကျင်းဇီက သူနှင့် အိပ်ချင်သည်ဟု ခံစားခဲ့ရသည်။
သူသည် ဟိုးယခင်ကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့ပြီး တစ်ကြိမ်တစ်ခါလောက်ပင် စမ်းကြည့်ချင်ခဲ့သော်ငြား တကယ်တွင်မူ ယန်ကျင်းဇီက သူ့အတွက် သီးသန့်အခန်းတစ်ခန်း ပြင်ဆင်ပေးထားသည်။
ထို့နောက်တွင်တော့ ယန်ကျင်းဇီက သူ့ကို နေ့စဉ်နေ့တိုင်း အဖော်ပြုပေးသည်။ သို့ရာတွင် သူသည် ပူနွေးသော အနမ်းတစ်ခုကိုပင် တစ်ခါမှ မရဖူးသေးပေ။
သူသည် သူတို့၏ ယခုလက်ရှိ အတူနေထိုင်ပုံကို သဘောကျကြောင်း ဝန်ခံသော်လည်း ချစ်သူများ၏ အတူနေထိုင်ပုံက ဤကဲ့သို့ဖြစ်ပုံ မပေါ်ချေ...
သူသည် ယန်ကျင်းဇီ၏ ရေချိုးခန်းထဲသို့ ဝင်လိုက်သည်။
တကယ့်ကို မမျှော်လင့်ထားသည်မှာ သူ ရေချိုးပြီး ခုတင်ပေါ်တွင် လှဲပြီးသည့်အထိ ယန်ကျင်းဇီက ရောက်မလာသေးကြောင်းကို ဖြစ်သည်။
ရေချိူးခန်းထဲမှ ရေချိုးနေသော ယန်ကျင်းဇီ၏ အသံမှာ မရပ်တန့်သေးချေ။ ရုတ်တရက် ရေချိုးခန်းတံခါး ပွင့်လာသည်။
ကျန်းယွင်ရှိူ့သည် စောင်ထဲတွင် ပြန်ပုန်းလိုက်သည်။
ယန်ကျင်းဇီသည် ရေချိုးပြီး ပြေးထွက်လာကာ ဆံပင်ကိုပင် မမှုတ်ခဲ့ပေ။ ထို့နောက် သူသည် စောင်ဖြင့် အလုံခြုံထားသော လူတစ်ဦးကို တွေ့လိုက်ရသည်။
မဆိုင်းမတွဘဲ သူသည် အထဲမှ လူကို တူးထုတ်ကာ နမ်းလိုက်သည်။ ၎င်းက ပူနွေးသော အနမ်းမျိုး ဖြစ်သည်...
မူလပိုင်ရှင်သည် အသက်မငယ်ရွယ်ဘဲ သိသင့်သမျှ အရာအားလုံးကို သိထားပြီး အသေအချာပင် ယန်ကျင်းဇီသည်လည်း သိထားပေသည်။
သို့သော် ယခင်က သူသည် ကျန်းယွင်ရှိူ့ကို အလွန်လျင်မြန်စွာ ရနိုင်လိမ့်မည်ဟု တကယ်ပင် တစ်ခါမှ မတွေးဖူးခဲ့ပေ။
ကျန်းယွင်ရှိူ့က အလွန်ချစ်စရာကောင်းပြီး အပြစ်ကင်းစင်သည်။ တစ်ခါတစ်ရံတွင် သူသည် သူ၏ အတွေးတချို့က ဆိုးရွားလွန်းသည်ဟု ခံစားရသည်။ သူသည် ခဏစောင့်ဆိုင်းကာ ခံစားချက်များကို ပျိုးထောင်ပြီးမှ အဆင့်တက်ရန် အမြဲဆန္ဒရှိခဲ့သည်။
ရလဒ်ကမူ... ကျန်းယွင်ရှိူ့ဘက်က တကယ်ကြီး အစပြုလာတယ်!
ပျော်ရွှင်မှုက ရုတ်တရက် ရောက်လာလေရာ သူသည် လုံးဝ အဆင်သင့်မဖြစ်သေး...
လုံလုံလောက်လောက် မပြင်ဆင်ရသေးသော ယန်ကျင်းဇီသည် လူကို စားရန် များစွာ အားထုတ်လိုက်ရပြီး အရသာပိုမိုမြည်းစမ်းရန် မအောင့်ထားနိုင်တော့ပေ။
စန္ဒရားတီးခတ်ခြင်းသည် ကိုယ်ခန္ဓာအင်အား အတိုင်းအတာတစ်ခု လိုအပ်သောကြောင့် ကျန်းယွင်ရှိူ့သည် အမြဲတမ်း လေ့ကျင့်ခန်း လုပ်လေ့ရှိသော်ငြား သူ့အခေါ် လေ့ကျင့်ခန်းမှာ အိမ်တွင် ရိုးရိုးလေ့ကျင့်ခန်းတချို့ ပြုလုပ်ရန်သာ ဖြစ်သည်။ ထို့ကြောင့် အဆုံးတွင် လူတစ်ကိုယ်လုံးဟာ ပျော့ခွေသွားဆဲဖြစ်၏။
အရာအားလုံး ပြီးသွားသောအခါ ကျန်းယွင်ရှိူ့၏ ခြေထောက်များမှာ တုန်ယင်နေလေသည်။
သို့သော် သူက ရေချိုးရန် မလျှော့တမ်း ပြောနေဆဲပင်။
“ ကိုယ် မင်း ရေချိုးပေးဖို့ သယ်သွားပေးမယ်။ ” ယန်ကျင်းဇီက ပြောသည်။
ကျန်းယွင်ရှိူ့က ခပ်တွေတွေ ခေါင်းညိတ်ပြပြီး ထပ်ပြောလာသည် : “ အခင်းတွေလည်း လဲရမယ်! ”
“ မင်းအခန်းထဲ သွားအိပ်ရအောင်။ ” ယန်ကျင်းဇီက သူ့ကို နမ်းသည်။
ကျန်းယွင်ရှိူ့က မကန့်ကွက်ဘဲ ခေါင်းညိတ်ပြသည်။
ယန်ကျင်းဇီသည် မထိန်းနိုင်ဘဲ သူ့ကို ထပ်မံပွေ့ဖက်ကာ သူ့ကို အရမ်းကာရော နမ်းလိုက်လေသည်။
ယန်ကျင်းဇီသည် နမ်းရာတွင် စည်းကမ်းမလိုက်နာပေ။ ကျန်းယွင်ရှိူ့သည် ကူကယ်ရာမဲ့စွာ လက်ဆန့်ထုတ်၍ သူ့ပါးစပ်ကို အုပ်လိုက်ရသည် : “ ရေချိုးမယ်! ”
ကျန်းယွင်ရှိူ့သည် ရေချိုးပြီး လှဲလျောင်းကာ အိပ်ပျော်သွားသည်။ သို့သော် ယန်ကျင်းဇီသည် အပျော်လွန်နေပြီး အလွန်နောက်ကျမှ အိပ်ပျော်သွား၏။
နောက်တစ်နေ့တွင် သူသည် ရေကျသံကြောင့် နိုးလာသည်။
နိုးလာသည်နှင့်တပြိုင်နက် သူသည် ကျန်းယွင်ရှိူ့က သွားတိုက်၍ မျက်နှာသစ်ထားပြီး မျက်နှာပါ နီရဲနေကြောင်း တွေ့လိုက်ရသည်။
“ ယွင်ရှိူ့... ” ယန်ကျင်းဇီက လျှောက်သွားပြီး သူ့ကို နမ်းရန် ကြိုးစားသော်လည်း ကျန်းယွင်ရှိူ့က ထွက်ပြေးသွားသည် : “ မင်း သွားမတိုက်ရသေးဘူး! ”
ယန်ကျင်းဇီက ရယ်မောလေသည်။
ယန်ကျင်းဇီ ဆေးကြောနေစဉ် ကျန်းယွင်ရှိူ့က စန္ဒရားခန်းသို့ သွားသည် – ကျန်းယွင်ရှိူ့က တံခါးဖွင့်ထားရာ သာယာကောင်းမွန်သော စန္ဒရားသံက အပေါ်ထပ်မှ သက်ဆင်းလာသည်။
စန္ဒရားတီးသံကို နားထောင်လျက် ယန်ကျင်းဇီသည် များပြားသော အင်အားဖြင့် နံနက်စာကို သွားရောက်ပြုလုပ်ပြီး အတွင်းရေးမှူးကျိုးကို ဖုန်းဆက်ကာ သူ အလုပ်မလာတော့ကြောင်း အတွင်းရေးမှူးကျိုးကို ပြောလိုက်သည်။
အတွင်းရေးမှူးကျိုး : “ ... ” ဥက္ကဌ၊ ရှင် အခုတလော ပရော်ဖက်ရှင်နယ်မဆန်တာ နည်းနည်းများနေပြီလားလို့?
သို့ရာတွင် ၎င်းကလည်း အံ့ဩစရာပင်။ ယခုတလော ဥက္ကဌယန်သည် တစ်ရက်လျှင် ကုမ္ပဏီတွင် သုံးနာရီထက် ပိုမနေသော်လည်း လုပ်သင့်သော အလုပ်မှန်သမျှကို လုပ်ဆောင်နိုင်နေဆဲဖြစ်သည်။
အချစ်ရဲ့စွမ်းအားက အရမ်းအစွမ်းထက်တယ်လား?!
အဲ့ဒါကြောင့် ဥက္ကဌအချစ်ဝတ္ထုတွေထဲက ဥက္ကဌတွေက အမြဲတမ်း အားလပ်ပြီး တစ်ချိန်လုံး ဇာတ်လိုက်မရဲ့အနားမှာ ပေါ်ပေါ်လာတယ် ဆိုတာ သူတို့က အချစ်ရှိပြီးတော့ အလုပ်လုပ်နိုင်စွမ်းကို ရုတ်တရက်ကြီး တိုးမြှင့်နိုင်လိုက်တာကြောင့်လား?
မည်သို့ပင်ဖြစ်လင့်ကစား အတွင်းရေးမှူးကျိုးသည် ဥက္ကဌဖြစ်သူက အလုပ်မလာလျှင် ဘာမှမလုပ်နိုင်ပေ။ သူ(မ) လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ယန်ကျင်းဇီ စစ်ဆေးရန် လိုအပ်သည့် စာရွက်စာတမ်းများ အားလုံးကို အတူစုစည်း၍ ယန်ကျင်းဇီထံသို့ သွားပို့ရန်သာ ဖြစ်သည်။
သို့သော်ငြား အတွင်းရေးမှူးကျိုးသည် ဖိုင်များကို ခွဲထုတ်နေစဥ် အသက်သုံးဆယ်ကျော်ခန့်ရှိ ဆံပင်အခွေအလိပ်များနှင့် အမျိုးသမီးတစ်ဦးက သက်တူရွယ်တူခန့်ရှိသော အမျိုးသားတစ်ဦးနှင့်အတူ အပြင်ဘက်မှ လမ်းလျှောက်ဝင်လာသည်ကို တွေ့လိုက်ရသည်။
အတွင်းရေးမှူးကျိုးကို တွေ့သော် အမျိုးသမီးက ရပ်တန့်သွားသည် : “ ယန်ကျင်းဇီ ဘယ်မှာလဲ? ”
“ မစ္စဝမ်၊ ဥက္ကဌယန်က ဒီနေ့ ကုမ္ပဏီကို မလာပါဘူးရှင့်။ ” အတွင်းရေးမှူးကျိုးက ဖြေသည်။
သူ(မ)ရှေ့မှ အမျိုးသမီးမှာ တခြားသူ မဟုတ်ဘဲ ယန်ကျင်းဇီ၏ အစ်မ ဝမ်ယင်းလီ ဖြစ်သည်။
ဝမ်ယင်းလီ ဟူသော နာမည်မှာ ယန်ကျင်းဇီ၏ ယခင်နာမည် ဝမ်ရှန်းချောင်နှင့် တူညီသော်လည်း ထိုသို့ဖြစ်လျှင်ပင် ဝမ်ယင်းလီသည် နာမည်ပြောင်းခြင်းကိစ္စနှင့် ပတ်သက်၍ မစဉ်းစားခဲ့ပေ။
သူ(မ) ယန်ကောချီရဲ့ မျိုးရိုးနာမည်ကို လိုက်မယူချင်ဘူး!
“ သူ ဘယ်မှာလဲ? ” ဝမ်ယင်းလီက မေးသည်။
“ ဥက္ကဌယန်က အိမ်မှာပါ။ ”
ဝမ်ယင်းလီသည် အတွင်းရေးမှူးကျိုးလက်ထဲမှ စာရွက်စာတမ်းများကို တစ်ချက်ကြည့်လိုက်သည် : “ နင် သူ့စီကို စာရွက်စာတမ်းတွေ သွားပို့မလို့လား? အတော်ပဲ၊ ဒါဖြင့် နင် ငါ့ကို ခေါ်သွားပေး။ ”
“ ဟုတ်ကဲ့ပါ မစ္စဝမ်။ ” အတွင်းရေးမှူးကျိုးက ပြုံးလျက် ပြောသည် : “ ခဏစောင့်ပေးပါ၊ ကျွန်မမှာ အောက်ဆင်းယူရမယ့် နောက်ထပ်စာရွက်စာတမ်းတွေ ရှိသေးလို့ပါ။ ”
အတွင်းရေးမှူးကျိုးသည် စကားပြောပြီးနောက် ထွက်လာပြီး သန့်စင်ခန်းသို့ ဝင်၍ ယန်ကျင်းဇီကို ဖုန်းဆက်သည် : “ ဥက္ကဌယန်! မစ္စဝမ်က ရှင့်ကို လာတွေ့မယ်တဲ့! ကျွန်မတို့ အခု ကုမ္ပဏီမှာ ရှိနေပြီး အခု ထွက်လာတော့မှာ! ”
ယန်ကျင်းဇီသည် ဖုန်းလက်ခံရရှိသောအခါတွင် ယာဂု လုပ်ထားပြီး ကျန်းယွင်ရှိူ့ကို ကျွေးရန်အတွက် စန္ဒရားခန်းစီသို့ သယ်ယူသွားနေသည်။
ကျန်းယွင်ရှိူ့သည် အိပ်ရာနိုးနိုးချင်း စန္ဒရားသွားတီးနေပြီး ပျော်ပျော်ရွှင်ရွှင် တီးခတ်နေကာ ခဏကြာပြီးနောက် ပျော်ရွှင်နေသလား၊ မပျော်ရွှင်နေသလား မသဲကွဲနိုင်အောင် ဖရိုဖရဲ တီးခတ်လာသည်...
သို့သော် ကျန်းယွင်ရှိူ့ မည်သို့ပင်တွေးပါစေ၊ သူသည် အလွန်ပျော်ရွှင်နေပြီး ပျော်ရွှင်နေလွန်းသောကြောင့် ကျန်းယွင်ရှိူ့ကို ယာဂုခွံ့ကျွေးရန် မစောင့်နိုင်တော့ချေ။
သေချာတာပေါ့၊ ကျန်းယွင်ရှိူ့က သူ့ကို ခွံ့ကျွေးခိုင်းမည်မဟုတ်ပေ။
ကျန်းယွင်ရှိူ့သည် လက်ဆေးပြီး အပြင်ကြည့်စင်တွင် ရှိသော ကော်ဖီစားပွဲငယ်ပေါ်မှ ယာဂုကို ဖြည်းညှင်းစွာ သောက်လိုက်သည်။
ကျန်းယွင်ရှိူ့ ရောက်လာကတည်းက ယန်ကျင်းဇီသည် ဗီလာတွင် နေထိုင်သော အိမ်ထိန်းကို ထွက်သွားခိုင်းခဲ့ပြီး အိမ်မှုကိစ္စထိန်းသိမ်းရေးကို ရက်အနည်းငယ်စီအကြာမှသာ လာ၍ အိမ်ကို အပြည့်အစုံ သန့်ရှင်းရေးလုပ်စေသည်။
ဤအကြောင်းအရင်းကြောင့် အပြင်ကြည့်စင်တွင် စိုက်ပျိုးထားသည့် လှပသော ပန်းကလေးများစွာ ရုတ်တရက် သေဆုံးသွားခဲ့သည်။
ကျန်းယွင်ရှိူ့သည် အားလပ်ချိန်တွင် အမှန်တကယ်ပင် ဤပန်းကလေးများကို ဂရုစိုက်ပြီး ရေလောင်းခြင်းနှင့် တခြားကိစ္စများကို လုပ်ပေးခဲ့၏။ ထို့နောက် ရေလောင်းခြင်း များလွန်းသွားသောကြောင့် ဖြစ်နိုင်လောက်သည်၊ ပန်းတချို့က ရေလောင်းခံရပြီး သေသွားကြသည်...
ကျန်းယွင်ရှိူ့သည် ပန်းအိုးတချို့ကို သိုဝှက်ထားရန် ကြိုးစား၍ နေရာရွှေ့ထားသော်လည်း ယန်ကျင်းဇီသည် အမြဲမှတ်မိနေရာ ၎င်းတို့အားလုံးကို မြင်တွေ့လေသည်။
အနာဂတ်၌ သူ၏ အပြည့်ကြည့်စင်တွင် ကောင်းမွန်စွာ ကြီးထွားနိုင်သော အပင်များကို စိုက်ပျိုးလျှင် ပိုကောင်းပေလိမ့်မည်။
ဤကိစ္စကို တွေးနေစဉ် သူသည် သူ့အစ်မ လာနေကြောင်း ရုတ်တရက် သိလိုက်ရသည်... ယန်ကျင်းဇီ အနည်းငယ် စိုးရိမ်သွားသည်။
မူလပိုင်ရှင်၏ မိသားစုဝင်များသည် အဓိကအားဖြင့် မိဘများနှင့် အစ်မ ဖြစ်သည်။
မူလပိုင်ရှင်၏ ဖခင်သည် မူလပိုင်ရှင်အပေါ် အပြစ်ရှိသကဲ့သို့ ခံစားရသောကြောင့် သူက မူလပိုင်ရှင်ကို လုပ်ချင်သည့်အရာမှန်သမျှ လုပ်ခွင့်ပြုသည်။ မူလပိုင်ရှင်၏ မိခင်နှင့် အစ်မတို့ကမူ...
မူလပိုင်ရှင်၏ဖခင်ကဲ့သို့ပင် ဤလူနှစ်ဦးသည်လည်း မူလပိုင်ရှင်အပေါ် အပြစ်ရှိသကဲ့သို့ အနည်းအများ ခံစားရသော်ငြား မူလပိုင်ရှင်၏ဖခင်နှင့် နှိုင်းယှဉ်ပါက သူတို့သည် မူလပိုင်ရှင်အပေါ် ပိုမိုစည်းကမ်းတင်းကြပ်သည်။
အကယ်၍ သူသာ ကူးပြောင်းမလာဘူးဆိုလျှင် မူလပိုင်ရှင်နှင့် သုံ့ချင်းလင်တို့ ရှုပ်နေကြသည်ကို တွေ့ရသည့်အပြင် ကုမ္ပဏီပင် ကျန်ခဲ့သောကြောင့် အမျိုးသမီးနှစ်ဦးက အလွန်စိတ်ဆိုးကြပြီး သုံ့ချင်းလင်ကို တိုက်ခိုက်ကာ သုံ့ချင်းလင်ကို သင်ခန်းစာ ပေးရန် အကြိမ်ပေါင်းများစွာ ကြိုးစားကြလိမ့်မည်။
ထို့နောက် မူလပိုင်ရှင်က သူ့ဆွေမျိုးများကို စွန့်လွှတ်ပြီး သူတို့နှင့် ဆက်ဆံရေးဖြတ်တောက်ရန် စတင်တောင်းဆိုတော့သည်။
ယန်ကျင်းဇီ : “ ... ” မူလပိုင်ရှင်က တကယ့် မျက်ဖြူဝံပုလွေ ဖြစ်သည်။ သူ့အမေနှင့်အစ်မက သူ့အပေါ် တကယ်ပင် ကြင်နာသော်လည်း သူက သုံ့ချင်းလင်အတွက်နှင့် သူ့မိသားစုကို မလိုချင်ချေ။
ယခုအခါတွင် မူလပိုင်ရှင်၏ အစ်မဖြစ်သူ လာနေသည်...
ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့ကို ချက်ချင်း ကြည့်လိုက်သည် : “ ယွင်ရှိူ့၊ ကိုယ့်အစ်မ လာနေပြီ။ ”
“ ဟာ? ” ကျန်းယွင်ရှိူ့ စိုးရိမ်သွားသည်။
မနေ့ညက ယန်ကျင်းဇီသည် သူ့ကို ပွေ့ဖက်ပြီး ချစ်စကားများစွာကို ပြောခဲ့သည်။ သုံ့ချင်းလင်၏ ပေါ်ထွက်လာမှုကြောင့် တိုးမြင့်လာသော ကျန်းယွင်ရှိူ့၏ သတိနိုးကြားမှုက ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူသည် အလွန်ပျော်ရွှင်နေသည်။ ဒါပေမယ့် အခု ယန်ကျင်းဇီရဲ့ အစ်မက လာနေတယ်လား?
ယန်ကျင်းဇီရဲ့ အစ်မက သူ့ကို မကြိုက်ရင် ဘယ်လိုလုပ်ကြမလဲ?
“ ယွင်ရှိူ့၊ ကိုယ် မင်းအတွက် အလုပ်ကြိုးစားလုပ်ရတော့မယ်! ” ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့ကို နမ်းလိုက်သည်။
ကျန်းယွင်ရှိူ့သည် ဘာလုပ်ရမည်မှန်း မသိပေ။ ထို့နောက် သူသည် ယန်ကျင်းဇီက အလျင်အမြန် အောက်ထပ်သို့ ဆင်းသွားသည်ကို တွေ့လိုက်ရသည်။
သူ့အတွက် အလုပ်ကြိုးစားလုပ်ရတော့မယ်လို့ ပြောတဲ့အချိန်မှာ ယန်ကျင်းဇီက ဘာကိုဆိုလိုတာလဲ?
ကျန်းယွင်ရှိူ့သည် စိတ်ရှုပ်သွားရလွန်းသဖြင့် စန္ဒရားကိုသာ ဆက်လက်တီးခတ်နိုင်သည် – စန္ဒရားက သူ့ကို စိတ်ငြိမ်သက်စေသည်။
ကျန်းယွင်ရှိူ့သည် ယခင်က စိုးရိမ်နေခဲ့ပြီး တစ်ကိုယ်တော် အခွေအသစ်အတွက် သီချင်းဆယ်ပုဒ် မရေးနိုင်မည်ကို ကြောက်ရွံ့နေခဲ့သည်။ သို့သော် ယခုတွင် သူသည် လုံးဝ စိတ်မပူတော့ပေ။
မနေ့က သုံ့ချင်းလင် လာသည့် အချိန်မှစ၍ ယခုလက်ရှိအချိန်အထိ သူ့စိတ်အခြေအနေမှာ တက်လိုက်ကျလိုက်ဖြင့် ဆက်တိုက်ဆက်တိုက် ပြောင်းလဲနေပြီး သူ၏ စိတ်ကူးစိတ်သန်းများမှာ အဆက်မပြတ် ထွက်ပေါ်လျက်ရှိသည်...
ဘာသီချင်းဆယ်ပုဒ်လဲ? အချစ်မှာ ဆက်လက်နစ်ဝင်နေရင် သူ သီချင်းအပုဒ်တစ်ရာ ရေးနိုင်တယ်!
သူ့ဆရာက ဂီတသမားတွေမှာ ခံစားချက်တွေ လိုတယ်လို့ အမြဲပြောနေတာ မဆန်းတော့ဘူး။
ဤသို့တွေးလျက် ကျန်းယွင်ရှိူ့သည် သူ၏ လက်ရှိစိတ်ခံစားချက်နှင့် အထူးကိုက်ညီသော တေးသွားကို တီးခတ်လိုက်သည်။
ယန်ကျင်းဇီကမူ... ယန်ကျင်းဇီသည် အောက်ထပ်သို့ ဆင်းပြီးနောက် မီးဖိုချောင်ထဲသို့ ဝင်ကာ ဟင်းချက်ပစ္စည်းများကို ဆေးကြော၍ လှီးဖြတ်သည်။
အချိန်စစ်ဆေးပြီးနောက် သူသည် အဝတ်လျှော်စက်ဖြင့် လျှော်ဖွပ်ထားသော အိပ်ရာခင်းများနှင့် စောင်ထည်များကို ထုတ်ယူကာ အပေါ်ထပ်သို့ တက်သွားသည်။
“ ယွင်ရှိူ့၊ ကိုယ့်အစ်မ မကြာခင် လာတော့မယ်။ ” ယန်ကျင်းဇီက ပြောသည်။
ကျန်းယွင်ရှိူ့သည် တီးခတ်ခြင်းကို ရပ်လိုက်သည် : “ ငါ ဘာလုပ်ရမလဲ? ”
“ ဒီကိုလာ။ ” ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့ကို လှမ်းခေါ်ပြီး ကျန်းယွင်ရှိူ့ကို အပြင်ကြည့်စင်ဘေးသို့ လာခိုင်းသည်။
ကျန်းယွင်ရှိူ့သည် အပြင်ကြည့်စင်သို့ သွားပြီး မခြောက်သေးသော အခင်းများနှင့် မတ်တပ်ရပ်နေသော ယန်ကျင်းဇီကို တွေ့ကာ အံ့ဩသွားသည် : “ အခင်းတွေက ဘာလို့ မခြောက်သေးတာလဲ? ”
သူသည် အထည်အများအပြားကို နေ့တိုင်း လျှော်ဖွပ်ရပြီး အများအားဖြင့် ၎င်းတို့က လျှော်ဖွပ်ပြီးနောက် တိုက်ရိုက်ခြောက်သွေ့သွားသည်။
“ ရောက်လာပြီ! ” ဤအခိုက်အတန့်တွင် ယန်ကျင်းဇီသည် သူ့အစ်မ၏ကား ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ သူသည် အခင်းများကို ကျန်းယွင်ရှိူ့၏လက်ထဲသို့ ချက်ချင်း ထည့်လိုက်ပြီး ပြောလိုက်သည် : “ မင်း အပြင်ကြည့်စင်ကို သွားပြီး အခြောက်လှန်းလိုက်ပါ! ကိုယ့်အစ်မ တွေ့ရအောင် သေသေချာချာ ကောင်းကောင်းမွန်မွန် လှန်းနော်! ”
သူသည် စကားပြောပြီးနောက် အောက်ထပ်သို့ ပြန်ပြေးဆင်းကာ လှေကားထစ်များစွာကို အမြန်ကျော်၍ အမြန်ပြေးသွားသည်။
ကျန်းယွင်ရှိူ့ : “ ... ” သူ စန္ဒရားတီးပြီးတော့ လက်မဆေးရသေးဘူး! ဒီအိပ်ရာခင်းကို ထပ်လျှော်ဖို့လိုမယ်လို့ သူ ထင်မိတယ်!