အပိုင်း ၁၁၇ ( The President 17 )
Viewers 10k

အနီရောင် Ferrari တစ်စီးသည် ယန်ကျင်းဇီ၏ ဗီလာဂိတ်တံခါးဝတွင် ရပ်တန့်သွားပြီး ဆံပင်အခွေအလိပ်များနှင့် သန်မာသော ကိုယ်ရောင်ကိုယ်ဝါ ရှိသော အမျိုးသမီးတစ်ဦးသည် ဘေးယာဉ်မောင်းတံခါးကို ချက်ချင်း ဖွင့်ကာ ထွက်လာသည်။ 


သူ(မ) ကားပေါ်မှ ဆင်းပြီးနောက် စွဲမက်ဖွယ်ကောင်းသော အတွင်းရေးမှူးကျိုးသည်လည်း ကားနောက်ခန်းမှ ထွက်လာပြီး ရင့်ကျက်တည်ငြိမ်သော အသက်သုံးဆယ်ကျော် အမျိုးသားငယ်တစ်ဦးက ယာဉ်မောင်းထိုင်ခုံဘက်မှ ထွက်လာ၏။ 


ကားပေါ်မှ ဆင်းပြီးနောက် ဆံပင်ကောက်ကောက် အမျိုးသမီးသည် ပိတ်ထားသော ဗီလာဂိတ်တံခါးကို လှမ်းကြည့်ကာ သူ(မ)၏ လက်ကိုင်ဖုန်းကို ထုတ်၍ ယန်ကျင်းဇီ၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။


“ ဟယ်လို? အစ်မ၊ ငါ့ကို ဘာလို့ ဖုန်းဆက်တာလဲ? ” ဖုန်းတစ်ဖက်မှ ယန်ကျင်းဇီက အနည်းငယ် ရှုပ်ထွေးနေသည်။


“ ငါ နင့်အိမ်ရှေ့ ရောက်နေတယ်။ ” ဝမ်ယင်းလီက ပြောသည်။


“ ဟိုင်း! အစ်မ! ” အပေါ်ထပ်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ ဝမ်ယင်းလီသည် မော့ကြည့်လိုက်သည်နှင့်တပြိုင်နက် ဒုတိယထပ် လသာဆောင်မှ ညအိပ်ဝတ်စုံ ဝတ်ဆင်ထားသော သူ(မ)၏မောင်ကို တွေ့လိုက်ရသည် : “ အစ်မ ဒီကို ရောက်နေပြီလား? ငါ တံခါးဖွင့်ပေးမယ်... ကျန်းယွင်ရှိူ့! ”


ယန်ကျင်းဇီက အော်ပြီး တတိယထပ် အပြင်ကြည့်စင်မှ ကျန်းယွင်ရှိူ့က တုံ့ပြန်သည် : “ အင်း... ”


ဝမ်ယင်းလီသည် အပေါ်ထပ်မှ မောင်ဖြစ်သူ၏ အသံကို ကြားပြီး မော့ကြည့်လိုက်သောအခါ သူ(မ)၏မောင်ကို တွေ့လိုက်ရသည့်အပြင် တတိယထပ် အပြင်ကြည့်စင်တွင် လတ်လတ်ဆတ်ဆတ် လျှော်ဖွပ်ထားသော အိပ်ရာခင်းများကို ကိုင်ဆောင်ထားသည့် အသက်နှစ်ဆယ်ကျော် ယောက်ျားပျိုတစ်ဦးကိုလည်း တွေ့လိုက်ရသည်။ သူ၏ သူ(မ)ကို ကြည့်နေသော အကြည့်တွင် အနည်းငယ်သော ကြောက်ရွံ့မှုနှင့် – အနည်းငယ်သော အားကိုးရာမဲ့မှုတို့ ပါဝင်နေသည်။


ဝမ်ယင်းလီသည် ဤလူကို သိသည်။ ဤသည်ကား ကျန်းယွင်ရှိူ့ ဖြစ်ပြီး သူ(မ)၏ မောင်ငယ်လေး နှစ်ပေါင်းများစွာ နှစ်သက်နေခဲ့ရသော စန္ဒရားတီးပညာရှင် ဖြစ်သည်။


သူ(မ)သည် ကျန်းယွင်ရှိူ့ကို လွန်ခဲ့သော ဆယ်နှစ်ကျော်ကတည်းက သိရှိခဲ့ပြီး သူ(မ)၏ ဤလူအပေါ် အမြင်မှာ တစ်ခါတစ်ရံတွင် ကောင်းမွန်ပြီး တစ်ခါတစ်ရံတွင် ဆိုးရွားသည်။


ဤလူက အလယ်တန်းကျောင်း တက်နေသော မောင်ဖြစ်သူကို ကူညီပေးခဲ့သည်ဟု သူ(မ) တွေးမိသောအခါ သူ(မ)၏ ဤလူအပေါ် အမြင်မှာ ကောင်းမွန်သည်။


ဤလူက သူ(မ)၏မောင်ကို ကွေးစေပြီး နှစ်ပေါင်းများစွာကြာအောင် သူ့ကို လိုချင်စေနေခဲ့လျက် ထားရစ်ခဲ့သည်ဟု သူ(မ) တွေးမိသောအခါ သူ(မ)၏ ဤလူအပေါ် အမြင်မှာ ဆိုးရွားသွားသည်။


သို့သော် သူ(မ)၏မောင်က ဤလူကို သဘောကျသည်ဟု နေ့တိုင်း ပြောသော်ငြား နှစ်ယောက်စလုံးက တစ်ခါမှ မတွေ့ဖူးသောကြောင့် မောင်ဖြစ်သူက ကျန်းယွင်ရှိူ့နှင့် ရုတ်တရက် ထွက်မလာခင်သည့်အထိ သူ(မ)သည် ယခင်က ကျန်းယွင်ရှိူ့ကို ဂရုမစိုက်ခဲ့ပေ။


သတင်းရရချင်းတွင် သူ(မ)သည် ဒေါသထွက်မိပြီး ကျန်းယွင်ရှိူ့ကို စုံစမ်းရန် ချက်ချင်း လူလွှတ်လိုက်သည်။


ထိုအချိန်၌ သူ(မ)တွင် ကျန်းယွင်ရှိူ့ကို မကျေနပ်ချက်များစွာ ရှိနေပြီး ထိုအချိန်တွင် ကျန်းယွင်ရှိူ့၏ မကောင်းသတင်းများက ပျံ့နှံ့နေသည်။ သို့သော် ကျန်းယွင်ရှိူ့က သူ(မ)၏မောင်ကို ကူညီဖူးရာ သူ(မ)သည် စုံစမ်းစစ်ဆေးချက်ရလဒ်ကို အရင်စောင့်ဆိုင်းပြီးမှ ကျန်းယွင်ရှိူ့ကို သွားတွေ့ရန် ဆုံးဖြတ်ခဲ့သည်။


စုံစမ်းစစ်ဆေးချက်ရလဒ်ကို သူ(မ) စောင့်ဆိုင်းနေစဉ် ကျန်းယွင်ရှိူ့၏ ဥပဒေနှင့် ဆန့်ကျင်သော သတင်းများမှာ ရှင်းလင်းသွားသည်။ စုံစမ်းစစ်ဆေးချက်ရလဒ်ကို သူ(မ) တွေ့မြင်သောအခါ... သူ(မ)ရဲ့မောင်က ဆန်ကုန်မြေလေး နည်းနည်းဆန်တယ်လို့ သူ(မ) ဘာလို့ ခံစားရတာလဲ?


ကျန်းယွင်ရှိူ့သည် ဤနှစ်များအတွင်း တစ်ခါမှ ရည်းစားမထားဖူးဘဲ သူ(မ)၏မောင်ကို ရှာဖွေရန် ပုဂ္ဂလိက စုံစမ်းစစ်ဆေးရေးမှူးများကို တောင်းဆိုနေခဲ့သည်။ သူက သူ(မ)၏မောင်ကို အရမ်းချစ်မှန်း ထင်ရှားသည်။


သူ(မ)သည် အလယ်တန်းကျောင်းမှ သူ(မ)၏မောင်နှင့် ကျန်းယွင်ရှိူ့တို့၏ ဖြစ်ရပ်ကို နားမလည်ပေ။ ကျန်းယွင်ရှိူ့က သူ(မ)၏မောင်အပေါ် အလွန်ကောင်းပြီး ၎င်းက သူ(မ)၏မောင်ကို မှတ်မိနေစေကြောင်းကိုသာ သူ(မ) သိသည်။


ဒီအခြေအနေကို ကြည့်လိုက်တော့ သူ(မ)ရဲ့မောင်က လူတစ်ယောက်နဲ့ တစ်ဝက်တစ်ပျက် ကြိုက်နေတုန်းမှာ သူ့ဖင်ကိုခါပြီး ကျောင်းပြောင်းသွားတယ်၊ ဟုတ်တယ်မလား?


သူ(မ)၏မောင်က ဂေး ဖြစ်သည်။ ဤအရာက မွေးရာပါဟု ဆိုကြပြီး တကယ်ပင် အခြားသူများအား အပြစ်တင်၍မရနိုင်ချေ။


အဖြစ်မှန် မည်သို့ပင်ဖြစ်စေ ကျန်းယွင်ရှိူ့၏ အချက်အလက်များကို မြင်ပြီးနောက် ဝမ်ယင်းလီသည် ကျန်းယွင်ရှိူ့ကို စိတ်မဆိုးနိုင်တော့ပေ။


မောင်ဖြစ်သူသည် ကျန်းယွင်ရှိူ့ကို စွဲလမ်းနေသေးပုံပေါ်သည်။ ဗီလာတွင် ကျန်းယွင်ရှိူ့၏ ဓာတ်ပုံများနှင့် ပြည့်နေသော်လည်း သူက တကယ်တမ်းတွင် ဘာမှမလုပ်ချေ။ သူက အစားထိုးတစ်ဦးကိုပင် ရှာတွေ့ခဲ့သော်လည်း ကျန်းယွင်ရှိူ့ကတော့ သူ(မ)၏မောင်ကိုသာ အမြဲတမ်း သစ္စာရှိရှိ ချစ်ခင်ခဲ့သည်...


သို့သော် လူသားများက တစ်ကိုယ်ကောင်းဆန်ကြသည်။ ဤသည်က မှန်လျှင်တောင်မှ သူ(မ)သည် မောင်ဖြစ်သူက ယောက်ျားတစ်ယောက်ကို ရှာထားသည် ဟူသော အချက်ကို မကျေနပ်သေးပေ။


ထို့အပြင် သူ(မ)၏မောင်သည် ကျန်းယွင်ရှိူ့ကို နှစ်ပေါင်းများစွာ အလွန်စွဲလမ်းနေခဲ့ပြီး သူ(မ)သည်လည်း စိတ်ထဲတွင် စိုးရိမ်နေခဲ့ရသည်။ သူ(မ) ယခု ကြောက်မိသည်မှာ နှစ်ယောက် အတူရှိပြီးနောက် ကျန်းယွင်ရှိူ့ရှေ့တွင် သူ(မ)၏မောင် နေရာမရှိမည်ကို ဖြစ်သည်။


ကျန်းယွင်ရှိူ့က အလွန်မာနကြီးပြီး ပေါင်းသင်းရန် ခက်ခဲကြောင်း အလွန်သိသာသည်။ ကျန်းယွင်ရှိူ့ကို ပြုစုရမှာက သူ(မ)ရဲ့မောင်ပဲ!


အစ်မအကြီးဆုံးအနေဖြင့် ဝမ်ယင်းလီသည် မတ်ဖြစ်သူ၏ သူ(မ)၏မောင်အပေါ် ကောင်းမွန်ပေးမှုက မောင်ဖြစ်သူ၏ မတ်ဖြစ်သူအပေါ် ကောင်းမွန်ပေးမှုထက် ပိုမိုသာလွန်လိမ့်မည်ဟု မျှော်လင့်မိသည်။ ဤအကြောင်းကြောင့် သူ(မ)သည် မောင်ဖြစ်သူ၏ အိမ်သို့ သွားလည်ပတ်၍ လေ့လာရခြင်း ဖြစ်သည်။


သူ(မ)၏ ကျန်းယွင်ရှိူ့အပေါ် ပထမဆုံးအမြင်မှာ အတော်လေး ကောင်းသည်။ ဤစန္ဒရားတီးပညာရှင်က အရှက်အကြောက် သိပ်မကြီးဘဲ အနိုင်ကျင့်မည့်ပုံပေါ်သည်။ ဒါပေမယ့် သူက အခင်းတွေကိုလည်း လျှော်တာလား?


ဝမ်ယင်းလီသည် တွေးနေစဉ်တွင် မောင်ဖြစ်သူ၏ အော်သံကို ထပ်ကြားလိုက်ရသည် : “ ကျန်းယွင်ရှိူ့၊ ငါ့အစ်မ ရောက်နေတယ်။ တံခါးသွားဖွင့်ဦး! နေတော့၊ မင်းက နှေးလွန်းတယ်။ ငါပဲ သွားဖွင့်တော့မယ်။ ”


တခြားတစ်ဖက်တွင်မူ ယန်ကျင်းဇီသည် ပျင်းရိနေဟန်ဖြင့် သူ့အိပ်ခန်း လသာဆောင်မှ ထကာ အောက်ထပ်သို့ ဆင်းသွားသည်။


သူသည် ကျန်းယွင်ရှိူ့နှင့် လှေကားတွင် တွေ့သည်။


ကျန်းယွင်ရှိူ့ကို ပွေ့ဖက်ကာ နမ်းပြီးနောက် ယန်ကျင်းဇီက ဆိုသည် : “ ကိုယ့်အစ်မရှေ့မှာ ကိုယ် မင်းကို မျက်နှာသာသိပ်ပေးမှာ မဟုတ်ဘူး။ အားလုံးက သရုပ်ဆောင်နေတာနော်၊ မင်း သိလား? ”


ကျန်းယွင်ရှိူ့က အူတူတူဖြင့် ခေါင်းညိတ်ပြသည် : “ အင်း။ ”


“ မင်း ခဏနေရင် ကြိုးကြိုးစားစား အလုပ်ပိုလုပ်တဲ့ပုံစံ ပြုမူရမယ်။ ” ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့ကို ထပ်နမ်းပြီးနောက် သူ့ကို လွှတ်ပေးကာ အောက်ထပ်သို့ဆင်း၍ တံခါးသွားဖွင့်သည်။ 


ဝမ်ယင်းလီသည် တံခါးအပြင်ဘက်မှ ဝင်လာပြီး ပြောသည် : “ တံခါးဖွင့်ဖို့ အောက်ကို ပြေးဆင်းရသေးတယ်... နင် အလိုအလျောက်တံခါး ပြောင်းတပ်သင့်တယ်! ဒါနဲ့ နင့်ရဲ့အိမ်ထိန်းရော? ”


“ ကျန်းယွင်ရှိူ့က အိမ်မှာ အပြင်လူတွေ ရှိတာကို မကြိုက်ဘူး။ ” ယန်ကျင်းဇီသည် စကားပြောပြီးနောက် ကျန်းယွင်ရှိူ့ကို ကြည့်သည် : ” ငါ့အစ်မ ရောက်နေတယ်။ မင်း သူ(မ)အတွက် လက်ဖက်ရည်တစ်ခွက်နဲ့ အသီးအနှံတို့ဘာတို့ ယူလာခဲ့။ ”


ကျန်းယွင်ရှိူ့သည် ဘေးတွင် တိုင်တစ်တိုင်ကဲ့သို့ ရပ်နေသည်။ သူသည် ဘာလုပ်ရမလဲ မသိသော်လည်း ယခု ယန်ကျင်းဇီ၏ အမိန့်ကို ကြားလိုက်ရ‌ပြီး စိတ်သက်သာရာရကာ မီးဖိုခန်းသို့ အမြန်သွားလိုက်သည်။


သူ လက်ဆေးချင်တယ်!


မီးဖိုချောင်ထဲ ရောက်သွားသောအခါ ကျန်းယွင်ရှိူ့သည် အနည်းငယ် စိတ်ရှုပ်သွားရသည် — မီးဖိုချောင်တွင် ဆေးကြောပြီး လှီးဖြတ်ထားသော ပါဝင်ပစ္စည်းများအပြင် ရေဆေးပြီး ပန်းကန်ပြားထဲ ထည့်‌ထားသော အသီးအနှံများနှင့် ပြည့်နှက်နေသည်။


ခုနက ယန်ကျင်းဇီ ဒါတွေ လုပ်ခဲ့တာလား?


ကျန်းယွင်ရှိူ့သည် သူ့လက်များကို ဦးစွာ ကောင်းကောင်းမွန်မွန် ဆေးကြောသည်။ ထို့နောက် သူသည် လက်ဖက်ရည်ဖျော်ပြီး ဝမ်ယင်းလီကို ပေးလိုက်ကာ အသီးပန်းကန်ကိုလည်း သယ်၍ ဝမ်ယင်းလီရှေ့တွင် နေရာချလိုက်သည်။


ဝမ်ယင်းလီသည် စိတ်သက်သာရာရပြီး ကျန်းယွင်ရှိူ့ကို သဘောကျစွာ တစ်ချက်လှမ်းကြည့်သည်။


ယန်ကျင်းဇီသည် အစက ဝမ်ယင်းလီနှင့် စကားပြောနေပြီး ကျန်းယွင်ရှိူ့ကို ရုတ်တရက် ကြည့်လာသည် : “ ငါ့အစ်မ ရောက်နေတယ်။ ဒီနေ့ နေ့လယ် မင်း ဟင်းလျာနည်းနည်း ထပ်ပိုချက်နိုင်တယ်... နောက်ကျနေပြီ၊ မြန်မြန်သွားလုပ်။ ”


စကားပြောပြီးနောက် ယန်ကျင်းဇီသည် သူ့အစ်မကို ဆက်ပြောသည် : “ အစ်မ၊ ကျန်းယွင်ရှိူ့က ဟင်းချက်တော်တယ်။ မင်း ဒီနေ့ နေ့လယ် သူ့အရည်အချင်းကို စမ်းကြည့်နိုင်တယ်။ ”


ယန်ကျင်းဇီသည် ဆိုဖာပေါ်တွင် ထိုင်နေပြီး အဘိုးတစ်ဦးပုံစံနှင့် တူနေသော်ငြား ကျန်းယွင်ရှိူ့က ရှေ့မှနောက်သို့ အမြန်သွားလာနေပြီး ယန်ကျင်းဇီ၏စကားကို ကြားသောအခါ ယခုအခါတွင် သူက မီးဖိုချောင်သို့ အမြန်ဝင်သွားသည်။


၎င်းကို မြင်သော် ဝမ်ယင်းလီသည် ရှက်ရွံ့သွားသည် : “ နင် ဘာလို့ သူ့ကို ဟင်းချက်ခိုင်းတာလဲ? တစ်ယောက်ယောက်ကို ခိုင်းပြီး နင့်စီကို လာပို့ခိုင်းလို့ရတာပဲမလား? ”


“ အပြင်စားစရာတွေကို စိတ်ကုန်နေပြီ။ အိမ်ချက်စားစရာတွေ စားရတာ ကြိုက်တယ်။ ” ယန်ကျင်းဇီက မျက်နှာတည်တည်ဖြင့် ပြောသည်။


ဝမ်ယင်းလီသည် အမြဲတစေ အပြင်ထွက်စားလေ့ရှိသည်။ သူ(မ)သည် လက်ရာမြောက်ပြီး အရသာရှိသော စားစရာမျိုးစုံကို စားဖူးကာ စားစရာများဟာ မည်မျှပင်အရသာရှိပါစေ အတူတူသာ ဖြစ်သည်ဟု တွေးမိသည်။ ဒါပေမယ့် သူ(မ)မောင်ရဲ့ ဒီအကြည့်၊ အဲ့ဒါက ဘာလို့ အရိုက်ခံရဖို့ ထိုက်သင့်တဲ့လူနဲ့ တူနေတာလဲ? 


အတွင်းရေးမှူးကျိုး : “ ... ” ဥက္ကဌယန်က ဟန်ဆောင်ကောင်းလွန်းတယ် မဟုတ်လား? သူ(မ)သည် ဤရက်များအတွင်း ဤနေရာသို့ မကြာခဏ လာဖြစ်သည်။ သူ(မ) တွေ့တဲ့အကြိမ်တိုင်းမှာ စားဖိုမှူးက ဥက္ကဌယန်ပါ! ယခင်က ဥက္ကဌယန်သည် ကုမ္ပဏီတွင် နံနက်ပိုင်း သုံးနာရီကြာ အလုပ်လုပ်ပြီး မဖြစ်မနေ ချက်ချင်း ပြန်သွားတတ်သည်။ အကြောင်းအရင်းကတော့ သူ အိမ်ပြန်ပြီး ချက်ပြုတ်ချင်လို့လေ!


ကျန်းယွင်ရှိူ့က တကယ် ချက်နိုင်လို့လား?


အတွင်းရေးမှူးကျိုးသည် သံသယဖြစ်နေပြီး ဤအချိန်တွင် ကျန်းယွင်ရှိူ့သည် မီးဖိုချောင်သို့ သွားကာ ချက်ပြုတ်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။


ယန်ကျင်းဇီသည် အသီးအရွက် သုံးပန်းကန်စာ၊ ကြက်တောင်ပံ တစ်ပန်းကန်လုံးစာနှင့် အမဲသားတစ်ပိုင်းတို့ကို ဆေးကြောလှီးဖြတ်ထားသည်။ ၎င်းတို့ဘေးတွင် အစားအသောက်ဗီဒီယိုအတိုင်း မနေ့က မနက်တွင် ယန်ကျင်းဇီ လုပ်ထားသော ဝက်သားပြုတ် ရှိနေသည်။


သူတို့သည် မနေ့ညက ဤဝက်သားပြုတ်ကို စားရန် စီစဉ်ခဲ့သော်လည်း ထိုသုံ့ချင်းလင် ရောက်လာပြီး နောက်ဆုံးတွင် သူတို့ မစားဖြစ်ခဲ့ကြချေ... သူတို့ အဆာပြေမုန့်တချို့ စားပြီး အိပ်ပျော်သွားကြတယ်!


ကျန်းယွင်ရှိူ့၏ ဟင်းချက်နှုန်းသည် အမှန်တကယ် နှေးသော်ငြား ယန်ကျင်းဇီက သူ့အတွက် ပါဝင်ပစ္စည်းများကို ကူညီပြင်ဆင်ပေးထားသောကြောင့် ဟင်းချက်နှုန်းက မြန်သွားသည်။


ဝက်သားပြုတ်ကို ပြန်အပူပေးရုံသာ လိုအပ်သည်။ အမဲသားကို pressure cooker ထဲတွင် တိုက်ရိုက်ပြုတ်ကာ ကြက်တောင်ပံများကို ကိုလာ‌ကြက်တောင်ပံများအဖြစ် ပြုလုပ်ပြီး ဟင်းသီးဟင်းရွက် အနည်းငယ်ကို ကြော်သည်။ တကယ့်ကို လွယ်ကူပေသည်။


အတွင်းရေးမှူးကျိုးသည် စာရွက်စာတမ်းများ ပေးပို့ပြီးနောက် ထွက်ခွာသွားခဲ့သည်။ သူ(မ)ကို ဝမ်ယင်းလီအနားရှိ အမျိုးသားလက်ထောက်က ပြန်ပို့ပေးပြီး ဝမ်ယင်းလီက ဆက်နေသည်။


ဧည့်ခန်းနှင့် မီးဖိုချောင်သည် အနည်းငယ် ဝေးကွာပြီး ဝမ်ယင်းလီသည် ယန်ကျင်းဇီကို ကျန်းယွင်ရှိူ့အကြောင်းတချို့အား အသံတိုးတိုးဖြင့် မေးမြန်းသည်။


ယန်ကျင်းဇီက ဆိုသည် : “ အစ်မလည်း ငါ ယောက်ျားတွေကို ကြိုက်တယ်၊ သူ့ကို ကြိုက်တယ် ဆိုတာ သိတာပဲ... သူက ငါ့အပေါ် အရမ်းသစ္စာရှိချစ်ခင်တယ်၊ အရင်သုံ့ချင်းလင်ထက် အများကြီးသာတယ်။ အစ်မ မသိဘူး၊ အဲ့သုံ့ချင်းလင်က... ”


“ အဲ့သုံ့ချင်းလင်က ကောင်းပေါ်ဟောင်နဲ့ တွဲနေတယ်။ ငါ သိတယ်။ ” ဝမ်ယင်းလီက ပြောသည် : “ ဒါက တကယ် ပိုကောင်းတယ်။ ”


“ ဟုတ်တယ်။ ” ယန်ကျင်းဇီက ပြောလာသည် : “ သူက ငါ့ကို အရမ်းနာခံတယ်။ ”


ဝမ်ယင်းလီသည် မီးဖိုချောင်မှ ဆူညံသံကို ကြားပြီး စိတ်ကျေနပ်စွာဖြင့် ကျန်းယွင်ရှိူ့ကို နောက်ထပ်အမှတ်အနည်းငယ် ပေးလိုက်သည်။


သူ(မ)သည် ကျန်းယွင်ရှိူ့ကဲ့သို့သော စန္ဒရားတီးပညာရှင်က အိမ်တွင် ဂရုမစိုက်စွာ နေထိုင်မည်ကို စိုးရိမ်ခဲ့သော်လည်း ယခုမူ သူ(မ) စိုးရိမ်စရာမလိုတော့ပေ။ ဆန့်ကျင်ဘက်အားဖြင့် သူ(မ)ရဲ့မောင်ကသာ...


အိုက်ယား၊ သူ(မ) သူ့ကို ကြည့်လေလေ၊ သူက ပိုပိုပြီး ဆန်ကုန်မြေလေးနဲ့ တူလာလေလေပဲ။


ယနေ့ ယန်ကျင်းဇီနှင့် ကျန်းယွင်ရှိူ့တို့သည် အိပ်ရာထနောက်ကျကြသည်။ ထိုသို့နှင့် နေ့လယ်စာစားချိန် ရောက်လာသည်။ ယန်ကျင်းဇီနှင့် ဝမ်ယင်းလီတို့သည် ခဏတာ စကားစမြည်ပြောကြပြီး ကျန်းယွင်ရှိူ့က ဟင်းလျာတစ်ခွက်ကို ယူကာ တစ်ခါတည်း စားသုံးနိုင်အောင် ပန်းကန်များနှင့် တူဇွန်းများကိုပါ သယ်ဆောင်လာသည်ကို တွေ့လိုက်ရသည်။


ဝက်သားပြုတ်သည် အနံ့မွှေးသော်ငြား ဓားကိုင်စွမ်းရည်က သာမန်သာ ဖြစ်ပြီး အကျက်လွန်နေသည်။ အဆီများနှင့် ကျစ်ကျစ်လျစ်လျစ် အသားတို့က ကွဲကွာနေသေးသည်... ‌ဒါပေါ့၊ အရသာကတော့ ပိုစားကောင်းတယ်။


အသီးအရွက်များ အားလုံးကို မွှေကြော်ထားပြီး အနည်းငယ် ပေါ့ပါးပုံပေါ်သော်ငြား မဆိုးရွားပါချေ။


အမဲသားကို ပြုတ်ပြီး တိုက်ရိုက်လှီးဖြတ်ကာ ကြာညို့နှင့် စိမ်ထား၍ မူရင်းအရသာကို မြည်းစမ်းနိုင်သည်။ ကြက်တောင်ပံများကိုမူ...


ဝမ်ယင်းလီသည် အရသာမြည်းကြည့်လိုက်သည် : “ ဒီကြက်တောင်ပံက တော်တော််အရသာကောင်းတယ်။ ”


“ ကြက်တောင်ပံတွေက အရသာရှိတယ်လို့ ငါ့အစ်မက ပြောနေတယ်... မင်း ဒီကြက်တောင်ပံကို ဘယ်လိုချက်ထားတာလဲ? ” ယန်ကျင်းဇီက ကျန်းယွင်ရှိူ့ကို ကြည့်သည်။


“ ဒါက ကိုလာနဲ့ ချက်ထားတဲ့ ကိုလာကြက်တောင်ပံပါ။ ” ကျန်းယွင်ရှိူ့က ဖြေသည်။ ဒါက WeChat မှာ ယန်ကျင်းဇီ သူ့ကို ပို့ထားတဲ့ ဟင်းချက်နည်း!


“ ငါ ကိုလာကြက်တောင်ပံကို ကြားဖူးပေမယ့် ဒါက ငါ ပထမဆုံး စားဖူးတာပဲ။ တော်တော်လေး အရသာရှိလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒီဝက်သားပြုတ်လည်း အရသာကောင်းတယ်။ ” ဝမ်ယင်းလီက ကျန်းယွင်ရှိူ့ကို ပြုံးပြသည်။


ကျန်းယွင်ရှိူ့က ရှက်သွေးဖြာသွားသည် : “ မင်း ကြိုက်တာ ကောင်းတယ်။ ” သူသည် ယန်ကျင်းဇီ၏ အစ်မဖြစ်သူ လာမည်ဟု သိလိုက်ရကတည်းက အထူးစိတ်ပူနေရပြီး ယန်ကျင်းဇီ၏အစ်မ သူ့ကို သဘောမကျဖြစ်မည်ကို စိုးရိမ်နေမိသည်။


ယန်ကျင်းဇီရဲ့အစ်မက အရမ်းသဘောကောင်းလိမ့်မယ်လို့ သူ မထင်ထားဘူး!


သူ ဘာမှမလုပ်ရသေးပေမယ့် ယန်ကျင်းဇီရဲ့အစ်မက သူ့ကို အရမ်းဖော်ရွေတယ်!


“ ကျင်းဇီက ဘာမှမလုပ်တတ်ဘူး။ ကျေးဇူးပြုပြီး သူ့ကို သည်းခံပေးပါဦး။ ” ဝမ်ယင်းလီက ထပ်ပြောသည်။


ကျန်းယွင်ရှိူ့က အမြန်ပြန်ပြောသည် : “ ကျင်းဇီက အရမ်းကောင်းတယ်၊ အရမ်းအရမ်းကောင်းတယ်၊ တကယ်ကောင်းတယ်။ ”


ယန်ကျင်းဇီက ကျန်းယွင်ရှိူ့အတွက် ကြက်တောင်ပံတစ်ချောင်း လှမ်းထည့်ပေးသည် : “ ပါးစပ်လေးက တော်တော်ချိုနေတုန်းပဲ။ ”


သူသည် ယနေ့တွင် ကျန်းယွင်ရှိူ့အတွက် ဟင်းပွဲများကို အထူးတလည် မခပ်ယူခဲ့ပေ။


သူ့အစ်မ၏ စားပွဲကျင့်ဝတ်က ကောင်းမွန်ပြီး ဟင်းလျာများကို မပြောင်းလဲတတ်ဘဲ လူကလည်း သုံးဦးသာ ရှိသည်။ ကျန်းယွင်ရှိူ့သည် သူ့အစ်မ မယူသော ပန်းကန်ပြား တစ်ဖက်ခြမ်းမှ ဟင်းလျာကို ယူစားနိုင်သည်။


သို့ရာတွင် ကျန်းယွင်ရှိူ့က အနည်းငယ် တွန့်ဆုတ်နေခြင်း ဖြစ်လောက်သည်။ ကျန်းယွင်ရှိူ့က သူ့အစ်မဘက်မှ ဟင်းလျာများကို လုံးဝ မယူသောကြောင့် သူသည် အခွင့်အရေးရှာ၍ ကျန်းယွင်ရှိူ့ကို ဟင်းထည့်ပေးရသည်။


ဝမ်ယင်းလီသည် ကုမ္ပဏီစီမံခန့်ခွဲရန် အလွန်စောစီးစွာပင် သူ(မ)၏ဖခင်နောက်သို့ လိုက်ခဲ့သည်။ သူ(မ)သည် လူများကို အကဲခတ်ရာတွင် အလွန်တော်သည်။ ဤလူ ကျန်းယွင်ရှိူ့ဟာ အမှန်တကယ် ကောင်းမွန်ပြီး နားလည်ပေးတတ်သည်။


သူ(မ)သည် တစ်ချက်ကြည့်ရုံဖြင့် ကျန်းယွင်ရှိူ့ဟာ ဘယ်လိုလူဖြစ်ကြောင်း ပြောပြနိုင်ပြီး သူ(မ) ယခင်က ရရှိဖူးသော ကျန်းယွင်ရှိူ့၏ စစ်တမ်းအစီရင်ခံစာနှင့် ပေါင်းစပ်လိုက်သောအခါ... ဤကလေးဟာ မိခင်မရှိဘဲ မွေးဖွားလာပြီး သူ့ဖခင်က သူ့အပေါ် မကောင်းဘဲ သူ့တွင် လူအများနှင့် မဆက်သွယ်နိုင်သည့် အနည်းငယ်သော လူမှုဆက်ဆံရေး အခက်အခဲလည်း ရှိသည်။ သူ(မ)၏ မောင်ငယ်ထံမှ လှည့်စားခံရကာ အိမ်ထဲသို့ရွှေ့ပြောင်းပြီးနောက် သူက သူ(မ)၏မောင်ငယ်ကိုသာ မှီခို၍ နေထိုင်နိုင်တော့သည်။ ၎င်းကလည်း အလွန်သနားစရာကောင်းသည်။


ဝမ်ယင်းလီသည် ကျန်းယွင်ရှိူ့နှင့် စကားပြောနေစဉ် သူ(မ)၏လေသံက ပို၍နူးညံ့လာသည်။


ကျန်းယွင်ရှိူ့က ရှက်ရွံ့ပြီး သူ့မျက်နှာက ပိုပိုနီရဲလာ၏။


ယန်ကျင်းဇီသည် တစ်ခုခုမှားနေမှန်း ရုတ်တရက် ခံစားလိုက်ရသည် : “ ယွင်ရှိူ့၊ ဘာလို့ မင်းမျက်နှာက အရမ်းနီနေတာလဲ? ”


“ ငါ မျက်နှာနီနေတာလား? ” ကျန်းယွင်ရှိူ့ အနည်းငယ် စိတ်ရှုပ်သွားသည်။


“ အရမ်းနီနေတယ်... မင်း အပူချိန်သွားစစ်ကြည့်။ ” ယန်ကျင်းဇီ မျက်မှောင်ကြုံ့လိုက်သည်။


အိမ်၏ ဆေးဗီရိုထဲတွင် နားသာမိုမီတာတစ်ခု ရှိသည်။ ကျန်းယွင်ရှိူ့သည် ၎င်းဖြင့် အပူချိန်စစ်လိုက်သည်... သူ့အပူချိန်က 38.5°C ဖြစ်နေသည်။ သူ့မှာ အဖျားရှိတယ်!


“ သူ့ကို ဆေးရုံမြန်မြန်ပို့။ နင် ဘာလို့ အဖျားတက်နေတာလဲ? ” ဝမ်ယင်းလီသည် စိတ်ပူနေသည်။ သူ(မ)သည် ကိုယ်တိုင်ကိုယ်ကျ ကားမောင်း၍ ကျန်းယွင်ရှိူ့ကို အနီးအနားရှိ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ပို့ပေးသည်။


မနေ့က ကျန်းယွင်ရှိူ့သည် အလုပ်သွားခဲ့ပြီး နောက်ပိုင်းတွင် သုံ့ချင်းလင်ကို တွေ့ခဲ့သည်။ သူသည် ပင်ပန်းရုံတင်မက ဒေါသလည်း ထွက်ခဲ့ရသည်။ ညနေခင်းတွင် သူသည် ယန်ကျင်းဇီနှင့် နောက်ကျသည့်အထိ အချိန်ဖြုန်းခဲ့ပြီး နောက်နေ့မနက်တွင် စောစောထ၍ စန္ဒရားတီးသည်...


ထို့အပြင် ဝမ်ယင်းလီက ရုတ်တရက် အိမ်အလည်ရောက်လာသည်။ ကိစ္စအပုံလိုက်က တစုတစည်းတည်း ရောနှောသွားတော့ သူ ဖျားသွားပြီ!


သို့သော် ဆေးရုံတွင်...


ဆရာဝန်သည် ကျန်းယွင်ရှိူ့ကို အမျိုးမျိုးသော စစ်ဆေးမှုများ ဦးစွာပြုလုပ်ပြီးနောက် ကျန်းယွင်ရှိူ့နှင့် ယန်ကျင်းဇီ၏ ရင်းနှီးစရာဖြစ်သော မျက်နှာနှစ်ခုတို့ကို ကြည့်ရှုကာ နောက်ဆုံးတွင် ယန်ကျင်းဇီကို မေးသည် : “ မင်းတို့ မနေ့ညက လုပ်ခဲ့လား? မင်း အကာအကွယ် မဝတ်ဘဲ ကောင်းကောင်း မသန့်ရှင်းခဲ့ဘူးလား? မင်း စိတ်လှုပ်ရှားလွန်သွားပြီး သူ့ကို နာကျင်စေမိသလား? ”


ယန်ကျင်းဇီ : “ ... ” နှစ်ခုစလုံးပဲ!


ဆရာဝန်သည် ယန်ကျင်းဇီ၏မျက်နှာကို မြင်သည်နှင့် သဘောပေါက်သွားပြီး ချက်ချင်း ပြောလာသည် : “ အိမ်ပြန်ပြီး ကောင်းကောင်းအနားယူလိုက်ပါ။ အခုကစပြီး ဂရုစိုက်ပါ... ”


“ ငါ ဂရုစိုက်ပါ့မယ်။ ” ယန်ကျင်းဇီက ပြန်ဖြေသည်။ သူသည် အလွန်စိတ်ညစ်နေသည်။ သူသာ သိခဲ့လျှင် သူသည် မနေ့ညက ပိုမိုဂရုစိုက်ခဲ့‌မိပေလိမ့်မည်။ သူသည် အလွန်စိတ်လှုပ်ရှားမိပြီး ကျန်းယွင်ရှိူ့ကို အဖျားတက်စေမိလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။


ဤသို့တွေးမိပြီး ယန်ကျင်းဇီသည် ခေါင်းလှည့်လိုက်ရာ သူ့အစ်မက သူ့ကို ပြစ်တင်ရှုတ်ချစွာ ကြည့်နေကြောင်းကို တွေ့လိုက်ရသည်။


ဝမ်ယင်းလီသည် မောင်ဖြစ်သူကို လာမတွေ့မီတွင် မတ်ဖြစ်သူက သူ(မ)၏မောင်ကို ဆိုးဆိုးရွားရွား ဆက်ဆံမည်အား စိုးရိမ်ခဲ့ဖူးသည်။ သို့သော် ယခုမူ... သူ(မ)သည် သူ(မ)၏မောင်က အရမ်းလွန်နေပြီဟု တွေးမိသည်။


သူက လူကို ညဘက်တွင် လူးလှိမ့်သည့်အပြင် နေ့ဘက်တွင် အခင်းလျှော်ခိုင်းပြီး ဟင်းလည်း ချက်ခိုင်းသည်။ လုံ

းဝ မထောက်ထားတတ်ဘူး!


သူ(မ)သည် အနာဂတ်တွင် ကျန်းယွင်ရှိူ့ကို ပိုမိုကောင်းမွန်စွာ ဆက်ဆံရမည်။ ကျန်းယွင်ရှိူ့ ထွက်ပြေးရင် သူ(မ)ရဲ့မောင်က သုံ့ချင်းလင်လိုလူမျိုးကို ထပ်ရှာလာဦးမှာ၊ ဆိုးရွားလွန်းပါဘိ!