အပိုင်း ၁၁၈ ( The President 18 )
Viewers 10k

ဝမ်ယင်းလီသည် ယန်ကျင်းဇီတို့နှင့် အကြာကြီး မနေပေ။ ကျန်းယွင်ရှိူ့ကို ဆရာဝန်နှင့် ပြရန် ခေါ်သွားပေးပြီးနောက် သူ(မ)သည် ထွက်သွားလေသည်။ မထွက်သွားခင်တွင် သူ(မ)သည် ယန်ကျင်းဇီကိုလည်း ကျန်းယွင်ရှိူ့အား ဂရုစိုက်ရန် အကြိမ်ကြိမ် ပြောဆိုသွားသည်။


သူ့ကို အဲ့လိုလုပ်ဖို့ သူ(မ) မပြောရင်တောင်မှ ယန်ကျင်းဇီက ကျန်းယွင်ရှိူ့ကို ပြုစုစောင့်ရှောက်မှာပဲ!


ဝမ်ယင်းလီ ထွက်သွားသောအခါ ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့ကို ချက်ချင်း အိမ်သို့ပြန်ခေါ်သွားသည်။


အိမ်ထဲရောက်သည်နှင့် ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့ကို သွားနမ်းသည် : “ ယွင်ရှိူ့၊ အားလုံး ကိုယ့်အပြစ်တွေပါ... ”


“ ခဏလေး! ” ကျန်းယွင်ရှိူ့က သူ့ကို ချက်ချင်း တားသည် : “ ငါ အဝတ်အစားလဲပြီး ရေချိုးချင်တယ်! ” ဆေးရုံသို့ တစ်ခေါက်ရောက်ပြီးနောက် ယခု သူသည် မသက်မသာဖြစ်နေသည်...


ယန်ကျင်းဇီက ရယ်မောသည် : “ ကိုယ် မင်းကို ကူပေးမယ်။ ”


ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့ကို ရေချိုးပေးပြီး ကျန်းယွင်ရှိူ့ ကောင်းကောင်းအနားယူနိုင်စေရန်အတွက် သန့်ရှင်းသော အိပ်ရာခင်းများကိုလည်း ခင်းကျင်းပေးသည်။ 


ထို့နောက် ကျန်းယွင်ရှိူ့က အဖျားတက်သည်။ အချိန်တချို့ကြာပြီးနောက် လူတစ်ကိုယ်လုံးက ဇဝေဇဝါဖြစ်နေပြီဖြစ်သော်လည်း ထိုသို့ဖြစ်လျှင်တောင် သူက ယန်ကျင်းဇီကို သတိပေးရန် မမေ့ပေ : “ အပြင်ကြည့်စင်က အခင်းတွေ မနက်ဖြန် ထပ်လျှော်ရမယ်။ ”


“ ကောင်းပြီ၊ ကိုယ် ထပ်လျှော်လိုက်မယ်။ ” ယန်ကျင်းဇီက ရှေ့တိုး၍ နောက်တစ်ကြိမ် နမ်းလိုက်သည်။


ကျန်းယွင်ရှိူ့သည် သူ့မျက်နှာအနှံ့ကို ယန်ကျင်းဇီထံမှ အနမ်းခံရပြီး ယန်ကျင်းဇီက ဆက်လက်နမ်းရှုပ်နေသည်... ကျန်းယွင်ရှိူ့သည် သူ့မျက်နှာကို ယန်ကျင်းဇီ၏ရင်ခွင်ထဲတွင် ဖွက်၍ နမ်းရန် ငြင်းဆိုသည်။


“ ယွင်ရှိူ့၊ မင်းက အရမ်းချစ်စရာကောင်းတယ်။ ” ယန်ကျင်းဇီက ပြောသည်။ ကျန်းယွင်ရှိူ့သည် ယန်ကျင်းဇီ၏ရင်ဘတ်ကို ခပ်ဖွဖွ ကိုက်လိုက်သည်။


ယန်ကျင်းဇီသည် အကိုက်ခံရပြီးနောက် တောက်လောင်သွားသည်။


ကျန်းယွင်ရှိူ့သည် ကိုက်ပြီးနောက် ယန်ကျင်းဇီ၏ရင်ဘတ်ကို အကြိမ်အနည်းငယ် နမ်းကာ စိတ်အေးချမ်းစွာဖြင့် မျက်လုံးမှိတ်လိုက်သည်။


သူ့တွင် အဖျားရှိသော်ငြား မသက်မသာ မခံစားရဘဲ အတော်လေးပင် ပျော်ရွှင်မိနေသည်။


ယခင်က သူသည် ဖျားနေလျှင် တစ်ယောက်တည်းသာ နေထိုင်ရပြီး ယခုမူ ကွဲပြားသွားသည်။ ယန်ကျင်းဇီက သူနှင့် တစ်ချိန်လုံး ရှိနေပေးသည်။


ယန်ကျင်းဇီ၏ အစ်မကပင် သူ့ကို အလွန်ကောင်းမွန်စွာ ဆက်ဆံသည်။


ကျန်းယွင်ရှိူ့သည် ယနေ့ တစ်နေ့တာလုံး ပြီးပြည့်စုံသည်ဟု ခံစားရသည်။


တစ်ချိန်တည်းမှာပင် ဝမ်ယင်းလီသည် မိခင်ဖြစ်သူနှင့် တွေ့ဆုံနေသည် : “ မေမေ၊ သမီး ကျန်းယွင်ရှိူ့ကို သွားတွေ့ပြီးပြီ။ ”


“ သူက ဘယ်လိုလဲ? နင့်မောင်က သူ့ကို ရတနာလေးလို သဘောထားလား? ” အမေယန်က ချက်ချင်း မေးသည်။


ဝမ်ယင်းလီ : “ မဟုတ်ဘူး! မေမေလည်း သိသားပဲ၊ အဲ့ကောင်လေး ကျင်းဇီက အမြဲတမ်း သူ့ကိုယ်သူပဲ ဂရုစိုက်တတ်တဲ့ အ‌ဖေ့လိုပဲလေ။ ဘယ်လိုလုပ် သူက သူများကို ရတနာလေးလို ဆက်ဆံနိုင်မှာလဲ... ”


သူ(မ)သည် ယနေ့ မြင်တွေ့ခဲ့ရသည်များကို ပြောပြခြင်းအားဖြင့် မီးပုံထဲသို့ လောင်စာဆီထပ်ဖြည့်လိုက်သည်။


နားထောင်ပြီးနောက် အမေယန်သည် ကျန်းယွင်ရှိူ့ကို အနည်းငယ် သနားသွားသည် : “ နင့်မောင်က နင့်အဖေလောက်တောင် မကောင်းဘူး! နင့်အဖေဆိုရင် အိမ်ရဲ့ အတွင်းအပြင် အလုပ်တွေအကုန် လုပ်ခဲ့တယ်။ ”ထို့အပြင် သူ(မ)၏ အမျိုးသားက ဖောက်ပြန်သော ဆန်ကုန်မြေလေး ဖြစ်သော်ငြား ဤလူက မအောင်မြင်သေးခင်တွင် အိမ်နှင့် အပြင်ဘက်ရှိ အရာရာကို လုပ်ဆောင်ရန် ဆန္ဒရှိခဲ့သည်။ ယခုအခါတွင် သူက ဤတာဝန်များကို မလုပ်တော့သော်လည်း အိမ်တွင် ထောက်ထားတတ်ပြီး သူ(မ)၏ဖခင်နှင့် သူ(မ)တို့ကို အမြဲတစေ လေးစားဂရုပြုသည်။


 “ ဟုတ်တယ်။ မောင်လေးက သုံ့ချင်းလင်ကို ပျိုးထောင်ခဲ့တယ်မလား? သူက အချိန်ကောင်းတွေမှာ ပိုက်ဆံအများကြီး ပေးခဲ့ပေမယ့် အခု မကောင်းတော့တဲ့အခါမှာ... သူက သူ ပေးထားတဲ့ ကားကိုပါ ပြန်သိမ်းသွားတယ်။ ” ဝမ်ယင်းလီက သက်ပြင်းချသည်။


ဝမ်ယင်းလီသည် သုံ့ချင်းလင်ကို မကြိုက်သော်ငြား သူ(မ)၏မောင်က အနည်းငယ် ကပ်စေးနည်းသကဲ့သို့လည်း ခံစားရသည်။


ထိုလူက သူနှင့် နှစ်နှစ်ကြာ အတူနေခဲ့ရာ သူ ပေးထားသော ကားကို ပြန်သိမ်းရန် တကယ် မလိုအပ်ချေ။


သူတို့မိသားစုတွင် ငွေကြေး မရှားပါး။


အမေယန်သည်လည်း သမီးဖြစ်သူနှင့် သဘောထားတူသည်။ သူ(မ)သည် သုံ့ချင်းလင်နှင့် ယန်ကျင်းဇီတွင် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးမျိုး လုံးဝ မရှိကြောင်း မသိပေ။ ယန်ကျင်းဇီက သုံ့ချင်းလင်နှင့် နှစ်နှစ်ကြာအောင် အတူအိပ်ခဲ့ပြီး ဤလူကို မလိုချင်တော့ဟုသာ သူ(မ)က ထင်နေသော်ငြား ဤကိစ္စတွင် သူ(မ)၏သားဘက်မှ ရပ်တည်နေဆဲဖြစ်သည် : “ အဲ့သုံ့ချင်းလင်က နောက်တော့ ပြောင်းလဲသွားတယ်။ ပိုက်ဆံယူနေရင်းနဲ့တောင်မှ ထပ်ပြီး ကောင်းပေါ်ဟောင်နဲ့ သွားငြိနေတာ။ ”


ဟုတ်တယ်! ဝမ်ယင်းလီနှင့် သူ(မ)၏မိခင်တို့သည် သုံ့ချင်းလင်ကို အတူတကွ တိုက်ခိုက်ကြသည်။ အသေအချာ စဉ်းစားပြီးနောက် သူ(မ)သည် ကျန်းယွင်ရှိူ့က အတော်ကောင်းသည်ဟု ခံစားမိသည်။


ယင်းကား ကမ္ဘာကျော် စန္ဒရားတီးပညာရှင်တစ်ဦး ဖြစ်ပြီး အိမ်ကို မျက်နှာများစွာ ရစေသည်။


အမေယန်က နောက်ဆုံးတွင် ပြောလာသည် : “ ကျန်းယွင်ရှိူ့မှာ ကောင်းမွန်တဲ့ သဘောထား ရှိတော့ ငါ စိတ်ချနိုင်တယ်။ ရက်နည်းနည်းကြာလို့ သူ နေကောင်းသွားရင် ငါ သူ့စီသွားပြီး သူနဲ့အတူ အပြင်ထွက်မယ်... ငါ သူ့ကို တွေ့ဆုံခြင်း အထိမ်းအမှတ် လက်ဆောင်တို့ဘာတို့ ပေးရမယ်။ ”


ဝမ်ယင်းလီနှင့် အမေယန်တို့သည် ကျန်းယွင်ရှိူ့ကို လက်ခံလိုက်ကြပြီး ဤအချိန်တွင် ကောင်းပေါ်ဟောင်နှင့် သုံ့ချင်းလင်တို့ဟာ လမ်းခွဲလိုက်ကြသည်။


ကောင်းပေါ်ဟောင်၏မိသားစုက ယန်ကျင်းဇီ၏မိသားစုလောက် မချမ်းသာသော်ငြား သူတို့ကလည်း ချမ်းသာပြီး သူကိုယ်တိုင်ကလည်း အရည်အချင်း အလွန်ရှိသည်။


ထိုသို့သောလူသည် သဘာဝအားဖြင့် မာနကြီးသည်။


သူသည် သုံ့ချင်းလင်ကို အမှန်တကယ် သဘောကျသည်။ သူသည် သုံ့ချင်းလင်၏ ထူးခြားသော စိတ်သဘောထားနှင့် သုံ့ချင်းလင်၏ ဂီတစွမ်းရည်တို့ကို နှစ်သက်ပြီး သုံ့ချင်းလင်၏ ချစ်ခြင်းမေတ္တာနှင့် သုံ့ချင်းလင်၏ အသွင်အပြင်တို့ကို ချစ်ခင်သည်။ သို့သော် သူသည် သုံ့ချင်းလင်က သူ့ကို မချစ်ကြောင်းနှင့် သုံ့ချင်းလင်က ယန်ကျင်းဇီ ပျိုးထောင်ဖူးသော ကစားစရာတစ်ခု ဖြစ်ခဲ့ကြောင်းတို့ကို သည်းမခံနိုင်ပေ။ 


ကောင်းပေါ်ဟောင်က ကစားစရာတစ်ခုကို ကြိုက်သည်ဆိုလျှင်ပင် ဤကစားစရာက သူ့ကို မကြိုက်ချေ။ သူသာ လမ်းမခွဲဘူးဆိုရင် ဈေးပေါနေမှာ မဟုတ်လား?


ကောင်းပေါ်ဟောင်သည် သုံ့ချင်းလင်ကို ပထမဆုံးအကြိမ် တွေ့‌ဆုံသောအခါ သုံ့ချင်းလင်က အရက်မူးနေပြီး သူ့ကို ယန်ကျင်းဇီဟု အထင်မှားကာ သူ့ကို အဆက်မပြတ် မေးမြန်းနေလျက် ဆက်ဆံရေးများ ဖြတ်တောက်ပစ်တော့မည်လားဟု ပြောခဲ့သည်။


သူသည် သုံ့ချင်းလင်က ယန်ကျင်းဇီကို အလွန်ကြိုက်ပြီး အသိပြန်ဝင်နိုင်စွမ်း ရှိကြောင်းကို တွေ့သောအခါ သူက ချက်ချင်း စိတ်လှုပ်ရှားသွားပြီး စတင်လက်ဦးမှုရယူ၍ သုံ့ချင်းလင်ကို ပိုးပန်းသည်။


သူသည် သုံ့ချင်းလင်က အလွန်စိတ်ထိခိုက်နေကြောင်း သိရှိလိုက်ရပြီးနောက် သုံ့ချင်းလင်ကို ပို၍ပင် သနားမိသည်။ သုံ့ချင်းလင်၏ နှလုံးသားက ယန်ကျင်းဇီကြောင့် ကြေကွဲသွားရခြင်းမှာ တကယ့်ကို သနားစရာကောင်းသည်ဟု သူသည် ခံစားမိသည်။


ဒါပေမယ့် သုံ့ချင်းလင်ကို ယန်ကျင်းဇီ ပျိုးထောင်ခဲ့မှန်း သူ မသိခဲ့ဘူး!


အစကတည်းက ငွေရေးကြေးရေး ဆက်ဆံရေးတစ်ခု ဖြစ်လေရာ သုံ့ချင်းလင်ဟာ ယန်ကျင်းဇီက သူ့ကို နာကျင်စေခဲ့သလိုမျိုး သရုပ်ဆောင်တဲ့အချိန်မှာ ဘာကိုဆိုလိုနေတာလဲ?


ရယ်ဖွယ်ပိုကောင်းသည်မှာ သုံ့ချင်းလင်က ယန်ကျင်းဇီကို စွဲလမ်းနေဆဲဖြစ်ပြီး သူ့ရှေ့တွင် ကျန်းယွင်ရှိူ့အကြောင်း မကျေမနပ် ပြောရုံတင်မက ကျန်းယွင်ရှိူ့ကို ရန်စရန်လည်း အမြန်ပြေးသွားသေးသည်။


မနေ့က သူသည် ရုတ်တရက်ကြီး ယန်ကျင်းဇီထံမှ ဖုန်းခေါ်ခံရသည်။ ယန်ကျင်းဇီက ပေးစရာတစ်ခု ရှိသည်ဟု ပြောသောအခါ ကောင်းပေါ်ဟောင်သည် အလွန်စိုးရိမ်သွားသည်။ ယန်ကျင်းဇီက သူ့ကို သုံ့ချင်းလင်၏ မဖွယ်မရာ ဓာတ်ပုံကို ပေးပို့ပြီး သူ့ကို ခြိမ်းခြောက်လာမည်ကို သူ ကြောက်သည်။


သုံ့ချင်းလင်က သူနှင့် ယန်ကျင်းဇီတွင် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေး လုံးဝ မရှိဟု ပြောသော်လည်း သူ မယုံပေ – သုံ့ချင်းလင်က အိပ်ရာဝင်ကိစ္စများတွင် အရမ်းကျွမ်းကျင်သည်။


ရလဒ်ကမူ သူသည် သုံ့ချင်းလင်အတွက် စိုးရိမ်နေပြီး e-mail ထဲတွင် သုံ့ချင်းလင်၏ ကျန်းယွင်ရှိူ့ကို ရန်စနေသော စောင့်ကြည့်ရေးဗီဒီယိုနှင့် ယန်ကျင်းဇီ၏ သုံ့ချင်းလင်ကို ပိုက်ဆံပေးထားသော ငွေလွှဲမှတ်တမ်းများကို တွေ့လိုက်ရသည်။


သူသည် သုံ့ချင်းလင်ကို သဘောကျဆဲဖြစ်သော်ငြား သုံ့ချင်းလင်နှင့် မတွဲနိုင်တော့ပေ။


ကောင်းပေါ်ဟောင်နှင့် သုံ့ချင်းလင်တို့၏ လမ်းခွဲပြတ်စဲမှုအကြောင်းကို ယန်ကျင်းဇီသည် နောက်တစ်နေ့တွင် လောင်ချိုက်ထံမှ ကြားသိလိုက်ရသည် : “ ကျင်းဇီ၊ မင်း မသိဘူး၊ အဲ့သုံ့ချင်းလင်က ကောင်းပေါ်ဟောင် သူနဲ့ လမ်းခွဲချင်တာ မယုံဘူး။ စစချင်း ကောင်းပေါ်ဟောင်က သူ့ကို ရှင်းပြချက် ပေးရသေးတယ်။ သူတို့နှစ်ယောက် ကောင်းပေါ်ဟောင်ရဲ့ ကုမ္ပဏီမှာ ရန်ဖြစ်ကြတယ်... ပြီးတော့ ကောင်းပေါ်ဟောင်က သူ့ကို တစ်ခုခုပြလိုက်တာ သူ ထွက်သွားတယ်... ”


လောင်ချိုက်က ဤသို့ပြောသောအခါ ယန်ကျင်းဇီသည် စစချင်းတွင် အံ့ဩသွားသည်။


မူလပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် ကောင်းပေါ်ဟောင်နှင့် သုံ့ချင်းလင်တို့သည် အချစ်စစ် ဖြစ်ကြပြီး မူလပိုင်ရှင်က သူတို့ကို မည်မျှပင် ဖျက်ဆီးပါစေ၊ သူတို့က မကွဲကွာနိုင်ချေ။ အခု ဒီလူနှစ်ယောက်က... တကယ်ပဲ ခဏလေးနဲ့ လမ်းခွဲလိုက်ကြတာလား?


သို့ရာတွင် သေသေချာချာ တွေးကြည့်ပြီးနောက် သူသည် ၎င်းကို ထူးဆန်းသည်ဟု မခံစားရပေ။


မူလဇာတ်ကြောင်းတွင် မူလပိုင်ရှင်သည် သုံ့ချင်းလင်ကို လိုက်လံပိုးပန်းနေပြီး ကောင်းပေါ်ဟောင်ကို လုယက်နေသည်... တစ်စုံတစ်ယောက်က လာလုယူခြင်း၏ အဓိပ္ပာယ်ဟာ ၎င်းက ကောင်းမွန်ခြင်း ဖြစ်သည်။ ကောင်းပေါ်ဟောင်သည် သဘာဝအားဖြင့် သုံ့ချင်းလင်ကို အလွန်ကောင်းသည်ဟု ထင်ပြီး သူက သုံ့ချင်းလင်ကို ပို၍ပင် မြတ်နိုးတန်ဖိုးထားပေလိမ့်မည်။


ယခုမူ သူက သုံ့ချင်းလင်ကို ဖမ်းဆုပ်ထားတော့မည်မဟုတ်ပေ။ သုံ့ချင်းလင်က သာမန် အနုပညာကျောင်းသားတစ်ဦးသာ ဖြစ်ရာ သဘာဝကျစွာပင် ကောင်းပေါ်ဟောင်က သူ့ကို အလွန်မနှစ်သက်ချေ။


ထို့အပြင် ယန်ကျင်းဇီ၏ email ကလည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့လောက်သည်။


ဤသည်ကား သုံ့ချင်းလင် ထိုက်တန်သော အရာ ဖြစ်သည်... ယန်ကျင်းဇီသည် ဤကိစ္စကို သိပ်ဂရုမစိုက်ပေ။ သူ့မှာ လုပ်စရာ အများကြီး ရှိတယ်!


သူသည် ကျန်းယွင်ရှိူ့ စန္ဒရားတီးခတ်လျှင် အဖော်ပြုပေးချင်သည်၊ ကျန်းယွင်ရှိူ့အတွက် ချက်ပြုတ်ပေးချင်သည်၊ ကျန်းယွင်ရှိူ့ကို ပွေ့ဖက်ချင်သည်၊ သူ၏ ညဘဝကို ကြွယ်‌ဝစေမည့် အချိန်ကိုလည်း သက်သက်ဖယ်ထားချင်သည်... သူ့အလုပ်အချိန်တွေကိုတောင် ထပ်ခါထပ်ခါ လျှော့နေရမှတော့ ဘယ်လိုလုပ် သူ့မှာ သုံ့ချင်းလင်ရဲ့ အရေးကိစ္စတွေကို ဂရုစိုက်ဖို့ အချိန်ကျန်နိုင်ပါ့မလဲ?


သို့ရာတွင် အလုပ်ချိန်ကို ဖိသိပ်ထားသော်လည်း ယန်ကျင်းဇီသည် အမျိုးမျိုးသော အလုပ်များကို ကောင်းမွန်စွာ ပြီးမြောက်နေဆဲဖြစ်သည်။


သူ သူ့ကိုယ်ပိုင် နောက်ထပ်ဝင်ငွေစွမ်းအားကိုတောင် ချဲ့ထွင်ပြီးပြီ – ရင်းနှီးမြှုပ်နှံ‌ဖို့လေ!


ဤကိစ္စသည် သုံ့ချင်းလင် နေထိုင်ခဲ့သည့် အိမ်ကို ရောင်းချခြင်းမှ စတင်သည်။


သူ့အိမ်ဟာ တကယ့်ကို ကောင်းမွန်သည်။ သူသည် ၎င်းကို အတော်နည်းသော ဈေးနှုန်းဖြင့် ရောင်းချချင်ခဲ့သဖြင့် မရှေးမနှောင်းမှာပင် ရောင်းလိုက်ရသည်။


ရုတ်တရက်ကြီး ငွေကြေး သန်းဆယ်ချီဂဏန်းများက အကောင့်ထဲသို့ ရောက်ရှိလာပြီး သူ့တွင် လုပ်စရာ မရှိသောကြောင့် သူသည် ရိုးရှင်းစွာပင် စတော့များထံသို့ ရောက်သွားသည်။


စတော့ဈေးကွက်များတွင် ကောင်းကောင်းမွန်မွန် ကျင်လည်ချင်လျှင် ထိုကုမ္ပဏီများကို လုံလုံလောက်လောက် နားလည်ရန် လိုအပ်ပြီး ယင်းကား သာမန်လူများ လုပ်ဆောင်ရန် ခက်ခဲသည်။ သို့သော် ယန်ကျင်းဇီကိုယ်တိုင်ကမူ သူ၏ အထောက်အထားဖြင့် အတွင်းသတင်းများစွာကို ရနိုင်သည်။ ယခုအခါတွင် သူသည် အမျိုးမျိုးသော ကုမ္ပဏီအစီရင်ခံစာများကို အထူးတလည် ဖတ်ရှုပြီး အကြောင်းအရာက မည်မျှပင် ငြီးငွေ့စရာကောင်းနေပါစေ၊ သူ့ခေါင်းထဲတွင် မြင်တွေ့နိုင်ပြီး ခွဲခြမ်းစိတ်ဖြာနိုင်ပေသည်...


ကျန်းယွင်ရှိူ့ စန္ဒရားတီးခတ်နေချိန်တွင် အဖော်ပြုပေးသောအခါ သူသည် တစ်ချိန်တည်း၌ စတော့များတွင် ပါဝင်သည်။ သူသည် များများစားစား မရှာနိုင်သော်ငြား အဝင်များ၍ အထွက်နည်းကာ ဝင်ငွေကလည်း အတော်များသည်။


တစ်ချိန်တည်းမှာပင် ကျန်းယွင်ရှိူ့၏ ဒုတိယမြောက် တစ်ကိုယ်တော် ဖျော်ဖြေမှုအခွေဟာ ယန်ကျင်းဇီ မှတ်မိသည်ထက် စောပြီး စီစဉ်ထုတ်လုပ်ရန် အဆင်သင့်ဖြစ်နေသည်။


အခွေထုတ်လုပ်သည့် ကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သူသည် အလွန်စိတ်ကူးယဉ်ဆန်သော လူတစ်ယောက်ဖြစ်ပြီး ကျန်းယွင်ရှိူ့၏ ဂီတကိုလည်း အလွန်နှစ်သက်သည်။ ထို့ကြောင့် သူသည် ဤအခွေမျိုးကို ထုတ်လုပ်ခြင်းမှ ပိုက်ဆံမရသော်လည်း ထုတ်ဝေရန် ဆန္ဒရှိဆဲဖြစ်ပြီး နှစ်ခွေ ထုတ်ရန်ပင် စီစဉ်သည်။


သို့သော် တခြားလူများတွင် ဤအခွေမျိုးမှ ငွေမရသော်လည်း ကျန်းယွင်ရှိူ့၏ ယခင်အခွေ ‘Lights’ က သူ့ကို ပိုက်ဆံများစွာ ရှာပေးခဲ့သည်။ ယခု ဤဒုတိယအခွေသည်လည်း သူ့အမြင်တွင် ပိုက်ဆံမဆုံးရှုံးနိုင်ချေ။


ကျန်းယွင်ရှိူ့နှင့် ယန်ကျင်းဇီတို့ Weibo တွင် ထွက်ပေါ်ပြီးကတည်းက ကျန်းယွင်ရှိူ့၏ ဂုဏ်သတင်းက ကြီးထွားလာသည်။ ဤအချိန်တွင် သူ၏ တစ်ကိုယ်တော်အခွေကို ထုတ်လျှင် ဝယ်ယူသူ အများအပြား ရှိနေပေလိမ့်မည်။


ဒီလိုပစ္စည်းမျိုးက နားမလည်ရင်တောင် အိမ်မှာ အလှဆင်ပစ္စည်းအဖြစ် ထားလို့ အဆင်ပြေတယ်!


ထို့အပြင် ယခု၌ မူလတန်းကျောင်းမှ ကလေးများသည် စန္ဒရားတီးကြပြီး မိဘများက ဤအရာများကို သူတို့အတွက် ဝယ်ပေးချင်ကြကာ လူတချို့ဆိုလျှင် မီးမဖွားမီပညာရေးကို ဝယ်ယူစဉ်တွင် ၎င်းတို့ကို နားထောင်ကြပေသည်။


ကိုယ်ဝန်ဆောင်ပညာရေးအတွက်မူ လွမ်းဆွေးနေသော အချစ်သီချင်းကို နားထောင်ခြင်းက သိပ်မကောင်း... လူအများစုက ဤအကြောင်းကို လုံးဝ မတွေးနိုင်ကြ‌ချေ။


အခွေထုတ်သော ဂီတကုမ္ပဏီ၏ ပိုင်ရှင်မှာ လုယွီရှောင် ဖြစ်သည်။ ကျန်းယွင်ရှိူ့၏ အခွေအသစ်မှ သီချင်းဆယ်ပုဒ် ပြီးလုနီးပါးဖြစ်နေပြီဟု သိလိုက်ရပြီးနောက် သူသည် အခွေသစ် ထုတ်လုပ်ရေးနှင့် ပတ်သက်၍ ကျန်းယွင်ရှိူ့နှင့် ဆွေးနွေးရန် ယန်ကျင်းဇီ၏ ဗီလာသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်သည်။


သူ ရောက်သွားသောအခါ ကျန်းယွင်ရှိူ့က ရေးပြီးခါစ သီချင်းတစ်ပုဒ်ကို တီးခတ်နေသည်။


ဤရက်များအတွင်း သူသည် အလွန်ပျော်နေပြီး ဤသီချင်းကလည်း အလွန်ရွှင်မြူးတက်ကြွသည်။ လုယွီရှောင်ကို ယန်ကျင်းဇီက ‌အပေါ်ထပ်သို့ ခေါ်လာသည်။ သူသည် ကျန်းယွင်ရှိူ့၏ တီးခတ်မှုကို နားထောင်ပြီးသည်နှင့်တပြိုင်နက် ချက်ချင်း လက်ခုပ်တီးသည် : “ အသံက အရမ်းကောင်းတယ်! နားထောင်ရုံနဲ့ လူတွေကို ပျော်ရွှင်စေနိုင်တယ်... အခုတလော မင်း ကောင်းကောင်းလုပ်နေတယ် ဆိုတာ ငါ စိတ်ချလို့ရမယ့်ပုံပဲ။ ”


ကျန်းယွင်ရှိူ့က သူ့စကားကို ကြားသောအခါ မျက်ခုံးများ ကွေးသွားကာ ရွှင်မြူးသော နောက်ထပ်တေးသွားကို ချက်ချင်း တီးလိုက်သည်။


လုယွီရှောင် : “ မင်း ဒီလိုဂီတမျိုး ဖန်တီးလိမ့်မယ်လို့ ငါ တကယ် မမျှော်လင့်ထားဘူး။ မင်းရဲ့ အရင်ဂီတတွေမှာ လွမ်းဆွေးစရာ ခံစားချက် အမြဲပါတယ်... ဒါက မင်းရဲ့ အရင်ပုံစံနဲ့ အရမ်းကွာခြားတယ်။ မင်း နောက်တစ်ဆင့် တက်သွားပြီ။ အချစ်က တကယ် မှော်ဆန်တာပဲ။ ”


ကျန်းယွင်ရှိူ့သည် ပိုမိုပျော်ရွှင်သွားပြီး သူ တီးခတ်နေသော သီချင်းကလည်း ပိုမိုရွှင်မြူးလာသည်။


ကျန်းယွင်ရှိူ့ ထပ်မံတီးခတ်ပြီးနောက် လုယွီရှောင်က ထပ်မံချီးကျူးပြီး နောက်ဆုံးတွင် မေးသည် : “ အခွေထဲမှာ ဘာသီချင်းတွေ ရှိလဲ? ”


ကျန်းယွင်ရှိူ့သည် သုံ့ချင်းလင်ကိစ္စကို ယန်ကျင်းဇီ ဝန်ခံစဉ်က သူ၏ စိတ်အခြေအနေကို ပြန်သတိရပြီး သူ့မျက်နှာပေါ်ရှိ အပြုံးက ကျဉ်းမြောင်းသွားကာ နောက်သီချင်းကို စတင်တီးခတ်လိုက်သည်။


“ *မိန်းမလှလေးက ပုတီးစေ့လိုက်ကာကို ရစ်ပတ်လျက် မျက်မှောင်ကြုံ့ကာ တိတ်တဆိတ် ထိုင်နေတယ်... လှပတဲ့ တေးသံက လူတွေကို ဝမ်းနည်းစေတယ်။ ”


( * ရှေးကဗျာ - လှပသော အမျိုးသမီးသည် ပုတီးစေ့ကန့်လန့်ကာဘေးတွင် တစ်ယောက်တည်း ထိုင်ကာ ဝမ်းနည်းနေပြီး သူ(မ)၏ မျက်မှောင်ကြုံ့နေသည့် မျက်ခုံးများက လူအများကို သနားစေသည်။ )


ခဏအကြာတွင် ကျန်းယွင်ရှိူ့သည် ယန်ကျင်းဇီ၏ အစ်မကို မတွေ့မီ စိုးရိမ်သောက ခံစားချက်ကို ပြန်တွေးပြီး သံစဉ်ပြောင်းလိုက်သည်။


“ ပူပန်ကြောင့်ကြတယ်၊ စိုးရိမ်တယ်၊ မိန်းမပျိုလေးရဲ့ နှလုံးသားက ခန့်မှန်းရခက်တယ်... ”


ကျန်းယွင်ရှိူ့သည် ထပ်မံ၍ သူ့ကို ယန်ကျင်းဇီအကြောင်း ပြောပြချင်သည့်အချိန်မှ သုံ့ချင်းလင်၏ ခံစားချက်ကို စတင်တွေးသည်... 


“ ဒါပေမယ့် နဂါးမြို့တော် ဖေးစစ်သူကြီးက အဲ့မှာရှိနေတယ်။ သူက မြင်းတွေကို ယင်းရှန်းတောင်ကို ‌ဖြတ်ကျော်ခွင့်ပြုမှာ မဟုတ်ဘူး။ ဝမ်းနည်းပေမယ့် အထီးကျန်မနေဘဲ တိုက်ပွဲဝင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ဒီတေးသွားက လူတွေရဲ့ စိတ်နှလုံးကို တောက်လောင်စေတယ်! ”


လုယွီရှောင်သည် ကျန်းယွင်ရှိူ့၏ တေးဂီတတိုင်းကို ချီးကျူးပြီး ၎င်းတို့အားလုံးကို သဘောကျသည်။


အားလုံးကို နားထောင်ပြီးနောက် သူက မေးသည် : “ ဒီသီချင်းတွေရဲ့ နာမည်တွေက ဘာလဲ? အစက ငါတို့ ဒုတိယမြောက်အခွေကို ‘Waning’ လို့ နာမည်ပေးဖို့ စီစဉ်ထားပေမယ့် အခုချိန်မှာတော့ အဆင်ပြေမယ့်ပုံမပေါ်ဘူးလားလို့? ”


“ ဒီအခွေကို ‘Love’ လို့ နာမည်ပေးထားတယ်။ ဒီသီချင်းတွေကိုတော့... ” ကျန်းယွင်ရှိူ့သည် တေးသွားတစ်ချို့ကို တီးခတ်လိုက်သည် : “ ဒါက ‘Jealous’ ၊ ဒါက ‘Love Rival’ ၊ ပြီးတော့ ဒါကိုတော့ ‘Meet the Parents’ လို့ ခေါ်တယ်။ ”


လုယွီရှောင် အံ့အားသင့်သွားသည် : “ မင်း သေချာလား? ” ကျန်းယွင်ရှိူ့သည် ယခင်က ကဗျာဆန်သူ ဖြစ်သည်။ သူ၏ နောက်ဆုံးအခွေရှိ သီချင်းအားလုံးကို ရှေးကဗျာများမှ စကားလုံးများဖြင့် အမည်ပေးခဲ့သည်။ ဒါပေမယ့် အခု... သူ ဘယ်လိုနာမည်ကြီးတွေကို ပေးထားတာလဲ?


သူတို့ရဲ့ စန္ဒရားတေးဂီတက အများအားဖြင့် ကျက်သရေရှိမှုနဲ့ အခြေခံထားတာပါဟ!


“ သေချာတယ်။ ” ကျန်းယွင်ရှိူ့က ပြောသည်။ ဤနာမည်များကို ယန်ကျင်းဇီ ပေးထားပြီး အထူးသင့်လျော်သည်ဟု သူလည်း တွေးမိသည်။


“ ဘာလို့ မင်း... သီချင်းတွေကို အဲ့လိုနာမည်ပေးထားတာလဲ? ”


“ ငါ မဟုတ်ဘူး။ ယန်ကျင်းဇီက နာမည်ပေးထားတာ။ နားလည်ရလွယ်ပြီး အရမ်းမှတ်မိလွယ်တယ်မလား? ” ကျန်းယွင်ရှိူ့က ပြုံးသည်။


လုယွီရှောင် : “ ... ” ကျန်းယွင်ရှိူ့ရဲ့ ယန်ကျင်းဇီအတွက် filter က အရမ်းထူနေတာလား? ဒီဟာတွေအကုန်လုံးက ဘာတွေလဲဟ! မင်း ဒီနာမည်တွေကို တန်ဖိုးကြီး စန္ဒရားအခွေမှာ ရိုက်နှိပ်မယ်ဆိုရင် ဘယ်သူက ဝယ်မှာလဲ? 


“ ဘာဖြစ်လို့လဲ? ဒီနာမည်တွေက မကောင်းဘူးလား? ” ယန်ကျင်းဇီက ကင်မရာနှင့် မှတ်တမ်းတင်နေစဉ် မေးသည်။ 


သူသည် ကျန်းယွင်ရှိူ့၏ သီချင်း မည်သို့ပေါက်ကြားသွားမှန်းကို မသိချေ။ ရေညစ်ပက်ခံရခြင်းကနေ ကျန်းယွင်ရှိူ့ကို ကာကွယ်ဖို့အတွက် သူက လုယွီရှောင် ကျန်းယွ

င်ရှိူ့စီကို လာလည်တာကို အစအဆုံး မှတ်တမ်းတင်ထားတယ်! 


လုယွီရှောင်သည် သူ့နှုတ်ခမ်းကို တွန့်ချိုးလိုက်သည် : “ ငါတော့ အခွေနာမည်က အရင်တစ်ခုနဲ့ အတတ်နိုင်ဆုံး နီးစပ်သင့်တယ်လို့ ထင်တယ်... ”