Chapter 50
ဟန်ယွဲ့က ရှအန်းသည် သူတို့ရှိုးအတွက် သင့်လျော်သည်ဟု ထင်သော်လည်း ရှုလင်းက ရုပ်ရှင်ရိုက်ရန် ပိုသင့်တော်သည်ဟု တွေးမိသည်။
အထူးသဖြင့် ကိုယ်ခံပညာရှင် သရုပ်ဆောင်အဖြစ်ပေါ့ ...
ယနေ့ခေတ်တွင် အမျိုးသမီး အနုပညာရှင်များက ကိုယ်ခံပညာဇာတ်ကားများ ရိုက်ကူးခြင်း အလွန်ရှားပါးပြီး နိုင်ငံခြားဇာတ်ကားများကသာ ကိုယ်ခံပညာကို စိတ်ဝင်စားနေကြဆဲ ဖြစ်သည်။
အကယ်၍ သူမက ကိုယ်ခံပညာရှင် သရုပ်ဆောင်တစ်ယောက် ဖြစ်လာပါက တရုတ်နိုင်ငံတွင်သာမက နိုင်ငံတကာတွင်ပါ လူသိများလာမည်ဟု သူယုံကြည်ထားသည်။
" မဟုတ်သေးဘူး ... ငါကိုယ်တိုင် ရှအန်းကို သွားတွေ့ရမယ် ... မဟုတ်ရင် ရှအန်းက သူမဆီ လာသမျှတိုင်းကို " ဇွန်ဘီ " တွေလို ဆက်ဆံလိမ့်မယ် ..."
ရှအန်းတစ်ယောက် တစ်ဖွဲ့လုံးကို ဖျက်ဆီးပြီး တောနက်ထဲ လွတ်မြောက်သွားသည်ကို ကြည့်ရှုပြီးနောက် ဟန်ယွဲ့က သူမကိုကိုယ်တိုင် သွားရှာရန် ဆုံးဖြတ်လိုက်သည်။
မဟုတ်ရင် ရှအန်းက ဘယ်တော့မှ နောက်ဆုတ်မှာမဟုတ်ဘူး ... အစီအစဉ်လည်း ဆက်ရိုက်လို့မရ ဖြစ်သွားလိမ့်မယ် ...
" အမ် ... မင်း ဂရုစိုက်ဖို့တော့လိုမယ် ... ရှအန်းရဲ့ တိုက်ခိုက်မှုတွေက သန်မာလွန်းတယ် ..."
ရှအန်းက ဝန်ထမ်းကို တစ်ချက်တည်း တိုက်ခိုက်လိုက်သည်ကိုတွေ့၍ ရှုလင်းက ဟန်ယွဲ့နှင့်အတူ ရှအန်းကို သွားမရှာချင်ပေ။
" ကောင်းပြီ ကောင်းပြီ ငါက အာရုံခံကိရိယာ ဝတ်ထားတဲ့ သရုပ်ဆောင်မဟုတ်ဘူး ... လုံခြုံအောင် ဦးထုပ်ဆောင်းသွားလိုက်မယ် ..."
ရွာသားလေးဦးက ခေါင်းကိုအုပ်၍ နာကျင်စွာ အော်ဟစ်ရသည့် အကြောင်းရင်းမှာ ၎င်းတို့၏ ဦးခေါင်းပေါ်ရှိ ဇွန်ဘီဖြစ်ကြောင်း ကိရိယာကို မဖယ်ရှားခဲ့ခြင်းကြောင့် ဖြစ်သည်။
ပရိုဂရမ်အဖွဲ့မှ ထုတ်ပေးသည့် ဒီဇိုင်းပစ္စည်းများမှာ အာရုံခံကိရိယာများဖြစ်သည်။
အရေးကြီးသော အစိတ်အပိုင်းများကို တိုက်ခိုက်ခံနေသမျှကာလပတ်လုံး ဇွန်ဘီများက နာကျင်မှုကိုခံစားရပြီး ၎င်းတို့၏လှုပ်ရှားနိုင်စွမ်းကို ခေတ္တဆုံးရှုံးသွားမည်ဖြစ်သည်။
ဒါပေမယ့် ဘာအန္တရာယ်မှ မရှိခဲ့ပါဘူး ...
ဟန်ယွဲ့ ဦးထုပ်ဆောင်းပြီး အာရုံခံကိရိယာများ မပါဝင်သည့် ရွာသားအနည်းငယ်ကို ခေါ်၍ ရှအန်းကိုရှာဖွေရန် ထွက်သွားသည်။
ဒါပေမဲ့ အဲ့ဒီအချိန်မှာ ရိုက်ကူးရေး အဖွဲ့သားတွေအားလုံး ရှာဖွေနေရတဲ့ ရှအန်းဘယ်ရောက်နေတာလဲ ...
အဲ့အချိန်မှာ ရှအန်းကတော့ ...
" ဝှား ..."
ရှအန်း သမ်းလိုက်ပြီး သူမရှာတွေ့ထားသည့် အမြင့်ဆုံးသစ်ပင်ကြီးကို ကြည့်လိုက်သည်။
ဒီအပင်လောက်ဆိုရင်တော့ လုံလုံခြုံခြုံ အိပ်လို့ရမယ်ထင်တာပဲ ...
ထိုအတွေးဖြင့် အနည်းငယ် အိပ်ငိုက်နေသောရှအန်းက သစ်ရွက်ခြောက်များပေါ်၌သာ တစ်ညတာ ကုန်ဆုံးရန် အဆင်သင့်ပြင်နေပြီး နောက်နေ့မနက်တွင် ထိုဧရိယာတစ်ဝိုက်၌ ပုန်းကွယ်၍ အိပ်ရန် နေရာကောင်းတစ်ခုကို ရှာမည်ဟု ရည်ရွယ်ထားသည်။
ပင်စည်ပေါ်တွင် လဲလျောင်းနေသော ရှအန်းက မှောင်မိုက်သော သစ်ရွက်ခြောက်များကို ကြည့်ကာ ရိုက်ကူးရေးအဖွဲ့အကြောင်း မစဉ်းစားပဲ မနေနိုင်ပေ။
" အဲ့ဒီ ယိုယွင်းနေတဲ့ ရိုက်ကူးရေးအဖွဲ့က လူတွေက်ိုအေးအေးဆေးဆေးတောင် မအိပ်ခိုင်းဘူး ..."
ညသန်းခေါင်မှာ ခိုးဝင်ပြီးတိုက်ခိုက်တာ တကယ်ကို တိုက်ဆိုင်တာ မဖြစ်နိုင်ဘူး ...
သူမသာ မြန်မြန်မတုံ့ပြန်ခဲ့ရင် ဇွန်ဘီအုပ်လ်ုက်ကြီးရဲ့ အဝိုင်းခံနေရလောက်ပြီ ...
သို့ရာတွင် အိမ်ကို ပိတ်ဆို့ထားသော်လည်း ထိုဇွန်ဘီများက အလွန်အားနည်းသောကြောင့် ဘာမှဖြစ်မလာခဲ့ပေ။
ကျည်ဆံလုံလုံလောက်လောက် ရှိနေသရွေ့ ဇွန်ဘီအုပ်စုကြီးကို ဖြေရှင်းရန် အချိန်သာ လိုအပ်သည်။
ရှအန်း မျက်လုံးများမှိတ်လိုက်ပြီး အိမ်မက်ကမ္ဘာထဲ ရောက်သွားခဲ့သည်။
လမ်းတစ်လျှောက်လုံးတွင် အခြားပါဝင်သူများကို မည်သို့ဖြစ်ပျက်နေသည်ကို ရှအန်းမတွေးတောခဲ့ပေ။
သူမ အိပ်ပျော်သွားစဉ်အချိန်မှာပင် မသိလိုက်သည်က “Come on, Challenger “ ရှိုးတစ်ခုလုံးမှ အဖွဲ့သားများက သူမကို အရူးတပိုင်းဖြင့် လိုက်လံရှာဖွေနေရသည်ကိုပင်။
" ရှအန်း ..."
" ရှအန်း ထွက်လာတော့ ... ရိုက်ကူးရေးပြီးပြီ ..."
ရှအန်းမည်သည့်နေရာ၌ ရောက်နေသည်ကို droneနှင့်ပင် မရှာနိုင်သောကြောင့် ဟန်ယွဲ့ အနီးအနားက လူများကိုပါ ခေါ်ပြီး ရှာနေရသည်။ သို့သော် ရှာမတွေ့ပေ။
အရုဏ်တက် အချိန်သို့ ရောက်ခါနီး၍ အစီအစဉ်၏ နောက်တစ်ပိုင်းကို စတင်ရိုက်ကူးတော့မည်ဖြစ်သည်။ ဟန်ယွဲ့ ရွေးချယ်စရာ မရှိတော့၍ အစီအစဉ်မှ အဖွဲ့သားအားလုံးကိုသာမက ထုတ်ပယ်ခံလိုက်ရသည့် ပါဝင်သူငါးယောက်ကိုပါ ရှအန်းကို တောင်တန်းများနှင့် Nuodaသစ်တောထဲတွင် လိုက်ရှာခိုင်းထားရသည်။
" အဲဒီရှအန်း ဘယ်ရောက်သွားတာလဲ ... ဘုရားရေ ငါသူ့ကို အရမ်းလေးစားတာပဲ ... မကြောက်ဘူးလားမသိဘူး ..."
" ငါကြားတာတော့ ရှအန်းက သူမကို လိုက်ရှာတဲ့ ဝန်ထမ်းခြောက်ယောက်ကို " သတ် " လိုက်တယ်တဲ့ ... တော်လိုက်တာ ..."
" အင်း ... ငါကတော့ မယုံဘူး ... သူမ မတော်တဆ လုပ်မိတာပဲ ဖြစ်ရမယ် ..."
ရှအန်းကို ရှာဖွေနေစဉ်မှာပင် ဝန်ထမ်းအဖွဲ့ဝင်များက ရှအန်းဖျက်ဆီးလိုက်သည့် လူအုပ်စုအကြောင်း အတင်းပြောနေကြသည်။
သို့သော် က်ိုယ်တိုင်တွေ့ကြုံလိုက်ရသည့် ခြောက်ယောက်သာမက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည်လင်ပြတ်သားစွာ ကြည့်ရှု့လိုက်ရသည့် ရှုလင်းနှင့် ဟန်ယွဲ့မှလွဲ၍ ရှအန်းသန်မာကြောင်း မည်သူမျှ မယုံကြည်ကြပေ။
" ငါထင်တာတော့ ဒီတစ်ခေါက်ရှိုးပွဲကို ‘ စိန်ခေါ်သူရှအန်းကို ရှာဖွေခြင်း’ လို့ ခေါ်ရမယ်ထင်တယ် ..."
" အင်း ... ဒါဆိုရင် ရှအန်း ဘယ်ရောက်သွားတာလဲ ... သူမ သစ်ပင်ပေါ်မှများ အိပ်ပျော်နေတာလား ..."
ဝန်ထမ်းတစ်ဦးမှ ပြောလိုက်သော်လည်း သူမပြောသည်မှာ အမှန်ဖြစ်မည်ဟု မမျှော်လင့်ထားမိပေ ~