Chapter 51
"အောက်အီးအီးအွတ်..."
နောက်တစ်နေ့တွင် နေထွက်လာပြီး ကြက်ဖတွန်သံကြားသည်နှင့် ရှအန်းအိပ်ရာမှထလိုက်သည်။
"အင်း...."
ရှအန်းတောက်ပနေသည့် နေရောင်ခြည်ကို စိတ်အေးချမ်းစွာ ကြည့်လိုက်သည်။ သူမ သန်းဝေးလိုက်ပြီး သစ်ပင်ပေါ်မှ ခုန်ချကာ တစ်ခုခုစားရန်ရှာလိုက်သည်။
ရှအန်း သူမခန္ဓာကိုယ်ကို ဟန်ချက်ညီညီထိန်းကာ သစ်ပင်များကြားတွင် လွတ်လပ်စွာ ခုန်ပျံသွားလိုက်သည်။
ထိုအချိန်တွင် ရှအန်းက သစ်တောထဲရှိ နတ်သူငယ်တစ်ပါးနှင့်တူနေပြီး စိတ်အေးချမ်းပျော်ရွှင်နေလျက်ရှိသည်။
သို့သော် ထိုနတ်သူငယ်က နတ်သမီးပုံပြင်များရှိ အံ့ဖွယ်နတ်သူငယ်မျိုးမဟုတ်ဘဲ အစားစား နတ်သူငယ်ဖြစ်နေသည်။
အိုးဟိုး...တောင်တောထွေထဲက တိရစ္ဆာန်တွေက အရမ်းအရသာရှိတယ်လို့ ကြားဖူးတယ်ရော....
(= ﹃=) . ’
ရှအန်းတစ်ယောက် တောထဲတွင် မနက်စာအတွက်ရှာဖွေနေစဉ် ရိုက်ကူးရေးအဖွဲ့က သူမကို ရှာမတွေ့၍ ရဲခေါ်လုနီးပါးဖြစ်နေပေသည်။
"တွေ့ပြီ... ရှအန်းက ဒီမှာပဲ...."
ညဘက်စောင့်ကြည့်ရေး တာဝန်ကျသော ဝန်ထမ်းက ရှအန်း မနက်စောစောကြီးတွင် သစ်တောထဲ၌ လွတ်လပ်ပေါ့ပါးစွာ လမ်းလျှောက်နေသည်ကိုတွေ့လိုက်သည်။သူမ သစ်ပင်ပေါ် ဘယ်လိုရောက်သွားပြီး ဘယ်လိုခုန်ချလိုက်သလဲကို သိချင်သွားသည်။
မည်သို့ပင်ဆိုစေ ထိုဝန်ထမ်းက ရှအန်းကိုရှာတွေ့သွား၍ အလွန်စိတ်လှုပ်ရှားသွားရသည်။
ဝန်ထမ်းများ၏ အော်ဟစ်နေမှုကိုကြားသောအခါ အခြားဝန်ထမ်းများအားလုံးလည်း နိုးလာကြသည်။
အားလုံးထဲတွင် ဟန်ယွဲ့က စိတ်အလှုပ်ရှားဆုံးဖြစ်သည်။
"ဘာ.... သူမကိုရှာတွေ့ပြီဟုတ်လား... မြန်မြန်လေး မြန်မြန်လေး...."
ဟန်ယွဲ့ မျက်နှာပင်မသစ်တော့ဘဲ ဝေါကီတောကီကို ယူကာ ဒရုန်းမှတဆင့် ဖမ်းယူမိသော သူမ၏ပုံရိပ်ရှိရာသို့ ပြေးသွားတော့သည်။
ဤတစ်ကြိမ်တွင် သူတို့ ခပ်နှေးနှေးမလျှောက်ရဲတော့ပေ။ မဟုတ်ပါက ရှအန်းကို အမှီလိုက်ရန် ခက်ခဲပေလိမ့်မည်။ ထိုလူတစ်အုပ်လုံးက ရှအန်းရှိရာကို အမြန်ဆုံးနှုန်းဖြင့် ပြေးထွက်သွားကြသည်။
နောက်တစ်စက္ကန့်အတွင်း သူမပျောက်ကွယ်သွားတော့မည့်ဟန်ဖြင့် ပြေးနေခြင်းဖြစ်သည်။
ထိုနေရာတွင် ရှအန်းက ဆူဖြိုးသောတောဝက်တစ်ကောင်ကို အမဲလိုက်ရန် ပြင်ဆင်နေသည်။
ရိုက်ကူးရေးအဖွဲ့မှ ထောက်ပံ့ထားသော ပစ္စည်းကိရိယာများက အတုများဖြစ်၍ သားကောင်ကို အမဲလိုက်ရန်အတွက် ချွန်ထက်နေသော သစ်သားမြှားများကို ပြင်ဆင်ပြီးပြီဖြစ်သည်။
ထို လက်လုပ်သစ်သားမြှားများမှာ အကြီးနှင့် အလယ်အလတ်အရွယ်အစားရှိသော တောရိုင်း တိရိစ္ဆာန်များကို သတ်ရန် မလုံလောက်ပေ။
သို့သော် တိရိစ္ဆာန်ငယ်လေးများကိုတော့ သေကွင်းသေကွက်ကို ထိအောင်ပစ်နိုင်လျှင် ပြဿနာရှိမည်မဟုတ်ပေ။
ထို့အပြင် ရှအန်း အမဲလိုက်ရန်ပြင်နေသည့် တောဝက်မှာ အကြီးနှင့် အလယ်အလတ်အရွယ်ရှိ တောရိုင်း တိရိစ္ဆာန်ဖြစ်နေသည်။
ထို့ကြောင့် သူမလက်ထဲရှိ သစ်သားမြှားနှင့် ဒူးလေးဖြင့်ပင် သူတို့ကို သတ်နိုင်မည်မဟုတ်ပေ။
သို့သော် သူမ ၎င်း၏မျက်လုံးနှင့် ဆုံသောအခါတွင် ထိုတောဝက်၏ မျက်လုံးကို အရင်ထိအောင်လုပ်ပြီး ၎င်းဘာမှမမြင်ရတော့ဘူးဆိုမှ ဖမ်းပစ်မည်ဟု တွေးလိုက်မိသည်။
သို့သော်လည်း အစီအစဉ်က ပြီးပြည့်စုံနေသော်လည်း အမှန်တရားက ခါးသက်လှပေသည်။
ရှအန်း အသက်ရှူအောင့်ပြီး မြှားပစ်ခါနီးတွင် အသံတစ်သံကြားလိုက်ရသည်။
"ရှအန်း... မင်းလား.. ငါတို့ မင်းကိုရှာတွေ့ပြီ....."
ရှအန်း မြှားပင်မပစ်လိုက်ရပေ။ တောဝက်က အရိပ်ပင်မချန်ပဲ ပျောက်ကွယ်သွားတော့သည်။
"...."
ထိုအချိန်တွင် ဗိုက်အတော်ဆာနေ၍ မြက်ခင်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်ကာ စားတော်ပွဲကြီး တည်ခင်းမည်ကြံနေသော ရှအန်းတစ်ယောက် ဒေါသထွက်သွားရသည်။
"ရှအန်း... မင်းဘာတွေလုပ်နေတာလဲ...."
ထိုအချိန်တွင် လူတစ်အုပ်က ရှေ့ထွက်လာပြီး ဒေါသထွက်နေသည့် ရှအန်းကို တွေ့လိုက်ရသည်။
အထူးသဖြင့် ရှအန်းလက်ထဲတွင် ဒူးလေးကို ကိုင်ထားပြီး ထိုဒူးလေး၏မြှားခေါင်းက သူတို့ဘက်လှည့်လာချိန်တွင် သူမ သူတို့ကိုမြှားဖြင့် ပစ်ချင်နေသည်ဟု ခံစားသွားရသည်။
"ဂလု..."
ဟန်ယွဲ့နှင့် ကျန်လူများ တံတွေးမျိုချမိသွားရသည်။ ရှအန်းက သူတို့ကို ဒေါသထွက်နေသော အကြည့်ဖြင့် ကြည့်လာသည်။ သူမကြည့်ရပုံမှာ ပျော်နေပုံပင် မပေါ်ပေ။
"ဘာ.... ဘာလဲ....."
ဟန်ယွဲ့ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး စိုးရိမ်ပူပန်သွားမိသည်။
"ရှင် ကျွန်မရဲ့ မနက်စာကို ခြောက်လှန့်မိသွားတယ်...."
ရှအန်း ဒူးလေးကို ပိတ်ကာ သူမနောက်ကျောပေါ် ပြန်တင်လိုက်သည်။
အာ...သူမရဲ့ မနက်စာဆိုပါလား....
"မနက်စာ... ဘာမနက်စာလဲ... မနက်စာက ထွက်ပြေးနိုင်လို့လား...."
ဟန်ယွဲ့နှင့် အခြားလူများက ရှအန်းကို မျက်နှာများ ရှုံ့မဲ့၍ ကြည့်လိုက်သည်။ ထိူလူတစ်အုပ်မှာ တွေးစရာကြီးတစ်ခုတော့ ရသွားပေသည်။
အဘယ်ကြောင့်ဆိုသော် တောကြီးမျက်မည်းထဲတွင် တစ်ညအိပ်စက်ခဲ့သော ရှအန်းက သန့်ရှင်းနေဆဲဖြစ်ကာ အထူးသဖြင့် သူမမျက်နှာလေးတွင် ဖုန်တစ်စပင်ကပ်မနေဘဲ အနည်းငယ်ပင်ပန်းနေဟန်ပေါ်သော်လည်း လှပနေဆဲဖြစ်၍ဖြစ်သည်။ ဖြူဖွေးကာ ပန်းနုရောင်သန်းနေပြီး လှပနေသည်။
"ကြောက်လန့်ပြီး ထွက်ပြေးသွားတဲ့ တောဝက်က ကျွန်မရဲ့ မနက်စာပဲ.."
ရှအန်း ဟန်ယွဲ့နှင့် အခြားလူများကို ဒေါသထွက်စွာပြောလိုက်သည်။
သူမ ထိုဝက်ကိုမစားလိုက်ရသော်လည်း.. ထိုမျှဆူဖြိုးနေသည့် တောဝက်က သေချာပေါက် အရသာရှိပေလိမ့်မည်။
ဒီလူတွေက... တကယ့်ကို အချိန်ကိုက်မှာရောက်လာတာပဲ.. စောစောလာရင်လည်းလာ နောက်ကျမှလာရင်လည်းလာပေါ့ အခုတော့ ကန့်ကန့်ကြီး..
"အာ... ရှအန်းရေ နောက်နေတာမလား.... အဲ့ဒီ့တောဝက်က မင်းရဲ့မနက်စာတဲ့လား...."
ဟန်ယွဲ့နှင့် ကျန်လူများက သူမစကားကို ကြားသောအခါ ရယ်မောလိုက်ကြသည်။
သူမပြောသည်ကို မည်သူမှမယုံပေ။
အထူးသဖြင့် သူမလက်ထဲရှိ သစ်သားမြှားများကို မြင်လိုက်ရသောအခါ သူတို့ကို နောက်နေသည်ဟုပင် ခံစားလိုက်ရသည်။
ထိုမြှားများသာ မြှားအစစ်ဖြစ်နေလျှင်ပင် တောဝက်တစ်ကောင်ကို ထိခိုက်အောင် မလုပ်နိုင်လောက်ပေ။
သစ်သားမြှားအတုလေးများဖြင့် ရှအန်းက တောဝက်တစ်ကောင်ကို သတ်နိုင်မည်တဲ့လား။
"ဟုတ်တယ်... ကျွန်မ မနက်စာ ထွက်ပြေးသွားတော့... ရှင်တို့ ကျွန်မကို မနက်စာပြန်လျော်ပေးရတော့မှာ...."
ရှအန်း ရယ်နေသည့် လူတိုင်းကို အေးစက်စက်စက်ကြည့်လိုက်သည်။
သူမထံမှ အေးစက်စက်အကြည့်ခံလိုက်ရ၍ အကုန်လုံး ချက်ချင်းတိတ်သွားခဲ့သည်။
"ကောင်းပြီလေ... ငါတို့နဲ့ အရင်ဆုံး အတူပြန်လိုက်ခဲ့... မနက်စာကတော့ ခဏနေမှဆက်ပြောကြတာပေါ့...."
ရှအန်းကို ရှာရန် ခက်ခဲလှသဖြင့် ဟန်ယွဲ့ ခေါင်းသာငြိမ့်လိုက်သည်။