Chapter 52
ဟန်ယွဲ့က သူမ၏တောင်းဆိုချက်ကို လွယ်လွယ်ကူကူသဘောတူလိုက်၍ ရှအန်းတစ်ယောက် အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။
"ရှင်ဘာပြောဖို့ ကြံစည်နေတာလဲ.. ရှင်ပဲ ဂိမ်းပွဲတစ်လျှောက် ရိုက်ကူးရေးအဖွဲ့က ပါဝင်သူတွေကို ဘာမှ ကူညီလုပ်ကိုင်ပေးမှာ မဟုတ်ဘူးဆို..."
ရှအန်း ချက်ချင်းလက်ငင်း ဟန်ယွဲ့ကို စူးစမ်းလိုစိတ်ဖြင့်ကြည့်လိုက်သည်။ ယခုက ရိုက်ကူးနေသည့် အချိန်ဖြစ်သည်။
ညလယ်ကြီးမှာ ရုတ်တရက်ဇွန်ဘီတွေ လာတိုက်ခိုက်တယ်ဆိုတာ ထည့်ရေးခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာက ရုတ်တရက်ကြီး အရမ်းကောင်းသွား နိုင်ပါ့မလား...
"အခုက တကယ် ရိုက်ကူးရေးအချိန်ပါပဲ... ဒါပေမဲ့ မင်းငါတို့ရိုက်ကူးရေးအဖွဲ့ကို ဘယ်လောက်တောင် အံ့ဩစရာတွေယူဆောင်ပေးခဲ့လဲ သိလား...."
သူမ ဟန်ယွဲ့ကို မျက်နှာတင်းတင်းဖြင့်ကြည့်လိုက်ပြီး သူဘာတွေပြောနေလဲ နားပင် မလည်ပေ။
သူမ လုံးဝကိုနားမလည်နိုင်တော့ပေ။
သူမက ရိုက်ကူးရေးအဖွဲ့ကို ဘာများ အံ့ဩစရာတွေ လုပ်မိလို့လဲ... သူပဲ သူမကိုတောရိုင်းထဲမှာ ရှင်သန်ပြီး ဇွန်ဘီကူးစက်ခံရတာကနေ လွတ်အောင်လုပ်လို့ ပြောတာမဟုတ်ဘူးလား...
သို့သော် ဟန်ယွဲ့ပြောသည်ကို အဆုံးထိနားထောင်ပြီးနောက် သူတို့ပြောသည့် အံ့ဩစရာဆိုသည်မှာ သူမကအလွန် အင်အားကြီးနေ၍ဖြစ်ကြောင်း သိလိုက်ရသည်။
"ဒါပေမဲ့ ဟန်ယွဲ့ရယ်...ကျွန်မကတော့ ကျွန်မမှားတယ် မထင်ဘူးနော်... မဟုတ်လို့လား... ဒီပရိုဂရမ်က တောရိုင်းထဲမှာ ရှင်သန်တဲ့ ပုံစံလေ မဟုတ်ဘူးလား... ဒီတော့ အန္တရာယ်ရှိတယ်ဆိုမှတော့ ကျွန်မက ပြေးရတော့မှာပေါ့... ကျွန်မကို လာရှာတဲ့ ဇွန်ဘီတွေကိုလည်း ဘာလို့ မသတ်နိုင်ရမှာလဲ...."
ရှအန်း၏ စကားများက သူ့ကို ဆွံ့အသွားစေသည်။
သူဘာပြောရမလဲ လုံးဝမသိတော့ပေ။
ရှအန်းက သူတို့ ရှိုးအဖွဲ့၏ အားအနည်းဆုံးကြက်ကလေးဖြစ်ရမည် ဖြစ်သော်လည်း ယခုတွင် ထိုကြက်ကလေးက အသန်မာဆုံးဖြစ်နေခဲ့သည်။
"အိုး.... ဟုတ်ပြီလေ... ဒါ ကျွန်တော်တို့ရှိုးရဲ့ ပေါ့ဆမှုပါ... အခုတော့ ကျွန်တော်တို့နဲ့အတူ ဒီရိုက်ကွင်းကိုတော့ လိုက်ရိုက်ပေးဖို့ ပြောချင်ပါတယ်...."
ဟန်ယွဲ့ ချောင်းအသာဟန့်ပြီး ရှအန်းကို ကူကယ်ရာမဲ့စွာပြောလိုက်ရသည်။
"ဘယ်ရိုက်ကွင်းလဲ...."
ရှအန်း မျက်ခုံးပင့်၍ ဟန်ယွဲ့ကိုသတိဖြင့်ကြည့်လိုက်သည်။
"မင်း ဇွန်ဘီတွေဆီက လိုက်ဖမ်းခံရပြီး အခြားပါဝင်သူတွေနဲ့အတူ မြေအောက်ခန်းထဲ ပိတ်မိနေပြီး အသတ်ခံရမှာ... ပြီးရင် ကျွန်တော်တို့...."
ဟန်ယွဲ့က ရှအန်းကို မူလ ပရိဂရမ်အစီအစဉ်အကြောင်း ပြောလိုက်သည်။ မူလ ပရိုဂရမ်အဖွဲ့က ပါဝင်ယှဉ်ပြိုင်သူများကို ပထမဆုံး အသေခံခိုင်းလိုက်ကာ ထို့နောက်တွင် နောက်ထပ်ပုံစံတစ်မျိုးဖြင့် ဆက်လက်ရိုက်ကူးမည်ဖြစ်သည်။
ပြီးခဲ့သည့် အိမ်ဆောင်အတွင်း ဝင်ရောက်တိုက်ခိုက်ခြင်းက ရှိုးအဖွဲ့စီစဉ်ထားသည့် ခြောက်လှန့်သည့် အစီအစဉ်ဖြစ်ပြီး ရှိူးကို ပိုမိုစိတ်လှုပ်ရှားစေပြီး အစစ်အမှန်ဆန်စေရန်ဖြစ်သည်။
သို့သော် ရိုက်ကူးရေးအဖွဲ့က ဤကဲ့သို့ ကိစ္စဖြစ်လာမည်ဟု မထင်ခဲ့ပေ။
ဟန်ယွဲ့ပြောသည်ကို နားထောင်ပြီးသောအခါ ရှအန်းက ဟန်ယွဲ့ဘာကြောင့် ကောင်းကောင်းမွန်မွန်ပြောနေရသလဲ ဆိုသည်ကို နားလည်သွားခဲ့သည်။
"ဘာကို ဇာတ်ညွှန်းမရှိတဲ့ ရှိုးလဲ... အခု ဇာတ်ညွှန်းကြီးနဲ့ မဟုတ်ဘူးလား...."
ရှအန်း ခပ်တိုးတိုးရေ ရွတ်လိုက်သည်။
ဟန်ယွဲ့ သူ့မျက်နှာပူလာသည်ဟု ခံစားလိုက်ရပြီး မြေကြီးထဲ တွင်းတူးကာ ပုန်းနေလိုက်ချင်သည်။
သူ၏ပြီးပြည့်စုံသည့် အစီအစဉ်က ရှအန်းလက်ထဲတွင် လုံးဝရှုံးနိမ့်သွားခဲ့မည်ဟု မထင်ခဲ့ပေ။ ၎င်းက သူ၏မာနကို တစ်စစီကျိုးပျက်သွားစေသည်။
အဆုံးတွင် ရှအန်း၏ အရည်အချင်းက အရမ်းခိုင်မာအားကောင်းပြီး သူမ၏ လှုပ်ရှားမှုများက ပေါ့ပါးနေမည်ဟု မည်သူမှမထင်ခဲ့ပေ။ သူမက သစ်တောကို သူမအိမ်လို ပတ်ပြေးနေပြီး ဒရုန်းများသာမရှိပါက သူမကို ဒီတစ်သက်ပင်ရှာမတွေ့လောက်ပေ။
သူသာ ယခုလို မလှည့်ဖျားခဲ့ပါက သူမကို လုံးဝဖမ်းမိမည် မဟုတ်လောက်ပေ။
ဟန်ယွဲ့ အသက်ပြင်းပြင်းရှူလိုက်ပြီး အပြုံးလေးဖြင့် ငြင်ငြင်သာသာပြောလိုက်သည်။
"အိုး... ရှအန်းရယ် ကျွန်တော့်ကို မျက်နှာသာလေးပါပါဦးလားဗျာ... ကျွန်တော်တို့ ရှိုးရိုက်ရဦးမယ်လေ...."
ရှအန်း ဟန်ယွဲ့၏ ပြုံးဖြီးနေသည့် မျက်နှာကို ကြည့်ပြီး ဘာမှမထူးခြားသလို ခေါင်းငြိမ့်လိုက်သည်။ သူ့ကို ရှက်သွားအောင် ဘာမှဆက်မပြောတော့ပေ။ အဆုံးတွင် ရှိုးရိုက်ကူးရေးတစ်ဖွဲ့လုံးက သူမကို တစ်ညလုံးရှာခဲ့ပြီး ဤသည်က ရသစုံရှိုးသာဖြစ်ပြီး အစစ်အမှန်မဟုတ်ပေ။
"ကောင်းပြီလေ... ဒါနဲ့ ဟန်ယွဲ့ ရှင် ကျွန်မအတွက် မနက်စာကို အများကြီး ပြင်ပေးရမှာနော်...."
ရှအန်း ဟန်ယွဲ့ကို အပြုံးလေးဖြင့် ကြည့်လိုက်သည်။
"ကိစ္စမရှိပါဘူး... ကိစ္စမရှိပါဘူး...."
ဒီအဘွားက နောက်ဆုံးတော့ သဘောတူသွားပြီပဲ....
ဟန်ယွဲ့ စိတ်သက်သာရာရသွားပြီး ချက်ချင်းလက်ငင်းသဘောတူလိုက်သည်။
"ဟုတ်ပြီလေ... ဒါနဲ့ ကျွန်မက အများကြီးစားနိုင်တာနော်... ရှင်အရသာရှိတာတွေ အများကြီးပြင်ထားမှရမယ်... ကျွန်မ ဒီနေ့မနက်စာကို ဝက်သားနဲ့စားချင်တယ်...."
အပြန်လမ်းတွင် ဟန်ယွဲ့က ရှအန်းတွင် ပိုက်ဆံစွဲလမ်းမှုသာရှိသည်မဟုတ်ပဲ နောက်ထပ် စွဲလမ်းမှုတစ်ခုရှိကြောင်း သိလိုက်ရသည်။
၎င်းက....
အစားအသောက်စွဲလမ်းမှုဖြစ်သည်။
ထို့အပြင် အရသာရှိသော အစားအသောက်များကို လွန်လွန်ကြူးကြူးစွဲလမ်းမှုဖြစ်ပေသည်။
အထူးသဖြင့် စားပွဲတစ်ခုလုံးပေါ်ရှိ မနက်စာများကို စားပြီးနောက်တွင် သူသေချာသိသွားရသည်။
"ကျွန်မ ဗိုက်ပြည့်သွားတော့... အဆင်ပြေသွားပြီ... ရှင်ကျွန်မကို ခေါ်သွားလို့ရပြီ..."
မနက်စာ စားပြီးနောက်တွင် ရှအန်းက အလွန်စကားများလာပြီး ရှိုးအဖွဲ့ကို သူမ၏ပုံများကို ပြန်ရိုက်ကူးရန်ပြောလိုက်သည်။
ထို့နောက် အရင်ကတည်းက ဖမ်းမိပြီးဖြစ်သော အခြား ပါဝင်ယှဉ်ပြိုင်သူငါးယောက်ဆီ သွားလိုက်သည်။
ရှအန်းကို ကူရှာပေးနေသည့် အခြားပါဝင်ယှဉ်ပြိုင်သူ ငါးယောက်က ရှအန်းကို မြင်သောအခါ အလွန်စပ်စုချင်သွားကြသည်။
"ရှအန်း... နင်ဘယ်သွားနေတာလဲ... အဆင်ရောပြေရဲ့လား..."