အပိုင်း ၅
Viewers 2k

အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း

 

အပိုင်း ၅

 

 

 

“ဟုတ်တာပေါ့။ အဲ့အချိန်တုန်းက မင်းအသက်ဘယ်လောက်ရှိဦးမှာလဲ။ မွေးပြီးကစပဲရှိသေးတယ်လေ” ဟု မော့ယန်က ပြောလိုက်သည်။

 

 

သူက မော့ချူးကို ရှင်းပြလိုက်သည်။ “မင်းကိုမွေးပြီး သိပ်မကြာခင်မှာပဲ  မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ်။ အဲဒါကြောင့် မင်းကို ထဲမှာ ချိတ်ပိတ်အဆာင်ထဲမှာထားခဲ့တာ။ နောက်ပြီး အခုလေးတင်ပဲ မင်းနိုးလာတယ်လေ။"

 

 

ဒီလောက်စကားလေးပဲပြောပြီး မော့ယန်က ဒီနှစ်တွေမှာ သူခံစားခဲ့ရတာတွေနဲ့ နာကျင်မှုတွေကို ချန်လှပ်ထားလိုက်သည်။

 

 

ချိတ်ပိတ်ထားတဲ့ အဆောင်။ အဲ့ဒါဘာလဲ။

သူ့ ညီမရဲ့ အပြစ်ကင်းပြီး သိချင်နေတဲ့အကြည့်ကိုမြင်ပြီး မော့ယန်၏ နှလုံးသားက မနာကျင်ဘဲမနေနိုင်ဖြစ်သွားသည်။

 

 

ဒီ ၁၅နှစ်အတွင်း ချူးလေးသည် ချိတ်ပိတ်ထားသောအဆောင်တွင်သာနေခဲ့ရသည်။ သူမသည် မည်သူနှင့်မျှ ထိတွေ့ဆက်ဆံခြင်း မရှိသည့်အပြင် ဗဟုသုတလည်း အနည်းငယ်မျှ မရရှိခဲ့ပေ။ သူမရဲ့ လက်ရှိအခြေအနေဟာ မွေးကင်းစကလေးငယ်တစ်ယောက်နှစ်သာ တူနေသည်။ နှစ်နှစ်သုံးနှစ်အရွယ် ကလေးတစ်ယောက်ပင်လျှင် သာမန်အသိဥာဏ်အကြောင်း များစွာသိဦးမည်မဟုတ်ပေ။

 

 

“ဒါက ချိတ်ပိတ်ထားတဲ့အဆောင်ပဲ” မိုယန်က သူ့နှလုံးသားထဲမှ ခါးသီးမှုတွေကို ဖုံးကွယ်ထားလိုက်သည်။ သူက မော့ချူး နိုးလာတဲ့ အခန်းဝိုင်းကို ညွှန်ပြပြီး “ဒါကို လုံးဝ အလုံပိတ်ထားတယ်။ အတွင်းထဲက စွမ်းအင်တွေက ပြည့်ဝတဲ့အခြေအနေမှာ ရှိတယ်။ အထဲကလူက ဦးနှောက်မသေသေးသရွေ့ သူတို့အသက်ဆက်ရှင်ပြီး အဲ့ဒီခြေအနေများတွေအောက်မှာပဲ စွမ်းအင်စုပ်ယူနိုင်စွမ်းရှိတယ်”

 

 

မော့ချူးက သူ့ရဲ့စကားတစ်ဝက်လောက်ကိုတောင် နားမလည်ခဲ့ပေ။ နောက်ပြီး ဒါက သူမနေခဲ့တဲ့ ၂၁ရာစုမဟုတ်နေဘူးဆိုတာကို သဘောပေါက်ခဲ့သည်။

 

 

“နောက်ပြီး...” မော့ယန်က သူ့ရဲ့ခေါင်းကိုလှည့်လိုက်ပြီး နွေးထွေးစွာ ပြုံးရင်း ပြောလိုက်သည်။ “ငါ့နာမည်က မော့ယန်. မင်းရဲ့အစ်ကိုပေါ့”

 

 

“အစ်ကို” မော့ချူးက သူမရဲ့ပါးစပ်ကို ဖွင့်ပြီး ကြက်တူရွေးလေး တစ်ကောင်ကဲ့သို့ ပြောလိုက်သည်။

သူမရဲ့အသံကြိုးတွေက မသုံးတာကြာနေပြီဖြစ်သော်လည်း သူမရဲ့အသံလေးတွေက ကွဲအပ်နေသည်။

 

 

အဲ့ဒီလိုရိုးရှင်းတဲ့စကားလုံးလေးနှစ်လုံးဆိုသော်ငြားလည်း မော့ယန်ရဲ့ မျက်လုံးများဟာ နီရဲသွားပြီး ရင်ထဲတွင်ဆို့နင့်သွားရှာသည်။

 

 

"ချူးလေး" မော့ယန်က သူ့ရင်ထဲက စိတ်လှုပ်ရှားမှုတွေကို မထိန်းနိုင်ဘဲ သူ့လက်ကို ဆန့်တန်းပြီး မော့ချူးကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ "မင်းနိုးလာပြီပဲ...မင်းတကယ်နိုးလာပြီပဲ..."

 

 

မော့ချူး အံ့အားသင့်သွားပြီး သူမ၏ နှလုံးသားထဲတွင် နွေးထွေးမှုများ တဟုန်ထိုး ဝင်ရောက်လာသည်။

၂၁ရာစုတွင် သူမဟာမိဘမဲ့ကလေးတစ်ယောက်သာဖြစ်သည်။ အခုတော့ သူမမှာ သွေးရင်းသားရင်းအစ်ကိုတစ်ယောက်ရှိလာပြီ။ သူမက မော့ယန်ကို ပြန်မဖက်ဘဲ မနေနိုင်တော့သဖြင့် အနည်းငယ် ပြန်ဖက်လိုက်သည်။

ဘယ်သူမှ ဘာမှမပြောတော့ပါ။ အခန်းဟာ တိတ်ဆိတ်ပြီး နွေးထွေးမှုများပြည့်နေသည်။

 

 

ရုတ်တရက် အစာအိမ်မြည်တဲ့အသံကြားလိုက်ရသည်။ မော့ချူးက သူမရဲ့ဝမ်းဗိုက်သေးသေးလေးကို ထိလိုက်ပြီး အနည်းငယ် ရှက်သွားသည်။

 

 

ချူးလေးရှက်နေသည့်ပုံကိုမြင်၍ မော့ယန်၏မျက်လုံးများထဲမှ နွေးထွေးမှုများ ပို၍တောက်ပလာသည်။ “ပေါ့လိုက်တဲ့ ငါ။ လာပါ တစ်ခုခုသွားစားရအောင်”

 

 

“ဒီမှာ အာဟာရဆေးတောင့်တွေ၊ ဝိဉာည်ဆေးနဲ့  ချီအားပြည့်အမှုန့်လည်းရှိတယ်”

 

 

အာဟာရဆေးတောင့်?

 

 

‌မော့ချူးက သိချင်စိတ်ပြင်းပြစွာ ကြည့်လိုက်သည်။ မော်ဒယ်က အရွယ်အစား ပိုသေးတာကလွဲလို့ ၂၁ ရာစုရဲ့ ဆေးတောင့် တွေနဲ့ အရမ်းကြီးမကွာပါ။ ဘယ်လိုအရသာရှိမည်ကိုသိချင်နေသော မော့ချူးသည် ဆေးတောင့်တစ်တောင့်ကို ကောက်ယူကာ သူမ၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

 

 

သူမတစ်ကိုက် ကိုက်လိုက်သည်နှင့် အပြင်ဘက်ရှိ ပလတ်စတစ်အခွံကို ဖောက်ထွင်းသွားသည်။

ဖော်မပြနိုင်သော ထူးဆန်းသည့်အရသာသည် တစ်ချိန်တည်းမှာပင် ချဉ်ပြီးခါးကာ သူမပါးစပ်တစ်ခုလုံး ပြည့်သွားသည်။ သူမ၏ လျှာတစ်ခုလုံး အနည်းငယ်ထုံသွားသည်။ ခက်ခက်ခဲခဲဖြင့် သူမသည် ဆေးတောင့်ကို မျက်ရည်ကျမတတ် အတင်းမျိုချလိုက်ရသည်။

 

 

“ဒါကြီးက မုန်းစရာကောင်းလိုက်တာ”

 

 

“ဘာဖြစ်လို့လဲ ချူးလေး” မော့ယန်က စိတ်ပူစွာမေးလိုက်သည်။ သူက မော့ချူးဘာဖြစ်နေတယ်ဆိုတာ နားမလည်နိုင်ပေ။

 

 

“အရသာကြီး... အဲ့ဒါက နည်းနည်းထူးဆန်းနေတယ်”

သက်တမ်းရက်လွန်သွားတာများလား။

 

 

“အဲ့လိုလား” မော့ယန်က ပြုံးပြီးသူ့ခေါင်းကို အနည်းငယ် ယမ်းလိုက်သည်။ “ဒါကို အစ်ကို ငယ်ငယ်ကတည်းက စားလာပါ။ အရမ်းကြီး မကောင်းသလို အရမ်းကြီးလည်း မဆိုးရှာပါဘူး”

 

 

ဒီလိုအရသာကြီးကို ငယ်ငယ်ကတည်းကစားလာတာလား။ ဟူး... သနားဖို့ကောင်းလိုက်တာ။

 

 

မော့ယန်ကို သနားသောအမူအရာမပြခင် သူမဗိုက်ထဲမှရုတ်တရက် ပျို့အန်လာသည်။ သူမ အဘယ်မျှမတတ်နိုင်တော့ပါ။

 

 

“ဝါး” အသံဖြင့် မော့ချူးသည် သူမစားလိုက်သော ဆေးတောင့်၏ တစ်ခုလုံးကို ထွေးထုတ်လိုက်သည်။

 

 

သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးသည် တခဏအတွင်း ဖြူဖျော့သွားခဲ့သည်။

 

 

ပျို့အန်ပြီးသွားသည်နှင့်အမျှ သူမ၏ ဗိုက်ထဲမှ ပြင်းထန်သော နာကျင်မှုလှိုင်းလုံးများ ပျံ့နှံ့လာသည်။ တစ်စုံတစ်ယောက်က သံမဏိခက်ရင်းကို ကောက်ကိုင်ကာ အတွင်းထဲ၌ မွှေနေသကဲ့သို့ပင် နာနေသည်။

 

 

“နာလိုက်တာ။ နာလိုက်တာ"

 

 

ရုတ်တရက်တွင် မော့ချူးသည် မော့ယန်၏ ထိတ်လန့်တကြားအော်ဟစ်သံကို ကြားလိုက်ရသည်။

 

 

သို့သော် စူးရှသော နာကျင်မှုက သူမကို ရိုက်ခတ်သွားပြီး သူမ၏ အမြင်အာရုံများလည်း မည်းမှောင်သွားသည်..။