အပိုင်း ၇
Viewers 1k

အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း

 

အပိုင်း ၇

 

 

 

မော့ယန်က လေးနက်စွာ မျက်မှောင်ကျုံ့လိုက်သည်။

 

 

သန့်ရှင်းလတ်ဆတ်တဲ့နို့လား။ အဲဒါ ကလေးစားစရာပဲ။

 

 

ကလေးတစ်ယောက်မွေးဖွားပြီး အသက် 10 နှစ်အထိ နို့သည် အကောင်းဆုံး အစားအစာဖြစ်သည်။

 

 

သို့သော် မော့ချူးအတွက်တွင်မူ မသင့်တော်တော့ချေ။ မော့ချူးသည် ကြီးထွားရန် လိုအပ်သည့် စွမ်းအင်များကို ထုတ်လုပ်နိုင်မည် မဟုတ်တော့ပေ။ ရေရှည်တွင် ချူးလေး၏ ခန္ဓာကိုယ်သည် အားနည်းသထက် အားနည်းလာပေမည်။

 

...

 

မော့ချူးနိုးလာသောအခါ နေဝင်ချိန်ဖြစ်သည်။ ပြတင်းပေါက်မှ အလင်းရောင်ဖျော့ဖျော့လေးသည် သူမကိုယ်ပေါ်သို့ ကျ‌ရောက်ကာ သူမကို နွေးထွေးစေသည်။

 

 

"ချူးလေး မင်းဘယ်လိုနေသေးလဲ။ နေလို့ကောင်းရဲ့လား" မော့ချူးနိုးလာသည်ကိုမြင်၍ မော့ယန်သည် ဘေးမှ တိုးတိုးလေး မေးလိုက်သည်။

 

 

"ကောင်းပါတယ်။ နည်းနည်းဗိုက်ဆာတာကလွဲရင် ပြဿနာ ကြီးကြီးမားမား မရှိပါဘူး” မော့ချူးက သူမဗိုက်ကို ပြုံးပြီးထိလိုက်သည်။ ဗိုက်ထဲမှ အသံများ တကွီကွီမြည်နေသည်။ ယခုတွင် သူမသည် နွားတစ်ကောင်လုံးကို မျိုချနိုင်လောက်အောင် ဗိုက်ဆာနေပြီဟု ခံစားမိနေသည်။

 

 

"ဒါဆို အရင်ဆုံး တစ်ခုခုသောက်ရမယ်လေ" မော့ချူး၏ စကားကိုကြားသောအခါ မော့ယန်၏အမူအရာမှာ အနည်းငယ် မှိန်ဖျော့သွားလေသည်။ သူသည် ခွက်ကို ကိုင်လိုက်ကာ သူ့မျက်လုံးများထဲမှာပေါ်နေသည့် နာကျင်မှုကို ဖုံးကွယ်ရန် လှည့်လိုက်သည်။

 

 

"ဒါဘာလဲ" ခွက်ထဲက နို့ဖြူရည်တွေကို ကြည့်လိုက်တော့ မိုချူးက စူးစမ်းစိတ်နဲ့ မေးလိုက်သည်။

 

 

“နို့အသန့်လေ”

 

 

နာမည်လေးကတော့ အဆင်ပြေနေသည်။ သို့သော် အရင်က အာဟာရဆေးတောင့် အရသာကြောင့် မော့ချူးသည် နို့အတွက်လည်း များစွာမမျှော်လင့်ထားခဲ့ချေ။

မျှော်လင့်ထားသည့်အတိုင်း မော့ချူးသောက်လိုက်သောအခါ အရသာကို ဘာမှမမျှော်လင့်ခဲ့ခြင်းက မှန်ကန်သည့်လုပ်ရပ်ဟု သိလိုက်ရသည်။

 

 

နို့သည် အပြင်ပန်း အသွင်အပြင်နှင့် အရသာမှာ လုံးဝကွဲပြားနေသည်။ ကြည်လင်သောနို့သည် သူမ၏လျှာကိုထိလိုက်သည်နှင့် ပြင်းထန်သော ခါးသည့် အရသာသည် မော့ချူး၏ ခံတွင်းထဲသို့ တိုးဝင်လာသည်။ အရသာမှာ ဆေးနှင့်သုတ်လိုက်သကဲ့သို့ပင်။ လည်ချောင်းမှာ ကပ်၍နေသည်။ သူ့ကို မျိုချဖို့ရန် အချိန်အတော်ယူလိုက်ရသည်။

 

 

တစ်ကျိုက်သောက်ပြီးနောက် မော့ချူးသည် ဒုတိယအကြိမ်အားခဲပြီးသောက်ရန် သတ္တိမရှိတော့ပေ။

 

 

“အစ်ကို” မော့ချူးက သူမ၏နှုတ်ခမ်းကို အနည်းငယ်လှုပ်လိုက်ကာ မော့ယန်ရဲ့လက်ကို ဆွဲလိုက်သည်။ သူမသည် တုန်လှုပ်ခြောက်ခြားစွာဖြင့် “ညီမလေးကို တခြားဟာတစ်ခုခု ပေးပါလား။ ဒါကြီးက စိတ်ညစ်ဖို့ကောင်းလွန်းတယ်။”

 

 

တကယ်က သူမ အပြစ်မဟုတ်ခဲ့ပါ။

 

 

၂၁ ရာစုတွင် တရုတ်နိုင်ငံသည် မည်သည့်အရာအတွက်နှင့် အကျော်ကြားဆုံးဖြစ်ခဲ့သနည်း။

 

 

ထွေထွေထူးထူး စဥ်းစားရန်မလို။

 

 

စားစရာပင်။

 

 

'စားသည်' ဟူသော စကားလုံးကို တရုတ်လူမျိုးများက အဆုံးမရှိသော ဉာဏ်ပညာများဖြင့် ပြသခဲ့ကြသည်။ သူတို့မတွေးနိုင်ဘူး၊ မလုပ်နိုင်ဘူးဆိုတာ မရှိပါဘူး။ ဟင်းလျာကြီး ရှစ်မျိုး ရှိပြီး တစ်ခုစီတွင် ၎င်းတို့၏ အားသာချက်များစွာရှိလေးသည်။

 

 

ချိုချဉ်ငံစပ် ဝက်နံရိုးပြုတ်... အမဲသား... မှိုနဲ့ ကြက်စွပ်ပြုတ်... အတွေးများက သူမကို မျက်ရည်ကျလောက်သည်။

 

 

တစ်နှစ်ပတ်လုံး အစားအသောက်ထဲမှာ နှစ်မြုပ်ခဲ့ရတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ အခုဆို ရွံရှာစရာကောင်းတဲ့ အစားအသောက်တွေနဲ့ ရင်ဆိုင်နေရပြီ။ မတူညီချက်ကတော့ အံ့သြစရာပင်။

 

 

“ချူးလေး…” မိုယန်၏ မျက်လုံးများ မှေးမှိန်သွားပြီး အချိန်အတော်ကြာ စကားမပြောနိုင်ပေ။

 

 

မော့ယန်၏ အမူအရာကို မြင်လိုက်ရသောအခါ မော့ချူး၏ နှလုံးသားသည် မတုန်လှုပ်ပဲ မနေနိုင်ချေ။ သူမတွင် သေလောက်သော ရောဂါဖြစ်နေသည်လား။ သူမက ကံမကောင်းခဲ့သူလား။

 

 

"အစ်ကို တစ်ခုခုပြောပါဦး" သူသာဘာမှ မပြောရင် ပိုလို့တောင် စိတ်ပူနေလိမ့်မည်။

 

 

“ဆရာဝန်က မင်းကို စစ်ဆေးပြီးပြီ။ မင်းခန္ဓာကိုယ်က အနည်းငယ် ထူးခြားပြီး စားစရာတော်တော်များများနဲ့ ဓါတ်မတည့်မှု ဖြစ်နေတယ်” မော့ယန်သည် အနည်းငယ် မလိုမလိုက်တတ်သူဖြစ်ရန် ဆုံးဖြတ်ခဲ့သည်။ “ဒါဆိုရင် ခဏလောက်ပဲ သည်းခံလိုက်ပါနော်။ လောလောဆယ်တော့ ဒါပဲသောက်လို့ရသေးတယ်"

 

 

မော့ချူး၏ ဖြူဖျော့ဖျော့ မျက်နှာလေးက မော့ယန်၏ နှလုံးသားကို နာကျင်စေခဲ့သည်။ သူ့ညီမမှာ ငယ်ငယ်ကတည်းက ဒုက္ခတွေ အများကြီး ကြုံခဲ့ရသည်။ သူမနိုးပြီး သိပ်မကြာခင်မှာပဲ ဒီလိုပြဿနာကို သိလိုက်ရတော့ ပိုလို့တောင် စိတ်ပူသွားရသည်။

 

 

"ဟုတ်ပြီ ညီမနားလည်ပါပြီ" မော့ချူးက နာခံစွာ ခေါင်းညိတ်လိုက်သည်။ သူ့မဘဝနှင့် နှိုင်းယှဥ်လိုက်ရင်အရသာမှာ အရေးမကြီးတော့ပေ။

 

 

'သောက်လိုက်၊ ဒီအချိန်အတွင်းလေးပဲ ဒုက္ခခံလိုက်။ သက်သာဖို့ဆို တရုတ်ဆေးသောက်သလို သောက်လိုက်ရမယ်' လို့ သူမဘာသာ တွေးလိုက်သညိ။

 

 

သို့သော် ထိုနို့သည် တရုတ်ဆေးထက် အဆ ၁၀၀ ပိုဆိုးသည်။ သူ့လက်ထဲက ကြည်လင်တဲ့နို့တွေကို ကြည့်လိုက်ပြီး မော့ချူးမှာ မတုန်လှုပ်ပဲမနေနိုင်တော့ချေ။