Volume 3 : သင်္ချာဌာန
Chapter 54 (သေခြင်းကုဒ် ဇာတ်သိမ်း)
ကျန်းဖျင်စစ်က သစ်ကိုင်းတစ်ခုကို ကောက်ယူပြီး သူအိမ်မက်မက်ခဲ့သော ကိုယ်ရံတော်၏ ပန်းချီကားထဲက အမျိုးသမီး၏ ခါးပတ်ပေါ်ရှိ ငွေရောင်တိမ်တိုက်ပုံစံကို မြေပြင်ပေါ်တွင် ရေးဆွဲခဲ့သည်။ ယွဲ့ရှင်းဝမ်က သူ့အိမ်မက်နဲ့ နှစ်ကြိမ်စစ်ဆေးပြီးနောက် အတည်ပြုခဲ့သည်။
"ဒါက ပုံစံအတူတူပဲ…"
ကျန်းဖျင်စစ်က ဆက်ပြောလာသည်။
"စူးဝမ်ရှင်းရဲ့ ခေါင်းတလားထဲမှာလည်း ထောင့်လေးထောင့်မှာ ပုံစံတူရှိတယ်…"
ကောင်းရှောင်ရှင်းနှင့် ကောင်းရုန်ချန်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ အစပိုင်းတွင် ကောင်းရုန်ချန်သည် သူတို့နှစ်ဦးနှင့်အတူ အုတ်ဂူတူးခဲ့သော်လည်း ခေါင်းတလား၏ထောင့်များမှာ ဘာပုံစံရှိသလဲဆိုတာကို သတိမထားမိခဲ့ပေ။ ဒါက ထိပ်တန်းကျောင်းသားနဲ့ သာမန်ကျောင်းသားကြားက ကွာခြားချက်ပဲမဟုတ်ပါလား? ကျန်းဖျင်စစ်သည် ထိုသေးငယ်သောအချက်အလက်များကို အသေးစိတ် ရှင်းလင်းစွာမှတ်မိနေသည်။
ယွဲ့ရှင်းဝမ်က ပြုံးကာ ကျန်းဖျင်စစ်၏ပခုံးကို ပုတ်လိုက်သည်။
"မင်းကို စိတ်ချရမယ်ဆိုတာ ငါသိတယ်…"
သူက အနားရှိ ကျောင်းသားများကို ကြည့်ရင်း မေးလိုက်သည်။
"ဒီလိုပုံစံပါတဲ့ လူတစ်ယောက်ကို အိမ်မက်မက်ဖူးလား?"
လျှိုကျောက်ချင်းက ပထမဆုံး ပြောလာသည်။
"သမားတော်က သခင်မလေးစူးကို ကယ်တင်တဲ့ အိမ်မက်မက်တုန်းက သမားတော်က အပြာရောင်အဝတ်အစားတွေ ဝတ်ထားပြီး သူ့ခန္ဓာကိုယ်မှာ ဘာပုံစံမှမပါဘူးဆိုတာ အတည်ပြုလို့ရတယ်…"
ကောင်းရှောင်ရှင်းက ဆက်ပြောသည်။
"သမားတော်က အုတ်ဂူရှေ့မှာ ငိုနေတာကို အိမ်မက်မက်တုန်းက သူက အဖြူရောင်အဝတ်အစားနဲ့ အဖြူရောင်ခေါင်းစည်းကို ဝတ်ထားတယ်… ဝမ်းနည်းခြင်းအထိမ်းအမှတ် အဝတ်အစားတွေနဲ့တူပြီးတော့ ဘာပုံစံမှမရှိဘူး…"
အိမ်မက်ထဲတွင် ထိုကဲ့သို့ တိမ်တိုက်ပုံစံမရှိဘူးဟု အခြားသူများက ခေါင်းယမ်းကြသည်။
မင်္ဂလာဆောင်သောနေ့မှာ သခင်မလေးစူးကို လူတော်တော်များများက တွေ့ခဲ့ကြပေမယ့် နောက်ဆုံး မင်္ဂလာအခန်းထဲမှာ ပေါ်လာပြီး သူမကို သတ်ခဲ့သူက ကိုယ်ရံတော်ပဲဖြစ်သည်။
ဤစာမေးပွဲတွင် သူတို့သည် 6 ရက်ကြာ အသက်ရှင်ရန် လိုအပ်၏။ ယခုအခါ တတိယညပဲရှိသေးသည်။ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် သဲလွန်စအားလုံးကို လုံးလုံးလျားလျား ချိတ်ထားပြီးဖြစ်၍ အချိန်တစ်ဝက်အတွင်းမှာပဲ သူတို့က အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။
မိုးလင်းပြီးသောအခါ ယွဲ့ရှင်းဝမ်သည် သက်သေအထောက်အထားများ မလွတ်စေရန် လူအားလုံးကို တည်းခိုခန်းတစ်ဝိုက်တွင် ပြန်ရှာရန် ခေါ်သွားသည်။
မနေ့က သူတို့သည် တောအုပ်နဲ့ ရေကန်တစ်ခုလုံးကို ရှာဖွေပြီးသွားပြီ။ ယနေ့တွင် တည်းခိုခန်းတစ်ဝိုက်ရှိ မြေပြင်နှင့် မြက်ခင်းပြင်များကို ရှာဖွေခဲ့ကြသော်လည်း ကံမကောင်းစွာဖြင့် သဲလွန်စအသစ်များ မတွေ့ရှိခဲ့ပေ။
စတုတ္ထညတွင် ယွဲ့ရှင်းဝမ်သည် လှပသောပုံတစ်ပုံကို အိပ်မက်မက်ခဲ့သည်——
နွေဦးရာသီ ပန်းပွင့်ချိန်တွင် အနီရောင်ဝတ်စုံရှည်ဝတ်ထားသော မိန်းကလေးတစ်ဦးက ပန်းခြံထဲတွင် ကခုန်နေပြီး လူငယ်တစ်ယောက်က မတ်တပ်ရပ်ပြီး သူမကို ကြည့်နေသည်။ မိန်းကလေး၏ အကသည် အလင်းလိပ်ပြာကဲ့သို့ နူးညံ့ပြီး လှပနေသည်။ သူမက ခေါင်းကို လှည့်ပြီး လူငယ်ကို တောက်ပစွာ ပြုံးပြလိုက်သည်။
မိန်းကလေး ပြုံးလိုက်သည့်အခိုက်တွင် အချိန်က ရပ်တန့်သွားသလို အိမ်မက်က အေးခဲသွားသည်။
ယွဲ့ရှင်းဝမ် နိုးလာသောအခါ အိမ်မက်ထဲမှ မိန်းကလေးသည် ကုတင်ဘေးတွင် ရပ်နေကာ ယွဲ့ရှင်းဝမ်ကို တောက်ပစွာ ပြုံးပြနေသည်။
အပြုံးသည် အိပ်မက်ထဲတွင်နှင့် အတူတူပင်ဖြစ်သော်လည်း မျက်နှာက စက္ကူကဲ့သို့ ဖြူဖျော့နေသည်။
ယွဲ့ရှင်းဝမ်၏နှလုံးခုန်သံသည် ရုတ်တရက် ခုန်ပေါက်သွားပြီး သူ ကျွမ်းကျင်စွာ လှုပ်ရှားပြီး ပြေးထွက်လာသောအခါ အဖွဲ့ဝင်များက ဆိုးရွားသောမျက်နှာထားဖြင့် အပြေးအလွှားထွက်လာတာကို မြင်လိုက်ရသည်။ ချင်လုက လျင်မြန်စွာ ပြောလိုက်၏။
"အားလုံး ဒီကိုမြန်မြန်လာကြ!"
အားလုံးစုရုံးပြီးသောအခါ သူမသည် အားလုံးကို တောအုပ်အပြင်ဘက်သို့ ခေါ်ဆောင်သွားရန် ကျောက်ထုလွှာလှုပ်ရှားမှုကို ချက်ချင်း အသုံးပြုခဲ့သည်။
လမ်းမှာ လျှိုကျောက်ချင်းက မနေနိုင်ဘဲ ပြောလာသည်။
"အနီရောင်ဝတ်ထားတဲ့ မိန်းကလေးက ငါ့ကိုပြုံးပြနေတာကို အိမ်မက်မက်ခဲ့ပြီး ငါမျက်လုံးဖွင့်ကြည့်လိုက်တော့ တစ္ဆေသတို့သမီးက ကုတင်ဘေးမှာရပ်ပြီး ဖြူဖွေးနေတဲ့သွားတွေနဲ့ ငါ့ကိုပြုံးပြနေတယ်! ငါသေလောက်အောင် ကြောက်သွားတာပဲ! Fuck!"
ခယ်ရှောင်ပင်း၏မျက်နှာက ဖြူဖျော့သွားသည်။
"ကျွန်တော်၊ ကျွန်တော်ရောပဲ!"
ချင်လုက အသံတိုးတိုးနဲ့ပြောသည်။
"ငါက မိန်းကလေးတစ်ယောက် ကခုန်နေတာကို အိမ်မက်မက်ခဲ့ပြီး သူမဘေးနားမှာ လူငယ်တစ်ယောက်က သူမကို စိုက်ကြည့်နေတယ်… ငါ့အိမ်မက်ထဲမှာ ငါ့ကိုစိုက်ကြည့်သလို ခံစားရပြီး ကြက်သီးတောင်ထသွားတယ်…"
ချင်မြောင်က ပေါ့ပါးစွာ ပြောသည်။
"ငါရောပဲ…"
ကောင်းရှောင်ရှင်းနှင့် ကောင်းရုန်ချန်တို့လည်း တစ်ယောက်ပြီး တစ်ယောက် ပြောလာသည်။
"ငါရောပဲ!"
ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြောလိုက်သည်။
"အားလုံးရဲ့အိမ်မက်တွေက အတူတူပဲပေါ့…"
လူ 8 ယောက်စလုံးမှာ တူညီတဲ့ အိမ်မက်တွေ ရှိနေတာလား?
လူအုပ်ကြီးက သတို့သမီးတွေ လိုက်လာမှာမဟုတ်ဘူးလို့ ထင်ပြီး တောအုပ်အပြင်ဘက်ကို လျှောက်လာကြသည်။ ယွဲ့ရှင်းဝမ်သည် ထိုင်ပြီး ခွဲခြမ်းစိတ်ဖြာချင်ပေမယ့် နောက်အခိုက်အတန့်မှာတော့ တည်းခိုခန်းထဲ၌ သူတို့ကို လိုက်ဖမ်းနေသော ‘အနီရောင်သတို့သမီး’က ရုတ်တရက် တစ္ဆေအရိပ်အသွင်ပြောင်းသွားပြီး တစ္ဆေပါးစပ်က ထူးဆန်းသောရယ်သံ ထွက်လာသည်။
"ဟီးဟီး… ဟီး…"
ပြတ်သားပြီး ချိုမြိန်သော ရယ်မောသံသည် တက်ကြွပြီး ချစ်စဖွယ် ရယ်မောကာ ဆော့ကစားနေသော မိန်းကလေးနှင့် တူသည်။
မှောင်မိုက်သောညတွင် ရယ်မောသံက မှော်ဆန်သည့်သဘောရှိပြီး အနီရောင်သတို့သမီး၏ပါးစပ်မှ ထွက်ပေါ်လာသော ရယ်မောသံသည် လူတွေ၏ဦးရေပြားကို ထုံကျင်သွားစေပြီး သူတို့နောက်ကျောမှ ဇောချွေးတွေပြန်လာသည်။
ယွဲ့ရှင်းဝမ်က တစ်ခုခုမှားနေတာကို သတိပြုမိပြီး လှည့်ပြန်ကြည့်ကာ လျင်မြန်စွာ ပြောလိုက်သည်။
"ပြေးကြ!"
တစ္ဆေသတို့သမီး၏လှုပ်ရှားမှုက လျှပ်စီးကဲ့သို့ လျင်မြန်စွာ တောအုပ်ထဲမှ လွင့်မျောသွားပြီး တစ်ခဏချင်း အရိပ်ကဲ့သို့ လူတိုင်းနောက်ကို လိုက်လာသည်။
မင်္ဂလာဝတ်စုံအသစ်ဝတ်ထားသော အမျိုးသမီးသည် မြေဖြူခဲဖြင့် လိမ်းထားသကဲ့သို့ မျက်နှာဖြူဖျော့နေကာ အနက်ရောင်ဆံပင်ရှည်က ခေါင်းနောက်ကနေ ရေတံခွန်ကဲ့သို့ ကျနေပြီး နှုတ်ခမ်းမှာလည်း သွေးကဲ့သို့ နီရဲနေသည်။ သူမ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခုနှင့် သူမ၏နှုတ်ခမ်းထောင့်တွင် ချစ်စဖွယ် ပါးချိုင့်နှစ်ခုရှိသည်။
သူမလက်ထဲတွင် အနီရောင်ပိုးထည်ကို ကိုင်ထားပြီး ယွဲ့ရှင်းဝမ် နောက်ပြန်လှည့်ကြည့်သောအခါ ပိုးထည်က ရှစ်ခုကွဲသွားကာ လူရှစ်ယောက်ဆီသို့ ပြင်းထန်စွာ လွင့်သွားသည်။
ခယ်ရှောင်ပင်းက သူမနှင့် အနီးစပ်ဆုံးဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့လည်ပင်းကို ပိုးထည်ဖြင့် ပတ်သွားသည်။
ပြင်းထန်သော အသက်ရှူကျပ်သည့် ခံစားချက်က ခယ်ရှောင်ပင်း၏ မျက်နှာကို ဖြူဖျော့သွားစေသည်။ အကူအညီတောင်းရန် ပါးစပ်ကို ဖွင့်ချင်သော်လည်း အသံမထွက်နိုင်ဘဲ အော်ဆီဂျင်မရတော့ပေ။ သူ့ဦးနှောက်က မူးဝေလာပြီး ပိုးထည် တင်းကျပ်ပြီးရင်းတင်းကျပ်လာကာ သူ့လည်ပင်းကျိုးလုနီးပါးဖြစ်နေသည်။
ဒါကိုမြင်တော့ လျှိုကျောက်ချင်းက သူ၏ခွဲစိတ်ဓားကို ပစ်လိုက်ပြီး ချွန်ထက်သောဓားက လေထဲကို ထိုးဖောက်ပြီး ပိုးထည်ကို ပွတ်ဆွဲကာ ဖြတ်လိုက်သည်။
သူ့လည်ပင်းမှာ ရစ်ပတ်ထားသော ပိုးထည်က မြေပြင်ပေါ် ကျသွားပြီး အကယ်ခံလိုက်ရသော ခယ်ရှောင်ပင်းသည် သူ့ရင်ဘတ်ကို ဆုပ်ကိုင်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ သူက ကျေးဇူးတင်ပါတယ်လို့ မပြောခင် ယွဲ့ရှင်းဝမ်က ရုတ်တရက် သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။
"ပြေး!"
ချင်လု၏နှလုံးခုန်သံက ရပ်တန့်လုနီးပါးဖြစ်သွားပြီး လူတိုင်းကို ရှေ့သို့ရွှေ့လျားရန် ကမ္ဘာလုံးပေါ်ရှိ နေရာနှစ်ခုကို အလျင်အမြန် ထောက်လိုက်သည်။
လူတိုင်းကို မီတာ 100 နီးပါး အကွာအဝေးဆီ တယ်လီပို့ခဲ့ပေမယ့် ပိုးထည်က အရိပ်လိုလိုက်လာသည်—— ပြေးတာကတော့ မပြောပလောက်ဘဲ လူတိုင်း၏ခြေထောက်တွေကို ပိုးထည်တွေနဲ့ ချည်နှောင်ခံထားရပြီး အနီရောင်ပိုးထည်တွေက မြွေတစ်ကောင်လို သူတို့၏ခန္ဓာကိုယ်ပေါ်တက်သွားပြီး လူတိုင်းကို ရစ်ပတ်ထားတာကြောင့် သူတို့၏ခြေထောက်တွေကို ချည်နှောင်ထား၍ မလှုပ်ရှားနိုင်တော့ပေ။
ပိုဆိုးတာက ချင်လု၏လက်ထဲက ကမ္ဘာလုံးကိုလည်း ပိုးထည်က ချက်ချင်း လွှင့်ပစ်လိုက်သည်။
"ဟီး ဟီး ဟီး……"
တစ္ဆေသတို့သမီး၏ ရယ်သံက သူတို့၏နားထဲတွင် အဆက်မပြတ် မြည်လာသည်။ ကျောင်းသားများ၏ခါးမှာ ပိုးထည်တွေ ရစ်ပတ်နေတာကို မြင်လိုက်ရတော့ လျှိုကျောက်ချင်းက ခွဲစိတ်ဓားကို အလျင်အမြန် ဆင့်ခေါ်ပြီး ရုတ်တရက် ချွန်ထက်သောဓားက မိုးသည်းထန်စွာရွာသွန်းသကဲ့သို့ လေထဲမှ အကြိမ်အနည်းငယ် လွင့်ထွက်သွားသည်။
သို့သော်လည်း ပိုးထည်တွေက အဆုံးမရှိပေါ်လာပြီး လျှိုကျောက်ချင်းကိုယ်တိုင်လည်း ချည်နှောင်ခံထားရတာကြောင့် ကျောင်းသားများစွာကို ဂရုမစိုက်နိုင်ခဲ့ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကောင်းရှောင်ရှင်းက အနီရောင်ပိုးထည်ဖြင့် ဖက်ထုပ်လို ရစ်ပတ်ခံထားရပြီး အော်ဟစ်နေခဲ့သည်။
ချင်မြောင်က ရွေးချယ်စရာမရှိတာကြောင့် သူမစွမ်းရည်ကို အသုံးပြုလိုက်သည်။
"စစ်တပ်အာဏာကို ဖြတ်ချဖို့ ဝိုင်ခွက်တွေကိုသုံးမယ်!"
ပိုးထည်အားလုံးက မြေပြင်ပေါ်သို့ ကျသွားသော်လည်း ဤကြီးမားသော လှုပ်ရှားမှုက အချိန်ကို စက္ကန့်အနည်းငယ်မျှသာ ထိန်းချုပ်နိုင်ခဲ့သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ပိုးထည်များသည် မျက်လုံးများပါသကဲ့သို့ ထပ်မံရစ်ပတ်လာပြီး ယခင်ကထက် ပိုမြန်လာသည်။
ယွဲ့ရှင်းဝမ်၏နှလုံးခုန်သံက လှုပ်ခါသွားပြီး သူ့စိတ်ထဲတွင် တန်ပြန်တိုက်ခိုက်ရန် လျှင်မြန်စွာ တွေးတောနေမိသည်။
တစ္ဆေသတို့သမီးသည် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းရှိပြီး သူတို့ အရင်က စမ်းသပ်မှုတွေ လုပ်ခဲ့ဖူးတာကြောင့် မှော်တိုက်ခိုက်မှုများကလည်း အလုပ်မဖြစ်ပေ။ ဤသတို့သမီးသည် သူတို့ကို တောအုပ်အပြင်ဘက်ထိ လိုက်ဖမ်းနိုင်ပြီး တိုက်ခိုက်မှုနည်းလမ်းက အလွန်ပြင်းထန်ကာ မြေအောက်ခန်းထဲရှိ သတို့သမီး၏ပုံပန်းသဏ္ဌာန်အတိုင်းပင် အရင်နေ့တွေကထက် ကိုင်တွယ်ရ ပိုခက်ခဲသည်။
အိုး… စကားမစပ်… သူမက Boss ပဲ—— သူမက စူးဝမ်ရှင်းပဲ!
ယွဲ့ရှင်းဝမ်က အော်လိုက်၏။
"စူးဝမ်ရှင်းလား?"
ထူးဆန်းသောရယ်မော့သံက စက္ကန့်အနည်းငယ်မျှ ရပ်သွားပြီး အနီရောင်သတို့သမီးက ခဏတာ အံ့အားသင့်သွားပုံပေါ်တာကြောင့် ယွဲ့ရှင်းဝမ်က လျင်မြန်စွာ ပြောလိုက်သည်။
"ရှောင်ခယ်၊ ရှောင်ထူကို လွတ်လိုက်!"
ခယ်ရှောင်ပင်းက သတို့သမီးဘက်သို့ ပြန်လှည့်လာပြီး အခုလေးတင် လည်ပင်းညှစ်ခံရ၍ အသက်ရှူကြပ်ကာ သေဆုံးလုနီးပါး ဖြစ်ခဲ့သော်လည်း ယခုတော့ တည်ငြိမ်သွားကာ တစ္ဆေသတို့သမီးကို ဆွဲဆောင်ရန် ရှောင်ထူကို ချက်ချင်း လွတ်လိုက်သည်။
သူမက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ရှောင်ထု၏ သီဆိုဆွဲဆောင်မှုက သူမအတွက် ထိရောက်နေဆဲဖြစ်သည်။ အဖြူရောင်စက်ရုပ်သည် တည်းခိုခန်း၏ ဦးတည်ရာဘက်သို့ လျင်မြန်စွာ ပြန်လှည့်သွားကာ တစ္ဆေသတို့သမီးက လိုက်သွားခဲ့ရသည်။
ယွဲ့ရှင်းဝမ်: "စီနီယာအစ်ကို၊ ကျွန်တော် ဒီနေရာကို စီနီယာဆီ ထားခဲ့မယ်… သူမကို ကျွန်တော်နဲ့ ဖျင်စစ် ဖြေရှင်းလိုက်မယ်!"
သူပြောပြီးသည်နှင့် အဘိဓာန်ကို အလျင်အမြန် ဆင့်ခေါ်လိုက်သည်။
"ရွှေပုစဉ်းရင်ကွဲခွံ… အလင်းကဲ့သို့လျင်မြန်ခြင်း!"
အဖွဲ့လိုက်ရွှေပုစဉ်းရင်ကွဲခွံသည် သုတေသနအဖွဲ့၏ အဖွဲ့ဝင်များအပေါ် ထိရောက်မှုရှိသည်။ ဤစွမ်းရည်ကို အသက်သွင်းလိုက်သောအခါ သူတို့လေးယောက်သည် အနီရောင်ပိုးထည်ထဲမှ ချက်ချင်း ပျောက်သွားသည်။ ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်နှင့်အတူ မီတာ 20 အကွာရှိ တစ်နေရာသို့ တယ်လီပို့ပြီး စူးဝမ်ရှင်း၏ အုတ်ဂူသို့ လျင်မြန်စွာ ပြေးရန် သူ၏အရှိန်မြင့်စွမ်းရည်ကို အသုံးပြုခဲ့သည်။
လျှိုကျောက်ချင်းက နောက်မှာနေ၍ ဖက်ထုပ်လုံးကဲ့သို့ အနီရောင်ပိုးထည်ဖြင့် ရစ်ပတ်ခံထားရသော အခြားကျောင်းသားများကို ကယ်တင်ရန် ခွဲစိတ်ဓားကို အသုံးပြုခဲ့သည်။
အဝေးတွင် ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် အလွန်လျင်မြန်စွာ ပြေးနေကြပြီး ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ် ဘယ်သွားနေသလဲဟု မမေးဘဲ သူတို့ကြားရှိ အပြန်အလှန်နားလည်မှုဖြင့် ယခုအချိန်တွင် စုံစမ်းမေးမြန်းရန် မလိုအပ်ပေ။
နှစ်ယောက်သား စူးဝမ်ရှင်း၏ အုတ်ဂူသို့ အရှိန်ငါးဆဖြင့် ပြေးသွားကြသည်။
ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်တွေးတောနေတာကို မှန်ကန်စွာ ခန့်မှန်းခဲ့ပြီး တိုးတိုးပြောလာသည်။
"မင်းက စူးဝမ်ရှင်းရဲ့အုတ်ဂူကို မီးရှို့ချင်တာလား?"
ယွဲ့ရှင်းဝမ်က လေးနက်တည်ကြည်စွာ ကြည့်နေသည်။
"ဒီဧရိယာမှာ စူးဝမ်ရှင်းရဲ့ဝိညာဉ်ကို အကျဉ်းချရတဲ့ အကြောင်းရင်က သူမရဲ့အလောင်းကို ဒီအုတ်ဂူမှာ မြှုပ်နှံထားတာကြောင့် သူမကို ယစ်ပူဇော်ခြင်းနဲ့ ထိန်းချုပ်ဖို့ ဖွဲ့စည်းထားခြင်း ဖြစ်တယ်… ဒီအုတ်ဂူက သူမကို အကျဉ်းချထားတဲ့ ‘ဖွဲ့စည်းခြင်းရဲ့ ဗဟိုချက်’ဖြစ်နိုင်တယ်… ငါတို့တွေ သူမကို တိုက်ရိုက်သတ်လို့မရပေမယ့် သူမဝိညာဉ်ကိုတော့ အကျဉ်းချထားရာကနေ လွတ်မြောက်အောင် လုပ်ပေးနိုင်တယ်…"
ဖွဲ့စည်းခြင်း၏ဗဟိုချက် ပျက်စီးသွားပါက ဖွဲ့စည်းခြင်းပျက်သွားမည်ဖြစ်ပြီး စူးဝမ်ရှင်း၏ဝိညာဉ်လည်း လွတ်မြောက်နိုင်မည်ဖြစ်သည်။ ဒါမှ ပြဿနာများ၏ ရင်းမြစ်ကို ဖြေရှင်းနိုင်လိမ့်မည်။ အုတ်ဂူတည်နေရာက အလွန်ထူးဆန်းပြီး ခေါင်းတလားကို တိမ်တိုက်ပုံစံများဖြင့် အလှဆင်ထားသည်။ ဤခေါင်းတလားက စူးဝမ်ရှင်းကို ချုပ်နှောင်ရန် အဓိကသော့ချက်ဖြစ်သည်မှာ ထင်ရှားသည်။
ယွဲ့ရှင်းဝမ်သည် ဒီကောက်ကျစ်သောနည်းနဲ့ ပတ်သက်ပြီး သိပ်ရှင်းရှင်းလင်းလင်း မသိပေမယ့် သူက ခွဲခြမ်းစိတ်ဖြာမှုကနေပဲ ကောက်ချက်ချခဲ့သည်—— သူတို့သည် တစ္ဆေသတို့သမီးကို မသတ်နိုင်တာကြောင့် အရှိန်ကို လျှပ်စီးကဲ့သို့ မြင့်လိုက်ပြီး တစ္ဆေကို ထိန်းချုပ်နိုင်ရုံသာရှိသည်။ သို့သော် ကျောင်းသားများ၏ ထိန်းချုပ်မှုစွမ်းရည်မှာ အကန့်အသတ်ရှိပြီး သူတို့ထွက်ပြေးပြီး စူးဝမ်ရှင်း ဖမ်းမိတာနဲ့ မိနစ်ပိုင်းအတွင်း သူတို့တွေ အသတ်ခံရမည်မဟုတ်ပါလား? စာမေးပွဲတွင် ထိုကဲ့သို့ ‘ဖြေရှင်း၍မရသော’ မေးခွန်းရှိမည် မဟုတ်တာကြောင့် အဖြေတစ်ခုရှိရမည်။
အကယ်၍ တစ္ဆေကို မဖြေရှင်းနိုင်ပါက သူတို့တွေ သူမ၏မူလခန္ဓာကိုယ်ကို ဖြေရှင်းရမည်။
ယွဲ့ရှင်းဝမ်က မီးခတ်ကျောက်ကို ချက်ချင်းထုတ်လိုက်ပြီး ကျန်းဖျင်စစ်က မီးစတင်လောင်ကျွမ်းရန်အတွက် ပေါင်းပင်ခြောက်များနှင့် အကိုင်းအခတ်များကို လျင်မြန်စွာ ရှာဖွေခဲ့ပြီး သူတို့နှစ်ဦးသည် ယခင်ကတူးထားသော အုတ်ဂူထဲသို့ မီးကို ပစ်ချလိုက်သည်။
ခေါင်းတလားကို မြေအောက်၌ နှစ်ပေါင်းများစွာ မြှုပ်နှံထားပြီး စိုထိုင်းပြီး ဆွေးမြည့်နေကာ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် ထင်းပမာဏကို တိုးမြင့်ပြီး မီးပွားလာစေရန် ခေါင်းတလားတစ်ဝိုက်တွင် ဝိုင်းထားကြသည်။ မိနစ်ဝက်နီးပါးကြာပြီးနောက် ခေါင်းတလားကို မီးစွဲလာခဲ့သည်။
တဖြည်းဖြည်းနဲ့ ကောင်းကင်မှာ တစ်ဟုန်းဟုန်းတောက်လောင်နေသော မီးတောက်တွေ တက်လာပြီး အနီရောင်ခြယ်ထားသော ခေါင်းတလားကို မီးတောက်တွေနဲ့ ဝါးမျိုလိုက်ကာ ညကောင်းကင်ယံမှာ မီးတောက်တွေက လင်းထိန်သွားပြီး အဝေးက အနီရောင်သတို့သမီးရယ်သံတွေက ရုတ်တရတ် ရပ်သွားသည်။
သုတေသနအဖွဲ့ chat channel တွင် ခယ်ရှောင်ပင်းက လျင်မြန်စွာ စာရေးလာသည်။
"ရှောင်ထူရဲ့သီချင်းက ပြီးသွားပြီး သူမပျောက်သွားတယ်!"
ယွဲ့ရှင်းဝမ်: "သူမက ငါနဲ့အတူ ရှိနေတယ်…"
ခယ်ရှောင်ပင်းနှင့် လျှိုကျောက်ချင်းတို့သည် သုတေသနအဖွဲ့ chat channel ထဲမှ စာကို မြင်ပြီး ယွဲ့ရှင်းဝမ် အန္တရာယ်ကျရောက်နေပြီး အကူအညီလိုအပ်နေပြီဟု ထင်လိုက်ပြီး ချင်လုကို သူမ၏ကမ္ဘာလုံးအား အသုံးပြု၍ အကူအညီပေးရန် အလျင်အမြန်ခိုင်းစေခဲ့သည်။
သို့သော် သူတို့ရှေ့က မြင်ကွင်းသည် လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်——
အနီရောင်သတို့သမီးက တောက်လောင်နေသော မီးတောက်ထဲမှာ ပေါ်လာတာတွေ့လိုက်ရပြီး သူမ၏ဖြူဖျော့သောမျက်နှာက မီးတောက်ထဲမှာ တဖျပ်ဖျပ်လှုပ်ခါနေသည်။ သူမဆီကနေ ထူးဆန်းသော ရယ်မောသံတွေ မထွက်လာတော့ဘဲ ထင်ရှားသော သွေးမျက်ရည်စီးကြောင်းက သူမမျက်လုံးထောင့်များကနေ စီးကျလာသည်။
မီးက သူမ၏ခန္ဓကိုယ်အနှံ့ လောင်ကျွမ်းသွားပေမယ့် သူမ၏မင်္ဂလာဝတ်စုံကိုတော့ လုံးဝလောင်ကျွမ်းခြင်းမရှိပေ။ ခေါင်းတလားတစ်ခုလုံး မီးလောင်ခါနီးအထိ သူမသည် မီးထဲတွင် ငိုနေခဲ့ပြီး လူတိုင်း၏နားထဲတွင် နူးညံ့သိမ့်မွေ့သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"ကျေးဇူးတင်ပါတယ်…"
တစ္ဆေသတို့သမီးသည် ပျောက်ကွယ်သွားကာ မီးလောင်ကျွမ်းနေသော အရိုးများသာကျန်ခဲ့ပြီး ခေါင်းတလားသည် အနက်ရောင်ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။
လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြ၏။
ယွဲ့ရှင်းဝမ်က သက်ပြင်းချလိုက်သည်။
"သူမ လွတ်မြောက်သွားသင့်ပြီ…"
ခယ်ရှောင်ပင်းက လည်ပင်းကို ပွတ်သပ်လိုက်ပြီး လည်ပင်းညှစ်ခံရ၍ အသက်ရှူကျပ်သောခံစားချက်က အခုမှ သူ့စိတ်ထဲတွင် ကျန်နေခဲ့ပုံရသည်။ မီးလောင်ထားသောခေါင်းတလားကို မျက်နှာသေဖြင့် စိုက်ကြည့်ရင်း သူကမေးလာသည်။
"သူမ သွားပြီလား? ဒါဆို သူတို့ ငါတို့ကို ထပ်ပြီးမတိုက်ခိုက်တော့ဘူးမလား?"
ယွဲ့ရှင်းဝမ်က ပြန်ဖြေသည်။
"အင်း… ဒီတစ်ခါတော့ boss ကို ငါတို့ မျက်နှာချင်းဆိုင် ရင်ဆိုင်လို့မရခဲ့ဘူး… သူမက ဒီမှာ ထူးဆန်းတဲ့ပုံစံတစ်မျိုးမျိုးနဲ့။ အကျဉ်းချခံထားရတယ်လို့ ငါတို့ကျိုးကြောင်းဆင်ခြင်ခဲ့တဲ့အတွက် သူမရဲ့ဝိညာဉ်ကို ငါတို့တွေ လွတ်မြောက်အောင် လုပ်ပေးနိုင်ရင် သူမက တစ္ဆေအဖြစ်မပြောင်းလဲတော့ဘဲ ငါတို့ကိုလည်း ဆက်ပြီးမတိုက်ခိုက်တော့ဘူး…"
ဒါကိုကြားပြီးနောက် လျှိုကျောက်ချင်းက ‘သူ၏ချစ်လှစွာသောဇနီး စူးဝမ်ရှင်း’ဟူသော စကားလုံးကို ခွဲစိတ်ဓားဖြင့် ဖြတ်ထုတ်လိုက်သည်။
ကျန်းဖျင်စစ်က အသံတိုးတိုးဖြင့် ပြောလာသည်။
"မနက်ဖြန် သတို့သမီးအလောင်းတွေအားလုံးကို သဂြိုဟ်ဖို့ နေရာရှာရအောင်…"
ယွဲ့ရှင်းဝမ်က သဘောတူကြောင်း ခေါင်းငြိမ့်ပြသည်။
"ငါလည်း အဲလိုထင်မိတယ်…"
ညသည် ရေကဲ့သို့အေးစက်ပြီး နူးညံ့သောလရောင်က တောအုပ်ထဲတွင် ဖြန့်ကျက်ထားကာ အေးစက်သောလေပြင်းများတိုက်ခတ်လာပြီး အုတ်ဂူတွင်းရှိ မည်းမှောင်နေသော ဖုန်မှုန့်များကို မှုတ်ထုတ်လိုက်သည်။ လွန်ခဲ့သော ရက်အနည်းသယ်က အတွေ့အကြုံများကို တွေ့ကြည့်ရာ ယွဲ့ရှင်းဝမ်၏စိတ်သည် အချိန်အတော်ကြာအောင် တည်ငြိမ်ရန် ခက်ခဲနေခဲ့သည်။
သူက ခပ်ဖျော့ဖျော့ ပြောလိုက်သည်။
"ဒီလိုစိတ်ဖောက်တဲ့သူတွေက လက်တွေ့မှာ မပေါ်လာဖို့ မျှော်လင့်တယ်… ဒီလိုပုံမှန်မဟုတ်တဲ့အချစ်မျိုးက ကြောက်စရာကောင်းလွန်းတယ်… လူတစ်ယောက်ကို သဘောကျတယ်ဆိုတာက တစ်ဖက်လူကို လေးစားဖို့နဲ့ တစ်ဖက်လူကို ပျော်ရွှင်စေဖို့ပဲ… တစ်ဖက်ကို တစ်ကိုယ်ကောင်းဆန်စွာ ပိုဆိုင်ပြီး အကျဉ်းချထားဖို့မဟုတ်ဘူး…"
လျှိုကျောက်ချင်းက စလေသည်။
"ရှင်းဝမ်၊ မင်း ဒါကိုပြောနေတာက လေးနက်တဲ့ခံစားချက်တွေရှိသလိုပဲ… မင်းမှာ သဘောကျနေတယ်လူရှိပြီလား?"
ယွဲ့ရှင်းဝမ်က သူ့နှာခေါင်းကို ရှက်ရွံ့စွာ ထိလိုက်သည်။
"ကျွန်တော် တစ်ခါမှ လူတစ်ယောက်ကို မချစ်ဖူးပါဘူး… ကျွန်တော်ရဲ့သဘောထားကို ပြောပြရုံပါ…"
ကျန်းဖျင်စစ်က ပေါ့ပါးစွာ ပြောလာသည်။
"ရှင်းဝမ်က သီအိုရီကျောင်းသားတစ်ယောက်ဖြစ်ပြီး လက်တွေ့အတွေ့အကြုံမရှိဘူး၊ ဒါပေမယ့်… သူ့အမြင်ကို ကျွန်တော်သဘောတူတယ်…"
ယွဲ့ရှင်းဝမ်က သူ့ကို ပြန်ကြည့်လာသည်။
"မင်းမှာလည်း လက်တွေ့အတွေ့အကြုံ မရှိဘူးလား?"
ကျန်းဖျင်စစ်၏နှုတ်ခမ်းထောင့်များက မြှောက်တက်သွားပြီး မေးခွန်းကို ပြန်မဖြေခဲ့ပေ။
ခယ်ရှောင်ပင်းက အကြောင်းအရာပြောင်းရန် တိုးတိုးလေးပြောလာသည်။
"မိုးလင်းမှ သတို့သမီးတွေအားလုံးကို သဂြိုဟ်မယ်ဆိုရင် ညဘက် ငါတို့ကိုခြောက်ဖို့ အိပ်ယာဘေးမှာ ရပ်နေတဲ့ တစ္ဆေအမျိုးသမီးတွေ မရှိတော့ဘူးမလား? ငါ့စိတ်ထဲမှာတော့ တကယ်ကြောက်နေပြီ…"
ယွဲ့ရှင်းဝမ်: "စမ်းကြည့်တာပေါ့…"
နောက်နေ့မိုးလင်းသည်နှင့် အားလုံးက အရိုးစုအားလုံးကို မီးသဂြိုလ်ရန် နေရာရွေးချယ်ခဲ့ကြသည်။
နောက်သုံးရက်ကြာသောအခါ သူတို့သည် တစ္ဆေအမျိုးသမီးများ လိုက်ဖမ်းခြင်းကို မခံရတော့ဘဲ အိမ်မက်သည် ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’၏ အသေးစိတ်ဇာတ်ကွက်ကို အပြည့်အဝဖော်ပြခဲ့သည်။ ယွဲ့ရှင်းဝမ်က ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’၏ ဇာတ်ညွှန်းအတိုင်း လက်တွေ့ဆန်သော ဇာတ်ကွက်ကို ကောက်ချက်ချခဲ့သည်။
စူးမိသားစုသည် မူလက အလွန်ချမ်းသာသော်လည်း ဖခင်စူး၏ ရင်းနှီးမြုပ်နှံမှုမအောင်မြင်သဖြင့် လုပ်ငန်းမှာငွေဆုံးရှုံးသွားသောကြောင့် သူမကို ကျောက်မိသားစုနှင့် အတင်းလက်ထပ်ခိုင်းခဲ့သည်။ စူးဝမ်ရှင်းမိခင်သည် သူမငယ်ရွယ်စဉ်တွင် ကွယ်လွန်သွားခဲ့ပြီး စူးဖခင်က ဇာတ်လမ်းထဲ၌ မိထွေးဖြစ်သော ကိုယ်လုပ်တော်ချန်ဖြစ်ပြီး ညီမတစ်ယောက်ကို မွေးဖွားခဲ့သည်။ ဇာတ်လမ်းထဲရှိ ကိုယ်ရံတော်သည် စူးဝမ်ရှင်းနှင့်အတူ ကြီးပြင်းလာခဲ့သည့် သက်တော်စောင့်နှင့် ကိုက်ညီပြီး သူမကို ကာကွယ်ရန်အတွက် သူမဘေးမှာ အမြဲရှိနေခဲ့သည်။ သူတို့နှစ်ယောက်သည် ငယ်ငယ်ကတည်းက ပတ်သက်မှုရှိခဲ့ပြီး သခင်လေးကျောက်နဲ့ လက်ထပ်ရန် ဆုံးဖြတ်ပြီးနောက် သူမက သူနဲ့ လမ်းခွဲလိုက်ပေမယ့် သူ၏မကောင်းသော ပိုင်ဆိုင်လိုစိတ်ဆန္ဒက ကြီးထွားလာပြီး စူးဝမ်ရှင်းကို ‘မင်းသာလျှင် ငါတစ်ယောက်တည်းအပိုင်’ဟု သတ်မှတ်ကာ သူမလက်ထပ်ပြီးနောက် သူမကို သတ်ပစ်ခဲ့ပြီး အချုပ်အနှောင်ဖွဲ့စည်းရန် သူမအလောင်းကို တိတ်တဆိတ် ယူသွားခဲ့သည်။
သဲလွန်စများကို စုစည်းပြီး ဇာတ်ကွက်ဆီသို့ တွန်းပို့လိုက်သည်။ 6 ရက်မြောက်နေ့ ည 12 နာရီတွင် လူတိုင်းရှေ့တွင် တစ်ချိန်တည်း အချက်ပြသံတစ်ခုထွက်ပေါ်လာသည်——
သုတေသနအဖွဲ့: C-183
သင်တန်း: သေခြင်းကုဒ်
Credit: 6 မှတ်
ရှင်းလင်းရေးရမှတ်: 95 မှတ်
အပိုမေးခွန်း: မရှိ
နောက်ဆုံးအမှတ်: 6x95 = 570 မှတ်
သုတေသနအဖွဲ့အပိုဆု: အဖွဲ့ C က 1.5 ဆ အပိုဆုအမှတ်ရရှိပါတယ်။ လူတစ်ဦးစီက နောက်ဆုံးအမှတ် 855 မှတ် ရရှိပါတယ်။
သင်တန်းကျရှုံးမှုနှုန်း: 70%
ယွဲ့ရှင်းဝမ်သည် အမှတ်များကိုမြင်သောအခါ အလွန်ဝမ်းသာသော်လည်း 70% ကျရှုံးမှုနှုန်းကို မြင်လိုက်ရပြီးနောက် သူ့နှလုံးက ရုတ်တရက် နှစ်မြှုပ်သွားခဲ့သည်။
ကျောင်းသားအဖွဲ့များစွာက ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’နှင့် အမှန်တကယ်ဇာတ်ကွက်ကြား ဆက်စပ်မှုကို ကောက်ချက်မချနိုင်တာ ဒါမှမဟုတ် ညဘက်ထွက်ပြေးသည့်အဆင့်တွင် တစ္ဆေသတို့သမီးများ၏ သတ်ဖြတ်ခြင်းခံရတာမျိုး ဖြစ်ပုံပေါ်သည်။ ဤသင်တန်းအတွက် ကျရှုံးမှုနှုန်းက အံ့မခန်းမြင့်မားပါသည်။
ယွဲ့ရှင်းဝမ်က အသက်ပြင်းပြင်းရှူရင်း နောက်ဆုံးတွင် လရောင်လွှမ်းနေသော ထူးဆန်းသော တည်းခိုခန်းကို ကြည့်လိုက်ပြီးနောက် စာမေးပွဲခန်းမှ ထွက်လာခဲ့သည်။
‘ချစ်ခြင်းမေတ္တာခေါင်းစဉ်’ဖြင့် လောကကြီးတွင် ထိခိုက်မှု နည်းပါးပါစေ။ တစ်စုံတစ်ယောက်ကို မချစ်ခင် တစ်ဖက်လူ၏ ပင်ကိုယ်စရိုက်ကို လေးစာတတ်အောင် လေ့လာပါ။ လူတိုင်းက လွတ်လပ်သူများဖြစ်ပြီး ကိုယ့်ဘဝကိုယ် ရွေးချယ်ပိုင်ခွင့်ရှိသည်။ ချစ်ခြင်းမေတ္တာခေါင်းစဉ်ဖြင့် တစ်ဖက်လူကို ဖိအားပေးပြီး နှောင့်ယှက်ခြင်းက တစ်ကိုယ်ကောင်းဆန်ခြင်းဆိုတာ သိသာထင်ရှားပါသည်။
သူသာ တစ်စုံတစ်ယောက်ကို ချစ်မိသွားပြီဆိုရင် သူက တစ်ဖက်လူကို သေချာပေါက် အလိုလိုက်ပြီး ချစ်ပေးကာ တစ်ယောက်နဲ့တစ်ယောက်၏ အတွေးအခေါ်များကို ထောက်ခံပေးပြီး လေးစာမှုဖြင့် ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်များ လုံလောက်စွာပေးမည်လို့ ယွဲ့ရှင်းဝမ်တွေးခဲ့သည်။
သူက သီအိုရီကျောင်းသားတစ်ယောက်ဖြစ်တယ်လို့ ဖျင်စစ်က ပြောခဲ့တယ်၊ ဒါပေမယ့် သီအိုရီဆိုတာ လက်တွေ့အတွေ့အကြုံရဲ့ အခြေခံပါပဲ။
#TK