Chapter 55
Viewers 4k

Volume 3 : သင်္ချာဌာန


Chapter 55 (တရားဝင်အဖွဲ့ ၀၁)


စိတ်လှုပ်ရှားစရာဖြင့် တည်းခိုခန်းလောကမှာ 6 ရက်ကြာ ပြီးဆုံးပြီးနောက် ယွဲ့ရှင်းဝမ်တို့ လေးယောက်သည် စာကြည့်တိုက်ကို ပြန်ရောက်ချိန်မှာတော့ မနက် 10 နာရီသာ ရှိသေးသည်။ သင်တန်အားလုံးအတွက် စာမေးပွဲများ ပြီးဆုံးသွားခဲ့ပြီး ဒုတိယထပ်ရှိ သင်္ချာဌာန၏ ခန်းမဆောင်တွင် လူများဖြင့် ပြည့်ကျပ်နေဆဲဖြစ်သည်။


သူတို့လေးယောက်က F-930 အိပ်ဆောင်ကို ဓာတ်လှေကားဖြင့် သွားခဲ့ပြီး အိပ်ဆောင်တံခါးတွင် စာမေးပွဲကနေ ပြန်ရောက်လာသော စီနီယာအစ်ကိုကျိုဖုန်း၏အဖွဲ့ကို တွေ့လိုက်ရသည်။


ကျိုဖုန်းက ပထမဆုံးစကားစပြီး မေးလာသည်။

"စာမေးပွဲအခြေအနေ ဘယ်လိုရှိလဲ?"


ယွဲ့ရှင်းဝမ်: "ရမှတ်ကတော့ ကောင်းတယ်… ကျွန်တော်တို့ 95 မှတ်ရခဲ့တယ်… စာမေးပွဲလုပ်ငန်းစဉ်မှာ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေတော့ ရှိတယ်…"


ကျိုဖုန်းက အခန်းကို လက်ဗွေဖြင့် ဖွင့်လိုက်သည်။

"အထဲဝင်ပြီး ပြောရအောင်…"


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် အခန်းထဲကို လိုက်သွားပြီး ‘သေခြင်းကုဒ်’သင်တန်း၏ စာမေးပွဲလုပ်ငန်းစဉ်ကို အတိုချုံးဖော်ပြခဲ့သည်။


ဒါကိုကြားပြီးနောက် လင်းမန့်လောက်၏မျက်နှာက အနည်းငယ် ဖြူဖျော့သွားသည်။

"တစ္ဆေသတို့သမီးနဲ့ ဝိညာဉ်အကျဉ်းချတာမျိုးလည်း ရှိသေးတာလား? လွန်ခဲ့တဲ့အပတ်က သင်္ချာဌာနမှာ ငါတို့တက်ခဲ့တဲ့ ကျိုးကြောင်းဆင်ခြင်ခြင်းသင်တန်းထက် ဒီဟာက ပိုခက်ခဲတယ်…"


ကျိုဖုန်းက မျက်မှောင်ကြုတ်သွားသည်။

"ကျိုးကြောင်းဆင်ခြင်ခြင်းသင်တန်းက အပတ်တိုင်း ပြောင်းနေပုံပဲ… ဒီတော့ မင်းတို့သာ ဒီအပတ်ကို မကျော်နိုင်ရင် နောက်အပတ်က ပိုခက်လိမ့်မယ်…"


ရွှီယိရှန်းက သူ့နဖူးကို ပွတ်ကာ ပြုံးလိုက်သည်။

"တကယ်တမ်းတော့ စာကြည့်တိုက်ရဲ့ သင်တန်းတွေက ဒီအတိုင်းပဲ ဆက်ပြီးတူညီနေမယ်ဆိုရင် သင်တန်းကို ပြန်တက်တဲ့အခါ စာရွက်ထဲက ကူးချသလိုမျိုးပဲ ဖြစ်နေမှာ… သင်တန်းတွေကို ပြောင်းလိုက်တာက ကျောင်းသားတွေကို ပေါ့ပေါ့ပါးပါး စိတ်မျိုးမဖြစ်စေချင်လို့ထင်တယ်… ဒါ့အပြင် ပြန်လည်ဖြေဆိုတာက ပိုခက်လာပြီး ကျဖို့ကလည်း လွယ်လာသလို နောက်တစ်ခါ ထပ်ကျရင် သူတို့က ရှင်းပစ်ခံရလိမ့်မယ်…"


အခန်းက ရုတ်တရက် တိတ်ဆိတ်သွားသည်။ အကယ်၍ သူတို့သည် လာမည့်အပတ်တွင် တတိယထပ်ရှိ ဗိသုကာဌာန၌ ကျရှုံးပြီး သင်တန်းများကို ပြန်လည်ဖြေဆိုရန် ပထမထပ်နှင့် ဒုတိယထပ်သို့ ပြန်သွားပါက ပထမထပ်တွင်ရှိသော သင်တန်းသည် ‘နှလုံးသွေးကြောဆိုင်ရာလူနာဆောင်’ မဟုတ်တော့သလို ဒုတိယထပ်တွင်ရှိသော သင်တန်းကလည်း ‘သေခြင်းကုဒ်’မဟုတ်တော့ဘဲ သင်တန်းအသစ်များကို ပြန်အစားထိုးကာ သူတို့အောင်နိုင်တော့မည်မဟုတ်ပေ။ သူတို့သည် ပြန်လည်ဖြေဆိုသော သင်တန်းကို မအောင်နိုင်ပါက ရှင်းပစ်ခံရလိမ့်မည်။ 


ယွဲ့ရှင်းဝမ်က ပခုံးတွန့်လိုက်သည်။

"ဒီပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက သင်တန်းမကျအောင် ကြိုးစားရမှာပေါ့… ကျွန်တော်တို့ သင်တန်းမကျဘဲ အပေါ်ဆုံးထပ်ကို ဆက်တက်နေသ၍တော့ ပြန်တက်မယ်ဆိုရင် သင်တန်းပြောင်းမှာကို စိတ်ပူစရာမလိုပါဘူး…"


ကျိုဖုန်းက ခေါင်းငြိမ့်သဘောတူသည်။ သူက နံရံပေါ်ရှိ နာရီကို တစ်ချက်ကြည့်လိုက်ပြီး 

"ရှင်းယန်ကို ဆက်သွယ်လိုက်တော့… သုတေသနအဖွဲ့ကို အဆင့်မြင့်တင်ပြီး ပြန်လည်စုဖွဲ့ဖို့ ဆွေးနွေးရန် ဒီနေ့အချိန်ယူလိုက်ရအောင်…"


ကျန်းရှောင်နျန်က ဘာမှမပြောဘဲ ထောင့်တစ်နေရာတွင်သာ ကျုံ့ပြီးနေနေသည်။ ဒီမှာရှိသောလူတွေအားလုံးက စီနီယာကျောင်းသားတွေဖြစ်ပြီး သူက အငယ်ဆုံးဖြစ်တာကြောင့် စကားပြောရမှာ ရှက်နေခဲ့သည်။


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့ ထွက်သွားတော့မှ ယွဲ့ရှင်းဝမ်နှင့်အတူ အပြင်ထွက်လာခဲ့သည်။ ယွဲ့ရှင်းဝမ်က သူ့ကို ပြန်ကြည့်ကာ မေးလေသည်။

"ဝင်္ကပါက ဘယ်လိုလဲ? သွားရတာက အဆင်ပြေရဲ့လား?"


ကျန်းရှောင်နျန်က ပြုံးကာပြောသည်။

"စီနီယာအစ်ကိုကျိုက ဦးဆောင်ခဲ့ပြီး နောက်ဆုံးရမှတ်က စီနီယာအစ်ကိုရှင်းဝမ်တို့ ရခဲ့တဲ့ အမှတ် 130 အပြည့်တော့ မရခဲ့ဘူး… ကျွန်တော်တို့ 125 မှတ်ရခဲ့ပြီး ဒါက အရမ်းများနေသေးပါတယ်… ဒီအတိုင်းပဲ ကျွန်တော်ဘာမှမကူညီနိုင်ခဲ့ဘူး… ကျွန်တော်တောင်းပန်ပါတယ်…"


ယွဲ့ရှင်းဝမ်က စလေသည်။

"မင်းက ဦးတည်ချက်နဲ့ပတ်သက်ပြီး အမြင်အာရုံညံ့ဖျင်းတဲ့လူလေ… မင်းက ဝင်္ကပါထဲမှာ ကူညီနိုင်တယ်ဆိုတာကမှ ထူးဆန်းဦးမယ်…"


ကျန်းရှောင်နျန်၏ နားရွက်များ နီရဲလာပြီး စကားမပြောဘဲ ခေါင်းငုံ့ထားလိုက်သည်။


ကျန်းဖျင်စစ်က စိတ်မဝင်စားဟန် ပြောသည်။

"မင်း ဗိသုကာဌာနမှာ ကူညီနိုင်တယ်…"


ယွဲ့ရှင်းဝမ်ကလည်း ပြောလိုက်သည်။

"ဒါပဲလေ… ငါတို့ ဘက်စုံအရည်အချင်းရှိသူတွေကို ရှာနေတာမဟုတ်ဘူး… လူတိုင်းမှာ ကိုယ်ပိုင်အားသာချက်တွေ ရှိတယ်… ဝင်္ကပါက မင်းကျွမ်းကျင်တဲ့အရာ မဟုတ်ပါဘူး… ဒါကြောင့် အပြစ်ရှိသလို ခံစားမနေပါနဲ့…"


ကျန်းရှောင်နျန်က အသံတိုးတိုးဖြင့် ပြောသည်။

"ဒါပေမယ့် ကျွန်တော့်ရဲ့ဘာသာရပ်မှာလည်း သိပ်မကောင်းဘူး… ဒီတော့ ကျွန်တော်က စီနီယာတို့နဲ့ယှဉ်ရင် တကယ်ကို အားနည်းတယ်…"


ယွဲ့ရှင်းဝမ်: "မင်းက အမှတ် 7 အထက်တန်းကျောင်းကနေ ဘွဲ့ရခဲ့တာပဲ… ငါတို့အထက်တန်းကျောင်းက ပြည်နယ်ရဲ့ ဉီးစားပေးကျောင်းတွေထဲမှာ ပါပြီးတော့ အရမ်းမဆိုးပါဘူး… ပြီးတော့ တစ်နိုင်ငံလုံးမှာ ထိပ်တန်း 3 နေရာက ဟွာအန်းတက္ကသိုလ်ရဲ့ ဗိသုကာဌာနကို မင်းဝင်ခွင့်ရတာဆိုတော့ မင်းကညံ့ဖျင်းသူမဟုတ်ဘူးဆိုတာ ပြသနေတာကြောင့် ကိုယ့်ကိုယ်ကို သံသယမဝင်ပါနဲ့…"


ကျန်းရှောင်နျန်က ယွဲ့ရှင်းဝမ်ကို မော့ကြည့်ကာ လေးလေးနက်နက် ပြောခဲ့သည်။

"အထက်တန်းကျောင်းတုန်းက ကျွန်တော့်အတန်းထဲမှာ ကျွန်တော်က ထိပ်တန်းကျောင်းသားပါပဲ… ဒါပေမယ့် ဟွာအန်းတက္ကသိုလ်မှာ အရည်အချင်းရှိတဲ့သူတွေ အရမ်းများတယ်… ကျွန်တော် တက္ကသိုလ်ရောက်တဲ့အခါ သင်တန်းတွေက နည်းနည်းခက်သလို ခံစားရတယ်…"


ယွဲ့ရှင်းဝမ်က ပြုံးကာပြောသည်။

"ဒါက ပုံမှန်ပါပဲ… အဓိကတက္ကသိုလ်တွေမှာ နိုင်ငံတစ်ဝှမ်းက အထက်တန်းကျောင်းသားတွေကို စုစည်းထားပြီး အများစုက အထက်တန်းကျောင်းမှာ ကောင်းကောင်းစာလိုက်နိုင်ကြတယ်… သူတို့ တက္ကသိုလ်ရောက်တဲ့အခါမှာတော့ သူတို့ပတ်ဝန်းကျင်က လူတိုင်းက အခြားသူတွေထက် ပိုတော်နေတာကို တွေ့ရပြီး ကိုယ့်ကိုယ်ကို သံသယရှိလာတာ သာမန်ဖြစ်ရိုးဖြစ်စဉ်ပဲ ဖြစ်တာကြောင့် မင်းရဲ့စိတ်နေစိတ်ထားကို ချိန်ညှိလိုက်ရုံပါပဲ… မင်းကိုယ်မင်း ငါတို့နဲ့ နှိုင်းယှဉ်စရာမလိုဘဲ မင်းရဲ့အတိတ်ကနဲ့ နှိုင်းယှဉ်ပြီးတော့ ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ပေါ့…"


ဗိသုကာဌာနရှိ ကျန်းရှောင်နျန်၏ အဆင့်ကို အလယ်အလတ်အဆင့်ဟု သတ်မှတ်ကြပြီး စာသင်ခန်းမှားဝင်ကာ ကျောင်းအဆောက်အဦး၏ မှန်ကို ခေါင်းနဲ့ ဝင်တိုက်ခြင်းစသော ရှက်စရာကောင်းသော အဖြစ်အပျက်များနှင့် သူ၏ဦးတည်ချက်နဲ့ပတ်သက်ပြီး အမြင်အာရုံညံ့ဖျင်းခြင်းကြောင့် လူသိများပြီး သူ၏စိတ်ဓာတ်ပိုင်းဆိုင်ရာက အနည်းငယ်ပျက်စီးသွားသည်။ 


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က သူနဲ့မတူဘဲ သူတို့သည် မည်သည့်နေရာတွင်မဆို အာရုံစူးစိုက်မှုရကြသည်။ အထက်တန်းကျောင်းတွင် သူတို့သည် ထိပ်တန်းကျောင်းသားဖြစ်ခဲ့ပြီး တက္ကသိုလ်တွင်လည်း သူတို့၏အဆင့်များက ထိပ်ဆုံးတွင် ရှိနေဆဲဖြစ်သည်။ သူတို့နှစ်ယောက်က ကိုယ်ပိုင်အရောင်အဝါဖြင့် မွေးဖွားလာပုံရပြီး ကျန်းရှောင်နျန်လို ကျောင်းသားအများစုကတော့ အထက်တန်းကျောင်းမှာ အမှတ်ကောင်းကောင်းရခဲ့ပေမယ့် တက္ကသိုလ်မှာ လုံလောက်အောင် မတောက်ပကြပေ။


ထို့ကြောင့် ယွဲ့ရှင်းဝမ်က ဤဂျူနီယာညီလေး၏ခံစားချက်ကို နားလည်လေသည်။ စီနီယာအစ်ကိုတစ်ယောက်အနေနဲ့လည်း သူက တစ်ဖက်လူကို အားပေးမှုတွေ လုပ်ပေးသည်။


ယွဲ့ရှင်းဝမ်၏စကားများကို နားထောင်ပြီးနောက် ကျန်းရှောင်နျန်၏ မျက်လုံးများက တောက်ပလာပြီး သူကပြုံးကာ ပြောလိုက်သည်။

"စီနီယာ၊ ကျွန်တော် လူတိုင်းကို ဆွဲမချမိအောင် အကောင်းဆုံးကြိုးစားပါ့မယ်…"

သူက ခဏရပ်ကာ ထပ်ပေါင်းပြောလာသည်။

"ဒါ့အပြင် ကျွန်တော်တို့အဖွဲ့မှာ အမှတ် 7 အထက်တန်းကျောင်းက အတော်ဆုံးနတ်ဘုရားနှစ်ယောက် ရှိနေတာဆိုတော့ ကျွန်တော်က နုံအလွန်းရင် စီနီယာအစ်ကိုနှစ်ယောက်ကို အရှက်ရစေလိမ့်မယ် မဟုတ်ဘူးလား?"


ယွဲ့ရှင်းဝမ်က ပေါ့ပါးစွာပြုံးကာ သူ့ပခုံးကို ပုတ်လိုက်သည်။

"မင်းမလုပ်ဘူးဆိုတာ ငါယုံတယ်…"


ကျန်းရှောင်နျန်၏အိပ်ဆောင်က F ဧရိာာတွင်ရှိပြီး ထိုနေရာသို့ အမြန်လျှောက်သွားခဲ့သည်။ သူက သူတို့နှစ်ယောက်ကို နှုတ်ဆက်ပြီးနောက် တံခါးဖွင့်ကာ အခန်းထဲသို့ ဝင်သွားသည်။ ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်နှင့် ဘေးချင်းကပ်လျက် လျှောက်လာပြီး ထောင့်နားရှိ ဓာတ်လှေကားဆီသို့ လျှောက်သွားသည်။


အိပ်ဆောင်သို့ ပြန်ရောက်ပြီးနောက် နှစ်ယောက်စလုံး တစ်ယောက်ပြီးတစ်ယောက် ရေချိုးကြသည်။ ပြီးခဲ့သော 6 ရက်လုံးလုံး တည်းခိုခန်းတွင် တကယ်ကို အဆင်မပြေဖြစ်စွာ နေခဲ့ရပြီး ရေမချိုးနိုင်ခဲ့ကြပေ။ ကျန်းဖျင်စစ်က ကုတင်အစွန်းတွင်ထိုင်ကာ အသံတိုးတိုးဖြင့် မေးသည်။

"ကျန်းရှောင်နျန်က ယောင်ချာချာနဲ့ သူ့ကိုထည့်လိုက်တာ အဆင်ပြေမယ်လို့ မင်းထင်လား?"


သူ့ဆံပင်ကိုသုတ်ရင်း ယွဲ့ရှင်းဝမ်က ပြောလာသည်။

"မင်းက ရှောင်နျန်ကို ကောင်းကောင်းသိမှာ မဟုတ်ဘူး… အဲဒီကောင်လေးက သူ့နေ့စဉ်ဘဝမှာ နည်းနည်းယောင်ချာချာဖြစ်ပေမယ့် သူ့ခေါင်းက အတော်လေး ဉာဏ်ကောင်းတယ်… သူ့အဖေက ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်လို့ ငါ့ကိုပြောဖူးတယ်… သူ ငယ်ငယ်ကတည်းက အိမ်ဆောက်တဲ့အတုံးတွေနဲ့ အိမ်ဆောက်တာကို ဆော့ရင်း ကြီးပျင်းလာတာကြောင့် တက္ကသိုလ်မှာ ဗိသုကာဌာနကို စာရင်းသွင်းခဲ့တာ…"


ယွဲ့ရှင်းဝမ်က ခေတ္တရပ်ကာ ပြုံးလိုက်သည်။

"သူ့အတွေးအခေါ်တွေက စာအုပ်တွေပဲ ဖတ်တဲ့သူတွေထက် ပိုပြီးပြောင်းလွယ်ပြင်လွယ်ရှိတယ်လို့ ငါထင်တယ်… သူ့ရဲ့ဦးတည်ချက်နဲ့ပတ်သက်ပြီး အမြင်အာရုံညံ့ဖျင်းတာကတော့ နောင်ကျရင် လမ်းမပျောက်အောင် အဖွဲ့နဲ့ အနီးကပ်နေခိုင်းလိုက်မယ်…"


ကျန်းဖျင်စစ်သည် ရှင်းဝမ်၏ဆုံးဖြတ်ချက်ကို အမြဲထောက်ခံပါသည်။ ဒါကိုကြားတော့ သူက ပြောလာသည်။

"ကောင်းပြီ… ဗိသုကာဌာနတစ်ခုကို ထပ်ထည့်လိုက်တာက အရမ်းအသုံးဝင်တယ်… ငါတို့ရဲ့အရင်သင်တန်းမှာ ဗိသုကာဌာနက ကောင်းရုန်ချန်ရဲ့ အကူအညီနဲ့ မြေတိုင်းပြီး ပုံဆွဲတာက အရမ်းအဆင်ပြေတယ်…"


ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး ထပ်ပေါင်းပြောလာသည်။

"စကားမစပ်… ချင်လုနဲ့ ချင်မြောင်ဆီ ငါစာပို့လိုက်မယ်… အဲဒီညီအစ်မနှစ်ယောက်မှာ အခု သုတေသနအဖွဲ့ မရှိသေးဘူးဆိုတော့ သူတို့ ပါဝင်ချင်သလားလို့ ငါမေးလိုက်မယ်… ဒါဆို စီနီယာအစ်မမန့်လော်အတွက်လည်း အဖော်ရတာပေါ့… မဟုတ်ရင် အဖွဲ့ထဲမှာ မိန်းကလေးဆိုလို့ သူမတစ်ယောက်တည်း ဖြစ်နေပြီး အဆင်မပြေဖြစ်လိမ့်မယ်…"


ကျန်းဖျင်စစ်: "အင်း… ဒီညီအစ်မနှစ်ယောက်က အဆင်ပြေပါတယ်…"


ယွဲ့ရှင်းဝမ်သည် ဖိုရမ်မှတစ်ဆင့် ချင်မြောင်ဆီသို့ ချက်ချင်း စာတစ်စောင်ပေးပို့ခဲ့ပြီး သုတေသနအဖွဲ့တွင်ပါဝင်ရန် ဖိတ်ခေါ်ကာ သုတေသနအဖွဲ့၏ဖွဲ့စည်းပုံကို အသေးစိတ်မိတ်ဆက်ခဲ့သည်။ လက်ရှိတွင် သူတို့၏အဖွဲ့၌ တရုတ်ဘာသာစကားဌာနမှ ယွဲ့ရှင်းဝမ်၊ သင်္ချာဌာနမှ ကျန်းဖျင်စစ်၊ ရူပဗေဒဌာနမှ ကျိုဖုန်း၊ ဇီဝဗေဒဌာနမှ ရွှီယိရှန်း၊ ဓာတုဗေဒဌာနမှ ရှင်းယန်၊ ကွန်ပျူတာဌာနမှ ခယ်ရှောင်ပင်း၊ ဆေးပညာဌာနမှ လျှိုကျောက်ချင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ လင်းမန့်လော်နှင့် ဗိသုကာဌာနမှ ကျန်းရှောင်နျန်တို့ ပါဝင်သည်။ 


ယွဲ့ရှင်းဝမ်: "ငါတို့က တရုတ်ဘာသာ၊ သင်္ချာ၊ ဘာသာစကား၊ နိုင်ငံရေးသမိုင်း၊ ရူပဗေဒနဲ့ ဓာတုဗေဒ အစုံအလင်နဲ့ ပြီးပြည့်စုံတဲ့အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းသင့်တယ်… မင်းတို့နှစ်ယောက်က သမိုင်းနဲ့ ပထဝီကဖြစ်ပြီး ငါတို့ဆီမှာလည်း အရေးတကြီးလိုအပ်နေတာဆိုတော့ ပါဝင်ဖို့ လေးစားစွာ ဖိတ်ကြားချင်ပါတယ်…"


ချင်မြောင်က လျင်မြန်စွာ အကြောင်းပြန်လာသည်။

"နင့်ရဲ့အသိအမှတ်ပြုမှုအတွက် ကျေးဇူးတင်ပါတယ်… တွေ့ဖို့အချိန်ရရင် ငါ နင်တို့အားလုံးနဲ့ စကားပြောမယ်…"


သူမသည် ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့ကို အလွန်ယုံကြည်ခဲ့သည်။ သူမသည် ယခင်က အများသူငါစိတ်ကြိုက်သင်တန်း ‘တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ’တွင် တစ်ကြိမ်သာဆုံဖူးပြီး ယခုတစ်ကြိမ်တွင် ‘သေခြင်းကုဒ်’၌ သူတို့တွေ အတူတူပူးပေါင်းခဲ့ကြကာ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် ကျိုးကြောင်းဆီလျော်သော တွေးခေါ်မှုတွင် အထူးကောင်းမွန်တာကို သူမတွေ့ရှိခဲ့သည်။ ယွဲ့ရှင်းဝမ်သည် အခြေအနေတစ်ခုလုံးကို အခြေခံ၍ ကျိုးကြောင်းဆင်ခြင်ခြင်းနှင့် ခွဲခြာစိတ်ဖြာခြင်းတွင် ကောင်းမွန်ပြီး ကိစ္စတစ်ခုလုံး၏ ဦးတည်ချက်ကို ကြီးမားသောရှုထောင့်မှ ထိန်းချုပ်နိုင်သည်။ ကျန်းဖျင်စစ်သည် အသေးစိတ်ခွဲခြမ်းစိတ်ဖြာပြီး ကျိုးကြောင်းဆီလျော်သော ကွင်းဆက်ကို ခွဲခြမ်းစိတ်ဖြာခြင်းတွင် ကောင်းမွန်သည်။ တစ်ယောက်က အားလုံးကို ခြုံငုံရာတွင် ကောင်းမွန်ပြီး အခြားတစ်ယောက်က အသေးစိတ်အချက်အလက်များတွင် ကောင်းမွန်သည်။ သူတို့နှစ်ယောက် အတူတူပူးပေါင်းလိုက်ရာ 6 ရက်ကြာ စာမေးပွဲကို 3 ရက်အတွင်း လူသတ်သမားကို ခန့်မှန်းပြီး အသေးစိတ်အချက်အလက်အားလုံးနဲ့ ကိုက်ညီခဲ့သည်။ ဤလူနှစ်ယောက်၏ ပေါင်းစပ်မှုက ရိုးရှင်းစွာ ချောမွေ့သည်ဟု ဆိုနိုင်သည်။


သို့သော် သုတေသနအဖွဲ့တွင် ပါဝင်ခြင်းက ကလေးကစားစရာမဟုတ်ပေ။ သူတို့နှင့် မရင်းနှီးသော ကျောင်းသားများစွာရှိသောကြောင့် ကမူးရှူးထိုးသဘောတူရန် မလွယ်ကူပါ။ အဖွဲ့ထဲမှာ တစ်ယောက်နဲ့တစ်ယောက် သဘောထားကွဲလွဲပြီး အထူးသဖြင့် စိတ်အနှောင့်အယှက်ဖြစ်ရင် ဘယ်လိုလုပ်မည်နည်း။


ယွဲ့ရှင်းဝမ်က သဘောပေါက်စွာ အကြောင်းပြန်လာသည်။

"မင်းရဲ့စိုးရိမ်မှုတွေကို ငါနားလည်ပါတယ်… ဒီည 7 နာရီမှာ အနုတ်ဒုတိယထပ်မှာရှိတဲ့ သုတေသနအဖွဲ့ရဲ့ အစည်းအဝေးခန်းမှာ ငါတို့တွေ့ကြမယ်… အဲဒီအချိန်ရောက်ရင် အခန်းနံပါတ်နဲ့ စကားဝှက်ကို ပို့ပေးလိုက်မယ်…"


ဖိုရမ်၏ private message ကို ပိတ်ပြီးနောက် ယွဲ့ရှင်းဝမ်သည် ဖိုရမ်၏ ပင်မစာမျက်နှာကို ဖွင့်ကာ ကျောင်းသားများ၏ ပို့စ်များကို တစ်ချက်ကြည့်လိုက်သည်။


ကျန်းဖျင်စစ်၏ ယခင်က ‘သုဒ္ဓကိန်းများဝင်္ကပါနည်းဗျူဟာပို့စ်’သည် ထိပ်ဆုံးတွင် Host စကားလုံး အနီရောင်ဖြင့် ရှိနေဆဲဖြစ်ပြီး ပြန်စာများက 3,000 ကျော်သွားခဲ့သည်။ နည်းဗျူဟာပို့စ်တွင် ကျောင်းသားအများအပြားက ကျန်းဖျင်စစ်ကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ကြသည်။ ကျန်းဖျင်စစ်၏ နည်းဗျူဟာကြောင့် သင်္ချာဌာနရှိ ‘သုဒ္ဓကိန်းများဝင်္ကပါ’သင်တန်း၏ ကျရှုံးမှုနှုန်းမှာ 30% မှ 20% သို့ ကျဆင်းသွားသည်ဟု ဆိုသည်။

 

ဖိုရမ်တွင် ‘သေခြင်းကုဒ်’အတန်းပြီးသွားသော ကျောင်းသားများစွာလည်း ရှိပြီး ဒီလိုမျိုး ပို့စ်တွေကို တင်ထားကြသည်:

"ဒီသင်တန်းက သောက်ရမ်းကြောက်စရာကောင်းတယ်… ညသန်းခေါင်းမှာ နိုးလာတဲ့အချိန်တိုင်း တစ္ဆေအမျိုးသမီးက ကုတင်ဘေးမှာ ရပ်နေတဲ့ ခံစားချက်က ဘာနဲ့တူမယ်ထင်လဲ?"


"တစ္ဆေသတို့သမီးက ငါတို့ကို လည်ပင်းညှစ်သတ်လိုက်တာ ငါတို့တစ်ဖွဲ့လုံး သေပြီး သင်တန်းကျသွားတယ်! 3 ရက်မြောက်နေ့မှာ ပေါ်လာတဲ့ အဲဒီ boss ကို ဘယ်လိုတိုက်ခိုက်ကြတာလဲ? တိုက်ခိုက်ရေးစွမ်းရည်အားလုံးက အသုံးမဝင်ဘူး!"

 

"ငါတို့က 3 ရက်မြောက်နေ့တောင် မရောက်လိုက်ဘူး… ပထမညမှာ တစ္ဆေအမျိုးသမီးတွေ ပေါ်လာတဲ့အချိန် ငါတို့တွေ ပြေးဖို့ အချိန်မရလိုက်လို့ ငါတို့ထဲက လူတစ်ဝက်လောက် သေသွားတယ်…"


ဤသင်တန်း၏ ကျရှုံးမှုနှုန်းသည် 70% အထိ မြင့်မားနေတာက တည်းခိုခန်းတွင် ကျောင်းသားများ မည်မျှ ခံစားခဲ့ရသည်ကို ပြသနေသည်။


အကြောင်းပြချက်မှာ ညအချိန်တွင် တစ္ဆေသတို့သမီးများနှင့် ရင်ဆိုင်ရန် ခက်ခဲပြီး အထူးသဖြင့် စူးဝမ်ရှင်းလို့ boss ဖြစ်သည်။ သေဆုံးသွားသောဝိညာဉ်ကို ဘဝကူးပြောင်းပေးလို့ရတယ်ဆိုသည့် အချက်ကို သူတို့မစဉ်းစားနိုင်ဘဲ သူမနဲ့ မျက်နှာချင်းဆိုင် တိုက်ရိုက်တိုက်ခိုက်ပါက ရလဒ်ကတော့ ချေမှုန်းခံရဖွယ်ရှိသည်။ 


ဖိုရမ်တွင် ကျောင်းသားများက ကိုယ့်ကံကြမ္မာကို စိတ်ပူနေပြီး မကျေမနပ် ညည်းညူနေကြတာကို မြင်လိုက်ရသည်… ယွဲ့ရှင်းဝမ်သည် ‘သေခြင်းကုဒ်’သင်တန်းအတွက် နောက်ထပ်နည်းဗျူဟာတစ်ခု ပေးပို့ရန် ဆုံးဖြတ်လိုက်ပြီး ဒါမှ လိုအပ်သော ကျောင်းသားများက စာမေးပွဲကိုအောင်ပြီး အသက်ကို ကယ်တင်နိုင်လိမ့်မည်။


ဤကျိုးကြောင်းဆင်ခြင်ခြင်းအတန်းတွင် မတူညီသော ကျောင်းသားအဖွဲ့များက မတူညီသော ဇာတ်ကွက်များကို ရင်ဆိုင်ရတာကြောင့် အမျိုးသမီးဇာတ်ဆောင်က စူးဝမ်ရှင်းဟူ၍ ခေါ်စရာမလိုဘဲ အဓိကသော့ချက်မှာ ‘ဇာတ်လမ်းအတွင်းက ဇာတ်လမ်း’ဖြစ်သည်။ သူတို့သည် ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’နှင့် ပတ်သက်သည့် အထောက်အထားများကို တွေ့ရှိပြီး ဤကျိုးကြောင်းဆင်ခြင်ခြင်းအတိုင်း လိုက်သွားပါက လူသတ်သမားကို ကောက်ချက်ချနိုင်သည်။


စာမေးပွဲအကြောင်းအရာ အပြောင်းအလဲကြောင့် အခြားကျောင်းသားများ လှည့်စားခံရခြင်းမှ ကာကွယ်ရန် ယွဲ့ရှင်းဝမ်သည် ‘လူသတ်သမားက ဘယ်သူလဲ’နှင့် ‘ပြစ်မှုကျူးလွန်ရခြင်းအကြောင်းအရငိးက ဘာလဲ’ဟု တိုက်ရိုက်မရေးဘဲ ဤသင်တန်း၏ ကျိုးကြောင်းဆီလျော်သော အယူအဆများနှင့် အသေးစိတ်အချက်အလက်များအပြင် သတိထားရမည့် အဓိကအချက်များကို ဖော်ပြထားပါသည်။ 


အဖြေကိုရေးလိုက်ခြင်းက ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ လူတွေကို သင်ပေးတာလောက် မကောင်းပေ။ 


ကျောင်းသားတွေက နည်းလမ်းကို လေ့လာပြီးနောက် လူတိုင်းသည် မတူညီသောနာမည်များနှင့် ဇာတ်ကွက်များကို ရင်ဆိုင်ရလျှင်ပင် ဤသင်တန်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင်သည်။


ယွဲ့ရှင်းဝမ်သည် ဤနည်းဗျူဟာကို တစ်နာရီကျော်ကြာ စာရင်းပြုစုပြီး နောက်ဆုံးသတိပေးချက် ထုတ်ပြန်ခဲ့သည်။

"ဒီနေ့က ကြာသပတေးနေ့ဖြစ်ပြီး မနက်ဖြန်ဆို သောကြာနေ့ရောက်ပါပြီ… နေ့လယ်ပိုင်းမှာ ‘သေခြင်းကုဒ်’သင်တန်း ရှိပါသေးတယ်… နောက်အပတ်မှာ စာကြည့်တိုက်က သင်တန်းတွေ ပြောင်းလဲတာကို ရှောင်ရှားဖို့အတွက် သင်္ချာဌာနကို အောင်ချင်တဲ့ ကျောင်းသားတွေ မနက်ဖြန် ဒီသင်တန်းကို ပြီးဆုံးအောင် အချိန်ရှိတုန်းဖမ်းဆုပ်ထားပြီး ချောမွေ့စွာ ဖြေဆိုနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်…"


နည်းဗျူဟာကို တင်လိုက်တာနဲ့ ချက်ချင်းဆိုသလိုပဲ မရေမတွက်နိုင်သော ပရိသတ်များက သူတို့ကျေးဇူးတင်ကြောင်းကို ဖော်ပြရန် ပို့စ်ထဲကို ဝင်လာခဲ့သည်။


လူတချို့က ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့ကို ‘စာကြည့်တိုက်၏နည်းဗျူဟာခေါင်းဆောင်’ဟု ခေါ်ကြသည်။


အွန်လိုင်းဂိမ်းတွေ ဆော့သလိုပဲ ဖြစ်စဉ်တွေ အသစ်ထွက်လာသောအခါ အရင်စူးစမ်းလေ့လာရတာ ကြိုက်သောအဖွဲ့တစ်ဖွဲ့ရှိပြီး ၎င်း boss တွေကို ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ သုတေသနလုပ်ဖို့ အချိန်အများကြီးပေးပြီး ကြိုးစားအားထုတ်ပြီးမှ လူအများအကျိုးရှိဖို့အတွက် နည်းဗျူဟာလမ်းညွှန်တစ်ခု ထုတ်ပေးလေ့ရှိသည်။ ထို့နောက်မှာတော့ အခြားအဖွဲ့များက ဖြစ်စဉ်ကို ကျော်ဖြတ်ရန် ပို၍လွယ်ကူလာလိမ့်မည်။


သို့သော် ဒါက အွန်လိုင်းဂိမ်းများနှင့် ကွဲပြားသည်။ အွန်လိုင်းဂိမ်းများသည် ဖြစ်စဉ်အသစ်ကို စူးစမ်းလေ့လာပြီး အကန့်အသတ်မရှိ ပြန်လည်ရှင်သန်လာနိုင်သည်။ သို့သော် စာကြည့်တိုက်တွင် သူတို့တွေ သင်တန်းကို ကျသွားပါက ပြန်လည်ဖြေဆိုခွင့် အခွင့်အရေးတစ်ခေါက်သာ ရှိသည်။ ဤကိစ္စတွင် သူတို့၏ အောင်မြင်သွားသော အတွေ့အကြုံကို ခြွင်းချက်မရှိ မျှဝေလိုသူများသည် အမှန်တကယ် တန်ဖိုးရှိပါသည်။


ယွဲ့ရှင်းဝမ်သည် နေမဖြစ်ချင်ဘဲ ပထမဆုံး တောက်ပသော ပိုးစုန်းကြူးသာဖြစ်သည်။ ဤနေရာတွင် ကျွမ်းကျင်သူများစွာ ရှိသေးသည်ဟု သူယုံကြည်ထားသည်။ လူတိုင်းက မျှဝေလိုစိတ်ရှိပြီး မရေမတွက်နိုင်သော ပိုးစုန်းကြူးများ စုဝေးနေသ၍ စာကြည့်တိုက်သည် ဘယ်လောက်ပဲကြောက်စရာကောင်းနေပါစေ သူတို့အတွက် ခက်ခဲမှာမဟုတ်ဘူး။


သူသည် ‘သေခြင်းကုဒ်’အတွက် နည်းဗျူဟာကို တင်ပေးပြီးနောက် ကျိုတိုတက္ကသိုလ်မှ အလျင်မြန်ဆုံးတိုးတက်နေသော A-76 သုတေသနအဖွဲ့ ယွိမင်ယွီသည် ဗိသုကာဌာနရှိ ‘မြို့ပြိုကျခြင်း’အတွက် လျင်မြန်သောနေရာရွှေ့ပြောင်းသောနည်းလမ်းကို ဖိုရမ်တွင် ထုတ်ပြန်ခဲ့သည်။


အရင်မျိုးဆက်များက အရင်စူးစမ်းလေ့လာပြီး မျိုးဆက်သစ်လူငယ်တွေက သူတို့၏အတွေ့အကြုံများကနေ သင်ယူနိုင်ကာ အွန်လိုင်းဂိမ်းတစ်ခု၏ ဖြစ်စဉ်တစ်ခုအတွက် ကျော်ဖြတ်ခြင်း နည်းလမ်းများစွာရှိသကဲ့သို့ သူတို့သည် အခြားနည်းလမ်းများကိုလည်း အသစ်ဖန်တီးပြီး တိုးတက်အောင်ပြုလုပ်တာက အားလုံးအတွက် ကောင်းပါသည်။


ထို့နေ့ ညနေ 6:30 တွင် ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် အနုတ်ဒုတိယထပ်သို့ ရောက်ရှိလာပြီး အစည်းအဝေးခန်းငယ်တစ်ခုဖွင့်ရန် အမှတ်အသုံးပြုကာ အခန်းနံပါတ်နှင့် စကားဝှက်ကို အဖွဲ့ဝင်များထံ ပေးပို့ခဲ့သည်။


ည 7 နာရီတွင် အဖွဲ့ဝင်အားလုံး တက်ရောက်ကြပြီး အားလုံးက စားပွဲဝိုင်းပတ်ပတ်လည်တွင် ထိုင်နေကြသည်။


ယွဲ့ရှင်းဝမ်က ပတ်ပတ်လည်ကို ကြည့်ကာ ပြုံးပြလိုက်သည်။

"အားလုံးကို ကြိုဆိုပါတယ်… ဒါက ကျွန်တော်တို့ သုတေသနအဖွဲ့တစ်ခုလုံးရဲ့ ပထမဆုံးသောတွေ့ဆုံမှုပါ… ဒီနေ့ ကျွန်တော်တို့မှာ လူသစ်တွေ ရောက်လာတာဆိုတော့ ကိုယ့်ကိုယ်ကို အရင်မိတ်ဆက်ကြရအောင်…"


လူတိုင်းကို အလှည့်ကျ မိတ်ဆက်ပြီးနောက် ယွဲ့ရှင်းဝမ်က ပြောသည်။

"ကျွန်တော်က သုတေသနအဖွဲ့ကို တတိယအဆင့်အထိ အဆင့်မြင့်ချင်ပါတယ်… ပြီးရင် ရှင်းယန်၊ ချင်မြောင်၊ ချင်လုနဲ့ ကျန်းရှောင်နျန်တို့ကို အတူတူဝင်ခွင့်ပေးလိုက်မယ်… ထင်မြင်ချက်တွေ ရှိကြလား?"


ကျိုဖုန်းက မေးလိုက်သည်။

"မင်းက တတိယအဆင့်ကို အဆင့်မြင့်မယ်ဆိုရင် အမှတ်တွေ လုံလုံလောက်လောက်ရှိရဲ့လား?"


ကျန်းဖျင်စစ်က တွက်ချက်ကာ ပြောသည်။

"သုဒ္ဓကိန်းများဝင်္ကပါနဲ့ သေခြင်းကုဒ်ရဲ့ သင်တန်းနှစ်ခုကနေ ရခဲ့တဲ့အမှတ်တွေကို ကျွန်တော့်တို့သုတေသနအဖွဲ့က လူလေးယောက်က အသုံးမပြုရသေးဘူး… လက်ရှိမှာ လူတစ်ယောက်စီ အမှတ် 1,440 ရှိပြီး စုစုပေါင်းအမှတ် 5,760 ရှိတာကြောင့် လုံလောက်ပါတယ်…"


ကျိုဖုန်း: "ဒါဆိုကောင်းပြီ… မင်းရဲ့ C-183 သုတေသနအဖွဲ့ကို တတိယအဆင့်အထိ တိုက်ရိုက်အဆင့်မြင့်လိုက်မယ်… ပြီးရင် ငါတို့ရဲ့သုတေသနအဖွဲ့တွေကို ဖျက်သိမ်းပြီး မင်းဘက်ကို ချက်ချင်း ‌ပေါင်းလိုက်မယ်… နောင်ကျရင် ရှင်းဝမ်က ခေါင်းဆောင်ဖြစ်လာလိမ့်မယ်…"


ယွဲ့ရှင်းဝမ်က ကျိုးနွံစွာပြောသည်။

"စီနီယာအစ်ကိုက ကျွန်တော့်ထက် တစ်နှစ်ကြီးတာပဲ… စီနီယာအစ်ကိုပဲ ခေါင်းဆောင်လုပ်လိုက်ပါလား?"


ကျိုဖုန်းက ရယ်သည်။

"ယဉ်ကျေးမနေပါနဲ့… မင်းဒီလိုပြောရင် စီနီယာအစ်ကိုလျှိုက ငါတို့ထက် နှစ်နှစ်ကြီးတာပဲ… ရှင်းဝမ်က ခေါင်းဆောင်ဖြစ်မှာအတွက် သဘောမတူရင် မင်းတို့လက်ကိုမြှောက်လိုက်…" 


လူတိုင်း: "…"


ယခု သူတို့လက်မြှောက်ပြီး သဘောမတူဘူးလို့ပြောသူက ဦးနှောက်ထိခိုက်နေလို့ပဲ ဖြစ်လိမ့်မည်။ 


ယခင် တက္ကသိုလ်မဟာမိတ်အဖွဲ့တွင် ကျိုဖုန်းသည် ကျောင်းသားကောင်စီကိုယ်စား စကားပြောဆိုရန် ယွဲ့ရှင်းဝမ်အား တောင်းဆိုခဲ့သည်။ ဤတစ်ကြိမ်တွင် ယွဲ့ရှင်းဝမ်ကို ခေါင်းဆောင်လုပ်ခိုင်းတာက လူတိုင်း၏မျှော်လင့်ချက်လည်း ဖြစ်သည်။ ထို့အပြင် ရှင်းယန်၊ ချင်ညီအစ်မများနှင့် ကျန်းရှောင်နျန်တို့အားလုံးကို ယွဲ့ရှင်းဝမ်မှ ခေါ်ဆောင်လာခဲ့သည်။


လျှိုကျောက်ချင်းက ပြုံးလိုက်သည်။

"ဒါက စီနီယာ၊ဂျူနီယာတွေ ဆွေးနွေးရမယ့် နေရာမဟုတ်ပါဘူး… ရှင်းဝမ်က အဖွဲ့ကို ‌ဦးဆောင်တာ အရမ်းကောင်းတယ်… သူက အဖွဲ့ခေါင်းဆောင်ဖြစ်တာကို ငါသဘောတူတယ်…" 


ဘွဲ့လွန်ကျောင်းသား စီနီယာအစ်ကိုတောင် ပြောနေပြီဖြစ်တာကြောင့် အခြားသူတွေလည်း ဘာထင်မြင်ချက်မှမရှိပေ။


ရှင်းယန်က ရုတ်တရက် မေးလာသည်။

"ငါမှတ်မိသလောက်ဆိုရင် အဖွဲ့ C က အပိုအမှတ်ရတာမလား?"


ယွဲ့ရှင်းဝမ်က ရှင်းပြသည်။

"အဲဒီတုန်းက ငါနဲ့ ဖျင်စစ်က အဖွဲ့ C ကို ရွေးခဲ့တာ… ဘာကြောင့်လဲဆိုတော့ အဖွဲ့ A ရဲ့ အရှိန်နဲ့ အဖွဲ့ B ရဲ့ ကိုယ်ကာယကြံ့ခိုင်မှုက ကန့်သန်ချက်တွေ အရမ်းများတာကို ငါတို့စိုးရိမ်ပြီး နောက်ပိုင်းမှာ ငါတို့က ဘာသာရပ်မတူတဲ့ အဖွဲ့ဝင်တွေ ထပ်ထည့်မယ်ဆိုရင် အဖွဲ့ C ရဲ့ အပိုအမှတ်နဲ့ ပိုပြီးပြည့်စုံလာလိမ့်မယ်…"


ရှင်းယန်က ခေါင်းငြိမ့်လိုက်သည်။

"အင်း… ငါတော့ ဘာထင်မြင်ချက်မှ မရှိဘူး…"


ချင်မြောင်: "ကိစ္စမရှိဘူး…"


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရွှင်မြူးစွာပြောလိုက်သည်။

"ဒါဆို ဆုံးဖြတ်လိုက်ပြီ! ငါက C-183 သုတေသနအဖွဲ့ကို တတိယအဆင့်အထိ အဆင့်မြင့်မယ်… အားလုံးက သူတို့အဖွဲ့ကို ဖျက်သိမ်းပြီး ငါဘက်ကို ပူးပေါင်းမယ်… ငါ၊ ဖျင်စစ်၊ စီနီယာအစ်ကိုလျှို၊ ရှောင်ခယ်တို့က သုတေသနအဖွဲ့အဆင့်မြင့်တင်ဖို့အတွက် ရမှတ်တွေကို ထုတ်ပေးရမယ်… ကျန်တဲ့သူအားလုံးက အဖွဲ့ရဲ့နေ့စဉ်ကုန်ကျစရိတ်တွေကို တစ်စုတစ်စည်းစီမံခန့်ခွဲမယ့် ဖျင်စစ်ဆီ အဖွဲ့ကြေး အမှတ် 300 ပေးမယ်… နောင်ကျရင် အားလုံး အတူတကွ ပူးပေါင်းလုပ်ဆောင်ပြီး အပြန်အလှန်နားလည်မှုနဲ့ ကြိုးစားကြမယ်…"


#TK