အပိုင်း ၅၈
Viewers 29k

Chapter 58


"ဘယ်လိုလုပ်ကြမလဲ... ရှအန်း ထွက်ပေါက်က ဆန့်ကျင်ဘက်ကြီးမှာ... အလင်းတန်းတွေသာ ငါတို့ကို ထိသွားရင် ထွက်လိုက်ရမှာပဲ... ပြီးတော့ ငါတို့နောက်မှာဇွန်ဘီတွေအများကြီးရှိနေသေးတယ်... နောက်ပြန်ဆုတ်လို့လည်း မရပြန်ဘူး...."


ပါဝင်ယှဉ်ပြိုင်သူ ခြောက်ယောက်လုံးက ပြေးရင်းလွှားရင်း ဆုံမိသွားကြခြင်းဖြစ်သည်။ အက်ရှင်ဇာတ်ကားများတွင်သာ မြင်ရလေ့ရှိသည့် လေဆာရောင်ခြည်တန်းများက ထွက်ပေါက်ရှေ့တွင် ရှိနေသည်ကို မြင်လိုက်ရသောအခါ သူတို့အားလုံး ရှုံ့မဲ့သွားကြသည်။


အဆုံးတွင် ထိုအလင်းတန်းများက အလွန်များပြားလွန်းပေသည်။


သာမန်လူများက ကိုင်တွယ်နိုင်မည်မဟုတ်ပေ။


ရွှယ်ယုကဲ့သို့သော အားကစားသမား အသားတုံးလတ်လတ်ဆတ်ဆတ်ကလေးပင် အနည်းငယ် ကြောက်လန့်နေလေသည်။


ပိုဆိုးသည်မှာ သူတို့နောက်တွင် ဇွန်ဘီများစွာ ရှိနေ၍ဖြစ်သည်။


သို့သော် ရွယ်ယုစကားမဆုံးမီ အနက်ရောင်ဝတ်စုံဖြင့် ရှအန်းက လေဆာလိုင်းများကို ဖြတ်ကျော်ရန် အဆင်သင့်ဖြစ်နေဟန် သွေးပူလေ့ကျင့်ခန်း လုပ်နေလေသည်။


"ရှအန်း... မင်း သေချာရဲ့လား..."


လျှို့နမ် ရှအန်းကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။ သူက အလျှင်လိုမနေသလို စိုးလည်းစိုးရိမ်မနေပေ။ သူ့စိတ်က အတော်လေး တည်ငြိမ်နေပေသည်။


ဤကောင်မလေးက စကားအများကြီးမပြောသလို ရယ်ရယ်မောမောမောသိပ်မရှိ သော်လည်း သူမကအတော်လေးယုံကြည်ရပြီးသူမနှင့်ဆိုလျှင် လုံခြုံသည်ဟု ခံစားရပေသည်။


မည်သို့ပင်ဆိုစေ ဤအချိန်တိုလေးအတွင်း သူ့ဘက်က သူမအပေါ် အထင်အမြင်ကောင်းရှိပေသည်။


"ငါ့ရဲ့နတ်ဘုရားမက လုံးဝကို အံ့ဩဖို့ကောင်းတာပဲ...."


ပရိတ်သတ်မောင်မောင်လေး ကျန်းချန်ကတော့ ရှအန်းက လုံးဝအံ့ဩဖို့ကောင်းကြောင်း ယုံကြည်နေပေသည်။ သူမက သူတို့အားလုံးကို အေးအေးဆေးဆေး အပြင်ခေါ်ထုတ်ပေးသွား လိမ့်မည်ဖြစ်သည်။


"နေကြပါဦး.... ကျွန်မတို့က ဘာများ လုပ်နိုင်မှာလဲ... ကျွန်မတို့နောက်တွင် ဇွန်ဘီတွေတစ်အုပ်လိုက်ကြီးက လိုက်နေတာလေ... သူမကို ထွက်ပေါက်ဖွင့်ပေးဖို့ စောင့်မနေနဲ့တော့... မဟုတ်ရင် ဇွန်ဘီတွေဆီက အဖမ်းခံရပြီး ထပ်အသတ်ခံရလိမ့်မယ်..."


ရှအန်း၏ ပုံစံက လူအုပ်ကြားထဲပျောက်နေသည့် ဟယ့်ရှောင်ရှောင်ကို မနာလိုဖြစ်စေသည်။


ထို့ကြောင့် သူတို့ ရိုက်ကူးနေဆဲဖြစ်သော်လည်း ဟယ့်ရှောင်ရှောင်က သူမ၏ခံစားချက်များကို မထိန်းချုပ်နိုင်ဘဲ ရိုင်းရိုင်းစိုင်းစိုင်းပြောမိသွားလေသည်။


သို့သော် ရိုင်းစိုင်းမှုကို ဖယ်ထုတ်လိုက်လျှင် ဟယ့်ရှောင်ရှောင်ပြောလိုက်သည်မှာ ပါဝင်ယှဉ်ပြိုင်သူတိုင်း၏ စိတ်ထဲတွင် တွေးနေသည့် အရာပင်ဖြစ်သည်။


"ဟုတ်တယ် ကျွန်တော်တို့ အရင်ဆုံး ထွက်ပြေးသင့်တယ်နော်... ဇွန်ဘီတွေ ထွက်သွားမှ ထွက်ပေါက်ကို နောက်တစ်ခေါက် ပြန်လာကြတာပေါ့..."


ရွှယ်ယု ပြောနေသည်ကို ရှုကျင်းယန်က ဝင်ဖြတ်လိုက်သည်။

"ဒီဇွန်ဘီတွေက ကျွန်တော်တို့ကိုတားဖို့ အခေါ်ခံထားရတာလေ... ဒီတော့ ကျွန်တော်တို့တွေ ထွက်ပေါက်ကို ဖြတ်ကျော်ဖို့ ကြိုးစားတိုင်း ဒီလိုပဲဆက်ဖြစ်နေလိမ့်မယ်... ဒီလိုဆိုမှတော့...."

ရှုကျင်းယန် မျက်ခုံးပင့်၍ အပြုံးလေးဖြင့် ပြောလိုက်သည်။ ထို့နောက် လေဆာရောင်ခြည်များကို ရှောင်ရှားရန် အသင့်ဖြစ်နေသည့် ရှအန်းကို ကြည့်လိုက်သည်။


"ဒီလိုဆိုမှတော့... ရှအန်းကို တစ်ခါလောက်ယုံကြည်ပေးလိုက်ကြတာပေါ့..."


"ကျွန်တော်လည်း သဘောတူတယ်... နတ်ဘုရားမက ကျွန်တော်တို့ကို လုံလုံခြုံခြုံ အပြင်ခေါ်ထုတ်ပေးသွားမှာ...."


"ငါလည်းသဘောတူတယ်..."


သုံးယောက် နှစ်ယောက်ဖြစ်နေသည်။ ဟယ့်ရှောင်ရှောင်နှင့် ရွှယ်ယုတို့က သဘောမတူသော်လည်း အခြားရွေးချယ်စရာမရှိပေ။


"ရှင်တို့ဒီ လက်နက်တွေကို သုံးလိုက်... ဇွန်ဘီတွေလာရင် သူတို့ကို တားဖို့ ကူညီပေး...."


သွေးပူအောင် လုပ်ပြီးနောက်တွင် အခြားပါဝင်ယှဉ်ပြိုင်သူများက သူမကိုယုံကြည်နေပြီး သူမ၏ အကြံဉာဏ်ကို နားထောင်ရန်ပြင်နေပုံကို မြင်လိုက်ရသည်။ သူမက သူမဘာသာ ထွက်ပြေးရန်သာ စီစဉ်နေခြင်းဖြစ်သည်။


"ငါသွားမယ်... ရှအန်း မင်းလောက်များတဲ့ လက်နက်တွေကို ဘယ်ကရှာလာတာလဲ..."


"ဝိုး... ငါ့ရဲ့နတ်ဘုရားမ.. ဟားဟားဟား နောက်ဆုံးတော့ ငါ့လက်ထဲ သေနတ်တစ်လက်ရောက်လာပြီကွ..."


လူတိုင်းက ရှအန်းပစ်ပေးလိုက်သော လက်နက်များကို ကိုင်ထားကြပြီး သူတို့ရင်ထဲတွင် ပျော်ရွှင်နေပြီး မကြာခင် နိုင်တော့မည်ဟူသော ခံစားချက်များကို ခံစားမိနေကြသည်။


သို့သော်  စောင့်ကြည့်ရေးအခန်းထဲရှိ ရှုလင်းနှင့် ဟန်ယွဲ့တို့က ကြက်သေသေသွားကြသည်။


ရှအန်း ဘယ်အချိန်က လက်နက်များယူသွားသလဲ သတိပင်မထားမိလိုက်ပေ။

သူမခန္ဓာကိုယ်မှာ လုံးဝကွက်တိကျနေအောင် ဖွက်ထားလို့များ ဘယ်သူမှ မရိပ်မိတာများလား....


"နတ်ဘုရားမ ကျေးဇူးပြုပြီး ကျွန်တော်တို့အပေါ် မှီခိုလိုက်စမ်းပါ... နတ်ဘုရားမက လေဆာရောင်ခြည်တန်းတွေကိုပဲ ဂရုစိုက်...."


ပထမဆုံး လေဆာလိုင်းကို ကျော်ဖြတ်ပြီးသွားပြီဖြစ်သော ရှအန်းက ထိုသည်ကို ကြားလိုက်သော်လည်း ဘာမှ ပြန်မပြောလိုက်ပေ။


သူမ နောက်ကျောဘက်တွင် မည်သူ့ကိုမှ ထားမည်မဟုတ်ပေ။


ဤသည်က ဂိမ်းတစ်ခုသာဆိုလျှင်၊ ရှိုးပွဲတစ်ခု၏ ရိုက်ကွင်းတစ်ခုသာဖြစ်လျှင်လည်း ဤလူအုပ်ကို ယုံကြည်မည်မဟုတ်ပေ။


သို့သော်လည်း သူမ၏ အတွေးများကို ထုတ်ပြောမည်တော့မဟုတ်ပေ။


ရှအန်း ပထမဆုံးလေဆာလိုင်းကို လွယ်လွယ်ကူကူဖြတ်ကျော်ပြီးနောက် ခါးကိုင်းလိုက်ကာ ဒုတိယလိုင်းကို ဖြတ်ကျော်ပြီး တတိယလိုင်းကို လည်းဖြတ်ကျော်ကာ စသည်ဖြင့် တစ်ခုပြီးတစ်ခု ဖြတ်ကျော်လိုက်သည်။


"မိုက်ချက်ကွာ... ငါ့ရဲ့နတ်ဘုရားမက ဂျင်သေချာဆော့ထားတယ်ထင်တယ်... သူမရဲ့ ပျော့ပြောင်းမှုက အံ့မခန်းပဲ..."


"သူမရဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ချက်တွေကလည်း လုံးဝကို အားကစားသမားတစ်ယောက်လိုပဲ... "


"ကြည့်ရတာ ငါတို့တကယ် လွတ်လောက်မယ်ထင်တယ်..."


"လုပ်စမ်းပါ... ဘာကို လွတ်လောက်မယ်လဲ လွတ်ကို လွတ်မှာ...."


ရှအန်းက သူမထုတ်ပြလိုက်သည့် အလွန်အမင်းကောင်းမွန်ပြီး ပြီးပြည့်စုံစွာ ပျော့ပြောင်းလှသော အရည်အချင်းဖြင့် လေဆာလိုင်းများကို အေးအေးလူလူဖြတ်ကျော်သွားသည်။


အထူးသဖြင့် ရှအန်း၏ ခန္ဓာကိုယ်သဏ္ဍာန်က လုံးဝ အံဝင်ခွင်ကျဖြစ်နေသည်။ ထိုခဏတွင် ကျန်ရှိသည့် ပါဝင်ယှဉ်ပြိုင်သူ ငါးယောက်က သူတို့ ဟောလီးဝုဒ်မှ အထူးeffectများဖြင့် ရိုက်ကူးထားသည့် ဇာတ်ကားတစ်ကားကို ကြည့်နေရသည်ဟုပင် ထင်မိလာတော့သည်။


တကယ့်ကို ပျော်စရာကြီးပဲ....


သို့သော် ခဏအကြာတွင် ထိုမြင်ကွင်းကို ပျော်ပျော်ကြီး မကြည့်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ကိုလည်း ဇွန်ဘီများ အဝိုင်းခံနေရ၍ဖြစ်သည်။


"ဇွန်ဘီတွေ ရောက်လာပြီဟေ့... မြန်မြန်တိုက်ခိုက်ပြီး ရှအန်းအတွက် အချိန်ဆွဲပေးထားကြ...."


ဇွန်ဘီများ လာနေသည်ကို မြင်သောအခါ အခြားပါဝင်ယှဉ်ပြိုင်သူများက လက်နက်ကိုင်စွဲ၍ ဇွန်ဘီများနှင့် တိုက်ခိုက်ကြတော့သည်။


ရှအန်း၏ ဦးဆောင်မှုဖြင့် ရိုက်ကွင်းတစ်ခုလုံးက တကယ့် ဇွန်ဘီစစ်ပွဲတစ်ခုနှင့် တူနေတော့သည်။


ပါဝင်ယှဉ်ပြိုင်သူ ခြောက်ယောက်လုံး "ဇွန်ဘီစစ်ပွဲ"နှင့် လုံးပန်းနေရချိန် အင်တာနက်အသုံးပြုသူများက သူတို့ကိုယ်ပိုင် စစ်ပွဲကို စတင်နေကြသည်။


"Come on Challenger"၏ ဒုတိယပုံများက စတင်ထုတ်ပြနေပြီဖြစ်သည်။ ထို့အပြင် ဧည့်သည်များ၏ နာမည်အရင်းများကိုပါ ချပြနေခြင်းဖြစ်သည်။


သို့သော် ထိုပုံများက အဓိကအချက်မဟုတ်ပေ။ အဓိကအချက်က မဲအများဆုံးရသော အနုပညာရှင်၏ပုံကို ခပ်များများတင်ပေးမည် ဟူသော အရာဖြစ်သည်။


ယခုတွင် ထိုအရာက အံ့ဩစရာဖြစ်နေချေပြီ။


မူလက သူတို့က ပရိုဂရမ်အဖွဲ့ကို ဒုတိယအမျိုးသမီး ပါဝင်ယှဉ်ပြိုင်သူနှင့် ပတ်သတ်၍ ကြေငြာချက်မထုတ်၍ ဆူပူနေကြခြင်းဖြစ်သည်။ ယခုတွင် ထိုလူများက မဲပေးရမည့်နေရာတွင် ပြုံတိုးနေကြတော့သည်။


အထူးသဖြင့် ရှုကျင်းယန်၏ပရိတ်များ၏ ပြင်းထန်လှသည့် မဲပေးမှုပင်ဖြစ်သည်။


ရှအန်း၏ ကောလဟာလကို စိတ်ဝင်စားသော အင်တာနက်အသုံးပြုသူများကတစ်ဖွဲ့ ရှုကျင်းယန်၏ပရိတ်သတ်များက တစ်ဖွဲ့ ရန်ဖြစ်ကြလေတော့သည်။


ထို့ကြောင့် နာမည်ကို မဖော်ပြရသေးမီ ရှအန်းတစ်ယောက် လူရှာဖွေမှုအများဆုံး စာရင်းထဲသို့ ရောက်သွားပြီး မဲတွေတစ်လှေကြီး ရသွားတော့သည်။