အပိုင်း ၅၉
Viewers 29k

Chapter 59


[မင်းမှာ တစ်မဲရှိတယ် ငါ့မှာတစ်မဲရှိတယ်... ငါတို့မဲတွေစုပေါင်းပြီး ဒုတိယအမျိုးသမီးဧည့်သည်ကို ပွဲဦးထွက်ခိုင်းရအောင်ပါ...]


[အလှဆုံးနဲ့ ပဟေဠိဆန်တဲ့အမျိုးသမီးဧည့်သည်.. မင်းက ငါ့ရဲ့မဲနဲ့ ထိုက်တန်ပါတယ်...]


အွန်လိုင်းမဲပေးစနစ်ကြောင့် အင်တာနက်အသုံးပြုသူများက အခြား ရသစုံရှိုးများကို အာရုံမစိုက်တော့သလို "Come one Challenger" ကိုလည်း အာရုံမစိုက်ပဲ ရှိုးမှ ဒုတိယအမျိုးသမီးဧည့်သည်ကိုသာ စိတ်ဝင်စားနေကြသည်။


ရှိုးက အလွန်အမင်း အောင်မြင်လာခဲ့သည်။


ရုပ်ရှင်အင်ပါယာ ရှုကျင်းယန်က ရှအန်း၏ မဲရလဒ်နှင့် အကွာကြီးကွာနေပြီး သူမကို မဲပေးသူများကြောင့် မဲအရေအတွက်က အများကြီးလျော့နေသည်။


၎င်းက ရှုကျင်းယန်၏ပရိသတ်များကို ပေါက်ကွဲသွားစေပြီး အပြိုင်အဆိုင်မဲပေးရင်း မဲပေးပြိုင်ပွဲဖြစ်လာတော့သည်။


ရှုကျင်းယန်၏ သစ္စာရှိဖန်များကြောင့်လည်းကောင်း ရှအန်း၏ အလှကို သဘောကျပြီး သိချင်နေသည့် လူအုပ်ကြီးကြောင့်လည်းကောင်း "Come on Challenger"က ငွေတပြားမှ မပေးရဘဲ အလကားကြော်ငြာပေးခံနေရသလို ဖြစ်နေသည်။


ပါဝင်ယှဉ်ပြိုင်သူများ၏ ပရိတ်သတ်များက ဝက်ဘ်ဆိုက်တစ်ခုလုံးကို ပေါက်ကွဲထွက်သွားစေသည်။ ပုံမှန်လွှမ်းမိုးမှုမဟုတ်ပဲ တောမီးကဲ့သို့ တစ်ဆင့်ပြီးတစ်ဆင့် ပိုပိုပြီး လူသိများလာခြင်း ဖြစ်သည်။


၎င်းက "Come on Challenger"၏ PR အဖွဲ့ ဝန်ထမ်းများက ဟန်ယွဲ့၏ အမြင်နှင့် နည်းလမ်းများကို လေးစားသွားစေသည်။


သို့သော် မရေမတွက်နိုင်သည့် ဝန်ထမ်းများဆီမှ လေးစားခြင်းခံနေရသော ဟန်ယွဲ့က စိတ်ရှုပ်ထွေးနေရသည်။


"ဟန်ယွဲ့ ငါတော့ ရှအန်းကို ရသစုံအားကစားရှိုးတွေ မရိုက်သင့်ဘူးထင်တာပဲ... သူမက အရမ်းသန်မာလွန်းနေတော့ အခြား ပါဝင်ယှဉ်ပြိုင်သူတွေကို အသုံးမဝင်သလို ဖြစ်သွားစေတယ်..."


မော်နီတာပေါ်တွင် ရှအန်းကလေဆာလိုင်းများကို ဖြတ်ကျော်ကာ ထွက်ပေါက်သို့ ရောက်နေပြီဖြစ်သည်။


ဟန်ယွဲ့က ဖန်သားပြင်ပေါ်ရှိ လှပပြီး သန်မာလှသော အမျိုးသမီးကို ကူကယ်ရာမဲ့စွာ ကြည့်နေသည်။


ဒါက သူစိတ်ကူးထားတာနဲ့ တခြားဆီပဲလေ...


မူလက သူ၏စိတ်ကူးထဲတွင် ရှိုး၏ ဇာတ်ကွက်တစ်ခုလုံးက သူ့ထံမှ ထိန်းချုပ်ခံထားရမည်ဖြစ်သည်။


သို့သော်  ယခုတွင်တော့...


မူလကတည်းက သူ၏ထိန်းချုပ်မှုတွင် ရှိရမည်ဖြစ်သော ရှအန်းက ခေါင်းဆောင်ပင်ဖြစ်နေလေပြီ။


သူတို့သာ သူမကို အခြားပါဝင်ယှဉ်ပြိုင်သူများနှင့်အတူ အမှန်တကယ် ထွက်သွားခွင့်ပေးလိုက်မည်ဆိုလျှင် ရှိုးအတွက် မည်သည့်ဇာတ်ကွက်မှ ကျန်တော့မည် မဟုတ်တော့ပေ။


(╯ ‵ □ ′) ╯︵┻━┻


၎င်းက ပါဝင်ယှဉ်ပြိုင်သူများကို အသစ်ကစားရမည့် နေရာသို့ ရောက်သွားစေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ယခုတွင် သူ သူမကို ချစ်လည်းချစ်သလို မုန်းလည်း မုန်းနေပြီဖြစ်သည်။


ရိုက်ကူးရေး အဖွဲ့သားများက မည်သူမှကျော်ဖြတ်နိုင်မည် မဟုတ်ဟု ထင်ထားသော လေဆာလိုင်းများကို အေးအေးဆေးဆေးဖြတ်ကျော်ပြီး သူမ ထွက်ပေါက်ဆီ လုံခြုံစွာ ရောက်သွားခဲ့သည်။


"OK.."


လေဆာရောင်ခြည်လိုင်းများကို ဖြတ်ကျော်ပြီးနောက်တွင် ရှအန်းက တံခါးဖွင့်ရန် ခလုတ်များကို ဖိချလိုက်သည်။


လေဆာလိုင်းများက ချက်ချင်းလက်ငင်း ပျောက်ကွယ်သွားသည်။ သူမ အခြားပါဝင်ယှဉ်ပြိုင်သူများက ဇွန်ဘီများနှင့် ချနေဆဲဖြစ်သည်ကို မြင်သောအခါ သူတို့ကို မြန်မြန်လာရန် အော်ခေါ်လိုက်သည်။


"ဒီကိုလာခဲ့ကြတော့... တံခါးက ပွင့်နေပြီ..အရင်ဆုံး အပြင်ထွက်ကြအောင်..."


အခြားပါဝင်ယှဉ်ပြိုင်သူငါးယောက်က ရှအန်းပြောသည်ကို ကြားသောအခါ စိတ်သက်သာရာ ရသွားရသည်။


ထိုဇွန်ဘီများက လူများဖြစ်ကြောင်း သိကြသော်လည်း သူတို့မျက်နှာရှိ မိတ်ကပ်များက အလွန်အစစ်အမှန်ဆန်လှ၍ ထိုဇွန်ဘီများက သူတို့၏ ခန္ဓာကိုယ် တစ်နေရာရာကိုသာ ထိသွားခဲ့လျှင် ဇွန်ဘီဗိုင်းရပ်စ် အမှန်တကယ်ကူးစက်ခံရပြီး သူတို့ပါဇွန်ဘီများ ဖြစ်လာတော့မည်ဟု ခံစားနေရသည်။


ကူးစက်ခံလိုက်ရခြင်းဆိုသည်မှာ နောက်ထပ် ရိုက်ကွင်းတွင် သူတို့ ပါဝင်၍မရတော့ခြင်းပင် ဖြစ်သည်။


၎င်းက မည်သည့်ပါဝင်ယှဉ်ပြိုင်သူမဆို မလိုချင်သည့် ရလဒ်ဖြစ်သည်။


အဆုံးတွင် ရှိုးတွင်းဆက်ရှိနေခြင်းသည် သူတို့ကို လူသိများလာစေမည် ဖြစ်သည်။


"ကောင်းတယ်...."


ဇွန်ဘီများ နီးကပ်လာသည်နှင့် အမျှ ပါဝင်ယှဉ်ပြိုင်သူ ငါးယောက်လုံးပါ ဘေးကင်းရာသို့ မြန်မြန်ထွက်ပြေးကြတော့သည်။


သို့သော် ကံဆိုးစွာဖြင့် သူတို့ အချိန်အတော်ကြာ တိုက်ခိုက်ခဲ့ရသဖြင့် သူတို့၏သေနတ်များတွင် ကျည်ဆန်များ မရှိတော့ပေ။ ထို့အပြင် ဇွန်ဘီများကလည်း နီးသည်ထက် နီးကပ်လာလေသည်။


"နတ်ဘုရားမ ကူညီပါဦး...."

ဇွန်ဘီတစ်ကောင်က သူ့ကို ဖမ်းမိခါနီးတွင် ကျန်းချန်က ရှအန်းကို ခပ်မြန်မြန် အကူအညီတောင်းလိုက်သည်။


သူမ ဘွတ်ဖိနပ်ထဲရှိ ပစ္စတိုကို ထုတ်လိုက်သည်။


သူမ လူကယ်ရန် လုပ်နေခြင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော်...


သူမ လေဆာလိုင်းများကို ဖြတ်ကျော်နေစဉ်တွင် အခြားလူများက ဇွန်ဘီအများကြီးကို ပစ်ပြီးကြပြီဖြစ်သည်။


သူတို့အတွက် ထိုဇွန်ဘီများက အမှတ်များသာ ဖြစ်ကြသည်။


ရှအန်း၏ ပစ်ချက်များကြောင့် ဇွန်ဘီတစ်အုပ်ကြီးက ခပ်မြန်မြန်လဲကျသွားတော့သည်။ ၎င်းက ပါဝင်ယှဉ်ပြိုင်သူငါးယောက်ကို အသက်ရှူချောင်သွားစေသည်။


သူတို့တွင်လည်း ထွက်ပြေးရန် အချိန်ရလာတော့သည်။


"မစ္စတာလျှို့အရင်သွားလိုက်ပါ... ကျွန်တော်တို့ လူငယ်တွေက သူတို့ကို တားနိုင်ပါသေးတယ်..."


ဇွန်ဘီများ များလာသည်နှင့် အမျှ သူတို့ငါးယောက်လုံး တစ်ပြိုင်တည်း ထွက်ပြေး၍ မရတော့ပေ။


ဤအခြေအနေတွင် သူတို့ တစ်ယောက်ချင်းဆီ ပြေးမရပေတော့မည်။ သူတို့ အကုန် တပြိုင်တည်း ထွက်ပြေးလိုက်ပါက ဇွန်ဘီများက သူတို့ကို ချက်ချင်းဖမ်းမိသွားပေ လိမ့်မည်ဖြစ်သည်။


ထို့ကြောင့် လူကြီးနှင့် အမျိုးသမီးများကို အရင်ထွက်ပြေးစေရန် ဆုံးဖြတ်လိုက်ကြသည်။