အပိုင်း ၆၀
Viewers 29k

Chapter 60


"ကောင်းပြီလေ..."


လျှို့နမ်က အရင်ဆုံး လျှင်မြန်စွာဖြင့် ဘေးကင်းရာသို့ ထွက်ပြေးတော့သည်။


"ဟယ့်ရှောင်ရှောင် မင်းလည်းပြေးတော့...."


လျှို့နမ် လုံခြုံစွာ ထွက်ပြေးသွားသည်ကိုမြင်သည်နှင့် အမျိုးသမီး ပါဝင်ယှဉ်ပြိုင်သူဖြစ်သည့် ဟယ့်ရှောင်ရှောင်ကို ထွက်ပြေးခိုင်းလိုက်သည်။


သို့သော် အင်တာနက်ဆယ်လီဟယ့်ရှောင်ရှောင်က ဘာတွေစဉ်းစားနေလဲမသိပေ။ သူမခေါင်းထဲရေဝင်နေ၍လားမသိ ထွက်မပြေးပေ။


"မပြေးဘူး... ကျွန်မ ရှင်တို့နဲ့အတူ တိုက်ခိုက်မယ်... ကျွန်မ သတ္တိကြောင်တဲ့လူ မလုပ်နိုင်ဘူး..."


"..."


သူမပြောသည်ကို ကြားပြီးနောက် လူတိုင်း ခဏမျှ တိတ်ဆိတ်သွားပြီး ဘာပြန်ပြောရမလဲပင် မသိတော့ချေ။


ထိုကောင်မလေးပြောလိုက်သည်က ရှအန်းနှင့် လျှို့နမ်ကို တိုက်ရိုက်အပြစ်တင်လိုက်ခြင်းဖြစ်သည်။


သို့သော် ဟယ့်ရှောင်ရှောင်၏ ပစ်ချက်များက အလွန်အမင်း နုံချာလှသည်။


ဆယ်ချက်ပစ်သော်လည်း ဇွန်ဘီတစ်ကောင်ကိုမှ မထိပေ။


အကယ်၍ လူတိုင်းက သူမကို မိန်းမငယ်လေးအဖြစ် မဆက်ဆံနေဘူးဆိုပါက သူမ၏ သေနတ်ကို သိမ်းထားတာကြာလှပြီဖြစ်သည်။


၎င်းက ကျည်ဆန်အလကား ဖြုန်းတီးမှုဖြစ်ပေသည်။


"သောက်ကျိုးနည်း.. မင်းမသွားဘူးမလား...ရတယ် ငါသွားမယ်...."


ကျန်းချန်က ဟယ့်ရှောင်ရှောင်ထက် ငယ်ရွယ်ပေသည်။ သူက အမျိုးသမီးပါဝင်ယှဉ်ပြိုင်သူကို မျက်နှာသာမပေးတော့ဘဲ မျက်စောင်းတစ်ချက်သာထိုးပြီး ထွက်ပြေးတော့သည်။


တစ်ယောက်ပြီးတစ်ယောက် ဘေးကင်းရာသို့ ရောက်သွားသည်ကို ကြည့်ပြီးနောက် မော်နီတာကို  ကြည့်နေသောဟန်ယွဲ့က အကြံတစ်ခု ရသွားခဲ့သည်။


"ကျန်နေတဲ့ဇွန်ဘီတွေကို အသန်မာဆုံး ပုံစံတွေနဲ့ တိုက်ခိုက်ခိုင်းလိုက်တော့... ဘေးကင်းရာမရောက်သေးတဲ့ ကျန်တဲ့ ပါဝင်ယှဉ်ပြိုင်သူ သုံးယောက်လုံးကို ရအောင်ဖမ်းခိုင်းလိုက်တော့.."

သူ ခပ်လှောင်လှောင်ပြုံးရင်း ဝေါ်ကီတော်ကီမှတစ်ဆင့် ပြောလိုက်တော့သည်။


ရှအန်းနှင့် အခြားပါဝင်ယှဉ်ပြိုင်သူ အနည်းငယ့ လွတ်မြောက်သွားသော်လည်း သူဘာဆက်လုပ်ရမလဲ သိသွားပြီဖြစ်သည်။


...


"အား... နင်တို့တွေ ရူးသလိုဟန်ဆောင်နေကြတာလား.... ငါ့ကိုတောင် ဖမ်းရဲတယ်ပေါ့လေ...."


ရုတ်တရက် စူးရှကျယ်လောင်ကာ ဒေါသသံပါသော အသံတစ်ခု ထွက်ပေါ်လာသည်။


ထွက်မပြေးသော ဟယ့်ရှောင်ရှောင်တစ်ယောက် ဇွန်ဘီများထံ အဖမ်းခံလိုက်ရပြီဖြစ်သည်။


"ဟယ့်ရှောင်ရှောင်ကို ဇွန်ဘီဗိုင်းရပ်စ် ကူးသွားပါပြီ... အထုတ်ခံလိုက်ရပါပြီ...."


မကြာမီ ဟယ့်ရှောင်ရှောင် အထုတ်ခံလိုက်ရပြီဟူသော ကြေငြာသံထွက်ပေါ်လာသည်။


အခြားပါဝင်ယှဉ်ပြိုင်သူများ ထိုသတင်းကိုကြားသောအခါ အနည်းငယ် တုံ့ဆိုင်းသွားကြသည်။


"ရှုကျင်းယန်... ဘာတွေဖြစ်နေတာလဲ... ဇွန်ဘီတွေက ပိုကြမ်းတမ်းလာပြီးပိုမြန်လာတာ မင်းသတိထားမိလား...."


ရွှယ်ယုစကားမဆုံးမီ သူ၏အာရုံခံ ကိရိယာကို အခြားဇွန်ဘီများက ဖမ်းမိသွားလေသည်။


ထို့ကြောင့် ခဏအကြာတွင် ရွှယ်ယုအထုတ်ခံလိုက်ရပြီဟူသော ကြေငြာချက် ထွက်ပေါ်လာပြန်သည်။


ရှုကျင်းယန် သူ၏အဖော်များ တစ်ယောက်ပြီးတစ်ယောက် အထုတ်ခံလိုက်ရသည်ကို မြင်လိုက်ရသည်။ အခြေအနေမဟန်တော့မှန်း သိလိုက်ရ၍ အနောက်သို့ ဂရုတစိုက် ပြေးတော့သည်။


သို့သော်


"အာ... အဲ့တာ ငါ့ကို ကိုက်လိုက်တဲ့ ဇွန်ဘီလေးပဲ...."


ကျန်းချန် မနက်စောစောက သူ့ကို ကိုက်ခဲ့သော ဇွန်ဘီလေးကိုမြင်လိုက်ရသည်။ ထိုဇွန်ဘီလေးက ရှုကျင်းယန်၏နောက်ကျောဘက်သို့ ပြေးလာနေသည်။


ထိုအခြေအနေအရ ထိုဇွန်ဘီလေးက ရှုကျင်းယန်ကို ကိုက်ပြီး အထုတ်ခံရအောင် လုပ်နေမှန်း သိလိုက်ရသည်။


"နတ်ဘုရားမ... အဲ့ဒီ့ဇွန်ဘီလေးကို မြန်မြန်ပစ်လိုက်... အဲ့ဒီ့ဇွန်ဘီလေးက အဆိုးဆုံးပဲ..."


ကျန်းချန် ရှအန်းကို ပြောလိုက်သည်။ သူ ရှအန်းကို ရှုကျင်းယန်ကိုကယ်ရင်း သူ့အတွက်ပါ လက်စားချေပေးစေချင်သည်။


ရှအန်းက သူမလက်ကိုမြှောက်ပြီး ထိုဇွန်ဘီလေးကို ချိန်လိုက်သော်လည်း မပစ်လိုက်ပေ။


"ရှုကျင်းယန် ဇွန်ဘီဗိုင်းရပ်စ် အကူးခံလိုက်ရပြီ... သူအထုတ်ခံလိုက်ရပါပြီ..."


ရှုကျင်းယန် ခေါင်းငုံ့ကာ သူ့ပေါင်ကို ဖက်ပြီး သူ့ကို ကိုက်နေသော ဇွန်ဘီလေးကို ကြည့်လိုက်သည်။


သူ အထုတ်ခံလိုက်ရပြီပေါ့လေ...


ပါဝင်ယှဉ်ပြိုင်သူမျာထဲတွင် အမြင့်ဆုံးအနေအထားဖြစ်သော ရှုကျင်းယန် အထုတ်ခံလိုက်ရမည်ဟု မည်သူမှ မထင်ခဲ့ပေ။


သိထားရန်မှာ ပရိုဂရမ်အဖွဲ့က တစ်ရက်တည်း ရိုက်ကူးမည်ဟု ပြောမထားခဲ့ပေ။


သုံးရက်တာ ရိုက်ကူးမည်ဟု ပြောခဲ့ခြင်းဖြစ်သည်။


"အား... ဘုရားရေ... ရှုကျင်းယန် အထုတ်ခံလိုက်ရပြီတဲ့လား.."


ကျန်းချန် ထိုမြင်ကွင်းကို မယုံကြည်နိုင်စွာကြည့်ပြီး ရှအန်းကို ပြန်လှည့်ကြည့်လိုက်သည်။


"နတ်ဘုရားမ... ဘာလို့ အဲ့ဒီ့ဇွန်ဘီလေးကို မပစ်လိုက်ရတာလဲ... သူက ကလေးတစ်ယောက်ဖြစ်နေလို့လား..."


"မဟုတ်ဘူး.. သူက ငါ့သားဖြစ်နေလို့ပဲ..."