အပိုင်း ၆၁
Viewers 29k

Chapter 61


" မဟုတ်ဘူး ... သူက ငါ့သားဖြစ်နေလို့ ..."


ရှအန်းထံမှ ထွက်လာသည့်စကားများကို ကြားလိုက်ရသည့်အခါ အားလုံး အံ့အားသင့်သွားသည်။


အကိုက်ခံရသည့် ရှုကျင်းယန်သည်ပင် ထိတ်လန့်သွားသည်။ 

  

ခေါင်းငုံ့၍ သူ၏ပေါင်ကို တင်းတင်းကျပ်ကျပ်ကိုင်ထားသည့် အကောင်ပေါက်လေးကိုကြည့်ပြီး နှလုံးသားထဲ နာကျင်သွားသည်။


ဒီအကောင်ပေါက်လေးကို သူဘယ်လို စော်ကားမိလို့လဲ ...


ဒါ သူတို့ရဲ့ ပထမဆုံးအကြိမ်တွေ့ဆုံခြင်းလေ ဟုတ်တယ်မလား ...


ဒါပေမဲ့ သူ့မျက်လုံးတွေထဲမှာ ရွံရှာမုန်းတီးမှုတွေကို မြင်နေရတယ် ...


ထင်ယောင်ထင်မှား ဖြစ်တာများလား ...


  “ဂရူး ~!”


ကျန်းချန်သည်လည်း ဤဇွန်ဘီအသေးလေး၏ အကိုက်ခံလိုက်ရသည်။ ထိုဇွန်ဘီဆိုးလေးက သူ၏နတ်ဘုရားမလေး၏ သားဖြစ်နေသည့်အတွက်ဘာလုပ်ရမည်မသိ ဖြစ်သွားသည်။


ယခုပင် သူ အမှတ်တမဲ့ဖြင့် ထိုကလေးအကြောင်း မကောင်းပြောမိသွားသဖြင့် ထိတ်ထိတ်ပြာပြာ ဖြစ်သွားသည်။

  

ရှအန်း၏စွမ်းရည်ကို အသုံးပြု၍ လက်စားချေစေချင်သည့်ကျန်းချန် ဆွံ့အသွားသည်။


" နတ်ဘုရားမလေး မင်းရဲ့သားလေးက အရမ်းတော်တာပဲ ... တကယ်ကို မင်းလိုပုံစံမျိုးလေးပဲ ... သူ ငါတို့နှစ်ယောက်လုံးကိုတောင် ထုတ်ပယ်လိုက်တယ် ..."

သူ အရှက်မဲ့စွာ ပြောလိုက်သည် ။


ထိုစကားများကို ကြားသည့်အခါ လျှို့နမ် မျက်ဆံလှန်လိုက်သည်။


ရှအန်းက အလွန်ပျော်ရွှင်နေပုံပင်။ သူမက " ငါ့သားလေးက တော်လိုက်တာ " ဟူသည့်အမူအရာဖြင့် အော်ဟစ်ချင်သည့်ပုံပင်။


သူမကို ဝန်းရံထားသည့် ဇွန်ဘီများကို ကြည့်ပြီး နှုတ်ခမ်းများ ကွေးညွှတ်၍ ကျန်းချန်ကိုကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

" ကောင်းပြီ သွားရအောင် ... ဒီနေရာက အရင်ထွက်ကြမယ် ... ရှင် အရင်သွားပါ ကျွန်မနောက်က လိုက်လာမယ် ‌..."


" ကောင်းပါပြီ နတ်ဘုရားမလေး သဘောပါပဲ ..."


အမြဲတမ်း ပုန်ကန်တတ်သော ရော့ခ်မင်းသားလေးကျန်းချန်က ယခုအချိန်တွင် ရှအန်း၏အမိန့်ကို သိုးငယ်လေးကဲ့သို့ အလွန်နာခံနေသည်။


အခြားနှစ်ယောက် ထွက်သွားသည့်အခါ ရှအန်းက ဇွန်ဘီများကို မြန်ဆန်စွာ တိုက်ခိုက်လိုက်သည်။


ကမ္ဘာပျက်ကပ်နေ့ရက်များတွင် အတွေ့အကြုံရှိထားသူဖြစ်၍ ရှအန်းက ဇွန်ဘီများ၏ ခေါင်းကိုသာ တိုက်ခိုက်ပြီး အခြားအစိတ်အပိုင်းများကို မတိုက်ခိုက်ပေ။ 


 ယင်းကြောင့် သူမအား တိုက်ခိုက်သည့် မည်သည့် ဇွတ်ဘီမဆို လှုပ်ရှားနိုင်စွမ်း ဆုံးရှုံးသွားစေသည်။


 မကြာမီ ဇွန်ဘီအုပ်လိုက်ကြီးက သူမကို ကြောက်ရွံ့သွားပြီး အနားမကပ်ရဲ ကြတော့ပေ။ 


ထိုအချိန်တွင် ရှအန်း အနောက်ဖက်တံခါးမှ မလွတ်မြောက်သေးသော်လည်း မျက်နှာပေါ်တွင် ရုပ်ဆိုးသောမိတ်ကပ်များဖြင့် ဇွန်ဘီငယ်လေးဆီသို့ လျှောက်သွားလိုက်သည်။

 

" ရှောင်ရှင်း ... ဘာလို့ ဒီလိုဖြစ်နေတာလဲ ...လူတွေကအများကြီးကို တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ..."


ရှအန်း ထိုင်ချလိုက်ပြီး အကောင်ပေါက်လေးကို စိုးရိမ်တကြီးဖြင့် ကြည့်နေသည်။


သူမ အစီအစဉ်ရိုက်ကူးနေချိန်၌ ဤလိမ္မာသော ကလေးလေးနှင့် ဆုံတွေ့ရမည်ဟု မထင်မှတ်ထားပေ။


 ထို့ပြင် အကောင်ပေါက်လေးက သူမရှေ့တွင် ဤပုံစံဖြင့် ပေါ်လာသည်။


 သူမမျက်လုံးများသာ မကောင်းပါက ထိုကလေး၏ခေါင်းကို ရိုက်ခွဲမိသွားနိုင်သည်။


 " ရပါတယ် ... အန်ကယ်ဟန်က သားဖို့ သက်တော်စောင့်တွေ ထည့်ပေးထားတယ် ... ပြီးတော့ပြောသေးတယ် သားက ပါဝင်သူတွေကို အထုတ်ခံရအောင်လုပ်ပေးရင် ဘောနပ်စ်ပေးမယ်တဲ့ ..." 


ရှအန်း အကောင်ပေါက်လေးပြောသမျှကို နားထောင်ပြီး ရယ်လိုက်မိသည်။


ထိုကလေးက သူမနှင့် တဖြည်းဖြည်းတူလာသည်ကို သတိပြုမိသွားသည်။


အကောင်ပေါက်လေးက ရှအန်းနားကပ်၍ တီးတိုးပြောလိုက်သည်။

" ဒါပေမဲ့ မာမား စိတ်မပူပါနဲ့ ... သားက မာမားကိုမထုတ်ဘူး ... တခြားသူတွေ ထွက်ရအောင်လုပ်ပြီး မာမား ပထမရအောင် လုပ်ပေးမယ် ..."


" ကလေးစုတ်လေး ... မာမားက မင်းရဲ့အကူအညီ မလိုပါဘူး ..."


ရှအန်းပြုံးပြီး ခေါင်းခါပြလိုက်ကာ သူမလက်ဖြင့် အကောင်ပေါက်လေး၏ ခေါင်းကိုထိလိုက်သည်။ ထို့နောက် သူ၏ခေါင်းပိစိလေးကို နမ်းလိုက်သည်။


ရှအန်းသူ့ကို နမ်းလိုက်ချိန်တွင် သူက အရည်လဲ့နေသောမျက်လုံးများဖြင့် ပြန်ကြည့်ပြီး ရှက်ကိုးရှက်ကန်း ရေရွတ်လိုက်သည်။ 

" မာမား သားအခု ရုပ်ဆိုးနေလား ..."

 

ရှက်နေသော ကလေးလေးကိုကြည့်ကာ ကလေးတစ်ယောက်ကို စောင့်ရှောက်ရခြင်းက စိတ်ဝင်စားစရာကောင်းသည်ဟု သူမတွေးမိသွားသည်။


" ရုပ်မဆိုးပါဘူး မာမားသားလေးက အချောဆုံးပဲ ..."


ရှအန်း အကောင်ပေါက်လေး၏ ပါးကို ထပ်နမ်းလိုက်ပြီး တောက်ပစွာ ပြုံးလိုက်သည်။


ကွဲပြားစွာ ဝတ်ဆင်ထားသည့် သားအမိနှစ်ယောက်ကို အခြားသူများ ကြည့်နေကြသည်။ သူတို့သည်လည်း နွေးထွေးသောလေထုကို ကူးစက်ခံရပြီး မည်သူမျှ နှောင့်ယှက်ရန် ရှေ့မထွက်လာကြပေ။


ရှုကျင်းယန်က ရှအန်းကို သူမ၏သားလေးက သူ့ကိုအဘယ့်ကြောင့်ရန်လိုနေကြောင်း မေးချင်သော်လည်း သူမ၏ မျက်နှာပေါ်တွင် တောက်ပနေသည့် အပြုံးတစ်ပွင့်ကြောင့် သူအရည်ပျော်သွားသလိုပင်။


ထိုအပြုံးကို မြင်သည့်အခါ သူမက လူကောင်းတစ်ယောက်ဟုပင် ခံစားလိုက်မိသည်။ 

တခြားလူတွေ ပြောနေသလို သူများမိသားစုကို ဖျက်ဆီးတဲ့လူမျိုး မဖြစ်နိုင်လောက်ပါဘူး ...


  …


" ငါသိနေတယ် ... ငါသိနေတယ် ..."

  

မော်နီတာခန်းထဲတွင် ဟန်ယွဲ့ ထိုမြင်ကွင်းကိုကြည့်ပြီး ရယ်လိုက်သည်။

" ဟားဟားဟား ရှောင်ရှင်းကို ပို့လိုက်ရင် ရှုကျင်းယန်အထုတ်ပယ်ခံရမယ်ဆိုတာ ငါသိနေတယ် ... ရှအန်းရဲ့ အားနည်းချက်က သူမရဲ့ သားလေးပဲ ..."


အရူးတစ်ပိုင်းဖြစ်နေသော သူငယ်ချင်းဖြစ်သူကိုကြည့်ပြီး ရှုလင်း ခေါင်းခါလိုက်သည်။


" ဟန်ယွဲ့ ငါပြောထားတယ်နော် ... ရှောင်ရှင်းက ရှအန်း ထုတ်ပယ်ခံရဖို့ ကူညီမယ်လို့ မမျှော်လင့်ထားနဲ့ ..."

  

" ငါသိပါတယ် ငါလည်း အဲ့လို မမျှော်လင့်ထားပါဘူး ... အခုမှ ရှိုးပွဲကောင်းကောင်းတစ်ခု စလာတာလေ ... ဒီရှိုးမှာ စွမ်းအားကွာဟမှုကို ဟန်ချက်ညီဖို့အတွက် အခုပဲ  စည်းမျဉ်းတွေကို နောက်တစ်ကြိမ် ပြန်သတ်မှတ်တော့မယ် ..."

 

ရှအန်းက သူ့ရဲ့ စမ်းသပ်ခန်းထဲ လွယ်လွယ်ကူကူ ဝင်လာပြီဆိုတော့ Plan Bကို ပြင်ဆင်ရတော့မှာပေါ့ ...


၎င်းက ဇွန်ဘီအဖွဲ့မှပါဝင်သူများ V.s ရောဂါပိုး ကူးစက်မခံရသေးသည့် လူအုပ်စုတို့ ဖြစ်သည်။


 ရှအန်း၏ စွမ်းရည်များက အလွန်ကောင်းမွန်သည့်အတွက် ကန့်သတ်ချက်တစ်ချို့ ပေးပြီး အားနည်းအောင်ကြိုးစား ရမည်ဖြစ်သည်။


ဇွန်ဘီအဖွဲ့တွင် ပါဝင်သူများအနေဖြင့် ၎င်းတို့အား သန်မာစေရမည်ဖြစ်သည်။

အဲဒါကြောင့် ပရိုဂရမ် စည်းမျဉ်းတွေကို သူ ဘက်လိုက်ထားတယ် ...


အဲ့ဒါတွေကို တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားနေပြီ ...

  

  " ဟေး ... မင်းအခုရော တော်နေဦးမယ်ဆိုတာ ငါမယုံဘူး ရှအန်း ..."