Chapter 63
အင်တာနက်ပေါ်တွင် ရှအန်း၏ဓာတ်ပုံနှင့် ရှုကျင်းယန်၏ voting battleတို့ကြောင့် ဤရှိုးက ကွန်ယက်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။
ပါဝင်သူအနေဖြင့် ရှအန်းက မထုတ်ပယ်ရသေးသည့် ကျန်ပါဝင်သူနှစ်ယောက်ကို ဦးဆောင်ကာ ဇွန်ဘီဖြစ်သွားသောပါဝင်သူများနှင့် ပြင်းထန်စွာတိုက်ခိုက်ခဲ့သည်။
စည်းမျဉ်းသစ်အမျိုးမျိုးကြောင့် မထုတ်ပယ်ခံရသေးသည့် ပါဝင်သူသုံးယောက် ဒုက္ခရောက်ခဲ့ရသည်။
သို့သော်လည်း ယျေဘုယျအားဖြင့် ရှအန်းက မကောင်းဆိုးဝါးကြီး ဖြစ်နေဆဲပင်။ မည်သည့်စည်းမျဉ်းများက သူမကို ပိတ်ပင်ထားပါစေ ဇွန်ဘီ သို့မဟုတ် တောနက်ထဲမှ တောရိုင်းတိရစ္ဆာန်များ ဖြစ်နေသော်လည်း သူမအတွက် ဘာမှမဟုတ်ပေ။
အချက်အလက်ကျကျ ပြောရလျှင် ချက်ပြုတ်ခြင်းနယ်ပယ်၌ ရှအန်းသည် ကြယ်ငါးပွင့်စားဖိုမှူးတစ်ဦးနှင့်တူသည်။ သူမတွင် ပစ္စည်းကိရိယာများ မရှိသော်လည်း ဤကဲ့သို့ စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသည့် ပတ်ဝန်းကျင်တွင် သူမက တောရိုင်းသတ္တဝါများနှင့် ဟင်းလျာတစ်ခု ချက်ပြုတ်နိုင်သေးသည်။ အသွင်အပြင်က မလှပသော်လည်း အရသာက သေချာပေါက် ကောင်းသည်။
မော်နီတာရှေ့မှ ထိုင်ကြည့်နေကြသည့် ဟန်ယွဲ့နှင့် ရှုလင်းတို့ သွားရည်ကျနေကြသည်။
ညနေဘက်တွင် ရှအန်းက ကင်ထားသည့် ပေါင်သားတစ်ပိုင်းကို လှီးဖြတ်လာပြီး ဇွန်ဘီမိတ်ကပ်များ ဖျက်ပြီးသွားသည့် ရှရှင်းချန်ကို ပေးလိုက်သည်။
" လိမ္မာတဲ့ ကလေးလေး ပေါင်သားစားလိုက်ဦး ..."
" ဟုတ် ..."
အကောင်ပေါက်လေးက ရှအန်းပေးသည့် ဝက်ပေါင်သားကို ကြည့်နေလိုက်သည်။ အားလုံး၏ အားကျနေသော အကြည့်များအောက်တွင် သူ တစ်ကိုက်ကိုက်လိုက်သည်။
သူ စားနေစဉ်မှာပင် ဝက်သားကင်ကို လှီးဖြတ်နေသည့် ရှအန်းကို ကြည့်လိုက်သည်။
" မာမား အရမ်း အရသာရှိတယ် ..."
အကောင်ပေါက်လေး၏ ပါးစပ်တစ်ဝိုက်တွင် ဆီများပေနေသည်။
" ထပ်စားပါဦး ..."
ရှအန်း အပြုံးဖြင့် ပြောလိုက်သည်။ ဤကလေးလေးအတွက် ပထမဆုံးချက်ပြုတ်ပေးရသည်မှာ ဤကဲ့သို့နေရာတွင် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဒါပေမဲ့လည်း ...
ဒီတောင်ပေါ်က တိရစ္ဆာန်တွေက အရသာရှိတယ် ...
ယုန်၊ရစ်ငှက် ဒါမှမဟုတ် တောဝက်ဖြစ်ဖြစ် ဘယ်ဟာမဆိုပေါ့ ...
သူတို့အားလုံး အရသာရှ်ိတယ် ...
ရှအန်း ရေတစ်ငုံသောက်လိုက်ပြီး သူမ မျက်စိရှေ့မှ အရောင်တောက်ပနေသည့် ဝက်သားကင်ကို ကြည့်လိုက်သည်။
" အင်း ..အရသာရှိတယ် ..."
ဓာတ်ပုံဆရာအချို့နှင့် ရှရှင်းချန်ကြောင့် ထုတ်ပယ်ခံလိုက်ရသည့် လျှို့နမ်နှင့် ကျန်းချန်တို့ ခံစားနေရသည်။
ထိုလူနှစ်ယောက်က ကံမကောင်းကြပေ။ ရှအန်း၏ ခြေထောက်ကိုဖက်ကာ လုံခြုံဘေးကင်းစွာဖြင့် အစီအစဉ်ကို အဆုံးသတ်နိုင်မည်ဟု ထင်ခဲ့မိကြသည်။
ဒါပေမဲ့ ရှအန်းကို တားဆီးနိုင်တဲ့ မကောင်းဆိုးဝါးပိစိလေး ပါလာမယ်လို့ ဘယ်သူ ထင်ထားမှာလဲ ...
အဲ့မကောင်းဆိုးဝါးပိစိလေး ပါလာတော့ သူတို့နှစ်ယောက်လုံး အကာအကွယ်မဲ့သွားပြီး အထုတ်ခံလိုက်ရတယ် ...
အရမ်းရှက်စရာကောင်းတာပဲ ...
ဇွန်ဘီအုပ်စုလိုက်ကြီးနဲ့ ရွှယ်ယု ရှုကျင်းယန်တို့ကြောင့် အထုတ်မခံရပဲ သူတို့ခါးလောက်ပဲရှိတဲ့ ကလေးပေါက်စကြောင့် ဖြစ်ရတယ်လို့ ...
ဘယ်သူက စိတ်မဆိုးပဲ နေမှာလဲ ...
အရေးကြီးဆုံးကတော့ သူတို့ထုတ်ပယ်ခံရချိန်မှာ ရှအန်းက ဘေးက ကြည့်နေတာပဲ ...
သူတို့ကို သတိမပေးတဲ့အပြင် သူ့ကလေးလေးကိုပါ ချစ်ခင်မြတ်နိုးတဲ့ ပုံလေးနဲ့ ကြည့်နေသေးတယ် ...
အဲ့လောက်ကြီး သိသာစရာ မလိုပါဘူး ...
" ရှောင်ရှ ငါတို့အားလုံးက မင်းရဲ့သားလေးကြောင့် အထုတ်ခံရတာနော် ငါတို့ကို နှစ်သိမ့်ဖို့ တစ်ခုခု ပေးသင့်တယ် ..."
ကျန်းမာရေးနှင့် ပတ်သက်၍ အမြဲတမ်း အထူးဂရုစိုက်သူ လျှို့နမ်က ရှအန်း၏ လက်ထဲမှ မွှေးကြိုင်သော တောဝက်သားကင်ကို ကြည့်ပြီး တံတွေးမျိုချနေရသည်။
အမှန်တွင် ဤမျှဆိုးဝါးသည့် အခြေအနေ၌ပင် အသားကင်လုပ်စားနိုင်သည့်အတွက် သူမကို လျှို့နမ်အလွန်လေးစားသည်။
ပါဝင်ပစ္စည်း မရှိသလောက်နည်းတဲ့ တောနက်ထဲက သစ်တောထဲမှာတောင် ရှိတဲ့ပစ္စည်းတွေနဲ့ အသားကင်ကို အရသာရှိအောင် လုပ်နိုင်တာပဲ ...
" ဟုတ်တယ် နတ်ဘုရားမလေး ... ကျွန်တော်လည်းစားချင်တယ် ..."
ဘေးတွင် ထိုင်နေသည့် ကျန်းချန်ကလည်း သူမကို သနားစဖွယ် ကြည့်နေသည်။
ရှအန်း မျက်ခုံးပင့်လိုက်သည်။ သူမ၏ချစ်လှစွာသောသားလေးက သူတို့အားလုံးကို ထုတ်ပယ်လိုက်သည်ဖြစ်၍ သဘောထားကြီးလိုက်သည်။
" ကောင်းပြီလေ ... တူတူထိုင်စားရအောင် ..."
ထိုသို့ပြောပြီးနောက် ရှအန်း ရုတ်တရက် နောင်တရသွားသည်။
ဒီတောဝက်က သိပ်မကြီးဘူးနော် ... သူမဘာသာတောင် မလောက်ဖူး ...