အပိုင်း ၆၈
Viewers 29k

Chapter 68


ရှောင်ရှင်းလည်း ရှာဖွေမှုအများဆုံး စာရင်းပေါ် ရောက်သွားမှာလား .... သေချာမသိပေမယ့် သူမကတော့ အဲ့မှာလုံးဝရောက်သွားမှာပဲ ...


လေယာဉ်ပေါ်မှ ဆင်းလာသည့်အခါ လူတိုင်း၏ အကြည့်များကို ရှအန်းခံစားမိလိုက်သည်။


" ဝိုး အဲ့ဒါ ရှအန်းမလား ..."


" အပြင်မှာတွေ့ရတော့ ဓာတ်ပုံထဲကထက် ပိုချောတာပဲ ..."


" သူမက ဘာတွေများ ကောင်းနေလို့လဲ ... အရှက်မရှိတဲ့ တတိယလူတစ်ယောက်ပဲကို ..."



တီတိုးပြောသံများ ကြားရသည့်အခါ ရှအန်း မျက်ခုံးများပင့်လိုက်သည်။ ရှရှင်းချန်ကို ဖက်ထားပြီး အခန်းထဲ မြန်မြန်ဝင်လိုက်သည်။


ယခင်က ရှရှင်းချန်နှင့်အတူ လျှောက်သွားနေသော်လည်း မည်သူမျှ သူမကို မသိပေ။


အခုတော့ ...



ဒီတစ်ခါတော့ သူမတကယ်စိတ်တိုလာပြီ ...


အကောင်ပေါက်လေးက ခုံပေါ်တွင်ထိုင်ကာ သူ့ကို တိတ်တဆိတ် ဖက်ထားသော  နတ်သမီးမေမေကို ကြည့်လိုက်သည်။ သူ၏ လက်သေးသေးလေးများက ရှအန်းလည်ပင်းကို ဖက်ထားကာ သူမရင်ဘတ်ကို မှီထားပြီး အလေးအနက်ပြောလိုက်သည်။

" မာမား ဝမ်းမနည်းပါနဲ့ ... မာမားက အဲ့လိုလူမျိုးမဟုတ်ဘူးဆိုတာ သားသိတယ် ..."


ထို့နောက် ရှအန်း အကောင်ပေါက်လေး၏ခေါင်းကိုပွတ်ကာ ပြုံးပြလိုက်သည်။

" မာမား ဝမ်းမနည်းပါဘူး ... အဲ့ဒီစကားလုံးတွေက မာမားကို မနာကျင်စေဘူး ..."


" မာမားစဉ်းစားနေတာ ဒီရှ်ိုးကို ရုပ်သံလွှင့်လိုက်ရင် ကြယ်ပွင့်ပိစိလေးက လူရှာဖွေမှုအများဆုံး စာရင်းထဲရောက်လာမှာ အဲ့ဒါဆို ရှောင်ရှင်းလေး ဘယ်သွားသွား လူတွေက မှတ်မိတော့မှာ အဲ့ဒါဆို ရှောင်ရှင်းစိတ်ဆိုးမှာလား ..."


ရှအန်း အမှန်တကယ် ဤပြဿနာကို စဉ်းစားနေခြင်းဖြစ်သည်။


ရှရှင်းချန်သည်လည်း ရှိုးပွဲတွင် ပါလာမည်ဖြစ်သည်။ သူ၏ ချစ်စဖွယ်ရုပ်ရည်လေးဖြင့်ဆိုလျှင် မည်သူမျှ ထိခိုက်အောင် လုပ်ရဲမည်မဟုတ်ပေ။


ဗီလိန်တစ်ယောက်မှာတောင် ပရိသတ်အများကြီး ရှိလာနိုင်တာပဲ ...


သူသာ လူထုပုံရိပ်တစ်ခု ဖြစ်လာရင် သူ့ရဲ့အနာဂတ်ကို ပြောင်းလဲသွားနိုင်မလား ...


ဒါပေမဲ့ သူမစိုးရိမ်မိ‌တာတစ်ခုက အကောင်ပေါက်လေးက ဒီလိုမျိုးဘဝကို မကြိုက်ရင်ရော ...


" မာမား ရှောင်‌ရှင်းက ကြယ်ပွင့်လေးဖြစ်လာရင် မားမားအတွက် အဆင်ပြေမှုတွေ ယူလာပေးမှာလား ..."


သို့သော် ဗီလိန်လေးက ဤမျှဉာဏ်ကောင်းမည်ဟု ရှအန်းမထင်ခဲ့ပေ။


သူမချစ်တဲ့သားလေးက သူငယ်တန်းတက်ရမယ့်အရွယ် ရောက်နေပြီပဲလေ ...


"  မာမားကို ဂရုမစိုက်ပါနဲ့ ... ရှောင်ရှင်းက ကြယ်ပွင့်လေး ဖြစ်လာချင်လား ..."


" သားက မာမားနဲ့ပဲနေချင်တာ ... ရှောင်ရှင်းလည်း ကြယ်ပွင့်လေးဖြစ်လာရင် မာမားနဲ့အတူတူ ရှိုးတွေရိုက်လို့ရမှာပေါ့နော်် ..."


သူ၏အဖြေကို ကြားပြီးနောက် ရှအန်း ရယ်ချင်သွားသော်လည်း စိတ်ထဲ အနည်းငယ် ခံစားလိုက်ရသည်။


ဒီအကောင်ပေါက်လေးက သူမက သူ့အမေဖြစ်နေလို့ အရမ်းဂရုစိုက်နေတာပဲ ...


ဤအကောင်ပေါက်လေးမှာ မူလအမျိုးသမီးဇာတ်ဆောင်ကို ပေးသော ဂရုစိုက်မှုများအားလုံး သူမက်ု ပေးနေသည်ဟု ရှအန်းတွေးလိုက်မိသည်။ သို့သော်လည်း ၎င်းက မူရင်းပိုင်ရှင်ကို မုန်းတီးနေသည်ထက် ပိုကောင်းသည်။


အင်းလေ ... ဒါက အများကြီး ပိုကောင်းတာပဲ ...


ရှအန်း ကလေးလေး၏ခေါင်းကိုပွတ်ကာ လေးလေးနက်နက်‌ ပြောလိုက်သည်။ 

" ကလေးလေး ... မင်း ကျောင်းမသွားချင်ဘူးလား ... ရှောင်ရှင်း မင်းကျောင်းတက်ဖို့ လိုတယ်နော် ..." 


အကောင်ပေါက်လေးကလည်း ရှအန်းကို ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

" မာမား ကလေးတစ်ယောက်က သူငယ်တန်း မတက်ရလည်း ဘာမှမဖြစ်ပါဘူး ... သားကို နောက်နှစ်မှ ကျောင်းထားပေးလေ ..."


ထိုကလေး ကျောင်းမသွားချင်သည်ကို မြင်လိုက်ရသည့်အခါ သူမဘာပြောရမည် မသိတော့ပေ။


" မာမားစဉ်းစားလိုက်ပါဦးမယ် ..."


သားအမိနှစ်ယောက် လေယာဉ်ပေါ်တွင် ကျောင်းတက်ရန်ကိစ္စ ဆွေးနွေးနေစဉ်မှာပင် လူထု၏ ထင်မြင်ချက်လှိုင်းတစ်ခုက အင်တာနက်ပေါ်တွင် ပျံ့နှံ့လာပြန်သည်။


ရှအန်း ကလေးလေးနှင့် လေယာဉ်ပေါ်တက်စဉ်က ဓာတ်ပုံရိုက်ခံလိုက်ရသည်။


 ၎င်းကို မှားယွင်းသော ခေါင်းစီးများဖြင့် ပြန်လည်ထုတ်ဝေကာ ဖြန့်ဝေခဲ့သည်။


[ ကောသဟာလများ ထွက်နေချိန်၌ သရုပ်ဆောင်ရှအန်းက သူမသားနှင့် အပန်းဖြေခရီးထွက်နေခြင်း ]


ရှအန်း၏ သတင်းများပျံ့နှံ့သည့် ယခုအချိန်၌ ထိုကဲ့သို့သတင်းက ဒေါသထွက်နေသည့် လူငယ်များအကြား သူမကို မုန်းတီးစက်ဆုပ်ဖွယ် ဖြစ်စေခဲ့သည်။


ဒီသတင်းရဲ့အဖြစ်မှန်က ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့က ရှအန်းကို ပစ်မှတ်ထားလိုက်ကြတယ် ...


[ ဒီလောက်ဆို သေချာသွားပြီပဲ ... တစ်ယောက်ယောက်ရဲ့ တိတ်တိတ်ပုန်းမယား ဖြစ်ရတာ ကောင်းလိုက်တာ ... ဒီလိုအချိန်မှာတောင်မှ တရားမဝင်ကလေးကိုခေါ်ပြီး ခရီးထွက်နိုင်သေးတယ် ... သူ့ဘဝကြီးက ကောင်းစားလိုက်တာ ]


[ ရှအန်းရဲ့နောက်ကွယ်က ရွှေသခင်က ဘယ်သူလဲဆိုတာ တကယ်သိချင်တယ် ... အဲ့လူက ပိုက်ဆံတွေ ဘယ်လောက်တောင် ပေးထားပါလိမ့် ]

(T/N - Gold master ဆိုတာ စပွန်ဆာပေးတဲ့သူကို ဆိုလိုတာပါ )


[ ဟားဟား ရှအန်းက တိတ်တိတ်ပုန်းမယား ဖြစ်နေတုန်း ပိုက်ဆံတွေ ချူစားထားတာနေမှာပေါ့ ]


[ ရှအန်းရဲ့နောက်ကွယ်မှာ ရွှေသခင်တွေ တစ်ယောက်ထပ်ပိုပြီး ရှိနိုင်တယ် ]



အင်တာနက်ပေါ်တွင် ထေ့ငေါ့နေသည်များဖြင့် ပြည့်နှက်နေသည်။ လူအနည်းစုကသာ ရှအန်းဘက်က ရပ်တည်ကြသည်။


တစ်စုံတစ်ယောက်က ရှအန်းဘက်မှနေ၍ သံသယ‌ဖြစ်ဖွယ် ထင်မြင်ချက်များကို ထောက်ပြလိုသော်လည်း ဤလှိုင်းကြီးနှင့် ရိုက်ခတ်ခံရမည်ကို ကြောက်‌ကြသည်။


လေယာဉ်ပေါ်မှ ဆင်းပြီးနောက် ဟန်ယွဲ့က လက်အောက်ငယ်သားများထံမှ နောက်ဆုံးအခြေအနေများကို သိရှိလိုက်သည်။


သူ့အစီအစဉ်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ရတော့မယ် ...