အပိုင်း ၆၉
Viewers 29k

Chapter  69


ဤအခြေအနေကို ကြည့်ခြင်းအားဖြင့် နောက်ကွယ်မှ ထိန်းချုပ်သူက ရှအန်းသေမှသာ လက်လျှော့လိမ့်မည်ကို သူသိလိုက်သည်။


လေယာဉ်ပေါ်မှ ဆင်းဆင်းချင်း ဟန်ယွဲ့က ရှအန်းကို VIP လမ်းကြောင်းမှ ခေါ်သွားပြီး ကုမ္ပဏီဗန်ကားပေါ်သို့ တိတ်တဆိတ်တက်သွားကြသည်။


" ရှအန်း မင်းဝေ့ပေါ်မှာ မြန်မြန် တည်နေရာတင်လိုက်ပြီး ဖြစ်နိုင်ရင်တော့ ရှောင်ရှင်းနဲ့ဆယ်လ်ဖီပုံပါတင်လိုက် ..."


သူမ ဗန်ကားထဲ ရောက်သည့်အခါ ဟန်ယွဲ့ပြောသည်ကို ကြားလိုက်ရ၍ သူမနှလုံးသားက တုံ့ပြန်လာသည်။ 

ကောလဟာလတွေ ထပ်ပြီး တက်လာတာဖြစ်မယ် ...


ဒါပေမဲ့ အခုဆိုရင် အွန်လိုင်းပေါ်မှာ ပိုဆိုးတဲ့ ကိစ္စတွေ တင်နေလောက်ပြီ ...


" ကျွန်မနဲ့ ပတ်သက်ပြီး ဘာတွေ တင်နေကြလို့လဲ ..."


" ရှအန်း မင်းခုနက လေဆိပ်မှာ ဓာတ်ပုံရိုက်ခံလိုက်ရတယ် ... မင်းကို တမင်တကာ အသရေပျက်အောင်လုပ်ပြီး နာမည်ပျက်စေချင်နေတာဖြစ်မယ် ..."


ဟန်ယွဲ့ ရှအန်း၏ တုံ့ပြန်မှုကို အလွန်သဘောကျသည်။ သူမက တည်ငြိမ်နေဆဲပင် ဖြစ်သည်။


" သူမက ရှအန်းကို တကယ်မုန်းနေတာပဲ ..."

ရှအန်း ညှင်သာသွာ ရေရွတ်လိုက်ပြီး သူမမျက်လုံးထဲတွင် ထေ့ငေါ့မှုများဖြင့် ပြည့်နေသည်။


သူမက အမျိုးသမီးဇာတ်ကောင်၏အမေကို အာရုံစိုက်ရန် အလွန်ပျင်းရိနေသည်။ အချိန်က အလွန် တန်ဖိုးရှိလှသည့်အတွက် အဓိပ္ပါယ်မဲ့သော လူတစ်စုအတွက် သူမ၏ အချိန်များကို မဖြုန်းတီးချင်ပေ။ သို့သော် ယခုအချိန်၌ ဤကိစ္စကို ရှောင်ဖယ်နေ၍ မရကြောင်း သိလိုက်သည်။


ပြီးတော့ ...


သူမက အရင်တည်းက ရန်ငြိုးထားတတ်တယ် ...


" ကျွန်မ သဘောပေါက်ပါပြီ ... အဲ့ဒီ ဝေ့ပေါ်က ကိစ္စကို ကျွန်မ ဂရုစိုက်လိုက်ပါ့မယ် ..."


ရှအန်းပြုံးလိုက်သည်။ ဖုန်းကိုထုတ်ပြီး ဝေ့ပေါ်ကို ဖွင့်လိုက်သည်။


ဟန်ယွဲ့၏ ရည်ရွယ်ချက်ကို ရှအန်းနားလည်သည်။ အပျော်သဘောနှင့် ခရီးထွက်ခြင်းမဟုတ်ကြောင်း သူမကို ရှင်းလင်းစေလိုခြင်းဖြစ်သည်။


" ရှောင်ရှင်း ဒီကိုလာ ... မာမားနဲ့ ဓာတ်ပုံရိုက်ရအောင် ..."


ပို့စ်များကို ဖတ်ပြီးနောက် ရှအန်းပြုံးလိုက်ပြီး သူမသားလေးကို ဖက်ထားလိုက်သည်။ ထို့နောက် သူမတပ်ထားသည့် နေကာမျက်မှန်ကို အကကောင်ပေါက်လေး၏ နှာခေါင်းပေါ်တင်ပေးလိုက်သည်။


" ကလစ် ..."


ရှအန်း အလွန်တောက်ပသည့် ဆယ်လ်ဖီတစ်ပုံရိုက်လိုက်သည်။


သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့်ဟန်ယွဲ့က သူမတောက်ပစွာ ပြုံးနေသည်ကိုကြည့်ပြီး စိတ်ရှုပ်သွားသည်။


" မင်းက ဆယ်လ်ဖီထဲမှာ အရမ်းတောက်ပနေတာပဲ ..."


သူမက သားဖြစ်သူကိုပါခေါ်၍ ဓာတ်ပုံရိုက်လိုက်သေးသည်။

ဒီလိုအခြေအနေမှာ သိုသိုသိပ်သိပ်နဲ့ အနုပညာရှင်ဆန်ပြရသင့်တယ်မလား ...


ဒီလို တောက်တောက်ပပပြုံးနေတယ်ဆိုတော့ ... လူတွေရဲ့ တုံ့ပြန်မှုကို မကြောက်ဖူးလား ...


" ကျွန်မက ပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်မောနေချင်ရုံပါ ... ဒီကိစ္စတွေကြောင့် ကျွန်မကို ဘာမှမထိခိုက်ဖူးဆိုတာလည်း သက်သေပြချင်တယ် ... အချို့လူတွေက စော်ကားခံရသင့်တယ်လေ ..."


ထိုသို့ ပြောနေစဉ်မှာပင် ဝေ့ပေါ် ပေါ်တွင် ပြင်ဆင်ပြီးနောက်  မြန်မြန်ဆန်ဆန်ပင် ပုံတင်လိုက်သည်။ ဤ ပို့စ်က သူမရှအန်းဖြစ်လာပြီးသည့်နောက် ပထမဆုံးတင်သည့်ပို့စ် ဖြစ်သည်။


ပြီးတော့ ဒီပုံက အတော်လေး သိသာထင်ရှားလွန်းတယ် ...


[ရှအန်း V:  “Come On Challenger” ရိုက်ကူးရေးပြီးတဲ့နောက် ငါ့ရဲ့အကောင်ပေါက်လေးနဲ့ အိမ်ပြန်နေပြီ @Come on Challenger.]


[ဆယ်လ်ဖီ]


ဤပို့စ်က သူမ၏ ဓာတ်ပုံသာမက တည်နေရာလည်း ထည့်သွင်းထားသည်။ ၎င်းက မရေအတွက်နိုင်လောက်အောင် လိုက်ခ်များစွာရပြီး လူများစွာကလည်း ပြန်တင်ကြသည့်အတွက်  ရှအန်း၏ဖုန်းပင် အချိန်အတော်ကြာဟမ်းသွားသည်။


ဟန်ယွဲ့နှင့် ရှဟန်း မထင်ခဲ့သည်က သူမ တမင်တကာ တောက်ပစွာပြုံး၍ ရိုက်ထားသည့် ဆယ်လ်ဖီက ဓာတ်ပုံကောင်းတစ်ပုံအဖြစ် ထွက်လာသည်။


သို့သော် လူအမြောက်အများက ပျော်မရွှင်ဖြစ်ပြီး သူမကို အပြစ်တင်နေကြဆဲဖြစ်သည်။ 


သို့သော် ရှအန်း၏ ဆယ်လ်ဖီကို မြင်ပြီးသော လူအချို့က ဘက်ပြောင်းလာကြသည်။


[ ဝိုး ... ရှအန်းက အရမ်းလှတာပဲ ... သူမ သားလေးကလည်း ချစ်စရာကောင်းတယ် ]


[ဒီ ဆယ်လ်ဖီက အရမ်းလှတာပဲ ... သူမမျက်လုံးထဲမှာ ကြယ်တွေ ရှိနေတယ်လို့တောင် ထင်ရတယ် ... သူမ အပြုံးက ရင်ထဲကို အေးချမ်းသွားစေတာပဲ ... ]


[ ရှအန်းရဲ့ အကျင့်စရိုက်က ကောင်းတဲ့ပုံ မပေါ်ပေမယ့် သူမရဲ့ ရုပ်ရည်ကို ငါတော်တော်သဘောကျတယ် ... သူမက လုံးဝဆိုးဝါးနေတာတော့ မဟုတ်လောက်ပါဘူး ]


[ ရှအန်းရဲ့ဆယ်လ်ဖီပုံက ငါ့ရဲ့ဖုန်းစခရင်နဲ့ ကွန်ပျူတာ desktop backgroundမှာ နေရာယူသွားပြီ သူမကအရမ်းလှတာပဲ ]


[ သူမက တတိယလူဖြစ်ဖြစ် ဘာဖြစ်ဖြစ်  ငါတော့ သူမမျက်နှာလေးရဲ့ ပရိသတ်ဖြစ်သွားပြီ ]


[ အင်တာနက်ကွန်ယက်တစ်ခုလုံးက သူမကို သွားပုပ်လေလွင့်ပြောနေကြတယ်နော် ... ဒီနောက်ကွယ်မှာ အင်အားကြီးတဲ့ တစ်စုံတစ်ယောက်ရှိပုံပဲ ... သူမကို တတိယလူလို့ ပြောကြပေမယ့် သက်သေရှိလို့လား ... ပြီးတော့ လက်မထပ်ပဲ ကလေးတစ်ယောက်ရှိတာ ဘာဖြစ်လို့လဲ အခုက ၂၀၁၈တောင် ရောက်နေပြီပဲ အဆင်ပြေပါတယ် ]


[ ငါလည်း တစ်ယောက်ယောက်က ရှအန်းရဲ့ ကိစ္စတွေကို ခြယ်လှယ်နေတယ်လို့ထင်တယ် ... သူမက ရိုက်ကူးရေးပြီးလို့ အိမ်ပြန်နေတာပဲလေ ဒါပေမဲ့ သတင်းအမှားတွေ ဖြန့်ခံရတယ် ...တကယ်ကို အဆိပ်ပြင်းတာပဲ ]



ရှအန်း ဝေ့ပေါ်ပေါ်တွင် ပို့စ်တင်ပြီးနောက် အင်တာနက်ပေါ်တွင် လူထု၏ ထင်မြင်ချက်က အနည်းငယ် ပြောင်းလဲလာခဲ့သည်။


အနည်းငယ် ဆုံးရှုံးသွားသည်များရှ်ိသော်လည်း ယခုဖြစ်ပျက်နေသည်က အဆင်ပြေသေးသည်။


ရှအန်းက ရှင်းလင်းချက်များ မထုတ်ပြန် ပြန်လည်တိုက်ခိုက်ခြင်း မရှိပဲ ဆယ်လ်ဖီတစ်ပုံ တင်လိုက်ရုံဖြင့် အားပေးထောက်ခံသူအချို့ ရရှိလာသည်။


၎င်းက အလွန်ထိတ်လန့်စရာဖြစ်သည့်အတွက် ဟန်ယွဲ့မျက်လုံးများ ပြုတ်ကျမတတ်ဖြစ်နေသည်။ ဤကိစ္စကြောင့် ရှအန်းရုပ်ရည်၏ စွမ်းအားကို အပြည့်အဝ မြင်နိုင်သွားသည်။


မူလက ရှအန်း၏ပုံရိပ်ကို အစီအစဉ်ကြောင့် ပြန်ရနိုင်မည်ကို မသေချာခဲ့သော်လည်း ၎င်းကိုပြန်ရရန် မိနစ်အနည်းငယ်သာ ကြာမြှင့်ကြောင်း သူ သဘောပေါက်လိုက်သည်။


" ရှအန်း ဘာပြဿနာမှ မဖြစ်အောင် လောလောဆယ် အိမ်မှာနေဦး ... ဒီကိစ္စက သိပ်ကြာမှာ မဟုတ်ပါဘူး စိတ်ချလက်ချနေလို့ရတယ် ..."


ရှအန်းနှင့် ရှရှင်းချန်တို့ကို အိမ်သို့ လုံခြုံစိတ်ချစွာ ပို့ဆောင်ခဲ့ပြီးနောက် သူနှင့်ရှုလင်း၏ ကုမ္ပဏီသို့သွားကာ ရှအန်း၏ပုံရိပ်ကို ပြန်လည်အဖက်ဆယ်ရန် သူ၏ မားကတ်တင်းပရိုဂရမ် ကို စတင်ဆောင်ရွက်ရတော့သည်။


သို့သော် မကြာမီတွင် အင်အားလှိုင်းတစ်ခု ပေါ်ထွက်လာပြီး ကွန်ယက်ပေါ်တွက် လူထု၏ ရှအန်းအပေါ် ထင်မြင်ချက်က တိုးတက်လာသည် ~!


[ အစီအစဉ်ဖြစ်မြောက်ရေးအဖွဲ့က ပန်းအိုးသရုပ်ဆောင် ရှအန်းကို  “Come on Challenger”ကို လာဖို့ စီစဉ်ထားတယ်ဆိုတော့ အဲ့ဒါက ဆိုးရွားမနေဘူးလား ... ဒီအစီအစဉ်က  live-action reality showနော် ]


[ ဝိုး ... ရုတ်တရက်ကြီး " Come on Challenger! "ကို မျှော်လင့်မိသွားပြီ ... အားနည်းတဲ့ ကြက်ပေါက်လေးရှအန်းက ဒီလို အသက်ရှင်ရတဲ့ပရိုဂရမ်မှာ သေချာပေါက် အသတ်ခံရမှာပဲ ]


[ ပထမဆုံး ထုတ်လွှင့်မှုက ဇွန်ဘီဇာတ်လမ်းပုံစံတဲ့ ... ဇွန်ဘီတွေက တတိယလူရှအန်းကို ဆုတ်ဖြဲပစ်လိုက်မှာလား ... ရုတ်တရက်ကြီး စိတ်ဝင်စားစရာ ကောင်းလာသလိုပဲ ]



ခဏအတွင်းပင် အင်တာနက်ပေါ်မှ လူအုပ်ကြီးက ရှအန်းပါဝင်ထားသည့် ရသစုံရှိုးကို  ကြည့်ချင်လာကြသည်။


ရလဒ်အနေဖြင့် မြောက်များစွာသော အင်အားအစုအဝေးကြီးက စစ်မြေပြင်ပေါ် ရောက်လာသဖြင့်  ပြောင်းပြန်သက်ရောက်မှုများ ဖြစ်လာသည်။


လူအမြောက်အများက လူထုထင်မြင်ချက် လှိုင်းအသစ်အကြောင်း  ပြောဆိုနေကြပြီး သူတို့၏ စိတ်ခံစားချက်များက လုံးဝ ပြောင်းလဲသွားသည်။


အသက်ရှင်သန်ရတဲ့ ရသစုံရှိုး ဖြစ်တာကြောင့် ပါဝင်သူတွေကြားမှ ယှဉ်ပြိုင်မှုတွေ ရှိနေမှာပဲ ... ဒါဆိုရင် ပန်းအိုးလေးလို ရှအန်းကတော့ ရိုက်ကူးရေးအဖွဲ့ရဲ့ အနိုင်ကျင့်တာကို ခံရတော့မှာပဲ ...


အိပ်ရန်နေရာမရှိ လွတ်မြောက်ရန်နေရာမရှိ အစားအစားများလည်းမရှိသည့်အပြင် အခြားပါဝင်သူများ၏ ထုတ်ပယ်ခြင်းခံရမည့် ရှအန်းအကြောင်းကိုသာ တွေးတောနေကြသည်။


ဟီးဟီးဟီးဟီး ... ဒါက နည်းနည်းတော့မိုက်တယ် ...


ထို့ကြောင့် အင်အားစုအသစ်များအောက်တွင် မူလက ရှိုးကို သပိတ်မှောက်ထားသူများပင် ရုပ်သံလွှင့်ချိန်၌ ရှအန်း၏ ရုပ်ဆိုးသောမျက်နှာကို မြင်ရန် မျှော်လင့်နေမိကြသည်။


ယင်းက တစ်စုံတစ်ဦးကို လှုံ့ဆော်ပေးခဲ့သည်။


" နင်တို့ဘာတွေ လုပ်နေကြတာလဲ ..."