အပိုင်း ၇၀
Viewers 29k

Chapter 70


" နင်တို့ ဘာတွေလုပ်နေကြတာလဲ ..."


လှပစွာ အလှဆင်ထားသော ပန်းပွင့်အခန်းတွင် အပြာနုရောင် သစ်ခွပန်းထိုး ကိုယ်ကျပ်လည်ထောင်အင်္ကျီ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် သက်တောင့်သက်သာရှိသော ကုလားထိုင်ပေါ်တွင် တင့်တယ်စွာ ထိုင်နေသည်။


သို့သော် သူမမျက်နှာတွင် ကြောက်မက်ဖွယ် အမျက်ဒေါသများကို ရှိနေသည်။


" ကျွန်မ တောင်းပန်ပါတယ် မဒမ် ... အခြေအနေတွေ ဒီလိုဖြစ်သွားမယ် မထင်ခဲ့လို့ပါ ...ကျွန်မ ..."


လက်ထောက်ဝမ့်ဝမ် စကားမဆုံးမီမှာပင် သူမမျက်နှာဘက်သို့ ဖန်ခွက်တစ်ခွက်လာနေသည်ကို မြင်လိုက်ရသည်။


သူမ မရှောင်နိုင်ခြင်း မဟုတ်ပေ။ မရှောင်ရဲသောကြောင့် မာကျောနေသော ဖန်ခွက်က သူမခေါင်းကိုတည့်တည့် လာမှန်သည်။


ဘုန်း ...


အသံတစ်သံသာ ကြားလိုက်ရပြီး ဖန်ခွက်က ဝမ့်ဝမ်၏ခေါင်းမှ ကြမ်းပြင်ပေါ်ပြုတ်ကျသွားသည်။


ဝမ့်ဝမ် သူမခေါင်းကို အုပ်လိုက်သည့်အခါ သွေးများစိုစိစိဖြစ်နေသည်ကို ခံစားလိုက်ရသည်။


ခုံတွင်ထိုင်နေသည့် လှပသောအမျိုးသမိးကို သူမ ကြောက်ရွံ့စွာကြည့်လိုက်သော်လည်း မအော်ရဲပေ။


အော်မိပါက သူမ၏ကံကြမ္မာက ဤထက်ပိုဆိုးသွားနိုင်သည်။


သူမ၏ အလုပ်ရှင်မှာ ရှမိသားစု၏ တစ်ဦးတည်းသောသမီး နှင့် ဖူမိသားစုဆက်ခံသူ၏ဇနီး ရှကျင်းဖြစ်သည်။


ရှကျင်းဟူသော နာမည်၏ အဓိပ္ပါယ်မှာ အေးချမ်းတည်ငြိမ်၍လှပခြင်း ဖြစ်သည်။


သို့သော် ဝမ်ဝမ့်၏အတွေးထဲတွင် ၎င်းနာမည်က အဓိပ္ပါယ်မရှိပေ။ 


အဘယ့်ကြောင့်ဆိုသော် သူမ၏အလုပ်ရှင်မှာ အေးချမ်းတည်ငြိမ်ဟူသည့် စကားလုံးနှင့် လုံးဝမသက်ဆိုင်ပေ။


သူမအလုပ်ရှင်၏ အသွင်အပြင်က သူမနှင့် ဆက်ဆံသောလူအပေါ်မူတည်၍ အေးချမ်းတည်ငြိမ်သည်ဟုသာ ယူဆနိုင်သည်။


မည်သို့ပင်ဖြစ်စေ သူမ၏မျက်လုံးထဲတွင် ရှကျင်းက အလွန်ကြောက်စရာကောင်းသည့် အမျိုးသမီးဖြစ်သည်။


ထိုအမျိုးသမီးက စိတ်ရောဂါဖြစ်နေသည့် နှာဘူးတစ်ယောက်သာဖြစ်သည်။


သူမတွင် ပိုက်ဆံမရှိ၍ ထိုအမျိုးသမီးလက်ထဲရောက်သွားခြင်းသာ မဟုတ်ပါက ထိုစိတ်ရောဂါရှိသူ အမျိုးသမီး၏ဘေးတွင် အလုပ်လုပ်နိုင်မည်မဟုတ်ပေ။ 


" ဝမ့်ဝမ် ငါမင်းဆီက ဆင်ခြေတွေ မကြားချင်ဘူး ...  ရှအန်းက လမ်းဘေးကြွက်တစ်ကောင်ဖြစ်သွားပြီး တစ်သက်လုံး မျက်နှာတောင် မဖော်နိုင်ပဲနေရတာကိုပဲ ငါမြင်ချင်တာ ..."


ရှကျင်း သူမလက်ထဲမှ တက်ဘလက် ကိုကြည့်လိုက်သည်။ ရှအန်း သူမသားလေးနှင့်တူတူ တောက်ပစွာပြုံးနေသည့် ဆယ်လ်ဖီပုံကို မြင်ရသည့်အခါ သူမအလွန် ဒေါသထွက်လာသည်။


အထူးသဖြင့် လက်ရှိတွင် လူထု၏ ထင်မြင်ချက်များအားလုံးက ရှအန်းကို မဆန့်ကျင်နေကြတော့ပေ။ 


ထိုကြောင့် သူမ အလွန်အမင်း ဒေါသထွက်နေရခြင်းဖြစ်သည်။


ဝမ့်ဝမ် နဖူးပေါ်မှ နာကျင်မှုကို တောင့်ခံ၍ သတိကြီးစွာဖြင့် ပြောလိုက်သည်။

" ရှအန်းက အခုဆိုရင် အားလုံးအပြစ်တင်နေကြတဲ့ အခြေအနေမှာပါ ... သူမကို အားလုံးက မုန်းတီးနေကြပါတယ် ..."


သို့သော် သူမ ပြောပြီးချိန်၌ ရှကျင်းက သူမ‌လက်ထဲမှ တက်ဘလက်ကို ဝမ့်ဝမ်ဆီကို ပစ်လိုက်ပြန်သည်။


ဘုန်း ...


" အား ..."


ဝမ့်ဝမ်၏ မျက်ဝန်းများမှ မျက်ရည်များကျလုဆဲဆဲ ဖြစ်လာသော်လည်း သူမ မလှုပ်ရဲပေ။


" ရှအန်းပါထားတဲ့ ရသစုံရှိုးကို သွားပြီးစကားပြောစမ်း .. သူမ ပါတဲ့အပိုင်းတွေ အကုန်ဖြတ်ချခိုင်းလိုက် .... အဲ့ကောင်မကို TVမှာ မမြင်ချင်ဘူး ..."


ရှအန်းက ကြယ်ပွင့်ဖြစ်လာတော့မည်ဟု တွေးလိုက်တိုင်း သူမစိတ်ဆိုးလာသည်။


မူလက သူမ၏တွက်ချက်မှုအရ ရှအန်း အနုပညာရှင်တစ်ယောက် ဖြစ်လာခြင်းမှာ သူမတွေ့ကြုံခဲ့သည်များကို ခံစားရရန်သာဖြစ်သည်။


သို့သော် သူမ လုံးဝ မမျှော်လင့်ထားသည်က သူမအဖွားနှင့် ခင်ပွန်းဖြစ်သူကပါ ရှအန်းကို ကူညီနေကြခြင်းပင်။


သို့သော် ထိုမိန်းမက ခါးသီးမှုများကို မခံစားရသည့်အပြင် ဖျော်ဖြေရေးနယ်ပယ်တွင် သက်တောင့်သက်သာ အလုပ်လုပ်နေသည်။


အကယ်၍ သူမ၏ လက်ချက်ကြောင့် သေဆုံးခဲ့သည့် မျက်လုံးမှုန်သည့်အဘွားအိုကြီးကြောင့်သာ မဟုတ်ပါက ရှအန်းကို ဖျော်ဖြေရေးစက်ဝန်းမှ ထွက်ခွာသွားရန် နည်းလမ်းရှာခဲ့နိုင်လိမ့်မည်။


သူမ၏အဘွား သေဆုံးပြီးနောက်တွင် ရှရှင်းချန်က ဖူရှန်း၏ သားမဟုတ်ကြောင်း ထုတ်ဖော်ခဲ့သည်။ ရှအန်းကို အရှက်ကွဲစေရန် တတိယလူဖြစ်ကြောင်းလည်း ဖော်ထုတ်ခဲ့သည်။


သူမက ခါးသီးမှုဒဏ်များစွာကို တွေ့ကြုံခဲ့ရချိန်တွင်  ဆင်းရဲသားရပ်ကွက်မှလာသည့် ရှအန်းဆိုသည့်မိန်းမက သူမအတွက် ရည်ရွယ်ထားသည့်ဘဝတွင် အခန့်သား နေထိုင်ခဲ့ကသည်။


အကယ်၍ ရှအန်းသာ မရှိခဲ့ပါက သူမဘဝက သနားစရာကောင်းနေမည်မဟုတ်ပေ။ ရှအန်းသာ မရှိပါက သူမခင်ပွန်းက သူမကို သစ္စာရှိခဲ့လိမ့်မည်။


အကယ်၍ ...


" မဒမ် ကျွန်မ အစီအစဉ်ရဲ့ခေါင်းဆောင်ကို ဆက်သွယ်ပြီး ရှအန်းရဲ့အပိုင်းတွေ ဖြတ်ထုတ်ဖို့ ငွေအများကြီးပေးပြီး ကြိုးစားခဲ့ပါတယ် ဒါပေမဲ့ ..." 


ရှကျင်း၏ ရှုံ့တွသွားသေု မျက်နှာကိုကြည့်ကာ ဝမ့်ဝမ် သူမ၏ စကားလုံးများကို ကပျာကသီ မျိုချလိုက်ရသည်။


သို့သော် သူမ ကြောက်လန့်နေသော်လည်း ရှကျင်းကို ပြောရမည်သာဖြစ်သည်။


ရှကျင်းဟောင်၏ မျက်လုံးများ ကျဉ်းမြောင်းလာပြီး အေးစက်စွာ ပြောလိုက်သည်။

" ဒါပေမဲ့ ဘာဖြစ်လဲ ..."


" ဒါပေမဲ့ မစ္စတာဖူက ရှအန်းအတွပ် ဒီရှိုးမှာ ရင်းနှီးမြုပ်နှံထားတယ်ဆိုတော့ ဒီရှိုးက ပိုက်ဆံလိုအပ်မနေဘူးလို့ ပြောပါတယ် ..."


ဝမ့်ဝမ်ပြောသည်က သူမခင်ပွန်းဖူရှန်းက ရှအန်းကို ထောက်ပံ့ပေးနေသည် ဟူသည့် သဘောပင်။


" ဘာ ... လုံးဝမဖြစ်နိုင်ဘူး ... တခြားယောက်ျားတစ်ယောက်ရဲ့ ကလေးကိုမွေးထားတဲ့မိန်းမကို လက်မလျှော့နိုင်သေးဘူးလား ... မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး ..."


ရှကျင်း သူမ၏ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး နီမြန်းသော လက်သည်းဆိုးဆေးဖြင့် ဆိုးထားသော သူမ၏ လက်သည်းများ ကျိုးပဲ့လုနီးပါး ဖြစ်သွားသည်။


ရှကျင်းတွင် နာကျင်မှု ဒေါသဖြစ်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ဝမ့်ဝမ်၏ စိတ်ထဲတွင် လက်စားချေလိုမှုနှင့် အောင်မြင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။


သူမစိတ်ထဲတွင် ရှအန်းဆိုသည့် အမျိုးသမီးက ဖူရှန်း၏ စိတ်နှင့် ခန္ဓာကိုယ်နှစ်ခုလုံးကို သွေး‌ဆောင်နိုင်ပါစေဟု ဆုတောင်းနေမိသည်။


ဤနည်းလမ်းဖြင့်သာ ရှကျင်းဟူသည့်မိန်းမကို သူမခြေထောက်အောက်တွင် ဖိထားနိုင်မည်ဖြစ်သည်။


"နင်ဘာကိုရယ်နေတာလဲ... ငါ့ကိုရယ်နေတာလား...."