အပိုင်း ၇၂
Viewers 29k

Chapter 72


" နင့်နာမည်ကို ဘာလို့ရှအန်းလို့ပြောင်းလိုက်တာလဲသိလား ... ဘာလို့လဲဆိုတော့ ငါ့မိသားစုက ငါ့ကို ဘေးကင်းကင်း ပြန်လာစေချင်လို့ပဲ ... အဲ့ဒါကြောင့် နင်က ငါ့အတွက် ဆုတောင်းပေးနေရတဲ့ ပစ္စည်းတစ်ခုလိုပဲ ... နင့်ကိုယ်နင် ဖီးနစ်ငှက်အဖြစ်ပြောင်းသွားပြီး ရှမိသားစုရဲ့ မင်းသမီးလေး ဖြစ်လာပြီထင်နေတာလား ..."


" ရှအန်း ငါ့ကို သနားစရာအကြည့်နဲ့ လာမကြည့်နဲ့ ... နင်က ငါ့ဘဝကို ခိုးယူခဲ့တဲ့ သူခိုးပဲ .. ဒီနှစ်တွေကို ငါဘယ်လို ကုန်ဆုံးခဲ့ရလဲသိလား ... နင်သာ ရှိမနေရင် ဒီလိုကိစ္စတွေ မဖြစ်ခဲ့ဘူး ..."


" ငါပြန်လာပြီ ရှအန်း ... တကယ့် မင်းသမီးလေး ပြန်လာပြီ ... နင့်ကို ဆင်းရဲသားရပ်ကွက်ကို ပြန်သွားခွင့်ပေးမယ် ..."


" ရှရှ ငါတို့ရဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းရမယ်ထင်တယ် ...မငိုပါနဲ့ ကိုယ်မင်းကို လက်ထပ်မှာပါ ..."


" ရှရှ သည်းခံပါ ... ရှကျင်းက သူတို့ရဲ့ သမီးအရင်း ဖြစ်နေရင်တောင် မင်းမှာ ကိုယ်ရှိသေးတယ်လေ ..."


" ရှရှ ... ကျင်းက အရမ်းသနားစရာကောင်းတယ် ... သူအများကြီး ခံစားခဲ့ရတာလေ ... ကိုယ်ဘာလို့ သူမကို ကောင်းကောင်းမဆက်ဆံရမှာလဲ ... သူက အဘွားရှရဲ့ မြေးမလေးပဲလေ ..."


" ရှအန်း ကိုယ်က ချည်နှောင်ခံရတာတွေ မုန်းတာ မင်းသိပါတယ် ... ကလေးတစ်ယောက်နဲ့ ကိုယ့်ကို ချည်နှောင်ထားနိုင်မယ်ထင်လား ... မင်းက ကိုယ့်ကို စိတ်ပျက်စေတာပဲ ..."


" အန်းအန်းရေ ... အဘွားကို ခွင့်လွှတ်ပေးပါ ... အဘွားလည်း ဒီလို မလုပ်ချင်ပါဘူး ... ဒါပေမဲ့ ဒီမိသားစုက မင်းကို အလိုမရှိတော့ဘူး ... မင်း ထွက်သွားနိုင်ပါပြီ ..."



" ဘာတွေလဲ ..."


ရှအန်း သူမအိမ်မက်မှ ရုတ်တရက် လန့်နိုးလာသည်။ ခါးသီးပြီး ဝမ်းနည်းသော ခံစားချက်များ ရင်ထဲတွင် စုဝေးလာသဖြင့် သူမရင်ဘတ်ကို ဖိထားမိသည်။


ဤခံစားချက်က သူမ မဟုတ်ပဲ မူလ ပိုင်ရှင်၏ ခံစားချက်များဖြစ်ကြောင်း သိသည်။


သူမ မြင်မက်ခဲ့သော အိမ်မက်က မူလပိုင်ရှင်၏ နာကျင်စရာ အမှတ်တရများ ဖြစ်နိုင်သည်။


သူကို ချစ်ခင်သူများနှင့် သူမ ချစ်ခင်ရသည့်လူကပါ သူမကို စွန့်ခွာသွားခဲ့သည်။


" မာမား ဘာလို့ငိုနေတာလဲ ..."

သူမနားထဲ ကလေးသံလေးတစ်သံ ရောက်လာသည်။ ရှအန်း လှည့်ကြည့်လိုက်သည့်အခါ သူမဘေးတွင် အိပ်နေသည့် အကောင်ပေါက်လေး နိုးလာပြီဖြစ်သည်။


" မာမား အိမ်မက်ဆိုးတွေ မက်နေလို့ပါ ..."


ရှအန်း သက်ပြင်းချလိုက်သည်။ ခန္ဓာကိုယ်၏ မူလပိုင်ရှင် သေဆုံးသွားသော်လည်း ခံစားချက်များ ကျန်ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။


သူမ မျက်ရည်များသုတ်ရန် ပြင်လိုက်စဉ် သူမဘေးတွင်လှဲနေသည့်ဘအကောင်ပေါက်လေး ထလာပြီး မျက်ရည်များကို သုတ်ပေးနေသည်။


" မာမား မကြောက်ပါနဲ့ ... ရှောင်ရှင်းဒီမှာ ရှိတယ်နော် ... ရှောင်ရှင်းက မာမားကို ထာဝရ ကာကွယ်ပေးမယ် ..."


မရင့်ကျက်သော ကလေးလေး၏ အသံက သူမနားထဲတွင် ရယ်စရာဖြစ်နေသော်လည်း ထိုကလေးလေး၏ တည်ရှိနေမှုကပင် သူမရင်ထဲကို အေးချမ်းသွားစေသည်။


" မာမား မကြောက်ပါဘူး ... ရှောင်ရှင်းလေးက မာမားနဲ့ ထာဝရရှိနေမှာပဲလေ ..."


ရှအန်းလည်း ထထိုင်လိုက်ပြီး ကလေးလေးကို ရင်ခွင်ထဲ မြုပ်နေအောင် ဖက်ထားလိုက်သည်။


ရှအန်း နှုတ်ခမ်းများကို ကွေးညွတ်လိုက်သည်။


သူမ ဤဝတ္ထုထဲတွင် အသက်တိုသည့် အမြောက်စာဇာတ်ကောင် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ။


သူမသားလေးက ‌ဗီလိန် ဟုတ်ဟုတ် မဟုတ်ဟုတ်။ သူမဘဝက သနားစရာကောင်းနေပါက ဗီလိန်၏ဘဝလည်း သနားစဖွယ် ဖြစ်နေမည်ပင်။


သူမ အသက်ရှင်နေသရွေ့ သူမသားလေးထံတွင် မည်သည့်အရာမှ မဖြစ်စေလိုပေ။


အမျိုးသမီးဇာတ်လိုက်၏ မိသားစုကို သူမ ရန်မစရန် ဆုံးဖြတ်လိုက်သည်။ သို့သော် အဓိက ဇာတ်လိုက်များက သူမကို ဦးစွာ ရန်မစရန် လိုအပ်သေးသည်။


မဟုတ်ပါက ...


" ရှောင်ရှင်း မာမားကမင်းကို သေချာပေါက် ကာကွယ်ပေးမယ်နော် ..."


သူမ လုပ်ဆောင်ရမည်ကို သေချာဆုံးဖြတ်ပြီးသွား၍ ရှအန်း ကောင်းမွန်စွာ အိပ်ပျော်သွားသည်။


သူမ နိုးလာသည့်အခါ ကောင်းကင်တစ်ခုလုံး လင်းထိန်နေပြီဖြစ်သည်။


အကောင်ပေါက်လေးအတွက် အရသာရှိသည့် မနက်စာ ပြင်ဆင်ပြီးသည့်အခါ ရှအန်း အစီအစဉ်ကို စတင်တော့သည်။


သို့ရာတွင် သူမ အစီအစဉ်ကို အကောင်အထည်မဖော်မီ ဟန်ယွဲ့ကိုတွေးမိသွား၍ ဖုန်းခေါ်လိုက်သည်။


" ဟေး ရှအန်း ... တစ်ခုခု ထူးလို့လား ..."


ရှအန်းပြုံးလိုက်သည်။

" ဟန် ကျွန်မ ဝေ့ပေါ်မှ ပို့စ်တစ်ခု တင်ချင်လို့ ..."


" ဝေ့ပေါ်မှာလား ... ဘာတင်မလို့လဲ ..."


" ရှောင်ရှင်းက မျိုးမစစ်လေး မဟုတ်ဖူးဆိုတာနဲ့ ကျွန်မက တိတ်တိတ်ပုန်းမယား မဟုတ်ကြောင့်ပေါ့လေ ..."

ရှအန်း ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။


မူလပိုင်ရှင်က အကျင့်ပျက်ထားသည့်ကိစ္စများ မပြုလုပ်ထားသည်ကို သိသောအခါ သူမတွင် ဖုံးကွယ်စရာအကြောင်း မရှိတော့ပေ။


တချို့လူတွေကတောင် ကောလဟာလတွေ ဖြန့်ချင်နေတာပဲ ... သူမက‌ရော ပြန်ချေပလို့ မရဘူးလား ...


" အာ ... ပြဿနာမတက်ဖူးဆိုတာ သေချာလား ..."


ရှအန်း ထိုသို့ပြောလိုက်သည့်အခါ ဟန်ယွဲ့ အံ့အားသင့်သွားသည်။ ဤတစ်ကြိမ်၌ ရှအန်းတွင် ပြန်လည်‌ချေပရန် သတ္တိမရှိဟု ထင်ထားခဲ့သည်။


ဒါပေမဲ့ ...


" ရှအန်း ငါထင်တာ မင်းဂရုစ်ိုက်နေသင့်သေးတယ် ... မင်းရဲ့ နောက်ကွယ်က ကောလဟာလနဲ့ အတင်းအဖျင်းတွေက မရိုးသားဘူးနော် ... ရှိူးကို ရုပ်သံလွှင့်တဲ့အထိ စောင့်ရင် ဘယ်လိုလဲ ...အဲ့အချိန်ဆို မင်းဘက်က ထောက်ခံမယ့်သူတွေ များလာမှာ ..."


" ဟန် ကျွန်မက စောင့်နိုင်ပေမယ့် ရှောင်ရှင်းကရော ... သူက အပြစ်မရှိတဲ့ ကလေးလေ ... သူက ငယ်ငယ်လေးနဲ့ ဒီကိစ္စတွေကို သိနေတာ စိတ်ရောဂါတစ်ခုခု ဖြစ်သွားမှာတောင် စိုးရိမ်ရတယ် ..."


" ကောင်းပြီလေ ... မင်း ရှင်းလင်းချင်တယ်ဆိုလည်းလုပ်ပါ ... ငါတို့TV stationတွေနဲ့ဝက်ဘ်ဆိုက်တွေကို မြန်မြန်ရှာထားလိုက်မယ် အဲ့ဒါမှ အစီအစဉ်ကို မြန်မြန်ထုတ်လွှင့်နိုင်မှာ ..."


" ကျေးဇူးတင်ပါတယ် ဟန် ..."


ဟန်ယွဲ့က သူ၏အကျိုးအမြတ်အတွက် လုပ်နေခြင်းဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် သူမကို ဂရုစိုက်ကြောင်း ရှအန်းသိသည်။


" နောက်မှ ငါ့ကိုကျေးဇူးတင်ပါ ... ရိုက်ကူးရေးအဖွဲ့က မင်းအပေါ် မှီခိုနေရတာ ..."

ဟန်ယွဲ့အပြုံးဖြင့် ပြောလိုက်သည်။ သူပြောလိုက်သည်မှာ စနောက်ခြင်းမဟုတ်ပဲ အမှန်တရားသာဖြစ်သည်။


ရှိုး၏ သက်ရောက်မှု သို့မဟုတ် ရှအန်း၏နောက်ကွယ်မှ ရင်းနှီးမြှုပ်နှံမှုများကြောင့်ဖြစ်စေ  ရှအန်းက သူတို့အစီအစဉ်၏ ကြယ်ပွင့်သာဖြစ်သည်။


သို့သော် ရင်းနှီးမြုပ်နှံသူများနှင့်ပတ်သက်၍မူ သူမအား မပြောပြရဲပေ။