အပိုင်း ၇၅
Viewers 29k

Chapter 75


“Come on Challenger” အစီအစဉ်အဖွဲ့မှာ အလွန်အလုပ်ရှုပ်နေကြသည်။


သို့သော် ရှအန်းမသိလိုက်သည်က ဝေ့ပေါ်တွင် ရှင်းလင်းချက်ပို့စ်တင်လိုက်ခြင်းက ကိစ္စပေါင်းမြောက်မြားစွာကို အစပျိုးခဲ့သည် ဆိုသည်ကိုပင်။


ဝေ့ပေါ်တွင် ပို့စ်တင်ပြီးနောက် လူထု၏ သဘောထားအမြင်ကို လျစ်လျူရှုထားခဲ့သည်။


သူမ လက်ရှိတွင် ဉာဏ်ကောင်းသောသားလေးအတွက် ကျောင်းတစ်ခုရှာနေသည်။


ကမ္ဘာပျက်ကပ်နေ့ရက်များက ကောင်းသည့်ကျောင်း ဆိုးသည့်ကျောင်းဟူ၍ မရှိခဲ့သော်လည်း ရှအန်းသည်လည်း ငြိမ်ချမ်းသောကာလကို တွေ့ကြုံခဲ့သူတစ်ယောက်သာဖြစ်သည်။ ကလေးတစ်ယောက်အတွက် စာသင်ကျောင်းက ဒုတိယအိမ်နှင့် တူညီသည့်အကြောင်း သူမ သိထားသည်။


ရှရှင်းချန် မည်သည့် ကျောင်းတက်ချင်မည်ကို သူမ သိချင်နေသည်။


ဘာလို့လဲဆိုတော့ သူမ ကလေးလေးက ဉာဏ်ကြီးရှင်လေးလေ ...


အဲ့ဒါကြောင့် သူမသားလေးကို အနာဂတ်မှာ ကြယ်ပွင့်လေး ဖြစ်လာစေချင်တယ် ...


ထို့ကြောင့် ကျောင်းရွေးချယ်မှုနှင့်ပတ်သက်၍ ရှအန်းက ပိုမိုကောင်းမွန်သည့်သီးသန့်လုံခြုံရေးရှိသော နိုင်ငံတကာကျောင်းများကို နှစ်သက်သည်။


သို့သော် ထိုကျောင်းများကိုစုံစမ်းကြည့်လိုက်သည့်အခါ သူမအစီအစဉ်တွင် ရခဲ့သည့်ဆုက ကျောင်းများဝင်ကြေးပေးရန် မလုံလောက်ပေ။


တစ်နှစ်စာ ကျူရှင်စရိတ်ကလည်း ဂဏန်းခြောက်လုံးအထိရှိသည်။ 


ကျောင်းရောဟုတ်ရဲ့လား ပိုက်ဆံ တွင်းနက်ကြီးလိုပဲ ...


စက်ဆုပ်စရာကောင်းလောက်သည်အထိ ဈေးကြီးကိုလည်း သူမ၏ ဉာဏ်ကြီးရှင်သားလေးကို နိုင်ငံတကာကျောင်းတွင်သာ စာရင်းသွင်းချင်သည်။


သူမကိုယ်သူမ နှစ်သိမ့်လိုက်ပြီး ဉာဏ်ကြီးရှင်သားလေးအတွက် ရင်းနှီးမြှုပ်နှံမှုဟုသာ သဘောထားလိုက်သည်။


တစ်နှစ်စာကို ကျုရှင်လခ သိန်းဂဏန်းလောက်ပါပဲ ... အကောင်ပေါက်လေး ကြီးလာရင် နှစ်ဆပြန်ရမှာပေါ့လေ ...


ကပ်စေးနဲသည့်ရှအန်းမှာ ထိုသို့တွေးလိုက်ကာမှ စိတ်ကျေနပ်သွားသည်။


တခြားကျောင်းပေါင်းများစွာနှင့် အကြောင်းအရင်းအမျိုးမျိုးကို စဉ်းစားကာ တရုတ်ကျောင်းသား ၂၀%သာလက်ခံပြီး တစ်နှစ်လျှင် ကျောင်းသားဦးရေ အနည်းငယ်သာရှိသော နိုင်ငံတကာကျောင်းတစ်ကျောင်းကို နောက်ဆုံးတွင် ရွေးချယ်လိုက်သည်။


ဒီနိုင်ငံတကာကျောင်းရဲ့ ကုန်ကျစရိတ်က ယွမ်နှစ်သိန်းထက် ပိုကုန်ပေမယ့်ပေါ့လေ ...


"  စာကောင်းကောင်းလုပ်ပြီး အနာဂတ်မှာ ငွေများများရှာနိုင်တဲ့လူ ဖြစ်အောင်လုပ်နော် ... မာမားရဲ့ လက်ကျန်ဘဝက မင်းအပေါ် မူတည်သွားပြီ ..."


ရှရှင်းလေးက သူမကို မျက်တောင်ခတ်ပြလိုက်ပြီး သူခံစားလိုက်ရတာက ... ဖိအားလား ...


" ဟုတ်ကဲ့...မာမား ရှောင်ရှင်းသိပါတယ် ..."


အကောင်ပေါက်လေး၏ တုံ့ပြန်မှုကို ရပြီးနောက် ရှရှင်းချန်ကို ကျောင်းပို့ရန် ငွေပမာဏများစွာ ကုန်ကျသွားသည့် ဝေဒနာမှ ရှအန်းသက်သာရာရသွားသည်။ 


ရှအန်း မရှင်းလင်းသည်က ...


မိဘတွေက ငွေအများကြီးပေးပေမယ့် တချို့ကျောင်းတွေက ဘာလို့ ဝင်ခွင့်မပြုတာပါလိမ့် ...


" မာမား သားကို ဒီကျောင်းသွားစေချင်တာလား ..."


အကောင်ပေါက်လေးက ရှအန်း၏ပေါင်ပေါ်တက်လာပြီး ခေါင်းငုံ့ကာ တက်ဘလက်မျက်နှာပြင်ပေါ်တွင် ပြသနေသည့် ကျောင်းပုံကို ကြည့်လိုက်သည်။


" အင်း ဟုတ်တယ် .. ဒီကျောင်း ... မာမားသေချာကြည့်ပြီးပြီ ဒီကျောင်းက ကြယ်ပွင့်လေးအတွက် အသင့်တော်ဆုံးပဲ ...မာမားမင်းကို ဒီကျောင်းပို့ပေးမယ် ..."

ရှအန်း ခေါင်းငြိမ့်ပြီး ပြုံးပြလိုက်သည်။ 


ဒီကျောင်းက သူမ ဂရုတစိုက် ရွေးချယ်ထားတာပဲ ...


" ဒါပေမဲ့ မာမား ... သားဒီကျောင်းကို ငွေပေးပြီး တက်လို့မရဘူး ..."


အကောင်ပေါက်လေးက မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ရှအန်းကို ဖြူစင်စွာ ကြည့်နေသည်။


ရှအန်း ရုတ်တရက် တုန့်ဆိုင်းသွားသည်။


" အယ် ... ငွေရှိရင်တောင် တက်လို့မရဘူးလား ... ဘယ်လိုဟာသကြီးလဲ ... ကျူရှင်လခက အရမ်းဈေးကြီးတာကို သူတို့ဘာတွေ ထပ်လိုချင်သေးတာလဲ ..."


ယခင်ဘဝက ရှအန်းမှာ ဆင်းရဲသည့် သာမန်မိန်းကလေးတစ်ယောက်သာဖြစ်သည်။


ကျူရှင်လခက ဈေးကြီးတဲ့အပြင် ကျောင်းတင်ခွင့်စံနှုန်းဘယ်လောက်မြင့်တယ်ဆိုတာ သူမ ဘယ်လိုသိမှာလဲ ...


ဒါကသူမအတွက် ရယ်ချင်စရာကြီးပဲ ...


" ပြီးတော့ ဒီကျောင်းက အန်ကယ်ဖုနဲ့ အန်တီက သားနဲ့ မမအန်းချီကိုတက်ဖို့ပေးတဲ့ ကျောင်းစာရင်းထဲမှာပါတယ် ... အဲ့အချိန်က သားနဲ့ မမအန်းချီ ဝင်ခွင့်ရဖို့ အများကြီး ပြင်ဆင်ခဲ့ရတယ် ... အဲ့ဒါ ..."


ရှအန်း မမျှော်လင့်ထားသည့်အတွက် အံ့အားသင့်သွားသည်။ ၎င်းကို ကျူရှင်လခပေးလျှင် လုံလောက်သည့် မူလတန်းကျောင်းလေးတစ်ကျောင်းဟုသာ ထင်ခဲ့မိသည်။


အကြုံပြုစာနဲ့ ဝင်ခွင့်စာမေးပွဲဆိုတဲ့ ဇယားရှုပ်တဲ့ကိစ္စတွေ အတွဲလိုက်တန်းစီလုပ်ရမယ့ဆိုတာ ဘယ်သူသိမှာလဲ ...


" မာမား သားနောက်နှစ်မှ ကျောင်းတက်ဖို့ စောင့်ပေးပါလား ..."


အကောင်ပေါက်လေးက ရှအန်း၏လက်မောင်းကို တင်းတင်းကျပ်ကျပ်ဖက်ထားပြီး ‌ချွဲနွဲ့ကာ ပြောလိုက်သည်။


ဒါကို ကြည့်ရုံနဲ့ အကောင်ပေါက်လေး ကျောင်းမတက်ချင်ဘူးဆိုတာ သိနိုင်တယ် ...


သို့သော် ရှအန်းသည်လည်း လွယ်လွယ်လက်လျှော့တတ်သူတစ်ယောက် မဟုတ်ပေ။


ဆန့်ကျင်ဘက်အနေဖြင့် အခက်အခဲများ တိုးလာပါက သူမ၏ တိုက်ခိုက်လျင်စိတ်ကိုပင် လှုံ့ဆော်ပေးသည်။


" မင်းရဲ့ အန်ကယ်ဖုနဲ့ အန်တီက လုပ်နိုင်တယ်ဆိုတော့ သူတို့ကို သွားရှာကြတာပေါ့ ..."


စက္ကန့်အနည်းငယ်ခန့်စဉ်းစားပြီးနောက် ရှအန်းပြုံးလိုက်သည်။ သူမ မျက်လုံးထဲတွင် ဉာဏ်နီဉာဏ်နက်များဖြင့် ပြည့်နေသညိ။


“…”  ရှရှင်းချန်


ရုတ်တရက် သူ့ရင်ထဲမှာ မကောင်းတာ တစ်ခုခု ဖြစ်လာတော့မယ်ဆိုတာ သိနေတယ်နော်... (⊙o⊙)