Chapter 18
Viewers 1k

Volume 1 : Beginner ၏ လျှို့ဝှက်ခန်း


Chapter 18 (2 of Clubs – စာချုပ်)


အခြားသူများက 'စာချုပ်' ဟူသော စကားလုံးကို ကြားပြီး အားလုံး အံ့ဩသွားကြသည်။


နံပါတ် 2 ကောင်မလေးက မယုံနိုင်စွာ မေးလိုက်သည်။

"ဘာစာချုပ်လဲ?"


ဆယ်ကျော်သက်က ရှင်းပြသည်။

"Clubs လျှို့ဝှက်ခန်းက စိန်ခေါ်သူတွေကို တူညီတဲ့တိုးတက်မှုတွေနဲ့ ယှဉ်ပြိုင်ခိုင်းတာပါ… မင်းတို့ငါးယောက်က D အဆင့် လျှို့ဝှက်ခန်းတွေကို ရှင်းပြီးပြီ… C အဆင့် လျှို့ဝှက်ခန်းတွေကစပြီး ကစားသမားမျိုးစုံနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ပုံစံကို ဖွင့်ပါတယ်… အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းဖို့အတွက် စာချုပ်တစ်ခုရှိရပါမယ်…"


ကောင်မလေးက တွေးဆသည်။

"နင့်ရဲ့ Clubs လျှို့ဝှက်ခန်းကို အရင်ရွေးခဲ့ရင် ဘယ်လိုလုပ်မလဲ? ဖြစ်စဉ်ကိုရှင်းပြီးရင် အခြားတစ်ယောက်နဲ့ အဖွဲ့ဖွဲ့လို့ရလား?"


"မဟုတ်ဘူး၊ အစကတည်းက clubs လျှို့ဝှက်ခန်းကို ရွေးတဲ့လူတွေအတွက် သူတို့ရဲ့စွမ်းဆောင်ရည်ကို ကြည့်ပြီးတော့ စိတ်ဓာတ်အရည်အသွေးညံ့တဲ့ ကစားသမားတချို့ကို ဖယ်ထုတ်ပစ်တာ… သူတို့က ဂိမ်းနိုင်ရင် ပိုက်ဆံကို အရင်သိမ်းနိုင်ပြီး အဖွဲ့ဖွဲ့ချင်တဲ့သူကိုတွေ့ရင် စောင့်ရှောက်သူကိုရှာပြီး စာချုပ်ချုပ်နိုင်တယ်…" သူစကားပြောနေစဉ် ဆယ်ကျော်သက်၏အကြည့်က အားလုံးကို လွှမ်းမိုးသွားသည်။ "မင်းတို့ငါးယောက်က အခု C အဆင့် လျှို့ဝှက်ခန်းတွေကို သွားတော့မှာဖြစ်ပြီး စာချုပ်ကို တိုက်ရိုက်ဝယ်လို့ရတယ်…"


သူ့လက်ကို မြှောက်လိုက်ပြီး စားပွဲပေါ်တွင် စာချုပ်သုံးမျိုး ပေါ်လာသည်။


လူသစ်စာချုပ်စာအုပ်သည် ရွှေဒင်္ဂါး 10,000 တန်ကြေးရှိပြီး လူနှစ်ဦးကို အဖွဲ့တစ်ဖွဲ့တွင် ပေါင်းစည်းနိုင်စေပါသည်။ အလယ်အလတ်စာချုပ်သည် ရွှေဒင်္ဂါး 50,000 ဖြစ်ပြီး ကစားသမားငါးဦးအား စာချုပ်ပါ ဆက်ဆံရေးကို တည်ဆောက်နိုင်မည်ဖြစ်သည်။ အဆင့်မြင့်စာချုပ်သည် စျေးကြီးပြီး ရွှေဒင်္ဂါး 180,000 လိုအပ်ကာ ကစားသမား 8 ယောက်မှ 15 ယောက်အထိ စာချုပ်ပါ ဆက်ဆံရေးကို တည်‌ဆောက်နိုင်မည်ဖြစ်သည်။


ရှောက်လုံ၏လက်ထဲတွင်ရှိသော ရွှေဒင်္ဂါးများသည် အကန့်အသတ်ရှိပြီး သူနှင့် စာချုပ်ချုပ်လိုသော တစ်ဦးတည်းသောလူမှာ ယွီဟန်ကျန်းဖြစ်သည်။ သူက ရွှေဒင်္ဂါး 10,000 နဲ့ လူသစ်စာချုပ်စာအုပ်ကို ဝယ်ဖို့ တွန့်ဆုတ်မနေခဲ့ပါ။ ယွီဟန်ကျန်းသည် မူလက တစ်ခုဝယ်လိုသော်လည်း ရှောက်လုံ ဝယ်လိုက်ပြီကို မြင်သောအခါတွင် သူ၏ရွှေဒင်္ဂါးများကို ထားလိုက်တော့သည်။


စာချုပ်ကိုရရှိပြီးနောက် ရှောက်လုံသည် ၎င်းကိုဖွင့်ကြည့်ရာ ၎င်းထဲတွင် ရေးထားသော စည်းကမ်းချက်များရှိကြောင်း တွေ့ရှိခဲ့သည်။


[ကတ်လျှို့ဝှက်ခန်းများအတွက် စာချုပ်ပါစည်းကမ်း]


1. စာချုပ်ပါ ဆက်ဆံရေးကို တည်ဆောက်သော စိန်ခေါ်သူများသည် ချက်ချင်းပင် ပုံသေအဖွဲ့သားများ ဖြစ်လာလိမ့်မည်။ လျှို့ဝှက်ခန်းအသစ်ဖွင့်သော အဖွဲ့သားတိုင်းဟာ စာချုပ်ထဲက အခြားအဖွဲ့သားများကို ကမ္ဘာထဲကို တစ်ချိန်တည်းဝင်ရောက်ဖို့ ခေါ်ပါလိမ့်မည်။ ခေါ်ဆိုမှုကြောင့် အခြားလျှို့ဝှက်ခန်းများရှိ လူများကို ထိခိုက်မှုမရှိပါ။


2. ပထမဦးစွာလက်မှတ်ထိုးသူသည် အလိုအလျောက် စာချုပ်ပိုင်ရှင်ဖြစ်လာသည်။ ပိုင်ရှင်သည် စာချုပ်ပါ အခြားသူများ၏ အမည်များကို ဖြတ်တောက်နိုင်ပြီး တစ်ဖက်လူနှင့် စာချုပ်ပါ ဆက်ဆံရေးကို ရပ်စဲနိုင်သော်လည်း လျှို့ဝှက်ခန်းတစ်ခုထဲ၌ လုပ်ဆောင်နေချိန်တွင် ၎င်းကို ခွင့်မပြုပါ။


3. စာချုပ်ကို အဆင့်မြင့်နိုင်သည်။ လူသစ်စာချုပ်သည် လူနှစ်ဦးကို အဖွဲ့ဖွဲ့နိုင်သည်။ အလယ်အလတ်သို့ အဆင့်မြင့်တင်ရန် ရွှေဒင်္ဂါး 40,000 နှင့် အဆင့်မြင့်သို့ အဆင့်မြင့်တင်ရန် ရွှေဒင်္ဂါး 170,000 ကို ပေးချေရမည်ဖြစ်သည်။ အဆင့်မြင့်ပြီးနောက် မူလစာချုပ်ပါ ဆက်ဆံရေးသည် ဆက်လက်တည်ရှိနေသော်လည်း လက်မှတ်စာမျက်နှာကို ချဲ့ထွင်ကာ လူသစ်များကို ဆက်လက်ထည့်သွင်းနိုင်သည်။


4. စာချုပ်နဲ့ပါလာသော အထူးငှက်မွှေးဘောပင်ဖြင့် သင့်ကိုယ်ပိုင်အမည်ကို လက်မှတ်ရေးထိုးပြီး ဖိတ်ခေါ်လိုသူအား စာချုပ်ကို ပေးလိုက်ပါ။ စာအုပ်ကို တစ်ဖက်လူက သဘောတူပြီး လက်မှတ်ထိုးပြီးနောက် စာချုပ်သည် အလိုအလျောက် ဖြစ်ပေါ်လာလိမ့်မည်။


5. ပိုင်ရှင်အပြင် အခြားလက်မှတ်ထိုးသူများသည် သူတို့ကိုယ်တိုင်၏အမည်ကို ဖျက်နိုင်သည် သို့မဟုတ် လျှို့ဝှက်ခန်းတွင် သေဆုံးနိုင်သည်။ ထို့နောက် စာချုပ်ပါ ဆက်ဆံရေးကို ရပ်စဲနိုင်သည်။ စာချုပ်ပိုင်ရှင်သည် လျှို့ဝှက်ခန်းတွင် သေဆုံးသွားပါက စာချုပ်ပိုင်ရှင်အား ဒုတိယလက်မှတ်ထိုးသူထံ လွှဲပြောင်းပေးမည်ဖြစ်သည်။


6. ကတ်ကမ္ဘာရှိလူတိုင်းသည် စာချုပ်တစ်ခုတွင်သာ လက်မှတ်ရေးထိုးခွင့်ရှိသည်။


7. နောက်ဆုံးအဖွဲ့စည်းကမ်းကို စာချုပ်ပိုင်ရှင်က ပေါင်းထည့်၍ ပြုပြင်နိုင်ပါသည်။


ဤစာအုပ်သည် အလွန်ကောင်းမွန်သော အသွင်အပြင်ရှိပြီး အနောက်တိုင်းစိတ်ကူးယဉ်ရုပ်ရှင်များတွင် လျှို့ဝှက်ဆန်းကြယ်သော မှော်စာအုပ်များကဲ့သို့ဖြစ်သည်။ အနက်ရောင်သားရေစစ်စစ်အဖုံးကို လှပသောပုံစံဘောင်ဖြင့် ဝိုင်းရံထားပြီး စာအုပ်အလယ်တွင် ‘ကတ်ကမ္ဘာ၏စာချုပ်စာအုပ်’ တံဆိပ်တုံးထုထားသည်။ စာအုပ်၏အတွင်း စာမျက်နှာများသည် အဝါရောင်စက္ကူများဖြစ်ပြီး ပထမစာမျက်နှာရှိ စည်းကမ်းစာသားသည် သွေးကဲ့သို့ အနီရောင် ဖြစ်နေသည်။ အနီရောင်ငှက်မွှေးဘောပင်ကို စာမျက်နှာအလယ်တွင် ညှပ်ထားသည်။


ဒုတိယစာမျက်နှာမှာ လက်မှတ် စာမျက်နှာဖြစ်ပြီး လက်ရှိတွင် နေရာနှစ်ခုသာ ရှိသည်။


ရှောင်လုံသည် ဘောပင်ကို ကောက်ကိုင်လိုက်ပြီး ‘ရှောက်လုံ’ ဆိုသော နာမည်ကို လေးလေးနက်နက်နဲ့ မှန်ကန်စွာ ရေးခဲ့သည်။


စာရေးပြီးနောက် သူက အခြားလူသုံးယောက်ကို ပြုံးပြပြီး စာချုပ်စာအုပ်ကို ယွီဟန်ကျန်းထံ တိုက်ရိုက် ပေးလိုက်သည်။


ယွီဟန်းကျန်းက ရှောက်လုံကိုကြည့်ကာ ဘောပင်ကို ရိုးရိုးရှင်းရှင်း ကောက်ကိုင်လိုက်ပြီး ရှောက်လုံ၏ လက်မှတ်ဘေးတွင် ‘ယွီဟန်ကျန်း’ဆိုသော စာလုံးများကို ချောမာစွာရေးကာ ရှောက်လုံကို ပြန်ပေးခဲ့သည်။


သူတို့နှစ်ဦးသည် အစမှအဆုံး စကားမပြောကြသော်လည်း အချိန်အတော်ကြာ စေ့စပ်ညှိနှိုင်းနေသကဲ့သို့ တိတ်တိတ်ဆိတ်ဆိတ် ပြုမူခဲ့ကြသည်။


ကျန်သောသုံးယောက်: "…"


သူတို့က လွယ်လွယ်နဲ့ အဖွဲ့ဖွဲ့ခဲ့ကြတာလား? ကြည့်ရှုသူများက ရုတ်တရက် အားကျခြင်းတချို့ကို ခံစားလိုက်ရသည်။


နံပါတ် 5 က ပြုံးလိုက်သည်။

"နံပါတ် 1 နဲ့ နံပါတ် 3 ၊ မင်းတို့က အစကတည်းက တစ်ယောက်နဲ့တစ်ယောက် သိပြီးသားလား?"


ယွီဟန်ကျန်းက “အင်း”လို့ တိုးတိုးလေး ပြန်ဖြေခဲ့သည်။


"ကတ်ကစားနေစဉ်အတွင်း တစ်ယောက်နဲ့တစ်ယောက် ဘာလို့စိုက်ကြည့်နေတာလဲဆိုတာ အံ့ဩစရာမရှိပါဘူး…"


ရှောက်လုံ: "…"


အဲဒါက အကြိမ်အနည်းငယ်ပဲ ရှိတာပါ။ ဒီလောက် သိသာလို့လား?


Cubs ဆယ်ကျော်သက်က ပြောလိုက်သည်။

"ကျန်တဲ့သုံးယောက်လည်း အဖွဲ့ဖွဲ့ချင်ရင် ငါ့ကိုလာရှာလို့ရတယ်… နောက်တစ်ဆင့်မှာ မင်းတို့ကို တစ်‌ယောက်ချင်းစိန်ခေါ်သူတွေနဲ့ ကြုံရာကျပန်း တွဲပေးမှာဖြစ်ပြီး မင်းတို့နဲ့ လိုက်ဖက်တဲ့လူအမျိုးအစားဖြစ်မယ်လို့ အာမမခံနိုင်ဘူး…"


ဆယ်ကျော်သက်သည် ‘လူသစ်အုပ်စု လမ်းညွှန်သူ NPC’အဖြစ် အသိစိတ်ဖြင့် ဆောင်ရွက်ခဲ့သည်။ သူ၏မျက်နှာထားက တင်းမာနေသော်လည်း အလွန်တာဝန်ယူတတ်ကာ စည်းကမ်းများကို ရှင်းလင်းစွာ ရှင်းပြခဲ့သည်။


နံပါတ် 2 ကောင်မလေးက နံပါတ် 7 ကောင်မလေးကို ကြည့်လိုက်သည်။ သူမ စကားမပြောမီ နံပါတ် 7 ကောင်မလေးက ပါးစပ်ဖွင့်ရန် အစပြုခဲ့သည်။ 

"အဖွဲ့ဖွဲ့ရအောင်… ငါ့မှာ ရွှေဒင်္ဂါး 10,000 မရှိဘူး၊ ဒါပေမယ့် ငါတို့ပိုက်ဆံတွေကို အတူတူပေါင်းရင် စာချုပ်ဝယ်ဖို့ လုံလောက်နိုင်တယ်…"


နံပါတ် 2 ကောင်မလေးက မျက်လုံးများ တောက်ပလာသည်။

"ကောင်းပြီ၊ နင် နောက်ထပ် ဘယ်လောက်လိုတာလဲ?"

 

မိန်းကလေးနှစ်ယောက်က ပူးပေါင်းခဲ့ကြသည်။ သူတို့သည် သူတို့၏ပိုက်ဆံနဲ့ စာချုပ်ဝယ်ပြီး မြန်မြန် လက်မှတ် ရေးထိုးခဲ့သည်။


နံပါတ် 5 တစ်ယောက်တည်းသာ အဖွဲ့ဝင်များ မရှိခဲ့ပေ။ သူသည် လွတ်လွတ်လပ်လပ် ကစားနေသောကြောင့် မိန်းကလေးနှစ်ယောက်က သူနှင့် အဖွဲ့ မဖွဲ့ရဲပေ။ သို့သော် ထိုအမျိုးသားကလည်း စိတ်ထဲမထားပါ။ သူ့ကိုယ်ပိုင် ဆိုဖာပေါ်တွင် ထိုင်နေသကဲ့သို့ ကုလားထိုင်ပေါ်တွင် ထိုင်နေ၏။


ရှောက်လုံသည် ဤကျစ်ဆံမြီးနဲ့အမျိုးသားက အလွန်သန်မာသည်ဟု အလိုလိုခံစားမိခဲ့သည်။ သူ့အတွေးက ထက်မြက်ပြီး သတ္တိရှိသည်။ ကတ်ကစားသောအခါ သူ၏အရည်အချင်းက အလွန်ကျွမ်းကျင်သည်။ Hearts၊ Diamonds နှင့် Spades တွင် သူ၏စွမ်းဆောင်ရည်မှာ အလွန်မကောင်းမွန်သော်လည်း Clubs လျှို့ဝှက်ခန်းတွင် ထိုကဲ့သို့သောလူသည် ပြိုင်ဘက်များကို ကြောက်လန့်စေမည့် လောင်းကစားသမားဖြစ်လာမည်မှာ သေချာပါသည်။ ဘယ်သူက သည်လောက် အရူးအမူး ကစားဝံ့မှာလဲ။ အကယ်၍ တစ်စုံတစ်ယောက်သည် ပထမအချီတွင် လွှဲပြောင်းခြင်းပုတီးစေ့ကို အသုံးပြုခဲ့မည်ဆိုလျှင် သူသည် all in ပြီးနောက် အဆုံးသတ်သွားပေလိမ့်မည်။


ရှောက်လုံ၏အကြည့်ကို သူရိပ်မိပြီး နံပါတ် 5 က မျက်ခုံးပင့်လိုက်သည်။

"မင်းက ဘာလို့ ငါ့ကို ကြည့်နေတာလဲ? မင်းက ငါနဲ့ ကတ်ကစားချင်သေးလို့လား?"


ရှောက်လုံက ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။

"မဟုတ်ဘူး…"


နံပါတ် 5 က အပြုံးဖြင့် ပြောလိုက်သည်။

"အခွင့်အရေးရှိရင် နောင်အခါ အတူတူသောက်ကြတာပေါ့…"

သူက တစ်ခုခုကို တွေးနေပုံရပြီး စောင့်ရှောက်သူကို ရုတ်တရက်ကြည့်လိုက်သည်။

"ဟုတ်သား၊ A of Clubs၊ ငါ ကတ်ကမ္ဘာထဲမှာနေတာ ကြာလှပြီ… ဆာလောင်မှုကိုလည်း မခံစားရဘူး… ငါတို့က ဒီမှာ စားဖို့ မလိုဘူးလား?"


လူတိုင်း: "……"


သူ သည်လိုပြောလိုက်သောအခါ အားလုံးက သူတို့တွေ ဗိုက်မဆာတာကြောင့် အံ့ဩသွားကြသည်။ ပင်ပန်းတာကလွဲ၍ အခြားဘာခံစားချက်မှ မရှိသလိုပါပဲ။


အားလုံးက စောင့်ရှောက်သူကို သံသယများနဲ့ ကြည့်နေကြသည်။


Clubs ဆယ်ကျော်သက်က ရှင်းပြသည်။

"မင်းတို့က D အဆင့် လျှို့ဝှက်ခန်းထဲမှာ ရှိနေတာကြောင့် ဗိုက်ဆာတယ်လို့ မခံစားရတာပါ… အနိမ့်ဆုံးအဆင့် လျှို့ဝှက်အခန်းတွေမှာ အတွေ့အကြုံမရှိသေးသူတွေကို ကာကွယ်ပေးပြီး မင်းတို့ရဲ့ ခန္ဓာကိုယ်အတွင်း ဓာတ်ပြောင်းလဲမှုကို ကာရံထားပါတယ်… မင်းတို့က D အဆင့် လျှို့ဝှက်ခန်းကနေ ထွက်သွားတာနဲ့ ဆာလောင်မှု၊ ပင်ပန်းမှုနဲ့ နာကျင်မှုတွေကို ခံစားရလိမ့်မယ်… သာမန်လူတစ်ယောက်ရဲ့ အာရုံငါးပါးကို ပြန်လည်ရရှိစေမှာပါ…"


ရှောက်လုံက မေးခွန်းထုတ်ခဲ့သည်။

"ဒါဆို Clubs ကပေးတဲ့ ရွှေဒင်္ဂါးတွေက အနာဂတ်မှာ ကတ်ကမ္ဘာက ပစ္စည်းတွေကို ဝယ်နိုင်မှာလား?"


"ဟုတ်တယ်… ရွှေဒင်္ဂါးတွေက ကတ်ကမ္ဘာမှာ တစ်ခုတည်းသော ငွေကြေးဖြစ်တယ်…" စောင့်ရှောက်သူက နံရံပေါ်ရှိ နာရီကို ကြည့်လိုက်ပြီး အကြုံပြုသည်။ "လျှို့ဝှက်ခန်းပိတ်တော့မယ်… တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ဖို့ မင်းတို့မှာ သုံးမိနစ်ပဲ အချိန်ရှိတယ်…"


အခန်းထဲတွင် ခေတ္တတိတ်ဆိတ်သွားသည်။


စက္ကန့်အနည်းငယ်ကြာပြီးနောက် နံပါတ် 2 ကောင်မလေးက တိုးတိုးလေးပြောလိုက်သည်။

"အ-အားလုံးပဲ၊ ကျွန်မက ကျန်းကျိုးဆေးတက္ကသိုလ်ရဲ့ ကျောင်းသူပါ… ကျွန်မ မေးချင်တာကလေ ရှင်တို့ ဒီကိုမလာခင် လက်တွေ့ကမ္ဘာမှာ မတော်တဆမှုတစ်ခုခုကြုံခဲ့ဖူးလား?"


နံပါတ် 7 ကောင်မလေးက ပြန်ဖြေသည်။

"ကျွန်မလည်း ဆေးတက္ကသိုလ်ကပဲ… ယာဉ်တိုက်မှုဖြစ်တုန်းက ကျွန်မက ကျောင်းကပြန်လာတဲ့ ဘတ်စ်ကားကိုစီးခဲ့တာ…"


နံပါတ် 2 ကောင်မလေးက ထိတ်လန့်သွားသည်။

"ကျန်းကျိုးမြို့က မင်းကျူလမ်းကို မောင်းတဲ့ ကျောင်းကားလား?"


"မှန်တယ်…"


ရှောက်လုံ၏ နောက်ကျောက အနည်းငယ် တောင့်တင်းသွားသည်။ 

"အဲဒီတုန်းက မင်းတို့ ဘတ်စ်ကားပေါ်မှာလား?"


ကောင်မလေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းငြိမ့်ပြသည်။


မိန်းကလေးနှစ်ယောက်သည် တကယ်တော့ ဆေးကျောင်းသူများဖြစ်ပြီး ရှောက်လုံ၏ အတန်းကိုလည်း တက်ဖူးတာ ဖြစ်နိုင်သည်။ လက်တွေ့ကမ္ဘာဖြစ်ခဲ့ရင် ရှောက်လုံက သူတို့ကို ညင်သာစွာ နှုတ်ဆက်လိမ့်မည်။ ယခု ကတ်ကမ္ဘာမှာ ရှောက်လုံသည် သူ့တပည့်များကို ဂရုစိုက်ဖို့ထက် သူ့ကိုယ်သူ ဂရုစိုက်ဖို့တောင် အခက်တွေ့နေခဲ့သည်။


ကျန်းကျိုးမြို့၏ မင်းကျူလမ်းက ရှောက်လုံ မတော်တဆမှု ဖြစ်ခဲ့သည့်နေရာဖြစ်သည်။ သည်ကား မတော်တဆမှုမှာ လူတော်တော်များများ သေဆုံးသွားပုံရသည်။


ရှောက်လုံက သူ့မည်သူမည်ဝါဖြစ်သည်ကို ထုတ်ဖော်မပြောဘဲ ‌ယွီဟန်ကျန်းကို စူးစမ်းသည့်ပုံစံဖြင့် ကြည့်လိုက်သည်။ ယွီဟန်ကျန်းက ခေါင်းယမ်းပြီး ပြောလိုက်သည်။

"ကိုယ်က ကားမတော်တဆဖြစ်တာ မဟုတ်ဘူး… မင်းကို နောက်မှပြောပြမယ်…"


နံပါတ် 5 က ပခုံးတွန့်လိုက်သည်။ 

"ငါက ကျန်းကျိုးကို တစ်ခါမှ မရောက်ဖူးပေမယ့် လက်တွေ့ကမ္ဘာမှာတော့ မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ်…"


နံပါတ် 7 ကောင်မလေးက တစ်ခုခုကို တွေးနေပုံရပြီး ရုတ်တရက် တုန်လှုပ်သွားသည်။ 

"ဒါဆို ကျွန်မညီမလည်း ဒီကမ္ဘာကို လာခဲ့တာလား? အဲဒီအချိန်မှာ သူမက ကျွန်မနဲ့အတူ ထိုင်နေခဲ့တာ! သူမက ကျန်းမာရေးမကောင်းဘူး… ဇွန်ဘီမြို့လို နေရာမျိုးမှာ သူမ ဘယ်လိုရှင်သန်မလဲ? သူမက ဇွန်ဘီတွေဆီမှာများ…"

ရက်စက်ကြမ်းကြုတ်သော ပုံရိပ်ကို တွေးတောရင်း သူမ၏ ခန္ဓာကိုယ်သည် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားပြီး စကားဆက်မပြောနိုင်တော့ပေ။


နံပါတ် 2 ကောင်မလေးက လမ်းလျှောက်လာပြီး သူမ၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

"ဝမ်းမနည်းပါနဲ့… နင့်ညီမက အသက်ရှင်နေသေးတာ ဖြစ်နိုင်တယ်… ဇွန်ဘီမြို့ကို ကြမ်းတမ်းတဲ့ပုံစံနဲ့ ရှင်းလင်းဖို့ မလိုပါဘူး… သူမသာမြန်ရင် သူမ အသက်ရှင်နိုင်ပါတယ်…"


နံပါတ် 7 ကောင်မလေးက ‘အင်း’ဟု အသံပြုပြီး စိတ်ပျက်လက်ပျက်နဲ့ ခေါင်းငြိမ့်လိုက်သည်။


စောင့်ရှောက်သူက ပြောသည်။

"လျှို့ဝှက်ခန်းက စက္ကန့် 30 အတွင်းမှာ ပိတ်မယ်… ကိုယ့်ရဲ့ကိုယ်ပိုင်နေရာကို ပြန်သွားပါ…"


လူများက လှည့်ထွက်သွားကြသည်။ နံပါတ် 7 ကောင်မလေးက တံခါးဆီကို လျှောက်သွားရင်း ရုတ်တရက် ပြန်လှည့်လာပြီး အော်လိုက်သည်။

"ကျွန်မညီမနာမည်က လျှိုချောင်လို့ခေါ်တယ်… သူမက အသက် 18 နှစ်ပဲရှိသေးပြီး တက္ကသိုလ်အပ်ထားတုန်းပဲ ရှိသေးတယ်… နောင်အခါ ရှင် သူမနဲ့တွေ့ရင် ရှင် သူမကို ကူညီပေးဖို့ မျှော်လင့်တယ်၊ ‘ကောင်းကောင်းအသက်ရှင်ပါ’လို့ သူမကို ပြောပေးပါ!"


သူမသည် ရှောက်လုံကိုကြည့်နေပြီး ထိုလူများကြားတွင် သူက အယုံကြည်ရဆုံးဖြစ်သည်။


ရှောက်လုံက နွေးထွေးစွာ ပြောခဲ့သည်။

"ကောင်းပြီ၊ ငါ သူမနဲ့ တွေ့ရင် သူမကို ပြောလိုက်မယ်… မင်းလည်း ကောင်းကောင်းအသက်ရှင်ရမယ်…"


ကောင်မလေးက ရှောက်လုံကို ခေါင်းငြိမ့်ပြပြီး သူမ၏ကိုယ်ပိုင်နေရာသို့ ပြန်သွားခဲ့သည်။


နံပါတ် 5 က သူတို့ကို လက်ပြလိုက်သည်။ 

"အားလုံးပဲ နှုတ်ဆက်ပါတယ်… ငါက clubs ကို ဆက်ဦးမယ်… မင်းတို့ငါနဲ့ မတွေ့ချင်ဘူးဆိုရင် Clubs လျှို့ဝှက်ခန်းကို မသွားတာ အကောင်းဆုံးပဲ…"


ရှောက်လုံနှင့် ယွီဟန်ကျန်းသည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ပြီး ဘာမှပြန်မပြောပေ။


လျှို့ဝှက်ခန်းပိတ်ခါနီးတွင် သူတို့သည် သူတို့နံပါတ်နှင့် သက်ဆိုင်သည့် ကိုယ်ပိုင်နေရာသို့ လျှောက်သွားကြသည်။ သူတို့က အဖွဲ့ဖွဲ့ထားပြီး ဘယ်လျှို့ဝှက်ခန်းကို ဖွင့်ထားပါစေ တစ်ဖက်လူကို ဆွဲခေါ်သွားလိမ့်မည်။ သည်နေရာမှာ စကားပြောဖို့ အလျင်စလိုမဖြစ်ပါ။


သို့သော်လည်း သူ့ကိုယ်ပိုင်နေရာသို့ ဝင်လိုက်သောအခါတွင် ရှောက်လုံသည် ရင်းနှီးသော အရပ်မြင့်မြင့်ပုံစံကို တွေ့လိုက်ရသည်။


ယွီဟန်ကျန်း: "…"


ရှောက်လုံ: "…"


သူတို့က ကိုယ်ပိုင်နေရာမှာ ဘာကြောင့်ဆုံကြတာလဲ? ဒီအရာက အပြန်အလှန်ဆက်သွယ်ခြင်းဖြစ်သလား?


လူနှစ်ယောက်သည် တစ်ပြိုင်နက်တည်း Clubs ဆယ်ကျော်သက်ကို လှည့်ကြည့်လိုက်သည်။


ဆယ်ကျော်သက်က မျက်နှာသေဖြင့် ပြောလိုက်သည်။

"စာချုပ်ချုပ်ဆိုထားတဲ့ ဆက်ဆံရေးကြောင့် မင်းတို့က အတူတူ ဖြစ်စဉ်တွေကို သွားရမှာ… မင်းတို့နှစ်ယောက်လုံးကို ကိုင်တွယ်ဖို့ သီးခြား A of Clubs ဆိုပြီး ကိုယ်ပွားရမှာ အရမ်းပျင်းတယ်… မင်းတို့မေးချင်တဲ့မေးခွန်းတွေနဲ့ ဘယ်လျှို့ဝှက်ခန်းကို ရွေးချယ်မလဲဆိုတာကို အတူတကွ ဆွေးနွေးနိုင်တယ်…"


ရှောက်လုံသည် ဤကောင်လေးက ရံဖန်ရံခါ အနည်းငယ် ချစ်ဖို့ကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ သူသည် ပျင်းရိပြီး A of Clubs နှစ်ကိုယ်ကို မခွဲချင်သောကြောင့် အဖွဲ့တစ်ခုတည်းက လူနှစ်ယောက်ကို ကိုယ်ပိုင်နေရာတစ်ခုတွင် ထားလိုက်သည်။


ဒါက သူလိုချင်တာပဲ!


ရှောက်လုံသည် သူ့မျက်နှာဖုံးကို ချက်ချင်းချွတ်လိုက်ပြီး ယွီဟန်ကျန်းလည်း ထိုနည်းလည်းကောင်းပင်။


နောက်ဆုံးတွင် သူတို့နှစ်ဦးသည် ကာလကြာရှည်စွာ ရင်းနှီးခဲ့သော မျက်နှာကို မြင်လိုက်ရသည်။


ဤအကြည့်သည် လွန်ခဲ့သော တစ်သက်တာကဲ့သို့ပင်။


သူတို့၏ မျက်နှာများသည် မပြောင်းလဲဘဲ မှတ်ဉာဏ်များလည်း တူညီစွာရှိနေသေးသည်။ သို့သော် မျက်လုံးနှစ်စုံမှာ ပင်ပန်းနွမ်းနယ်မှု အပြည့်ရှိနေသည်။


"မတွေ့တာကြာပြီ…" ယွီဟန်ကျန်းက ရှောက်လုံဆီကို လျှောက်လာပြီး တိုးတိုးပြောလိုက်သည်။ "မင်းကို ဒီမှာတွေ့မယ်လို့ ကိုယ်မမျှော်လင့်ထားဘူး…"


"ကျွန်တော်လည်း မမျှော်လင့်ထားပါဘူး…"


သူတို့မှာ ပြောစရာတွေ အများကြီးရှိပေမယ့် ဘယ်ကနေစရမှန်းမသိဘူး။ အခန်းက ခဏတိတ်ဆိတ်သွားသည်။


ထို့နောက် ယွီဟန်ကျန်းက မေးလိုက်သည်။ 

"မင်း ဒီကမ္ဘာကို မရောက်ခင် ကားမတော်တဆမှု ဖြစ်ခဲ့တာလား?"


“ဟုတ်တယ်၊ နှစ်သစ်ကူးပြီးလို့ ခုနစ်ရက်မြောက်နေ့မှာ ညစာစားပြီး ပစ္စည်းတချို့ဝယ်ဖို့ စူပါမားကတ်ကို ကျွန်တော် သွားခဲ့တာ… ကျွန်တော် လမ်းဖြတ်ကူးနေတဲ့အချိန်မှာ ဘတ်စ်ကားတစ်စီးက ရုတ်တရက် အရှိန်ပြင်းပြင်းနဲ့ ‌မောင်းလာတာကို တွေ့လိုက်ရတယ်… အဲဒါက မိန်းကလေးနှစ်ယောက် ခုနကပြောခဲ့တဲ့နေရာပဲဖြစ်ပြီး သူတို့လည်း ‌ကားမတော်တဆမှုမှာ အတူတူသေဆုံးသွားတယ်လို့ ကျွန်တော်ထင်မိတယ်…" ရှောက်လုံသည် ထိုသွေးစွန်းသောမြင်ကွင်းကို ပြန်မမှတ်မိချင်ဘဲ မျက်လုံးမှိတ်ထားလိုက်သည်။ "အဖွဲ့ခေါင်းဆောင်ယွီကကော?"


"မစ်ရှင်ဆောင်ရွက်စဉ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မတော်တဆမှုတချို့ ဖြစ်ပွားခဲ့တယ်…" ထိုလူများရှေ့တွင် သူ၏ရဲဖြစ်ကြောင်း အထောက်အထားကို ထုတ်ဖော်ရန်မကောင်းသော်လည်း ရှောက်လုံထံမှ ဖုံးကွယ်ထားရန် မလိုအပ်ပေ။ ယွီဟန်ကျန်းက ရိုးရှင်းစွာ ရှင်းပြခဲ့သည်။ 

"ဆင်ခြေဖုံးရပ်ကွက်မှာ နေ့လယ်ခင်းက နှစ်သစ်ကူးခုနစ်ရက်မြောက်နေ့မှာပဲ ဖြစ်ခဲ့တာ…"


"ဒါဆို ခင်ဗျား ကျွန်တော့်ရဲ့ WeChat စာကို မရဘူးလား?"


"WeChat လား? မစ်ရှင်လုပ်နေချိန်မှာ ကိုယ့်ဖုန်းကို အမြဲတမ်း အသံပိတ်ထားတာ…" ယွီဟန်ကျန်းက တွေးဆသည်။ "မင်းက ကိုယ့်ကို ရှာနေတာလား?"


"အဲဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး… အတူတူထမင်းစားဖို့ အချိန်ရ၊မရ ကျွန်တော် ခင်ဗျားကို မေးထားတာပါ…"


"…" ယွီဟန်ကျန်းသည် နွေဦးပွဲတော်ညတွင် ရှောက်လုံအား အတူတူထမင်းစားကြရန် ပြောထားတာကို သတိရမိသည်။


ကံမကောင်းစွာဖြင့် ဤထမင်းအတူတူစားမယ့်ဆန္ဒကို မဖြည့်ဆည်းနိုင်ခဲ့ပါ။ သူတို့သည် ထိုနေ့တွင် မတော်တဆမှုများနှင့် ကြုံတွေ့ရပြီး ကတ်ကမ္ဘာတွင် အမှန်တကယ် ပြန်လည်ဆုံတွေ့ခဲ့ကြသည်။


ရှောက်လုံသည် ထိုအချိန်က ယွီဟန်ကျန်း၏အခြေအနေ မည်မျှအန္တရာယ်ရှိသည်ကို စိတ်ကူးကြည့်နိုင်ပြီး အဖြစ်အပျက်အသေးစိတ်ကို မမေးခဲ့ပေ။ ထို့အစား သူက ကတ်နံရံရှေ့ကို လမ်းလျှောက်သွားပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။

"အဖွဲ့ခေါင်းဆောင်ယွီ၊ ခင်ဗျားက လက်တွေ့ကမ္ဘာကို ပြန်သွားချင်လား?"


ယွီဟန်ကျန်းက နောက်ကလိုက်လာပြီး သူ့ရှေ့က ကတ်နံရံကြီးကို ကြည့်လိုက်သည်။ 

"မင်းကကော?"


ရှောက်လုံက ပြုံးလိုက်သည်။ "သေချာတာပေါ့…"


သူက ယွီဟန်ကျန်းဘက်ကိုလှည့်ပြီး သူ့လက်ကို ဆန့်ထုတ်ကာ ခိုင်မာသောမျက်လုံးများနဲ့ ကြည့်လိုက်သည်။

"ကတ်လျှို့ဝှက်ခန်းတွေကို အတူတူရှင်းလင်းပြီး ကျွန်တော်တို့ ဒီကနေထွက်သွားရအောင်!"

 

ရှောက်လုံ၏ ကြည်လင်သော မျက်လုံးများကို ကြည့်ပြီး ယွီဟန်ကျန်းက ဂရုတစိုက် ခေါင်းငြိမ့်ကာ တိုးတိုးပြောသည်။

"ကောင်းပြီ…"


ထိုအမျိုးသားက ရှောက်လုံ၏လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။


လူနှစ်ယောက်၏ မျက်လုံးများက လေထဲတွင် ဆုံမိကြသည်။


ဤထူးဆန်းသောကတ်ကမ္ဘာတွင် သူတို့သည် ရင်းနှီးသောလူတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။


တစ်ဖက်လူ၏ ကိုယ်အပူချိန်သည် လက်ချောင်းထိပ်များမှတစ်ဆင့် ဖြတ်သန်းသွားပြီး သူတို့၏နှလုံးသားထဲသို့ ကြီးမားသော စွမ်းအားကို ထိုးသွင်းလိုက်ပုံရသည်။


ယခုအချိန်မှစ၍ သူတို့သည် ရဲဘော်ရဲဘက်များဖြစ်ခဲ့ကြသည်။


အနာဂတ်မှာ ဘယ်လောက်ပဲ ခက်ခဲနေပါစေ သူတို့နှစ်ယောက် အတူတူ လျှောက်လှမ်းနေမှာပါ။


ရှောက်လုံ: အသက် 27

ယွီဟန်ကျန်း: အသက် 31


【Volume 1 ပြီးပါပြီ။】


#TK