Chapter 21
Viewers 1k

Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း


Chapter 21 (3 of Hearts – သွေးစွန်းနေသောမေပယ်ရွက် ၀၂)


ဟန်ကျီးအဆောက်အဦးသည် ကျောင်း၏ အုပ်ချုပ်ရေးရုံးအဆောက်အဦးဖြစ်သည်။


ပထမထပ်၏ အရှေ့ဘက်ဆုံးတွင် လုံခြုံရေးအခန်းဖြစ်သည်။ လူနှစ်ယောက်သည် ပေါ့ပါးသောခြေသံများဖြင့် ၎င်းကို တမင်ဖြတ်လျှောက်လာကာ ရှောက်လုံက ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည်။ ယွီဟန်ကျန်း ပြောသည့်အတိုင်း စားပွဲပေါ်တွင် အိပ်ပျော်နေသည့် တာဝန်ကျသော လုံခြုံရေးအစောင့်တစ်ယောက်ရှိပြီး သူ့ရှေ့တွင် ဖန်သားပြင်ကြီးတစ်ခုရှိသည်။ ကျောင်းတစ်ခုလုံး၏ စောင့်ကြည့်ရေးကင်မရာများဖြစ်သည့် မရေမတွက်နိုင်အောင် သေးငယ်သော လေးထောင့်ကွက်များကို ပြသထားသည်။ လေးထောင့်ကွက်တချို့သည် အနက်ရောင်ဖြစ်ပြီး ၎င်းတို့သည် ကင်မရာများ ပျက်စီးနေသည့် စောင့်ကြည့်ရေးနေရာများဖြစ်ကြောင်း ယွီဟန်ကျန်းမှ အတည်ပြုခဲ့သည်။


ဟန်ကျီးအဆောက်အဦးအတွင်းတွင် လှေကားထောင့်များကိုသာ စောင့်ကြည့်ရေးကင်မရာများတပ်ဆင်ထားပြီး စင်္ကြံများနှင့် ရုံးခန်းများတွင် ကင်မရာများ တပ်ဆင်ထားခြင်းမရှိပါ။


နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရှေ့ကို ဆက်သွားကြသည်။


လုံခြုံရေးအခန်းအပြင် ကျန်အခန်းများက ဆရာရုံးခန်းများဖြစ်သည်။


ပထမထပ်က တံခါးတွင် တံဆိပ်အဖြစ်အသုံးပြုထားသော အနီရောင်မေပယ်ရွက်ဆိုင်းဘုတ်ပါသည့် ပထမတန်းဆရာရုံးခန်းဖြစ်သည်။ သင်တန်းကိုးခုမှ ဆရာများသည် နိုင်ငံရေးသမိုင်း၊ ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာနှင့် ဘာသာစကား အပါအဝင် ရုံးခန်းတစ်ခုရှိသည်။


ဒုတိယနှင့် တတိယထပ်တို့သည် ဒုတိယတန်းနှင့် တတိယတန်း ဆရာများ၏ ရုံးခန်းများဖြစ်ပြီး အပြင်အဆင်မှာလည်း အတူတူပင်ဖြစ်သည်။


စတုတ္ထထပ်မှ စတင်၍ အားကစား၊ ဂီတ၊ အနုပညာနှင့် ကွန်ပျူတာစသည့် ဘာသာရပ်ငယ်များအတွက် ရုံးခန်းများရှိသည်။


ပဉ္စမထပ်တွင် ကျောင်းထောက်ပံ့ပို့ဆောင်ရေးရုံး၊ ကျောင်းသားရုံး၊ ဘဏ္ဍာရေးဌာန၊ ပညာရေးဆိုင်ရာရုံး၊ ပညာသင်ဆုစင်တာနှင့် စိတ်ပိုင်းဆိုင်ရာအတိုင်ပင်ခံစင်တာစသည့် လုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများဖြစ်သည်။


ဆဋ္ဌမထပ်သည် လူငယ်အဖွဲ့ချုပ် ကော်မတီခေါင်းဆောင်များ၊ ကျောင်းကောင်စီ၊ ဒုတိယကျောင်းအုပ်ကြီးရုံးခန်းနှင့် ကျောင်းအုပ်ကြီးရုံးခန်းဖြစ်သည်။


သတ္တမထပ်တစ်ခုလုံးသည် အစည်းအဝေးပွဲများအတွက် လူရာပေါင်းများစွာကို တစ်ပြိုင်နက်တည်း ထားရှိနိုင်သည့် ပသာဒစုံဆွေးနွေးပွဲစင်တာတစ်ခုဖြစ်သည်။


ရှောက်လုံသည် တက္ကသိုလ်တစ်ခုတွင် အလုပ်လုပ်ခဲ့ပြီး ဤရုံးခန်းအဆောက်အဦး၏ အပြင်အဆင်နှင့် ရင်းနှီးသည်။ တစ်ကြိမ်သာ ကြည့်လိုက်သော်လည်း သူ့စိတ်ထဲတွင် အခန်းအားလုံးကို မှတ်မိရပြီး ယွီဟန်ကျန်း၏ စာအုပ်တွင် ရုံးခန်းအားလုံးကို အမှတ်အသားပြုထားသည်။


လူနှစ်ဦးသည် ဟန်ကျီးအဆောက်အဦး၏ အပြင်အဆင်ကို သေချာစစ်ဆေးခဲ့ပြီး အိမ်သာနှင့် ရေစနစ်တို့ကိုပင် စစ်ဆေးသွားခဲ့သည်။


ဟန်ကျီးအဆောက်အဦးကို စစ်ဆေးပြီးနောက် ယွီဟန်ကျန်းသည် သင်ကြားရေး အဆောက်အဦးသုံးခုကို ဖြတ်သွားရန်အတွက် ရှောက်လုံကို ခေါ်ကာ စူးစမ်းလေ့လာရင်း နေရာနှင့် ရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်ပြီး ထွက်ပြေးရန် လမ်းကြောင်းများကို ရှာဖွေခဲ့သည်။


အထက်တန်းပထမနှစ်တွင် စုစုပေါင်း 22 တန်းရှိကာ အတန်းတစ်ခုစီတွင် ကျောင်းသားဦးရေ 40 ခန့်ရှိနိုင်သည်။ အထက်တန်းဒုတိယနှစ်တွင် လူများကို ဝိဇ္ဇာနှင့် သိပ္ပံအဖြစ် ပိုင်းခြားခဲ့သည်။ ဝိဇ္ဇာအတန်း 6 တန်း နှင့် သိပ္ပံအတန်း 16 တန်းရှိသည်။


သူတို့သည် သင်ကြားရေးအဆောက်အဦးကို ဖြတ်လျှောက်လာတိုင်း စာသင်ခန်းများ၊ သန့်စင်ခန်းများနှင့် အဆောက်အဦး၏ စင်္ကြံဖြန့်ချီခြင်းများကို စာအုပ်ပေါ်တွင် အမှတ်အသားပြုကြသည်။


စာကြည့်တိုက်နှင့် အားကစားရုံများသည် ပိတ်ရက်များတွင် မဖွင့်ဘဲ သူတို့တွေ ဝင်လို့မရခဲ့ပေ။ ထိုနေရာများကို စူးစမ်းလေ့လာရန် သူတို့တွေ နောက်ထပ်အခွင့်အရေးကိုသာ စောင့်မျှော်နိုင်သည်။


လူနှစ်ယောက်သည် ကျောင်းဝန်းထဲ လျှောက်သွားနေရင်း ညနေစောင်းသွားလေပြီ။


ချုံဝမ်အဆောက်အဦး၏ စတုတ္ထထပ် လေဝင်စင်္ကြံတွင် ရပ်လျက် သူတို့သည် ကျောင်းတစ်ခုလုံးကို ချုံ့ကြည့်နိုင်ကြသည်။ 


နေဝင်ချိန်သည် မီးကဲ့သို့ တောက်ပနေပြီး သွေးစွန်းနေသော မေပယ်ရွက်များ ကြွေကျနေသဖြင့် ကျောင်းဝင်းတစ်ခုလုံး၏ လေထုကို စိမ်းစိုသွားစေသည်။


လေပြေညှင်းသည် အောက်ထပ် ပန်းခင်းများမှ ရနံ့များကို သူတို့၏နှာခေါင်းဆီသို့ ပို့လိုက်သည်။


ယွီဟန်ကျန်းသည် မျက်မှောင်ကြုတ်ကာ တွေးတောဆင်ခြင်နေတာကို ကြည့်ရင်း ရှောက်လုံက နူးညံ့စွာ မေးလိုက်သည်။

"အဖွဲ့ခေါင်းဆောင်ယွီ၊ ခင်ဗျားရဲ့အတွေ့အကြုံကိုအခြေခံပြီး အထက်တန်းကျောင်းဝင်းထဲမှာ လူသတ်မှုဖြစ်နိုင်ခြေက လက်တွေ့မှာ မမြင်မားဘူးမလား?"


ယွီဟန်ကျန်းက ခေါင်းငြိမ့်လိုက်သည်။

"အခု အထက်တန်းကျောင်းသားတွေ အသည်းအသန်အလုပ်များပြီး အိမ်ရောက်ရင် အိမ်စာတွေကို ပြီးအောင် လုပ်ရတယ်… သူတို့မိသားစုရဲ့ တင်းကျပ်သော စီမံခန့်ခွဲမှုနဲ့ ကျောင်းသားတွေကြား အငြင်းပွားပြီး လူသတ်မှုဖြစ်ရလောက်တဲ့အထိတော့ နည်းပါးသွားလိမ့်မယ်… စိတ်ပိုင်းဆိုင်ရာအဖုအထစ် အသေးအမွှားလေးတွေကတော့ ပြစ်မှုကျူးလွန်ဖို့ ဖြစ်နိုင်တယ်…"


ယခင် 2 of Hearts အခန်းတွင် ခွဲစိတ်ဆရာဝန် ကျောက်စန်းသည် လူနှစ်ဦးကို တိုက်ရိုက်သတ်ခဲ့ပြီး သူ့ညီဝမ်းကွဲ၏နှလုံးကိုထုတ်ကာ သူ့ညီဝမ်းကွဲအလောင်းကို ယူပြီး သူ့ဇနီးကို နမူနာပြုလုပ်ရန် နှင်းဆီကုတင်ပေါ်တွင် တင်ထားခဲ့သည်။ ပထမအချက်မှာ သွေးထွက်သံယိုဖြစ်ပြီး ကတ်ကမ္ဘာရှိ လူသတ်သမားများသည် ထင်ထားသည်ထက် ပိုမိုစိတ်ရောဂါပြင်းထန်ကြောင်း စိန်ခေါ်သူများကို အရိပ်အမြွက်ပေးနေပုံရသည်။


ထို့ကြောင့် ကတ်ကမ္ဘာ၏ကျောင်းဝန်းအတွက် စိတ္တဇလူသတ်သမားဖြစ်နိုင်ခြေက အလွန်ကြီးမားသည်။


ရှောက်လုံက အသက်ပြင်းပြင်းရှူပြီး အရွှန်း‌ဖောက်လိုက်သည်။

"ကတ်ကမ္ဘာရဲ့ အထက်တန်းကျောင်းသားတွေတော့ ကျွန်တော်မသိဘူး… သူတို့က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဖို့လိုရဲ့လား?"


စနောက်တာကြောင့် ယွီဟန်ကျန်း၏ တင်းကျပ်နေသော မျက်ခုံးက အနည်းငယ် ပြေလျှော့သွားပြီး သူက ပြောလိုက်သည်။

"ဒီနေရာက တကယ့်ကမ္ဘာနဲ့ ဆင်တူတယ်… နိုင်ငံရေးသမိုင်း၊ ရူပဗေဒနဲ့ ဓာတုဗေဒတို့အပြင် နိုင်ငံခြားဘာသာစကားတောင်ရှိတယ်… ကျောင်းသားတွေရဲ့အတန်းတွေကလည်း အတူတူပဲ…"


ရှောက်လုံသည် လက်ရန်းကို မှီ၍ အဝေးမှ မေပယ်တောအုပ်ကို လှမ်းကြည့်လိုက်သည်။ 

"ဟုတ်တယ်၊ သူတို့အတန်းတွေက ကတ်ခွဲတာနဲ့ ကတ်တိုက်ပွဲအကြောင်းပဲ။ ဖြစ်မယ်ထင်တယ်…"


ယွီဟန်ကျန်းက သူ့ကို စိုက်ကြည့်နေသည်။

"မနက်ဖြန်မှာ ဖြစ်လာမယ့်အရာတွေက လုံးဝမသေချဘူး… မင်းလုံးဝစိတ်မပူဘူးလား?"


ရှောက်လုံက ပြုံးလိုက်သည်။ 

"ကျွန်တော့်မှာ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေး ကျွမ်းကျင်သူ ခင်ဗျားတစ်ယောက်လုံး ရှိနေတာပဲ မဟုတ်ဘူးလား? ဘာကိုစိတ်ပူနေရမှာလဲ?"


တစ်ဖက်လူ၏မျက်လုံးများမှ ယုံကြည်မှုကြောင့် ယွီဟန်ကျန်းက အနည်းငယ် အံ့သြသွားသည်။


တကယ်တော့ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် သိပ်မရင်းနှီးခဲ့ဘူး။ လက်တွေ့ကမ္ဘာတွင် စုစုပေါင်း လေး၊ငါးကြိမ်သာ တွေ့ဆုံဖူးသည်။


ဒါတောင်... ယုံကြည်ခံရသည့်ခံစားချက်က မဆိုးပါဘူး။


ယွီဟန်ကျန်းက ပါးစပ်ကို ဖွင့်လိုက်သည်။ 

"မှုခင်းရဲတစ်ယောက်အနေနဲ့ လူသတ်မှုမျိုးစုံကို ကိုယ်တွေ့ဖူးတယ်…" သူက ခဏရပ်ကာ အဝေးက မေပယ်တောအုပ်ကို ကြည့်ရင်း ရှောက်လုံကဲ့သို့ လက်ရန်းကို မှီလိုက်သည်။ "ဒါပေမယ့် ဒီကမ္ဘာနဲ့ လက်တွေ့ကမ္ဘာက လုံးဝမတူဘူး… အရေးကြီးဆုံးကတော့ ဒီကမ္ဘာမှာ ကိုယ်က ဥပဒေကို ပြဋ္ဌာန်းပိုင်ခွင့် မရှိဘူး…"


ရှောက်လုံသည် ယွီဟန်ကျန်၏ ဆိုလိုရင်းကို လျင်မြန်စွာ နားလည်လိုက်သည်။


လက်တွေ့ကမ္ဘာတွင် ယွီဟန်ကျန်းသည် ရဲတစ်ဦးဖြစ်သည်။ သူ့တွင် ရဲအရာရှိကတ်ရှိပြီး သက်သေများကို စုံစမ်းမေးမြန်းရန် သို့မဟုတ် သံသယရှိသူဟု ယူဆသူများကို ရဲစခန်းသို့ ခေါ်ဆောင်သွားနိုင်သည်။ လူအများသည် ယေဘူယျအားဖြင့် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ကြပြီး သူ၏အထောက်အထားက များစွာအဆင်ပြေစေသည်။


သို့သော် ဤကမ္ဘာတွင် ယွီဟန်ကျန်းနှင့် ရှောက်လုံတို့သည် ဖြတ်သွားဖြတ်လာသာဖြစ်သည်။


ကျောင်းသားများအား လူသတ်မှုအသေးစိတ်အချက်အလက်များကို မေးမြန်းရန် တိုက်ရိုက်တားဆီးတာ သို့မဟုတ် သူတို့အား စောင့်ကြည့်ရေးဗီဒီယိုများပေးရန် ကျောင်းနှင့် ပူးပေါင်းလုပ်ဆောင်လို့ မရပေ။ သူတို့ကို လုံခြုံရေးအစောင့်များက ရှာဖွေတွေ့ရှိလို့လည်းမရပေ။ သူတို့သည် ရပ်ကြည့်သူအဖြစ်သာ ဆင်ခြင်သုံးသပ်နိုင်သည်။


ရှောက်လုံသည် ခဏလောက် တိတ်ဆိတ်နေပြီး စကားပြောလာသည်။

"ရဲတစ်ယောက်အနေနဲ့ ခင်ဗျား သံသယရှိသူတွေကို တိုက်ရိုက်စစ်ဆေးမေးမြန်းနိုင်မှာ မဟုတ်ပေမယ့် အမှုအခင်းတွေကိူ ကိုင်တွယ်ရာမှာ ခင်ဗျားရဲ့အတွေ့အကြုံကြွယ်ဝမှုကိုတော့ ကျွန်တော်ယုံကြည်ပါတယ်… C အဆင့် လျှို့ဝှက်ခန်းက အမှုကို ခင်ဗျားမဖြေရှင်းနိုင်ရင် အခြားစိန်ခေါ်သူတွေဆို ပိုဆိုးမှာမဟုတ်ဘူးလား?"


ယွီဟန်ကျန်းက သူ့ကို လှည့်ကြည့်သည်။ 

"မင်းက ကိုယ့်ကို ဒီလောက်အထိယုံကြည်မှုရှိတာလား?"


ရှောက်လုံက တွန့်ဆုတ်ခြင်းမရှိပေ။ "သေချာတာပေါ့…"


ယွီဟန်ကျန်း၏ မူလက အေးစက်သော မျက်နှာသည် တဖြည်းဖြည်း သက်သာရာရလာပြီး နက်မှောင်သောမျက်လုံးများတွင် နွေးထွေးမှု အနည်းငယ် ပေါ်လာသည်။ သူက ရှောက်လုံ၏မျက်လုံးများကို စိုက်ကြည့်ပြီး တိုးတိုးလေးပြောသည်။

"မင်းကိုယ့်ကိုယုံလို့ရတယ်… မင်းပြောသလို ဒါက C အဆင့် လျှို့ဝှက်အခန်းတစ်ခုပဲ… မှုခင်းရဲအရာရှိနဲ့ မှုခင်းဆရာဝန်က ဒီလျှို့ဝှက်ခန်းကို မဖြေရှင်းနိုင်ရင် ကတ်ကမ္ဘာက လူတွေကို အသက်ရှင်နေထိုင်ဖို့ နည်းလမ်းပေးမှာမဟုတ်ဘူး…"


"ဟုတ်တယ်၊ ဒါကြောင့် ဘာမှစိတ်ပူစရာမလိုဘူး…"


နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက် ပြုံးပြကြသည်။


အစက မွန်းကျပ်နေသည့် လေထုသည် ရုတ်တရက် ပို၍သက်သာလာသည်။ ယွီဟန်ကျန်းသည် ပုံမှန်အားဖြင့် အေးစက်သောမျက်နှာနှင့် စူးရှသောမျက်လုံးများရှိသည်ကို ရှောင်လုံ တွေ့ခဲ့ရှိသော်လည်း သူပြုံးလိုက်သောအခါ... သူက တကယ်ချောမောသည်။


ယွီဟန်ကျန်းက သူ့အပြုံးကို အမြန်ဖယ်လိုက်သည်။ 

"မှောင်တော့မယ်… ဒီည ကိုယ်တို့ ဘယ်မှာအိပ်ကြမလဲ?"


ရှောက်လုံသည် ကျောင်းဝင်းကို လှည့်ပတ်ကြည့်ကာ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

"သင်ကြားရေးဆောင်ကိုသွားပြီး အိပ်စရာနေရာရှာရအောင်…"


အခြေအနေများက အကန့်အသတ်ဖြစ်ပြီး တစ်ညတာအတွက် သူတို့တွေ သည်လိုစီစဥ်ဖို့သာ ရှိတော့သည်။


***


ကောင်းကင်သည် လျင်မြန်စွာ မှောင်လာပြီး ကျောင်း၏ လမ်းမီးများ ပွင့်လာသည်။


ကျောင်း၏ လမ်းမီးများက အလွန်ထူးခြားသည်။ အလင်းရောင်သည် ပျော့ပျောင်းပြီး အပေါ်ပိုင်းကို မေပယ်ရွက်ပုံသဏ္ဍာန် အနည်းငယ်ဖြင့် အလှဆင်ထားသောကြောင့် ၎င်းတို့သည် မီးလုံးအတုဖြင့် စိုက်ထားသော မေပယ်ပင်များနှင့်တူသည်။


မေပယ်တောအုပ်အနီးက လမ်းမီးများစွာ ပျက်စီးနေတာကို ရှောက်လုံမှ မတော်တဆတွေ့ရှိခဲ့သည်။ မီတာ 100 နီးပါးရှိသော ဧရိယာသည် လုံးဝအမှောင်ဖုံးလွှမ်းသွားသည်။


ယွီဟန်ကျန်းလည်း ဒါကို သိသာထင်ရှားစွာ တွေ့ရှိခဲ့ပြီး ရှောက်လုံကို တစ်ချက်ကြည့်လိုက်သည်။


နှစ်ယောက်စလုံးက အများကြီး ပြောစရာ မလိုပေ။ သူတို့သည် တိတ်ဆိတ်နားလည်မှုဖြင့် ပျက်စီးနေသော လမ်းမီးများ၏ အခြေအနေကို စစ်ဆေးရန် အောက်ထပ်သို့ လှည့်ဆင်းလာကြသည်။


ယွီဟန်ကျန်းသည် နွေးထွေးသောအလင်းရောင်နှင့် အမှောင်ကြားလမ်းဆုံတွင် ရပ်နေပြီး မျက်မှောင်ကြုတ်လိုက်သည်။

"ညာဘက်ခြမ်းနဲ့ ဘယ်ဘက်ခြမ်းမှာ လမ်းမီးရှစ်လုံးပျက်စီးနေတယ်…"


ရှောက်လုံသည် တွေးဆရင်း သူ့မေးစေ့ကို ကိုင်လိုက်သည်။

"မေပယ်ဆတာအုပ်က ဒီလျှို့ဝှက်ခန်းရဲ့အဓိကဖြစ်နိုင်တယ်… လမ်းမီးတွေက ပျက်စီးမှုကြောင့် ညဘက်မှာ လူသတ်မှုဖြစ်နိုင်တယ်မလား? ဒါ့အပြင် အမှောင်ထဲမှာ ဘာကိုမှမမြင်ရဘဲ ပြစ်မှုကျူးလွန်ဖို့ ပိုအဆင်ပြေတယ်…"


ယွီဟန်ကျန်းက ထောက်ခံသည်။

"အဲဒီလိုဖြစ်နိုင်ခြေရှိတယ်… မနက်ဖြန်ညနေမှာ ကိုယ်တို့တွေ ဒီနေရာကို အာရုံစိုက်ရမယ်…"


အမှောင်ထဲမှာ တစ်ယောက်တည်းရှိနေရင် ကြောက်စိတ်ကြောင့် ချွေးများပြန်နေမှာ သေချာသည်။ ကံကောင်းထောက်မစွာ နှစ်ယောက်တွဲလျှို့ဝှက်ခန်းဖြစ်ပြီး အဖော်တစ်ယောက်ရှိခဲ့သည်။ သူတို့သည် သတင်းအချက်အလက် ဖလှယ်နိုင်ပြီး အချင်းချင်း ဆွေးနွေးနိုင်ကာ သူတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေက ပိုကောင်းလာလိမ့်မည်။


အမှောင်ထဲမှာ ယွီဟန်ကျန်းသည် ရှေ့ကို လှမ်းပြီး သူ့ခြေလှမ်းများက အမြဲတည်ငြိမ်နေသည်။


ရှောက်လုံသည် မေပယ်တောအုပ်တစ်ဝိုက်တွင် သူ့နောက်ကို လိုက်သွားပြီး မေးလိုက်သည်။

"ရှာဖွေတွေ့ရှိတာတွေရှိသေးလား?"


"ဘာမှ ထူးထူးခြားခြား မရှိဘူး… ဒီနေ့က ကိုယ်တို့ ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင် လုပ်ခိုင်းလိုက်ပုံရတယ်… မနက်ဖြန်ကျောင်းစတက်တာနဲ့ တခုခုဖြစ်လာလိမ့်မယ်…" သူက ရှောက်လုံကို ပြန်ကြည့်သည်။ "အရင်ဆုံး အနားယူပြီး အားပြန်ဖြည့်ကြတာပေါ့… ကိုယ်တို့တွေ မနက်ဖြန်အထိ စောင့်ကြမယ်…"


ရှောက်လုံသည် ခေါင်းငြိမ့်ပြပြီး သူ့နောက်ကနေ သင်ကြားရေးအဆောက်အဆီသို့ လိုက်သွားကာ ပထမထပ်ထောင့်ရှိ လှေကားပေါ်တွင် ထိုင်ရင်း နံရံကို မှီကာ အနားယူနေလေသည်။


လျှို့ဝှက်ခန်းများက သူတို့ကို အလွန်ပင်ပန်းစေပြီး မကြာခင်မှာ အိပ်မက်ကမ္ဘာထဲကို ရောက်သွားသည်။


သည်ညမှာတော့ ရှောက်လုံ ကောင်းကောင်းအိပ်မပျော်ဘူး။


အိပ်မက်ထဲမှာ သူ့အမေက ညင်သာစွာ စကားပြောသည်။

"နင်က အရွယ်ရောက်နေပြီ၊ နင့်ရဲ့ဆုံးဖြတ်ချက်တွေကို ချဖို့က နင့်အပေါ်မူတည်တယ်… နင့်မိဘတွေက နင့်ကို စိတ်အနှောင့်အယှက်ပေးမှာမဟုတ်ဘူး…" ထို့နောက် သူ၏ညီမဝမ်းကွဲက စိတ်လှုပ်ရှားစွာ ပြောသည်။ "ကျွန်မက နောက်နှစ်ကျရင် ကျန်းကျိုးကျောင်းကို လျှောက်ပြီး ကောနဲ့အတူ စားဖို့ လာရှာမယ်!" ခဏအကြာတွင် ဆံဖြူအဘွားက သူ့လက်ကို ဆုပ်ကိုင်ပြီး မေးလိုက်သည်။ "ရှောင်လုံ၊ အဘွားနဲ့တွေ့ဖို့ အိမ်ထောင်ဖက်ကို နင်ဘယ်တော့မှ ခေါ်လာမှာလဲ…"


အိပ်မက်ထဲတွင် သူ့မိသားစုဝင်များ၏ ချစ်စဖွယ်မျက်နှာများက ထူးထူးခြားခြား ကြည်လင်နေခဲ့သည်။


ရှောက်လုံသည် သူ့တစ်ကိုယ်လုံး အေးခဲလာတာကို ခံစားလိုက်ရပြီး အလွန်အေးသွားကာ တုန်ယင်သွားသည်။


သူသည်‌ စောင့်ရှောက်သူများရှေ့တွင် အမြဲတမ်း တည်ငြိမ်အေးဆေးသော အသွင်အပြင်ကို ထိန်းသိမ်းထားခဲ့သည်။ သို့သော် သူသည် သေပြီဟု တွေးကာ မိသားစုအကြောင်း တွေးလိုက်သောအခါတွင် ဝမ်းနည်းမှုကို သူ မထိန်းနိုင်တော့ဘူး။


အိပ်မက်၏အဆုံးတွင် သူနှင့် သူ၏ဝမ်းကွဲတို့သည် Fight The Landlord ကို ကစားနေကြပြီးနောက်တွင် သူ၏နားထဲတွင် ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်— ကတ်ကမ္ဘာမှကြိုဆိုပါတယ်။


ရှောက်လုံက ရုတ်တရက် လန့်နိုးလာသည်။


သူနိုးလာပြီး မီးခိုးရောင်ဂျာကင်ဝတ်ထားတာကို တွေ့လိုက်ရသည်။ ၎င်းမှာ အဖွဲ့ခေါင်းဆောင်ယွီ၏ဂျာကင်ဖြစ်ပြီး တစ်ဖက်လူ၏ကိုယ်အပူချိန် ရှိနေသေးသည်။ ဤထူးဆန်းသောနွေးထွေးမှုဖြင့် ရှောက်လုံသည် မှင်တက်သွားပြီး ရှက်ရွံ့သလို ခံစားလိုက်ရသည်။ သူက အလျင်အမြန် ချွတ်ပစ်လိုက်သည်။


ယွီဟန်ကျန်းသည် ရှားရှားပါးပါး နူးညံ့သော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။ 

"မင်း အိပ်မက်ဆိုးမက်နေတာလား?"


ရှောက်လုံက ခေါင်းငြိမ့်လိုက်ပြီး သူ့စိတ်ခံစားချက်ကို ထိန်းညှိရန် အသက်ပြင်းပြင်းရှူးကာ အင်္ကျီကို ယွီဟန်ကျန်းဆီ ပြန်ပေးလိုက်သည်။ "ကျေးဇူးတင်ပါတယ်…"


"မင်းဝတ်ထားတာလိုက်၊ ကိုယ်မအေးဘူး…" ယွီဟန်ကျန်းက လက်မခံဘူး။


တကယ်တော့ ရှောက်လုံ ကတ်ကမ္ဘာကိုရောက်တုန်းက ဂျာကင်အင်္ကျီကို ဝတ်ထားခဲ့သည်။ သို့သော်လည်း လွတ်မြောက်ရန် ပိုမိုအဆင်ပြေစေဖို့အတွက် ၎င်းကို ဇွန်ဘီမြို့တွင် ပစ်ထားခဲ့သည်။ သူသည် ခန္ဓာကိုယ်အပူချိန်နိမ့်ကျပြီး အအေးကိုကြောက်ရွံ့ကာ မွေးဖွားလာခဲ့သည်။ ယခု သူသည် ပါးလွှာသော ဆွယ်တာအင်္ကျီကိုသာ ဝတ်ထားသည်။ နောက်ပိုင်း ဆောင်းဦးရာသီတွင် သူ အေးသော စင်္ကြံတွင် ထိုင်ကာ တစ်ညလုံး အိပ်ပျော်ပြီးနောက် အအေးဒဏ်ကြောင့် သူ့သွားများ တဆတ်ဆတ်တုန်လာသည်။


ယွီဟန်ကျန်းသည် သူကွေးနေတာကို မြင်ပြီး ဂျာကင်ဖြင့် သူ့ကို ခြုံထားပေးလိုက်သည်။


ရှောက်လုံသည် သူ့ကိုယ်သူ ဂျာကင်အင်္ကျီဖြင့် ပတ်လိုက်ပြီး တိုးတိုးပြောသည်။

"ခင်ဗျား မအိပ်သေးဘူးလား?"


"ကိုယ်လည်း အိမ်မက်ဆိုးမက်ပြီး နိုးလာတာ…"


ရှောက်လုံသည် အိပ်မက်ဆိုးတစ်ခုကြောင့် နိုးလာပြီးနောက် တစ်ဖန်ပြန်အိပ်ပျော်ရန် ခက်ခဲမှန်း သိလိုက်ပြီး သူက ပြုံးလိုက်သည်။

"ကျွန်တော် အိပ်လို့မရဘူး… မိုးလင်းခါနီးပြီလား?"


ယွီဟန်ကျန်းလည်း အိပ်မပျော်ပေ။ သူတို့နှစ်ဦးမှာ တိတ်ဆိတ်နားလည်မှုဖြင့် ပေါ့ပေါ့ဆဆ စကားမပြောကြပေ။


အရှေ့ဘက်ခြမ်းမှ မကြာမီ အဖြူရောင်ဖြစ်လာသည်။ တဖြည်းဖြည်းနှင့် စူးရှသောအလင်းတန်းတစ်ခုသည် အမှောင်ထုကိုဖြိုခွင်းကာ ကမ္ဘာပေါ်တွင် ထွန်းလင်းတောက်ပလာခဲ့သည်။ ရွှေနီရောင် နေမင်းကြီးသည် မိုးကုပ်စက်ဝိုင်းမှ တဖြည်းဖြည်း မြင့်တက်လာသည်။


မနက် 6:30 မှာ ကောင်းကင်က တောက်ပနေလေပြီ။


နှစ်ယောက်သားက အကြည့်ချင်းဖလှယ်ကာ ကျောင်းအဆောက်အဦးမှ ချက်ချင်းထွက်လာခဲ့သည်။ သူတို့သည် ကျောင်းတံခါးအနီးတွင် ပုန်းအောင်းနေမည့်နေရာကို တွေ့ရှိပြီး တံခါးကို သတိဖြင့် စောင့်ကြည့်နေခဲ့သည်။


ဟန်ကျီးအဆောက်အဦးရှိ တာဝန်ကျ လုံခြုံရေးအစောင့်က နိုးလာသည်။


လုံခြုံရေးအစောင့်သည် သမ်းဝေပြီး ကျောင်းတံခါးကိုဖွင့်ဖို့ လျှောက်သွားသည်။


ကျောင်းသား နှစ်ယောက်၊သုံးယောက်က လွယ်အိတ်များဖြင့် ကျောင်းတံခါးကို ဖြတ်လျှောက်ပြီး မတူညီသည့် သင်ကြားရေး အဆောက်အဦးထဲကို ဝင်သွားကြသည်။ ဆရာမတချို့သည် အိတ်များကိုင်ဆောင်ကာ အုပ်ချုပ်ရေးအဆောက်အဦးသို့ လျှောက်သွားပြီး ကျောင်းသား ID များကို စစ်ဆေးရန် ကျောင်းတံခါးဝတွင် ယခုအပတ်တာဝန်ကျနေသည့် ဆရာက ရပ်နေသည်။ သန့်ရှင်းရေးလုပ်သည့်အဒေါ်က စင်္ကြံနဲ့ ရေချိုးခန်းများကို သန့်ရှင်းရေးလုပ်ရန် ရေပုံးတစ်ပုံးနဲ့ ကြမ်းတိုက်ကို သယ်လာသည်။


ကျောင်းဝင်းက ပိုမိုအသက်ဝင်လာသည်။


ဘာတွေဖြစ်မှာလဲ? သူတို့နှစ်ယောက်က လုံးဝမသေချာဘူး။


မေပယ်တောအုပ်အထက်တန်းကျောင်း၏ ပထမနေ့ မနက်ပိုင်း အတန်းကို 7:30 တွင် စတင်ခဲ့သည်။


7:00 နှင့် 7:30 ကြားကာလအတွင်း ကျောင်းသားအများအပြားက ကျောင်းသို့ စုပြုံရောက်ရှိခဲ့ကြသည်။ ကျောင်းသားအားလုံးသည် အဖြူအနီ အားကစားဝတ်စုံကို ဝတ်ဆင်ထားကြပြီး ယွီဟန်ကျန်းနှင့် ရှောက်လုံတို့၏ မျက်လုံးများသည် ကောင်းမွန်နေသော်လည်း မျက်မမြင်တစ်ယောက်လိုဖြစ်နေသည်။ 


ထောင်ပေါင်းများစွာသော ကျောင်းသားများသည် တူညီသောအဝတ်အစားများကို ဝတ်ဆင်ကြသည်... ဒါကို ဘယ်သူမှတ်မိနိုင်မှာလဲ။


နှစ်ယောက်စလုံးက အံ့အားသင့်သွားသော အမူအရာများ ရှိနေကြသည်။


2 of Hearts အခန်းထဲတွင် သူတို့ ဝင်လိုက်တာနဲ့ တစ်စုံတစ်ယောက် သေဆုံးသွားပြီး ပန်းတိုင်က ရှင်းပါသည်။ 3 of Hearts အခန်းသည် များပြားသောလူများထဲမှာ ဇာတ်လိုက်ကို သူတို့အား ရှာခိုင်းဖို့ တောင်းဆိုနေသလား။ တွေးကြည့်ပါက မဖြစ်နိုင်ဘူး။ ထို့ကြောင့် သဲလွန်စနချို့ရှိရမည်။


7:30 တွင် ကြည်လင်ပြီး ကြည်နူးစရာကောင်းသော အတန်းခေါင်းလောင်းသံသည် ကျောင်းဝင်း၏ တိတ်ဆိတ်မှုကို ချိုးဖျက်သွားခဲ့သည်။


ကျောင်းတံခါးမှာ ခဏတာ လှုပ်ရှားမှုမရှိတော့ဘူး။


7:35။


ရှောက်လုံနှင့် ယွီဟန်ကျန်းတို့ ထွက်ခွာရန် စီစဉ်နေချိန်တွင် မိန်းကလေးတစ်ယောက်က ထိတ်လန့်တကြားဖြင့် ကျောင်းတံခါးကို ဖြတ်ပြေးသွားသည်။ သူမသည် ကျောင်းဝတ်စုံမဝတ်ထားဘဲ ဂျင်းဘောင်းဘီနှင့် အဖြူရောင် အင်္ကျီပါးပါးလေးသာ ဝတ်ထားသည်။ သူမ၏ပါးပြင်များက နီရဲပြီး မောဟိုက်နေသည်။ သူမသည် နောက်ကျမှာကို စိုးရိမ်ပြီး တောက်လျှောက်ပြေးလာခဲ့တာ သေချာပါသည်။


ကျောင်းအဝင်ဝမှာ တာဝန်ကျသည့် ဆရာက မျက်မှောင်ကြုတ်ပြီး တားလိုက်သည်။

"မင်း ဘယ်အတန်းကလဲ? ဘာလို့ ကျောင်းဝတ်စုံ မဝတ်တာလဲ? မင်းရဲ့ ကျောင်းသား ID ကတ်ကော?"


မိန်းကလေး‌သည် ကျောင်းသား ID ကတ်ကို အိတ်ကပ်ထဲကနေ အမြန်ဆွဲထုတ်ပြီး ဆရာကို ပေးလိုက်သည်။

"ကျွန်-ကျွန်မက အထက်တန်း အတန်း 3 က ရင့်ရှောင်ယာပါ… ကျောင်းဝတ်စုံက ဝတ်ဖို့ မေ့သွားတာ…" သူမက နာရီကို စိတ်ပူစွာ ငုံ့ကြည့်နေမိသည်။ "ဆရာ၊ ကျွန်မ မနက်အတန်းမှာ အင်္ဂလိပ်စာ စာမေးပွဲဖြေရမှာ… ကျေးဇူးပြုပြီး ဝင်ခွင့်ပြုပါ…"


ဆရာက သူ့စာအုပ်ထဲမှာ မှတ်စုတချို့ရေးလိုက်သည်။

"ဒီနေ့ မင်းရဲ့အတန်းမှာ အမှတ် 2 မှတ် အလျှော့ခံရမယ်ဆိုတာ မင်းရဲ့အတန်းပိုင်းဆရာ/မကို ပြောလိုက်… သွားတော့!"


တာဝန်ကျဆရာကို ဦးညွှတ်ပြီး အတန်း 3 ချုံဝမ်အဆောက်အဦးသို့ အမြန်ပြေးလာရင်း မိန်းကလေး၏မျက်နှာမှာ ဖြူဖျော့နေသည်။


အထက်တန်း အတန်း 3၊ ရင့်ရှောင်ယာ။ ၎င်းသည် သူမ၏အမည်ကို ထုတ်ဖော်ပြသခဲ့သည့် ပထမဆုံး ကျောင်းသားဖြစ်ပြီး ကျောင်းဝတ်စုံ မဝတ်ထားပေ။ သူမ၏ထူးခြားသော ပင်ကိုယ်လက္ခဏာက ထင်ရှားပါသည်။


ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။


လူနှစ်ယောက်မှာ ပြောစရာမလိုပေ။ သူတို့သည် တိတ်တဆိတ် လှည့်ကြည့်လိုက်ပြီး တံခါးဝမှ လုံခြုံရေးအစောင့်၏ အကြည့်ကို ရှောင်ရှားကာ နောက်ကျနေသော မိန်းကလေးနောက်သို့ အမြန်လိုက်သွားကြသည်။


3 of Hearts အခန်းတွင် အဓိကအခန်းကဏ္ဍမှာ သူမဖြစ်သည်။


#TK