Chapter 23
Viewers 1k

Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း


Chapter 23 (3 of Hearts – သွေးစွန်းနေသောမေပယ်ရွက် ၀၄)


ရှောက်လုံသည် ဆရာအသစ်တစ်ယောက်အဖြစ် ဟန်ဆောင်ကာ စီနီယာအတန်း 3 မှ ကျောင်းသားများ၏ အားကစားကွင်းသို့ လိုက်သွားခဲ့သည်။


သူက ကျောင်းပတ်ဝန်းကျင်ကို လည့်ပတ်ကြည့်နေသည့် ဆရာအသစ်တစ်ယောက်လို တောက်ပသောပုံစံနဲ့ အားကစားကွင်းကို လျှောက်သွားခဲ့သည်။ တကယ်တော့ သူသည် အတန်း 3 ၏ကျောင်းသားများကို အမြဲတမ်း သတိနဲ့ စောင့်ကြည့်နေခဲ့တာဖြစ်ပြီး အထူးသဖြင့် ရင့်ရှောင်ယာ၊ ရှဲ့ရှင်းဟယ်၊ ယွီဟွေးနှင့် ယိရူဆိုသည့် ကျောင်းသားလေးယောက်ကို စောင့်ကြည့်ခဲ့သည်။


သွေးထွက်သံယိုကိစ္စက မဖြစ်ပွားသေးဘဲ ဒီကျောင်းသားများသည် ဘယ်လိုအခန်းကဏ္ဍက ပါဝင်မယ်ဆိုတာ မသိရသေးဘူး။ သူတို့သည် အသတ်ခံရခြင်း၊ လူသတ်သမားများ၊ မျက်မြင်သက်သေများ သို့မဟုတ် အရေးကြီးသော သဲလွန်စသက်သေများ ဖြစ်လာဖွယ်ရှိသည်။


ထို့ကြောင့် မည်သည့် သဲလွန်စကိုမျှ လက်မလွတ်နိုင်ပေ။


အတန်းပိုင်ဆရာ၏ ကြီးကြပ်မှုအောက်တွင် အတန်း 3 ကျောင်းသားများသည် အားကစားကွင်းကို လှည့်ပတ်ပြေးကြသည်။


အတန်းခေါင်းဆောင် ရှဲ့ရှင်းဟယ်သည် အလွန်မာကျောသောအမူအရာရှိသည်။ အင်္ဂလိပ်အတန်းတွင် သူ၏စွမ်းဆောင်ရည်ကိုအခြေခံ၍ ရှဲ့ရှင်းဟယ်သည် ဆရာများကြားတွင် အလွန်ရေပန်းစားသော ထိပ်တန်းကျောင်းသားတစ်ဦးဖြစ်သည်ဟု ကောက်ချက်ချနိုင်သည်။ အတန်းခေါင်းဆောင် အနေဖြင့်လည်း သူက ပို၍ယူရသည်ဟု ခံစားရသည်။ သူ့မှာ ဉာဏ်ကောင်းသောအသွင်အပြင်ရှိပြီး ခန္ဓာကိုယ်က ပိန်သည်။ သူသည် 'ထိပ်တန်းကျောင်းသား' ၏ပုံသဏ္ဌာန်နှင့် လိုက်ဖက်သော အင်္ကျီအဖြူနှင့် မျက်မှန်တစ်စုံကို ဝတ်ထားသည်။


ယွီဟွေးက ဆန့်ကျင်ဘက်ဖြစ်သည်။ သူ၏ချောမောသောအသွင်အပြင်နှင့် ရုပ်ပိုင်းဆိုင်ရာကြံခိုင်မှုသည် ရေရှည်လေ့ကျင့်ခန်း၏ရလဒ်ဖြစ်သည်။ သူသည် အလွန်ပရော်ဖက်ရှင်နယ် နာမည်ကြီး ဘတ်စကတ်ဘောဖိနပ်တစ်ရံကို ဝတ်ဆင်ထားပြီး ဘတ်စကတ်ဘောကို အလွန်နှစ်သက်နိုင်သည်။ သူသည် အထက်တန်းကျောင်းသူလေးများကြားတွင် ရေပန်းစားခဲ့သော အားကစားကျောင်းသားဖြစ်နိုင်သည်။


ရင့်ရှောင်ယာသည် စာညံ့သော လှပသည့် မိန်းကလေးတစ်ဦးဖြစ်သည်။


သူမ၏ ခုံထိုင်ဖော် ယွိရူသည် အလွန်သာမန်အသွင်အပြင်နှင့် ဝသောမိန်းကလေးဖြစ်သည်။


ရှောက်လုံသည် လူလေးယောက်ကြားက ဆက်ဆံရေးကို ဂရုတစိုက်ကြည့်ရှုပြီး ရင့်ရှောင်ယာနှင့် ယွီဟွေးတို့အကြားဆက်ဆံရေးက ပုံမှန်မဟုတ်ကြောင်း မကြာမီ သဘောပေါက်လိုက်သည်။ ယွီဟွေးသည် ရင့်ရှောင်ယာကို ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ အမြဲကာကွယ်ခဲ့ပြီး ရင့်ရှောင်ယာကို ချောကလက်တချို့အား လျှို့ဝှက်ပေးခဲ့သည်။ ဒီမြင်ကွင်းက ရှောက်လုံ၏မျက်လုံးများကနေ လွတ်မသွားဘူး။


ယွိရူသည် အတန်းခေါင်းဆောင်အပေါ် တစ်ခုခုခံစားနေပုံရသည်။ ပြေးနေစဉ်အတွင် သူမသည် ဘေးမှ ရှဲ့ရှင်းဟယ်ကို စိုက်ကြည့်နေသည်။


ရှဲ့ရှင်းဟယ်အတွက်တော့ အစမှအဆုံး စိတ်ပျက်နေသော အမူအရာရှိနေသည်။ သူ၏စွမ်းဆောင်ရည်က ကောင်းတယ်ဆိုတာ သိသာထင်းရှားပြီး လူတိုင်း အပြစ်ပေးခံရတာကို သူ အလွန်စိတ်ညစ်နေခဲ့သည်။


10 ကြိမ်ဆက်တိုက် ပြေးပြီးနောက် အတန်းပိုင်ဆရာက အားလုံးကို ရပ်ပြီး အနားယူခိုင်းသည်။ ထို့နောက် သူက ပြောလိုက်သည်။ "ယွီဟွေး... ဆက်မပြေးခင် 10 မိနစ် အနားယူလိုက်... ရင့်ရှောင်ယာ... မင်း ငါနဲ့အတူ ရုံးခန်းလိုက်ခဲ့..."


သူသည် ရင့်ရှောင်ယာတစ်ယောက်တည်း ရုံးခန်းသို့ ခေါ်သွားပြီး ရှောက်လုံက ချက်ချင်း သတိရှိသွားကာ လိုက်သွားခဲ့သည်။


ရှောက်လုံသည် ကျောင်း၏အပြင်အဆင်နှင့် ရင်းနှီးသည်။ အုပ်ချုပ်ရေးအဆောက်အဦးနှင့် သင်ကြားရေးအဆောက်အဦးသုံးခုကြားတွင် လေဝင်စင်္ကြံတစ်ခုရှိသည်။ အတန်းပိုင်ဆရာသည် တတိယတန်းစာသင်ဆောင်၏ တတိယထပ်မှ လေဝင်စင်္ကြံမှတစ်ဆင့် ထောင့်ရှိ ဘာသာစကားရုံးခန်းဆီသို့ လျှောက်လာခဲ့သည်။


ရုံးခန်းထဲတွင် မည်သူမျှ မရှိဘဲ အံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ်နေသည်။ ထို့ကြောင့် အတွင်းမှ အသံသည် ရှောက်လုံ၏ နားထဲသို့ ရှင်းရှင်းလင်းလင်း ပျံ့နှံ့သွားသည်။


အတန်းပိုင်ဆရာက သက်ပြင်းချလိုက်သည်။ 

"ရှောင်ယာ... ဒီလစာမေးပွဲမှာ မင်းရမှတ်က တစ်တန်းလုံးမှာ အဆိုးဆုံးပဲ... မင်းရဲ့အင်္ဂလိပ်ရမှတ်က 15 မှတ်၊ မင်းရဲ့ ဘာသာစကားရမှတ်က 20 မှတ်၊ သိပ္ပံက 10 မှတ်နဲ့ သင်္ချာက... မင်းငါ့ကို တကယ်ပဲ ရမှတ် 0 ဖြစ်အောင် လုပ်ခဲ့တယ်..."


ရှောက်လုံ: "..."


ဒီမိန်းကလေးရဲ့ အဆင့်က ညံ့လွန်းတယ်...


ရင့်ရှောင်ယာသည် ခေါင်းငုံ့ကာ နှုတ်ခမ်းများကို ကိုက်ပြီး လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် လိမ်လိုက်သည်။


အတန်းပိုင်ဆရာက ဆက်ပြောသည်။

"ရှဲ့ရှင်းဟယ်က သင်္ချာစာမေးပွဲမှာ ရမှတ် 150 ရခဲ့ပြီး မင်းရဲ့ရမှတ်အားလုံးကို ပေါင်းလိုက်ရင်တောင် 50 ပဲရတယ်... ဒါက သူ့ဘာသာရပ်ရဲ့ ရမှတ်တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်... ငါ့ကိုပြောစမ်း ဒီအတောအတွင်း မင်းဘာဖြစ်ခဲ့တာလဲ..."


ရင့်ရှောင်ယာက စကားမပြောပေ။


အတန်းပိုင်ဆရာက စားပွဲကို ခေါက်လိုက်ပြီး သူ့အသံက တင်းမာနေသည်။ "မင်းက ယွီဟွေးနဲ့ ချစ်ကြိုက်ရင်း အလုပ်များနေတာလား..."


ရင့်ရှောင်ယာ၏မျက်နှာသည် ရုတ်တရက် ဖြူဖျော့သွား၏။ သူမသည် လက်ချောင်းများကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။ "မဟုတ်ဘူး... ဆရာ... ကျွန်မနဲ့ ယွီဟွေးက သူငယ်ချင်းကောင်းတွေပါ... တကယ်ပါ... ကျွန်မပြောတာယုံပါ..."


အတန်းပိုင်ဆရာက သူမကို အေးစက်စွာ ကြည့်နေသည်။ "ငါလည်း လူပါပဲ... ဘယ်လိုလုပ် မမြင်ဘဲနေရမှာလဲ... ယွီဟွေးက မင်းကို နေ့တိုင်း ချောကလက် ပေးပြီး ညနေတိုင်း မင်းနဲ့အတူ အိမ်ပြန်နေတာကို... အတန်းထဲက လူတော်တော်များများ အဲဒါက မြင်ပြီးပြီ... ညနက်သန်းခေါင်မှာ မင်းနဲ့သူ ကျောင်းတံခါးမှာ တစ်ခုခုပြောနေကြတယ်လို့ သူတို့ကပြောတယ်..."


ရင့်ရှောင်ယာသည် အဲဒါကို ငြင်းဆိုချင်ပေမဲ့ အတန်းပိုင်ဆရာက သူမကို တိုက်ရိုက်နှောင့်ယှက်ခဲ့သည်။ "ဘာမှရှင်းပြမနေနဲ့... မင်းက အခုမှ ငယ်ငယ်ရွယ်ရွယ်နဲ့ မသိနားမလည်သေးဘူး... လူတစ်ယောက်ကို သဘောကျတာက ပုံမှန်ပါပဲ... ဒါပေမဲ့ မင်းက စီနီယာကျောင်းသားဖြစ်ပြီး အရေးကြီးဆုံးအရာက မင်းရဲ့ပညာရေးဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိထားရမယ်..."


"ယွီဟွေးရဲ့ အတန်းရလဒ်တွေက မကောင်းဘူး... သူက အားကစားကျောင်းတက်ချင်တယ်လို့ ပြောထားပြီးသားပဲ... မင်း ကြိုးကြိုးစားစား စာကျက်ပြီး မြို့မှာ သူနဲ့အတူ တက္ကသိုလ်တက်နိုင်မှ ချစ်ကြိုက်လည်း မနောက်ကျဘူး... ဒီကိစ္စကြောင့်နဲ့ မင်းရဲ့အနာဂတ်ကို မထိခိုက်စေနဲ့..."


အတန်းပိုင်ဆရာ၏ စကားများသည် ကျိုးကြောင်းဆီလျော်ပြီး ခွေးကလေးများကို ဆူပူကြိမ်းမောင်းခြင်းထက် ခွေးကလေးများကို ချစ်ခြင်းမေတ္တာဖြင့် ဆွဲဆောင်နိုင်သူဖြစ်သည်။


သူက အမှတ်စာရင်းကတ်ကို ထုတ်လိုက်ပြီး ပြောသည်။

"ပြီးခဲ့တဲ့လက မင်း စုစုပေါင်း အမှတ် 350 ရခဲ့တယ်... မင်းက အတန်းရဲ့အလယ်အလတ်အဆင့်မှာ အမြဲရှိနေခဲ့ပြီး မင်း အလေးအနက်လေ့လာခဲ့တယ်... ဒီလမှာ မင်းတိုးတက်နိုင်မယ်လို့ ငါထင်ခဲ့တာ... မင်းရဲ့အမှတ်တွေက 350 ကနေ 50 အထိ ကျသွားလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး..." သူသည် ရင့်ရှောင်ယာထံ အမှတ်စာရင်းကို ပို့လိုက်ပြီး သူမကို ကူကယ်ရာမဲ့ ကြည့်လိုက်သည်။ "ပြောစမ်း... မင်းအတွက် ချစ်ကြိုက်ဖို့က မလွန်လွန်းဘူးလား..."


ရင့်ရှောင်ယာ၏လက်များသည် တွန့်လိမ်နေပြီး သူမသည် အလွန်စိတ်ရှုပ်ထွေးနေပုံရသည်။ အချိန်အတော်ကြာပြီးနောက် သူမ တိုးတိုးလေး ပြောသည်။ "ဆရာ... အဲဒါက ဆရာထင်သလို မဟုတ်ပါဘူး... ဒီတစ်ခေါက် ကျွန်မရဲ့စွမ်းဆောင်ရည် ကျသွားတာက..."


ရှောက်လုံသည် အဓိကအချက်အလက်များကို နားထောင်ရန် နားစွင့်နေစဉ် ငယ်ရွယ်သော ဘာသာစကားဆရာမက ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ သူမက သူတို့ကို မြင်ပြီး ခဏလောက် အံ့ဩသွားကာ ပြုံးလိုက်သည်။ "လောင်ကျောက်... ရှင့်အတန်းထဲက ကျောင်းသားတွေကို ထပ်ပြီးလေ့ကျင့်ပေးနေတာလား..."


ရင့်ရှောင်ယာ၏မျက်နှာသည် ဖြူဖျော့သွားပြီး သူမသည် ဘာမှထပ်မပြောဘဲ ခေါင်းငုံ့လိုက်သည်။


ဒီဆရာမသည် တော်တော်ဆိုးသောအချိန်မှာ ရောက်လာခဲ့သည်။ အတန်းပိုင်ဆရာက ပြုံးပြီးပြောလိုက်သည်။

"ကောင်းပြီ... မင်းသွားတော့... ငါပြောတာတွေကို သတိရနော်... ပညာရေးက အရေးကြီးဆုံးဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲပြီးရင် ကျန်တဲ့အရာအားလုံးကို လုပ်လို့ရတယ်... မင်း အလေးအနက် စာကြိုးစားပါတယ်... မင်း စာလေ့လာမဲ့အပေါ် စိတ်ထည့်ထားမယ်ဆိုရင် မင်းရဲ့ရလဒ်တွေက အမီလိုက်နိုင်မယ်လို့ ငါယုံကြည်တယ်..."


ရင့်ရှောင်ယာသည် ဆရာကို လေးလေးနက်နက် ဦးညွတ်ပြီး လှည့်မထွက်မီ တစ်ခဏမျှ ငြိမ်သက်နေခဲ့သည်။


တံခါးဝမှ ဝင်လာသော ဆရာမ အမျိုးသမီးသည် ကော်ဖီထည့်ကာ အတင်းပြောနေတော့သည်။ "လောင်ကျောက်... အဲဒါက ရင့်ရှောင်ယာလား... တစ်တန်းလုံးမှာ နောက်ဆုံးရောက်တဲ့သူလား..."


အတန်းပိုင်ဆရာက ခေါင်းကိုက်ပြီး မျက်ခုံးကို နှိပ်လိုက်သည်။

"ဒီမိန်းကလေးက ချစ်ကြိုက်ပြီး ရလဒ်တွေ ကျသွားတာဖြစ်မယ်... သူမက သင်္ချာစာမေးပွဲမှာ ငါ့ကို 0 မှတ်ပေးခဲ့တယ်... ဒီလိုအရာမျိုးကို ငါပထမမြင်ဖူးတယ်ထင်တာပဲ..."


ဆရာမက ကျယ်လောင်စွာ ရယ်လိုက်သည်။ 

"0 မှတ်ရဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ရွေးချယ်စရာမေးခွန်းတွေအတွက် ခန့်မှန်းလိုက်ရင်တောင် တစ်ခုလောက်တော့ မှန်သွားနိုင်တယ်မလား..."


ဆရာကျောက်သည် ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။

"သူမက စာမေးပွဲကို ဘယ်လိုဖြေခဲ့မှန်း ငါမသိပေမဲ့ မေးခွန်းအားလုံးမှားနေတယ်... အိုင်းယား... ဒီနေ့ခေတ် ကလေးတွေကတော့..."


သူတို့နှစ်ယောက်သည် ‘လက်ရှိကျောင်းသားတွေက ထိန်းရခက်တယ်’ ‘ငါတို့ခေတ်တုန်းက ရိုးရှင်းတယ်’ဆိုပြီး စတင်ပြောဆိုကြတော့သည်....


နောက်ထပ် အချက်အလက် မရှိခဲ့ဘူး။ ရှောက်လုံသည် ရင့်ရှောင်ယာက စိတ်ပျက်လက်ပျက်ဖြင့် ရုံးခန်းမှ ထွက်သွားသည်ကို တွေ့ပြီး တိတ်တဆိတ် လိုက်သွားခဲ့သည်။


ရင့်ရှောင်ယာသည် လေဝင်စင်္ကြံမှတဆင့် ချုံဝမ်အဆောက်အဦးရှိ အတန်း 3 သို့ ပြန်သွားခဲ့သည်။ ယွီဟန်ကျန်းသည် စင်္ကြံတွင် သူ့အား စောင့်နေတာကို ရှောက်လုံမှ တွေ့ရှိခဲ့သည်။


ယွီဟန်ကျန်းသည် သန်မာသောတည်ရှိမှုအာရုံနှင့်အတူ စင်္ကြံအလယ်တွင် ရပ်နေသည်။ သို့သော်လည်း ရင့်ရှောင်ယာသည် သူ့အနားမှ ဖြတ်သွားခဲ့ပြီး သူ့ကိုမမြင်သလိုပင် ပြုမူခဲ့သည်။ မိန်းကလေးသည် လမ်းပျောက်ပြီး အိပ်ပျော်ရင်း လမ်းလျှောက်နေပုံရသည်။ 


ယွီဟန်ကျန်းသည် မျက်မှောင်ကြုတ်ပြီး သူမနောက်ကို ကြည့်လိုက်သည်။


ထိုအချိန်တွင် အတန်းခေါင်းလောင်းသံ ထွက်ပေါ်လာပြီး အတန်းတိုင်း၏ ဆရာများနှင့် ကျောင်းသားများသည် စာသင်ခန်းမှ ထွက်လာကြသည်။ ရုံးခန်းသို့ပြန်လာသော ဆရာတချို့သည် ရှောက်လုံနှင့် ယွီဟန်ကျန်းတို့၏ ထူးဆန်းသော မျက်နှာနှစ်ခုကို တွေ့ရှိပြီး ပဟေဠိဆန်သော အမူအရာများ ဖလှယ်ကြသည်။


ရှောင်လုံသည် ယွီဟန်ကျန်းဘက်သို့ လှည့်သွားပြီး အနည်းငယ် ပြုံးပြလိုက်သည်။ 

"ဆရာယွီ... ကျွန်တော် ခင်ဗျားကို လိုက်ရှာနေတာ..."


ယွီဟန်ကျန်းက အတူသရုပ်ဆောင်ခဲ့သည်။

"ဆရာရှောက်... မင်းနဲ့အတူ ဆွေးနွေးစရာရှိလို့... စကားပြောရင်း လမ်းလျှောက်ရအောင်..."


သူတို့နှစ်ဦးသည် လေဝင်စင်္ကြံတွင် အချင်းချင်း လျှောက်လာကြသည်။ ဖြတ်သွားဖြတ်လာများက သူတို့သည် အခြားအတန်းများ၏ ဆရာများဟု ထင်ကြပြီး သံသယမရှိကြပေ။


ဒါက ကျောင်းတော်ကြီး၏ အကျိုးကျေးဇူးပါပဲ။ ဆရာများစွာရှိပြီး တစ်နှစ်မှာ အကြိမ်ပေါင်းများစွာသာ အတန်းမတူသည့် ဆရာများက တွေ့မြင်ကြရသည်။ သူတို့နှစ်ယောက်သည် အေးအေးဆေးဆေး ရောနှောပြီး သင်ကြားရေး အဆောက်အဦးထဲမှာ စောင့်ကြည့်ရေးကင်မရာကို ရှောင်ပြီး ထောင့်တစ်နေရာကို အမြန်လျှောက်သွားကြသည်။


ယွီဟန်ကျန်းက ရပ်ပြီး တိုးတိုးပြောလိုက်သည်။

"မင်း ဘာတွေ့လဲ..."


ရှောက်လုံသည် အဖွဲ့ခေါင်းဆောင်ယွီကို သူရှာဖွေတွေ့ရှိခဲ့သော အချက်အလက်များကို လျင်မြန်စွာ ပြောပြရန် နူးညံ့သော အသံကို အသုံးပြုခဲ့သည်။ 

"အတန်းပိုင်ဆရာက ရင့်ရှောင်ယာကို သီးသန့်စကားပြောဖို့ ခေါ်ခဲ့တယ်... သူမက အဆင့်ကောင်းပြီး အလယ်အလတ်အဆင့်မှာရှိခဲ့ဖူးတယ်... အခုတစ်ကြိမ်မှာ သူမက အမှတ်တမဲ့ ရလဒ်တွေ ကျဆင်းသွားပြီး သူမက အတန်းရဲ့နောက်ဆုံးဖြစ်သွားတယ်... အဲဒါက သူမဘဝရဲ့ ကြီးမားတဲ့ အပြောင်းအလဲတစ်ခုကြောင့် ဖြစ်မယ်... အတန်းပိုင်ဆရာက သူမနဲ့ ယွီဟွေးတို့ ချစ်ကြိုက်နေတာကြောင့်လို့ ကောက်ချက်ချခဲ့ပေမယ့် ကျွန်တော်ကတော့ အခြားအကြောင်းရင်းတစ်ခုရှိနေတယ်လို့ ခံစားရတယ်..."


ယွီဟန်ကျန်းသည် ထိုအကြောင်းကို စဉ်းစားခဲ့၏။

"ရင့်ရှောင်ယာရဲ့ ခုံအောက်မှာ အချစ်စာတစ်စောင် တွေ့ခဲ့တယ်... အဲဒါက ပုံနှိပ်ထားပြီး လက်မှတ်မရှိတာကြောင့် အရင်းအမြစ်ကို မဆုံးဖြတ်နိုင်ဘူး... ဒါ့အပြင် ရင့်ရှောင်ယာရဲ့စာအုပ်ထဲမှာ စာရွက်တစ်ရွက်ပါတယ်... အဲဒါက ရှုပ်ပွနေပြီး ‘ငါဘာလုပ်ရမလဲ’ဆိုတဲ့စာကြောင်းကိုပဲ ထပ်ခါတလဲလဲ ရေးထားတယ်..."


အတန်းပိုင်ဆရာက အတန်း 3 တန်းလုံးကို အားကစားကွင်းဆီ လှည့်ပတ်ပြေးခိုင်းတော့ စာသင်ခန်းက ဗလာဖြစ်ပြီး တံခါးကို သော့ခတ်မထားဘူး။ ဤသည်မှာ လျှို့ဝှက်ခန်းမှ လူနှစ်ဦးအား ပေးခဲ့သည့် အခွင့်အရေးဖြစ်သည်— စိန်ခေါ်သူများကို သဲလွန်စများစုစည်းရန် ရည်ရွယ်ချက်ရှိရှိဖြင့် အချိန်ပေးခြင်းဖြစ်သည်။


ယွီဟန်ကျန်း၏ သက်သေရှာဖွေနိုင်မှုသည် ရှောက်လုံ ထက် ပိုမိုကျွမ်းကျင်သည်။ စာသင်ခန်းတစ်ခုလုံးကို မိနစ် 20 အတွင်းမှာ ရှာဖွေခဲ့သည်။


သူသည် ရှောက်လုံအား သူ၏တွေ့ရှိချက်များကို အမြန်ပြောပြခဲ့သည်။ 

"ယွီဟွေးရဲ့အိတ်ထဲမှာ ချောကလက်တစ်ဗူးနဲ့ မိန်းကလေးရဲ့ ပဝါရှိတယ်... ရှဲ့ရှင်းဟယ်ရဲ့အိတ်ထဲမှာ ရည်ညွှန်းစာအုပ်ပစ္စည်းတွေ အပြည့်ရှိပေမဲ့ ‘မွန်တီခရစ်တိုမြို့စား’ဝတ္ထုကိုလည်း တွေ့ရှိခဲ့တယ်... ယိရူရဲ့ခုံအောက်မှာ ခေါက်ထားတဲ့ စက္ကူကြိုးကြာရှည်တွေနဲ့အတူ လက်ရာမြောက်တဲ့ လက်ဆောင်တစ်ခုရှိတယ်... အခြားကျောင်းသားတွေက အမှုကိစ္စနဲ့ သိပ်မဆိုင်လောက်ဘူး... သူတို့အိတ်ထဲမှာ ဖတ်စာအုပ်တွေပဲ ရှိတယ်..."


ရှောက်လုံက သူ့မေးစေ့ကို ထိပြီး အကျဉ်းချုပ်လိုက်သည်။

"ဒါဆို ယွီဟွေးနဲ့ ရှဲ့ရှင်းဟယ်တို့ နှစ်ယောက်စလုံးက ရင့်ရှောင်ယာကို ကြိုက်နေတာဖြစ်နိုင်တယ်... ယိရူက ယောင်္ကျားလေးနှစ်ယောက်ထဲက တစ်ယောက်ကို သဘောကျနေပြီး အဲဒီလူကို ပေးဖို့ စက္ကူကြိုးကြာ 1,000 ခေါက်နေတာလား..."


ယွီဟန်ကျန်းက မျက်မှောင်ကြုတ်လိုက်သည်။ 

"ထပ်ကြည့်လိုက်တော့ ဒီလောက်ရိုးရှင်းမယ်လို့ ကိုယ်မထင်ဘူး.."


ရှောက်လုံက လေးလေးနက်နက် တွေးတောလိုက်သည်။


ကျိန်စာ၊ အချစ်စာ၊ ချောကလက်များ၊ စက္ကူကြိုးကြာများနှင့် နာမည်ကျော်‘မွန်တီခရစ်တိုမြို့စား’ စာအုပ်နှင့် ရင့်ရှောင်ယာ၏ ရလဒ်များ ရုတ်တရက် ကျဆင်းသွားခြင်း၊ ဒီအရာများကြားက ဘယ်လိုဆက်စပ်မှု ရှိမှာလဲ။


ဒုတိယအတန်းချိန်ကတော့ သင်္ချာဖြစ်သည်။


သင်္ချာဆရာက စာရွက်များကို ဝေပေးဖို့ အတန်းခေါင်းဆောင်ကို လှမ်းမေးပြီး အေးစက်စက် မျက်နှာနဲ့ စကားပြောသည်။

"ဒီစားမေးပွဲအတွက် ငါတို့အတန်းထဲမှာ အစွန်းနှစ်ဖက်ရှိတယ်... ရှဲ့ရှင်းဟယ်က အမှတ် 150 ရခဲ့ပြီး တစ်တန်းလုံးမှာ အမှတ်ပြည့်ဖြစ်ခဲ့တယ်... နောက်ထပ်ကျောင်းသားတစ်ယောက်ကတော့ သင်္ချာစာမေးပွဲမှာ အမှတ် 0 ရပြီး တစ်တန်းလုံးမှာ နောက်ဆုံးဖြစ်ခဲ့တယ်..."


တစ်တန်းလုံးက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ သူတို့သည် အမှတ် 0 ရခဲ့သော ကံမကောင်းသူကို ရှာဖွေနေပုံရသည်။


ရင့်ရှောင်ယာသည် ခေါင်းငုံ့ပြီး စာမေးပွဲစာရွက်ကို သူမလက်ထဲမှာ တင်းတင်းဆုပ်ကိုင်ထားသည်။


ဆရာက ပြောသည်။

"ဒီသင်ခန်းစာအတွက် စာရွက်အကြောင်း ငါပြောပြမယ်... ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး မှားတဲ့မေးခွန်းတွေကို ငါ့ဆီမှာ 10 ကြိမ်လာကူးယူပါ..."


တစ်တန်းလုံးက ဘာမှမဖြစ်ခဲ့ဘူး။ သင်္ချာဆရာက စာရွက်အကြောင်း အေးအေးဆေးဆေး ပြောလိုက်သည်။ ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် trigonometric functions၊ equations၊ space vectors များအကြောင်း သင်ခန်းစာကို နားထောင်ခဲ့သည်... ရှေက်လုံက ပျော်ရွှင်စွာ နားထောင်နေစဉ် ယွီဟန်ကျန်းက ခေါင်းကိုက်နေပါသည်။


ဒုတိယတန်း၏အဆုံးသည် အတန်းများကြားကာလဖြစ်ခဲ့သည်။ ရှဲ့ရှင်းဟယ်က မျက်မှောင်ကြုတ်ပြီး ရင့်ရှောင်ယာကို ကြည့်လိုက်သည်။ 

"မင်း ကျောင်းဝတ်စုံမဝတ်ရင် အတန်းက အမှတ်တွေ နုတ်ခံရလိမ့်မယ်... အခြားသူတွေနဲ့ မထွက်သွားနဲ့... အဝတ်အစားပြောင်းပြီးရင် တာဝန်အတွက် စာသင်ခန်းထဲမှာနေထား..."


ရင့်ရှောင်ယာက ညင်သာစွာ ခေါင်းငြိမ့်လိုက်သည်။


ယွီဟွေးသည် လမ်းလျှောက်လာပြီး ကောင်လေး၏ပုခုံးကို လှမ်းကိုင်လိုက်သည်။ 

"ဟေ့ကောင်... ငါနဲ့နေရာလဲပေး... ငါ ဒီနေ့ တာဝန်ယူလိုက်မယ်..."


ကောင်လေးက သူနှင့် ရင့်ရှောင်ယာကို တစ်ချက်စီကြည့်လိုက်ပြီး 'နားလည်ပါတယ်' ဆိုသောအမူအရာနဲ့ ပြုံးကာ ပြေးထွက်သွားသည်။


မကြာမီ ကျောင်းသားများသည် ထွက်သွားပြီး စာသင်ခန်းထဲတွင် ယွီဟွေးနှင့် ရင့်ရှောင်ယာသာ ကျန်ခဲ့သည်။


ယွီဟွေးက တိုးတိုးပြောသည်။

"အတန်းပိုင်ဆရာက မင်းကို ဘာပြောဖို့ ခေါ်တာလဲ..."


ရင့်ရှောင်ယာက မျက်နှာဖြူဖြူနဲ့ ပြန်ပြောသည်။

"ဘာမှမဟုတ်ပါဘူး... ငါ စာကောင်းကောင်းလေ့လာရမယ်ဆိုတာပဲ..."


ယွီဟွေးက သူ့ဆံပင်များကို ဆွဲဖွလိုက်သည်။

"ဒီတစ်ခေါက် မင်းဘာဖြစ်သွားတာလဲ... အရင်က မင်းရဲ့အင်္ဂလိပ်စာကောင်းပြီး မင်းရဲ့ပျမ်းမျှရမှတ်က 70 မှတ်လောက်ရှိတယ်ဆိုတာ ငါမှတ်မိပါတယ်... မင်းက ရုတ်တရက်ကြီး ဘယ်လိုလုပ် 15 မှတ်ရခဲ့တာလဲ..."


ရင့်ရှောင်ယာသည် နှိုင်းယှဉ်မရသော စိတ်ပျက်အားငယ်မှုဖြင့် ပြည့်နှက်နေပြီး သူမ ငိုချလိုက်သည်။ 

"ငါ အဖြေစာရွက်မှားပြီး ဖြည့်လိုက်တာ..."


"....လခွမ်း" ယွီဟွေးက လျှောက်လာပြီး သူမ၏ဆံပင်များကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ "စိတ်ထဲမထားပါနဲ့... ဆရာမကျန်းက မကြာသေးခင်ကမှ သွေးဆုံးနေတာဖြစ်လို့ သူမက လူတွေကို နေ့တိုင်း ဆူပူကြိမ်းမောင်းနေတာ... မင်းကို အပြစ်ပေးနေရာပို့တာက အပျော့လေးပါ... ပြီးခဲ့တဲ့အကြိမ်က သူမက ငါ့ကို ပေတံနဲ့ရိုက်ခဲ့တာ... နောက်စာမေးပွဲမှာ မင်း ပိုကောင်းအောင်လုပ်ဖို့ပဲလိုတယ်..."


ရင့်ရှောင်ယာက နောက်ဆုံးတော့ ပြုံးလိုက်မိသည်။

"အင်း..."

 

ကြမ်းသုတ်ရင်း လူနှစ်ယောက်က စကားစမြည်ပြောနေကြသည်။ ပြတင်းပေါက်မှနေရောင်သည် သူတို့၏ခန္ဓာကိုယ်ပေါ်သို့ တောက်ပနေကာ နွေးထွေးလှသော ပုံရိပ်ကို ထင်ဟပ်စေသည်။


ယွီဟွေးက ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိသည်။ သူ့အိတ်ထဲက ပဝါနဲ့ ချောကလက်များကို ဆွဲထုတ်ပြီး သူမကို ပေးလိုက်သည်။

"ဒါက အစ်ကို မင်းအတွက် ဝယ်လာပေးတဲ့လက်ဆောင်... ဒီနေ့က မင်းရဲ့ 18 ‌နှစ်ပြည့်မွေးနေ့ပဲ... မွေးနေ့မှာ ပျော်ရွှင်ပါစေ ရှောင်ယာ..."


ရင့်ရှောင်ယာသည် ငိုယိုပြီး တုန်တုန်ယင်ယင်လက်နဲ့ ပဝါကို ယူလိုက်သည်။ 

"ကျေးဇူးတင်ပါတယ်..."


ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်သည်။


ယွီဟွေးနှင့် ရင့်ရှောင်ယာတို့၏ စကားဝိုင်းတွင် အဓိကမက်ဆေ့ချ်ကို ဖော်ပြခဲ့သည်။ ဒီနေ့ဟာ ရင့်ရှောင်ယာ၏ 18 နှစ်မြောက် မွေးနေ့ဖြစ်ပြီး ဒီမိန်းကလေးအတွက် တကယ့်ကို ဆိုးရွားသောနေ့ပါပဲ။ သူမသည် အင်္ဂလိပ်အတန်းတွင် အပြစ်ပေးခံရပြီး သင်္ချာအတန်းတွင် 0 မှတ်ရခဲ့သည်...


သူမအတွက် ဤပဝါသည် သူမ၏ 18 နှစ်မြောက်မွေးနေ့၏တစ်ခုတည်းသော နွေးထွေးမှုဖြစ်နိုင်သည်။


***


အတန်းအားလပ်ချိန်ပြီးဆုံးပြီး တတိယအတန်းမှာ ရူပဗေဒအတန်းဖြစ်သည်။ ဆရာက စာမေးပွဲအကြောင်း ဆက်ပြောပြီး ရင့်ရှောင်ယာ၏ ပြည့်စုံသောရလဒ်များက အောက်ခြေမှာ ရှိနေသည်။ သူမကို ရူပဗေဒဆရာက ဆူပူကြိမ်းမောင်းပြီး မိန်းကလေး၏ မျက်နှာက ဖြူဖျော့လာသည်။


စတုတ္ထအတန်းတွင် ခပ်ထွားထွား ယောင်္ကျားလေး ဆရာတစ်ဦး ရုတ်တရက် ဝင်လာသည်။

"မင်းတို့ရဲ့ ဓာတုဗေဒဆရာ ဒီနေ့ နေမကောင်းဘူး... မနက်ဖြန်နေ့လယ်ရဲ့ ပထမဆုံး PE အတန်းကို ဒီနေ့ ဓာတုဗေဒအတန်းနဲ့ ပြောင်းမယ်... အားကစားအဖွဲ့... အားလုံးကို ဘတ်စကက်ဘောကွင်းဆီ ခေါ်သွားပြီး သွေးပူလေ့ကျင့်ခန်းလုပ်ကြ..."


ယွီဟွေးက ထရပ်ပြီး သူ့အတန်းဖော်များကို အားကစားကွင်းဆီ ခေါ်သွားသည်။


PE ဆရာသည် ရိုးရိုးဘတ်စကက်ဘောဂိမ်းတစ်ခုကို စီစဉ်ပေးသည်။ သူသည် ယောင်္ကျားလေးများကို အုပ်စုနှစ်စုခွဲကာ တစ်ယောက်ကိုတစ်ယောက် ရင်ဆိုင်ခိုင်းသည်။ ယွီဟွေးနှင့် ရှဲ့ရှင်းဟယ်တို့က မတူညီသောအသင်းများတွင်ရှိကြသည်။


ယွီဟွေးသည် အားကစားအဖွဲ့ဝင်တစ်ဦးဖြစ်သည်။ သူက အရပ်ရှည်ပြီး ပစ်သွင်းမှုရာခိုင်နှုန်း အလွန်မြင့်မားသည်။ အံ့သြစရာကောင်းတာက ရှဲ့ရှင်းဟယ်သည် ပိန်ပေမဲ့ သူ ဘတ်စကက်ဘော ကစားတာ အံ့သြစရာကောင်းသည်။ အချိန်အတန်ကြာပြီးနောက် နှစ်ဖက်စလုံး၏ ရမှတ်များ တိုက်နေခဲ့သည်။


25:23 တွင် ယွီဟွေးသည် ချောမောလှပသော dunk ဖြင့် မိန်းကလေးများက အော်ဟစ်ကြသည်။


25:26 တွင် ရှဲ့ရှင်းဟယ်သည် 3 မှတ်တန်ကို အတိအကျ ပစ်သွင်းခဲ့သည်။


ယွီဟွေးသည် rebound ကို ပြန်ယူပြီး အမြန်ပြေးလိုက်သည်။ သူ့ကို ကန့်သတ်ဧရိယာအနီးတစ်ဝိုက်တွင် ရှဲ့ရှင်းဟယ်က ပိတ်ဆို့ထားသည်။ သူသည် မျက်ခုံးပင့်ကာ ဆန့်ကျင်ဘက်သို့ ဖြတ်ကျော်ရန် ကြိုးစားစဉ် ဘယ်ဘက်သို့ အတုအယောင် ရွှေ့လိုက်သည်။ သို့သော် ရှဲ့ရှင်းဟယ်သည် ၎င်းကို မျှော်လင့်ထားပုံရပြီး သူ့ကို ရပ်တန့်ရန် ညာဘက်သို့ တမင်ရွှေ့လိုက်သည်။ ယွီဟွေးသည် လျင်မြန်စွာ ရွေ့လျားနေပြီး လူနှစ်ယောက်က အချင်းချင်း တိုက်မိသွားသည်။


ရှဲ့ရှင်းဟယ်သည် ကြီးမားသော အင်အားဖြင့် တိုက်မိပြီး မြေပြင်ပေါ်သို့ လဲကျကာ ဒူးများ ပွန်းပဲ့သွားခဲ့သည်။ ယွီဟွေးကလည်း အခြေအနေမကောင်းဘဲ ဦးခေါင်းကို ထိမှန်ပြီး သွေးထွက်သွားခဲ့သည်။


ဒါက ယွီဟွေး၏ ဒေါသကို ပြင်းပြင်းထန်ထန် လောင်ကျွမ်းစေခဲ့သည်။ သူထရပ်ပြီး ရှဲ့ရှင်းဟယ်၏အင်္ကျီစကိုဆွဲကိုင်ကာ သူ့မျက်နှာပေါ်ရှိ သွေးများကို သုတ်ရင်း အော်ဟစ်လိုက်သည်။ "မင်းက တမင်လုပ်တာမလား..."


ရှဲ့ရှင်းဟယ်သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖုန်မှုန့်များကို ပုတ်ခါလိုက်သည်။ 

"ငါက ခုခံကာကွယ်ရုံပဲ... မင်းကမှ ငါ့ကို မမြင်ဘဲ တိုက်ခဲ့တာ..."


PE ဆရာက ဖုန်းပြောဖို့ ထွက်သွားခဲ့ပြီး လက်ရှိမှာမရှိပေ။ သူတို့နှစ်ယောက်စလိုက်တာနဲ့ အတန်းက ကမောက်ကမ ဖြစ်သွားသည်။ အဖွဲ့နှစ်ဖွဲ့၏ ယောင်္ကျားလေးများသည် အချင်းချင်း ဆဲဆိုကြိမ်းမောင်းကြသည်။ မိန်းကလေးများက သူတို့ဘေးမှာရပ်ပြီး ရပ်တန့်ဖို့ စိတ်အားထက်သန်စွာ တွန်းအားပေးနေခဲ့သည်။ ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် system ၏အေးစက်သောအသံကို ရုတ်တရက်ကြားလိုက်သောအခါ အဝေးတွင်ရပ်နေခဲ့ကြသည်။

"လုံ‌ခြုံရေးက နီးကပ်လာပြီ... အကွာအဝေး 20 မီတာ 15 မီတာ..."


ကျောင်းကင်းလှည့်ရာတွင် လုံခြုံရေးအစောင့် လေးဦးမှ ကျောင်းသားများ ရန်ဖြစ်နေတာကို တွေ့သဖြင့် ချက်ချင်း ပြေးလာခဲ့သည်။


ယွီဟန်ကျန်းသည် ရှောက်လုံ၏လက်ကိုဆွဲကာ လှည့်ထွက်သွားသည်။


လုံခြုံရေးအစောင့်များက တွေ့ရင် သူတို့ကို ဂိမ်းထဲကနေ တိုက်ရိုက်ထုတ်ပစ်မှာဖြစ်သည်။ လုံခြုံရေးအစောင့်များသည် 3 of Hearts လျှို့ဝှက်ခန်းတွင် တစ်ခုတည်းသော အတားအဆီးဖြစ်ပြီး ထိပ်တိုက်တွေ့လို့မရပေ။


လုံခြုံရေးအစောင့်လေးဦးသည် ဦးတည်ချက်လေးမျက်နှာမှ လာခဲ့၍ လူနှစ်ဦးက ပုန်းခိုစရာ နေရာမရှိတော့ပေ။ အကယ်၍ အဖွဲ့ခေါင်းဆောင်ယွီသည် လျင်မြန်စွာ မတုံ့ပြန်ခဲ့ပါက သူတို့ကို ဖမ်းမိသွားမည်ဖြစ်သည်။


ယွီဟန်ကျန်းသည် ရှောက်လုံကို သစ်ပင်ကြီးတစ်ပင်၏နောက်မှာ ပုန်းရန် ဆွဲ‌ခေါ်သွားခဲ့သည်။


အဖွဲ့ခေါင်းဆောင်ယွီက အလွန်အပြေးမြန်သည်။ ရှောက်လုံကိုလည်း ပြေးဖို့ ‌ဆွဲခေါ်သွားကာ ခလုတ်တိုက်လုနီးပါး ဖြစ်သွားသည်။ သူသည် ဘတ်စကက်ဘောကွင်းကို ပြန်ကြည့်ရင်း အသက်ပြင်းပြင်းရှူလိုက်မိသည်။


ဖရိုဖရဲ တိုက်ပွဲ မြင်ကွင်းသည် လျင်မြန်စွာ ငြိမ်သက်သွားသည်။ ယွီဟွေးနှင့် ရှဲ့ရှင်းဟယ်တို့ နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် သွေးများထွက်နေသည်။ PE ဆရာက အမြန်ပြေးပြီး ကျောင်းသားအားလုံးကို အေးအေးဆေးဆေး အပြစ်ပေးသည်။


ရှောက်လုံ၏ မျက်လုံးများက သူတို့ကို ကြည့်ပြီး ရုတ်တရက် တောင့်တင်းသွားသည်။

"ရင့်ရှောင်ယာ ဘယ်မှာလဲ..."


ယွီဟန်ကျန်းသည် လက်ရှိတွင် ရင့်ရှောင်ယာမရှိတော့တာကို တွေ့လိုက်ရပြီး သူ့အမူအရာက ပြောင်းလဲသွားသည်။

"သူမက အရှုပ်အထွေးဖြစ်နေတုန်း ထွက်သွားခဲ့တာ..."


နောက်အခိုက်အတန့်တွင် မိန်းကလေးတစ်ယာက်၏အော်သံကို အဝေးမှကြားလိုက်ရသည်။


၎င်းသည် လူ့နားစည်ကို ထိုးဖောက်လုနီးပါး ပြင်းထန်သောအဆင့်အထိ ဒက်စီဘယ်များနှင့်အတူ စူးရှစွာ အော်ဟစ်ခဲ့သည်။ 

"အားးးးး....."


လုံခြုံရေးအစောင့်များက လန့်ပြီး ပြေးသွားကြသည်။ ယွီဟန်ကျန်းနှင့် ရှောက်လုံတို့သည် ရှေ့မှ လုံခြုံရေးအစောင့်များနဲ့ ထိပ်တိုက်မတွေ့စေဘဲ မိမိကိုယ်ကို ဖုံးကွယ်ရန် အဆောက်အဦးများနှင့် သစ်ပင်များကို ရှာဖွေရင်း နောက်သို့ အမြန်လိုက်ခဲ့ကြရသည်။


သို့သော်…


သူတို့တွေ ထောင့်တစ်ဝိုက် လျှောက်လာရင်း အော်သံကြားရသော အကြောင်းရင်းကို သိလိုက်ရသည်။


ပန်းခင်းဘေးက ကွန်ကရစ်မြေပြင်ရှိ ဟန်ကျီးအဆောက်အဦးအောက်မှာ မိန်းကလေးတစ်ယောက်က မလှုပ်မယှက် လဲလျောင်းနေခဲ့သည်။


သူမ၏မျက်နှာတစ်ခြမ်းက သွေးများနဲ့ စွန်းထင်းနေပြီး မျက်နှာကို မမြင်ရဘူး။ အနက်ရောင်ဆံပင်တိုတိုသည် ရှုပ်ပွစွာ လွင့်ကျဲနေ၏။ သူမ၏ခေါင်းအောက်တွင် သွေးများက ဖြည်းညှင်းစွာ ပျံ့နှံ့လာပြီး လည်ပင်းတစ်ဝိုက်ရှိ ပဝါဖြူကို အရောင်ဆိုးထားသည်။


၎င်းက ရင့်ရှောင်ယာကို 18 နှစ်မြောက် မွေးနေ့လက်ဆောင်အဖြစ် ပေးအပ်ခဲ့သော ပဝါဖြစ်သည်။


ရှောက်လုံသည် အေးစက်မှုဖြင့် ပြည့်နေသည်။


ရင့်ရှောင်ယာသည် သူနှင့် ယွီဟန်ကျန်း၏ မျက်လုံးများရှေ့သို့ အမှန်တကယ် ရောက်ရှိလာခဲ့သည်။


#TK