Chapter 24
Viewers 1k

Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း


Chapter 24 (3 of Hearts – သွေးစွန်းနေသောမေပယ်ရွက် ၀၅)


အော်ဟစ်ခဲ့သူမှာ ရင့်ရှောင်ယာ၏ ထိုင်ခုံဖော် ယိရူဖြစ်သည်။


ရင့်ရှောင်ယာသည် ခေါင်မိုးပေါ်မှ ပြုတ်ကျပြီး သူမ၏ခြေရင်း၌ လဲကျနေသည်။


လုံခြုံရေးအစောင့်များ ရောက်ရှိလာချိန်မှာတော့ ယိရူသည် တစ်ကိုယ်လုံး တုန်ခါနေကာ မျက်လုံးများက ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ ထိန်းမရသောမျက်ရည်များက ရေပိုက်ခေါင်းတစ်ခုလို စီးကျလာသည်။


လုံခြုံရေးအစောင့် လေးဦးသည် ခ‌ဏတာ အံ့အားသင့်သွားခဲ့ပြီး နောက်ဆုံးတွင် လုံခြုံရေးအစောင့်ခေါင်းဆောင်က တုံ့ပြန်ခဲ့သည်။

"မင်းတို့နှစ်ယောက်က မြင်ကွင်းကို ကာထားပြီး အခြားသူတွေကို အနားမကပ်စေနဲ့... ငါ ကျောင်းအုပ်ဆီ သွားလိုက်မယ်... ရှောင်လျှို... မင်းက ရဲကို မြန်မြန်ဖုန်းဆက်လိုက်"


‘ရှောင်လျှို’ဟု အမည်ရသော လုံခြုံရေးအစောင့်က ရဲကိုဖုန်းဆက်ခဲ့သည်။


ယွီဟန်ကျန်း: "..."


‘ရဲကိုဆက်သွယ်ခြင်း’တောင် ရှိခဲ့သည်။ ဤအမှုသည် လက်တွေ့ကမ္ဘာတွင် ဖြစ်ခဲ့ပါက ယွီဟန်ကျန်းသည် ရဲအရာရှိကတ်ဖြင့် အခင်းဖြစ်ပွားရာသို့ တိုက်ရိုက်သွားမည်ဖြစ်သည်။ ကံမကောင်းစွာဖြင့် ဤအမှုသည် ယခုအခါ လျှို့ဝှက်ခန်းကမ္ဘာဖြစ်ခဲ့ပြီး သူပေါ်လာလို့မရပေ။ သူက လုံခြုံရေးအစောင့်များကိုတောင် ပုန်းနေရသည်။


ရှောက်လုံက ဒါကိုကြားတော့ အလွန်စိတ်ရှုပ်သွားသည်။ သူက ယွီဟန်ကျန်းကို တစ်ချက်ကြည့်လိုက်ပြီး တိုးတိုးပြောသည်။ "ရဲကိုဆက်သွယ်တာလား... လျှို့ဝှက်ခန်းကမ္ဘာမှာလည်း ရဲတွေရှိတာလား"


ယွီဟန်ကျန်းက လေးလေးနက်နက် ပြန်ဖြေသည်။

"ကျောင်းသားတစ်ယောက်က သေသွားပြီဖြစ်ပြီး ကိုင်တွယ်ဖြေရှင်းပုံကတော့ ရဲကိုခေါ်တာပဲ... ကတ်ကမ္ဘာရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ကျိုးကြောင်းဆီလျော်တယ်... ဒါပေမဲ့ ကတ်ကမ္ဘာရဲ့ရဲတွေက ကိုယ်တို့အတွက် လျှို့ဝှက်ဆန်းကြယ်မှုကို ကူညီဖြေရှင်းပေးမှာလား... ဒါမှမဟုတ် ကိုယ်တို့အတွက် အတားအဆီးတွေကို တမင်ဖန်တီးပေးမှာလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးဘူး"


ရှောက်လုံက မှန်းဆခဲ့သည်။

"သူတို့က ကျွန်တော်တို့ကို ကူညီသင့်တယ်မလား... ဒါ့အပြင် ဒီဟာက C အဆင့် ခက်ခဲတဲ့အခန်းလေ... ရဲတွေတောင် ကျွန်တော်တို့ကို လမ်းမှားအောင်လုပ်တယ်ဆိုရင် ကျိုးကြောင်းဆင်ခြင်ခြင်းစွမ်းရည်မရှိဘဲ စိန်ခေါ်သူတွေက လျှို့ဝှက်ခန်းကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး"


"အဲဒါက အဓိပ္ပါယ်ရှိတယ်" ယွီဟန်ကျန်းသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။ သူသည် ခေါင်မိုးပေါ်ကို မော့ကြည့်လိုက်ပြီး ရှောက်လုံ၏ နားထဲသို့ တိုးတိုးလေးပြောသည်။ "ရဲတွေ ကျောင်းမရောက်လာခင်မှာ သဲလွန်စတွေရှိမရှိ သိနိုင်ဖို့ အဆောက်အဦးရဲ့ ခေါင်မိုးကို အရင်ဆုံး စစ်ဆေးရမယ်... ပရော်ဖက်ဆာရှောက်... မင်းက ဒီမှာနေခဲ့ပြီး နောက်ပိုင်းမှာ ရင့်ရှောင်ယာ သေဆုံးရတဲ့အကြောင်းအရင်းကို စစ်ဆေးဖို့ ကိုယ်ပျောက်ဝတ်ရုံကို သုံးလိုက်... မင်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတစ်ယောက်ပဲ"


ရှောက်လုံက ခေါင်းငြိမ့်လိုက်သည်။ "ကောင်းပြီ"


ယွီဟန်ကျန်းက သတိပေးခဲ့သည်။ "ကိုယ်ပျောက်ဝတ်ရုံရဲ့ အကျိုးသက်ရောက်မှုက မိနစ် 30 ပဲရှိတယ်... အချိန်ကို ဂရုစိုက်ပြီး လုံခြုံရေးအစောင့်တွေ မတွေ့ရအောင် သတိထားပါ"


"နားလည်ပါတယ်... ခင်ဗျားလည်း သတိထားပါ..."


လူနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် စူးစူးစိုက်စိုက်ကြည့်ကာ လူခွဲလိုက်ကြသည်။


ယွီဟန်ကျန်းသည် လေးထပ်ကိုတက်ကာ လေဝင်စင်္ကြံမှတစ်ဆင့် ကင်မရာများကို ရှောင်ရင်း ဟန်ကျီးအဆောက်အဦးထဲသို့ဝင်ကာ အတန်း 3 သင်ကြားရေးအဆောက်အဦးသို့ အမြန်ဝင်ရောက်ခဲ့သည်။ ထို့နောက် ခုနစ်ထပ်ရှိ ခေါင်မိုးပေါ်သို့ လှေကားဖြင့် တက်ခဲ့သည်။


ရင့်ရှောင်ယာ ပြုတ်ကျသည့်နေရာသည် ဟန်ကျီးအဆောက်အဦး၏ အောက်ဘက်တွင်ရှိသည်။ မြေပြင်သည် မာကျောသောဘိလပ်မြေဖြင့်ပြုလုပ်ထားပြီး အထပ်ခုနစ်ထပ်ရှိသောကြောင့် သူမ၏ဦးခေါင်းသည် မြေပြင်ကိုထိသွားသ၍ အသက်သေဆုံးမည်ဖြစ်သည်။

 

ယွီဟန်ကျန်းသည် ခုနစ်ထပ်သို့ တက်သွားသောအခါ ခေါင်မိုးပေါ်က တံခါးပွင့်နေတာကို တွေ့လိုက်ရသည်။


မနေ့က သူနှင့် ရှောက်လုံသည် အဆောက်အဦး၏ အပြင်အဆင်ကို ပုံဆွဲသောအခါ တံခါးအား သော့ခတ်ထားတာကို သူ သတိရသွားသည်။ ကျောင်းသားများနှင့် ဆရာများအား အဆောက်အဦး၏ ခေါင်မိုးပေါ်သို့ တက်ခြင်းမှ တားဆီးရန်အတွက် ခေါင်မိုးတံခါးကို သော့ခတ်ထားလေ့ရှိသည်။ ယခု တံခါးပွင့်နေသောကြောင့် တစ်ယောက်ယောက်က တမင်ဖွင့်ထားမှန်း သိသာပါသည်။


ရင့်ရှောင်ယာသည် ကျောင်းသူတစ်ဦးဖြစ်ပြီး ခေါင်မိုးသော့ကို မကိုင်နိုင်ပေ။


တံခါးဖွင့်ပေးသူဟာ ဒီကိစ္စမှာ လုံးဝပါဝင်ပတ်သက်နေပါသည်။


ယွီဟန်ကျန်းသည် ခေါင်မိုးပေါ်ကို အမြန်လျှောက်သွားသည်။


မနေ့က မိုးရွာပြီး ခေါင်မိုးပေါ်က ကြမ်းပြင်သည် စိုစွတ်နေ၏။ ရလဒ်အနေဖြင့် ရေဝပ်သောနေရာများကို နင်းမိပါက ရှင်းလင်းပြတ်သားသော ခြေရာများကို ချန်ထားခဲ့မည်ဖြစ်သည်။ ထိုအချိန်တွင် ခြေရာများတစ်ခုတည်းသာ ရှိထားသည်။ ၎င်းတို့သည် ရင့်ရှောင်ယာ၏ခြေဖဝါးအရွယ်အစား 37 အရွယ်ဖြစ်သည်။ ထိုလူသည် ရှေ့သို့ အလျင်အမြန် ပြေးသွားသကဲ့သို့ ခြေရာများသည် အနည်းငယ် ရှုပ်ထွေးနေ၏။


ခြေရာများသည် အစွန်းတွင် ပျောက်ကွယ်သွားသည်။ ထိုနေရာမှ ခုန်ချခြင်းသည် ရင့်ရှောင်ယာ၏အလောင်းတည်ရှိရာနေရာကို အတိအကျရောက်သွားမည်ဖြစ်သည်။


အပေါ်ယံတွင် ဤခြေရာများသည် ရင့်ရှောင်ယာ၏ ခြေရာများဖြစ်သင့်ပြီး အခင်းဖြစ်ပွားရာနေရာ၌ ဒုတိယလူ၏ခြေရာများမရှိပေ။


သို့သော် ခြေရာများသည် တစ်ခုတည်းသော စံနှုန်းမဟုတ်ပေ။ ယွီဟန်ကျန်းသည် မကြာခဏဆိုသလို အခင်းဖြစ်ပွားရာနေရာများသို့ သွားရောက်စုံစမ်းလေ့ရှိပြီး ခြေရာများကို ဖျောက်ဖျက်ရလွယ်ကူသည်။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်သည် ရင့်ရှောင်ယာ၏ ခြေဖဝါးနှင့် အရွယ်အစားတူသော ဖိနပ်ကို ဝတ်ဆင်တာ သို့မဟုတ် ထိုလူသည် ရင့်ရှောင်ယာ၏ ခြေရာများကို နင်းပြီး ခြေရာများ ထပ်နေစေတာမျိုး ဖြစ်သည်။ ဖြစ်ရပ်နှစ်ခုစလုံးက ရင့်ရှောင်ယာ၏ခြေရာများသာ အခင်းဖြစ်ပွားရာနေရာတွင် ရှိနေသည်ဟု ထင်ယောင်ထင်မှားဖြစ်စေမည်ဖြစ်သည်။


ရေဝပ်သောနေရာသည် နှင်းများနှင့်မတူဘဲ ခြေရာများ၏ အတိမ်အနက်ကို ဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် အခင်းဖြစ်ပွားရာနေရာ၌ လူတစ်ဦးတည်း၏ ခြေရာများသာရှိလျှင်ပင် ဒုတိယလူတစ်ဦး၏ ဖြစ်နိုင်ခြေကို လုံးဝ ရှင်းမပြနိုင်ပေ။


ယွီဟန်ကျန်းသည် ရင့်ရှောင်ယာ အဆောက်အဦးမှ ခုန်ဆင်းသွားသည့် အနေအထားကို အသေအချာကြည့်လိုက်သည်။ ရင့်ရှောင်ယာ၏လည်ပင်းတစ်ဝိုက်တွင် ပဝါနှင့်ကိုက်ညီသော အကြွင်းအကျန်အဝတ်စတစ်စရှိသည်။


ထိုအချိန်တွင်ပင် အောက်ထပ်က တံခါးခေါက်သံကြားသဖြင့် လုံခြုံရေးခေါင်းဆောင်၏ အသံထွက်လာသည်။

"ကျောင်း-ကျောင်းအုပ်ဦး... စီနီယာအတန်း 3 က ကျောင်းသူတစ်ယောက်က အဆောက်အဦးပေါ်ကနေ ခုန်ချသွားပြီ"


"ဘာ" ကျောင်းအုပ်ကြီးသည် ဒုကျောင်းအုပ်ဖြင့် နှစ်ဦးတည်း ဆွေးနွေးနေကြသည်။ ဒါကိုကြားတော့ လုံခြုံရေးအစောင့်နဲ့အတူ ချက်ချင်း လှည့်ပြီး အောက်ထပ်ကို ဆင်းသွားသည်။ ကျောင်းအုပ်က လမ်းလျှောက်လာရင်း ပြောသည်။ "အစောင့်ချန်... မင်းက အတန်းပိုင်ဆရာအားလုံးကို ချက်ချင်းအကြောင်းကြားလိုက်... ကျောင်းသားတွေကို အတန်းထဲမှာပဲနေခိုင်းပြီး လုံးဝအပြင်မထွက်ခိုင်းနဲ့... အစောင့်လျှို... မင်းက အတန်း 3 က သူမရဲ့အတန်းပိုင်နဲ့ ဆရာတွေကို အခင်းတဲ့နေရာဆီ ခေါ်လာခဲ့"


ဒုကျောင်းအုပ်က မေးသည်။

"မင်း ရဲကို အကြောင်းကြားထားပြီလား"


"‌ရဲတွေကို ခေါ်ထားပြီ... မကြာခင်ရောက်လာတော့မယ်"


အရှိန်ပြင်းပြင်း ပြေးနေသော အဖွဲ့၏ ခြေသံများ တဖြည်းဖြည်း မှိန်ဖျော့သွားသည်။


ယွီဟန်ကျန်းသည် ခေါင်မိုးကို အမြန်စစ်ဆေးပြီးနောက် လေးထပ်သို့သွားစဉ် ကင်မရာများကို ရှောင်လိုက်သည်။ သူသည် လေဝင်စင်္ကြံမှတစ်ဆင့် ချုံဝမ်အဆောက်အဦးဆီသို့ ပြန်သွားပြီး အောက်ကိုငုံ့ကြည့်လိုက်သည်။


သူတည်ရှိရာ လေဝင်စင်္ကြံသည် မြင်ကွင်းကောင်းသည်။ အနောက်ဘက်က ဘတ်စကတ်ဘောကွင်းကို မြင်နိုင်ပြီး အောက်ထပ် အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။


ထိုအချိန်တွင် အတန်း 3 မှ ကျောင်းသားများသည် ဘတ်စကတ်ဘောကွင်းတွင် ရပ်နေကြဆဲဖြစ်သည်။ အော်ဟစ်သံကို အားလုံးကြားလိုက်ကြသော်လည်း ဘာဖြစ်သွားသည်မသိပေ။ သူတို့က အော်သံများဆီသို့ စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်။


PE ဆရာက တစ်ခုခုမှားနေပြီဆိုတာ သဘောပေါက်သွားပြီး ယွီဟွေးအား ကျောင်းသားများကို ဂရုစိုက်ခိုင်းလိုက်သည်။ အခြေအနေကို စစ်ဆေးရန် လမ်းထောင့်သို့ လျှောက်သွားရာ လုံခြုံရေးအစောင့်များ ဝိုင်းရံထားသည့် နေရာတွင် မိန်းကလေးတစ်ဦး ရှိနေတာကို တွေ့ရှိခဲ့သည်။ PE ဆရာ၏ မျက်နှာက အလွန်ရုပ်ဆိုးလာသည်။


ရင့်ရှောင်ယာဆိုသော မိန်းကလေးကို သူမှတ်မိသည်။


သူ့အတန်းထဲမှ ကျောင်းသားတစ်ဦး သေဆုံးသွားခဲ့သည်။ သူသည် အပြစ်မှ လွတ်ကင်းနိုင်မည်မဟုတ်ပေ။


PE ဆရာသည် စိတ်လှုပ်ရှားစွာ လက်သီးများကို တင်းတင်းဆုပ်ပြီး အခြေအနေကို လုံခြုံရေးအစောင့်များအား မေးလိုက်သည်။ ထို့နောက် ကျောင်းအုပ်ကြီးသည် အမြန်ပြေးလာပြီး အတန်း 3 ၏ အတန်းပိုင်ဆရာလည်း သတင်းရပြီးနောက် အခင်းဖြစ်ရာသို့ ရောက်လာသည်။


ဤသွေးထွက်သံယိုမြင်ကွင်းကို မြင်လိုက်ရတော့ ‌ဆရာများ၏မျက်နှာများက အိုးအောက်ခြေကဲ့သို့ မည်းနက်နေလေသည်။


မူလက ပြုံးနေသည့် အတန်းပိုင်ဆရာ၏ မျက်နှာမှာလည်း ညိုမှိုင်းနေသည်။ သူက PE ဆရာကို လှည့်ကြည့်ကာ မေးလိုက်သည်။

"ဘာဖြစ်တာလဲ... အခုက ဓာတုဗေဒအတန်းချိန် မဟုတ်ဘူးလား"


"ဆရာမချင်က ဒီမနက် ငါ့ကို ဖုန်းဆက်တယ်... သူမအဖေက ဆေးစစ်ဖို့ ဆေးရုံသွားရမှာမို့ အဖေ့ကိုလိုက်ကူပေးရမယ်လို့ သူမက ပြောတယ်... ဒီနေ့ သူမက ကျောင်းမလာနိုင်တော့ဘဲ ဓာတုဗေဒအတန်းကို မနက်ဖြန်နေ့လယ် PE အတန်းနဲ့ လဲချင်တယ်တဲ့... ဒါကြောင့် ငါ သူမနဲ့ အတန်းပြောင်းလိုက်တာ"

 

တာဝန်ခံ ဒုကျောင်းအုပ်က ပြောလာသည်။

"ဆရာမချင်က ဒီနေ့အတွက် ခွင့်ယူတာမျိုးမရှိဘူး"


ကျောင်းအုပ်ကြီးက မျက်မှောင်ကြုတ်လိုက်သည်။ 

"အတန်းပြောင်းတာက အရေးမကြီးပေမဲ့ မင်းက တာဝန်ယူရမှာလေ... မင်းရဲ့ PE အတန်းမှာ ကျောင်းသူတစ်ယောက်က အဆောက်အဦးပေါ်ကနေ ခုန်ချခဲ့တာ... ဒီအတန်းကို မင်း ဘယ်လို ကိုင်တွယ်မှာလဲ"


PE ဆရာက ဖြူဖျော့ဖျော့မျက်နှာဖြင့် ရှင်းပြသည်။

"ကျွန်တော် အတန်းထဲက ယောင်္ကျားလေးတွေကို ဘတ်စကက်ဘောကစားဖို့ စီစဉ်ပေးထားတာ... ကျွန်တော် ဖုန်းခဏသွားဖြေနေတုန်း ဒီလိုဖြစ်လာမယ်လို့ မထင်ထားဘူး"


ကျောင်းအုပ်ကြီးက အော်လေသည်။

"စာသင်ချိန်မှာ ဖုန်းပြန်ဖြေပြီး ကျောင်းသားတွေကို ဂရုမစိုက်တာက မင်း တာဝန်ပျက်ကွက်တာပဲ... ဒီလိုကြီးလေးတဲ့ကိစ္စကနေ မင်းကို ငါကာကွယ်နိုင်မှာမဟုတ်ဘူး... မင်းရဲ့ပြစ်ဒဏ်ကို စောင့်ထားလိုက်"


ကျောင်းအုပ်ကြီး၏ ဟောက်သံသည် နိမ့်သော်လည်း အနီးနားရှိ ရှောက်လုံမှ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။


PE ဆရာသည် ဆူပူကြိမ်းမောင်းခံရပေမဲ့ ငြင်းလို့မရပါဘူး။ သူက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုငုံ့လိုက်သည်။


ထိုအချိန်တွင် အတန်း 3 လေးချိန်မြောက်အတွက် အတန်းခေါင်းလောင်းသံ ထွက်ပေါ်လာသည်။


ဗိုက်ဆာသော ကျောင်းသားများသည် အစာစားဖို့ စာသင်ခန်းထဲကနေ အပြေးအလွှား ထွက်လေ့ရှိပေမဲ့ ဒီနေ့ ကျောင်းမှာ သွေးထွက်သံယိုကိစ္စ ဖြစ်ခဲ့သည်။ ရုံးခန်းအဆောက်အဦးအောက်မှာ အလောင်းတစ်လောင်း လဲလျောင်းနေပြီး ဒီအနေအထားမှာ ကျောင်းသားအားလုံး ကျောင်းအဆောက်အဦးထဲက ထွက်သွားရင် အဲဒါကို မြင်နိုင်ပါသည်။


ကံကောင်းစွာနဲ့ပဲ ကျောင်းအုပ်ကြီးက မြန်မြန်ဆန်ဆန်တုံ့ပြန်ခဲ့ပြီး ကျောင်းသားများကို စာသင်ခန်းထဲမှာနေခိုင်းဖို့ ဆရာများကို အကြောင်းကြားခဲ့သည်။


အခြားအတန်းရှိ ကျောင်းသားများက ထူးဆန်းသည်ဟု ခံစားမိကြပြီး အချင်းချင်း စာများပို့ကြသည်။

"နေ့လယ်က အိမ်စာတွေ ရေးခိုင်းတာ အတန်းပိုင်က ရူးနေသလား"


"အခြားအတန်းတွေလည်း သူတို့စာသင်ခန်းထဲမှာပဲ နေနေကြတာထင်တယ်... စင်္ကြံက တိတ်ဆိတ်နေတာပဲ"


"ပြောစမ်း... အခုလေးတင် တစ်ယောက်ယောက် အော်သံမကြားလိုက်ဘူးလား"


"ငါကြားတယ်... အကျယ်ကြီးပဲ"


"အခြေအနေက ဘယ်လိုရှိလဲ"


အတန်းအားလုံးကို ကျောင်းမှာ ထိန်းထားခဲ့ပြီး စာသင်ခန်းထဲမှာ ကျန်ခဲ့သော ကျောင်းသားများ အထိတ်တလန့် ဖြစ်နေသည်။


ယွီဟန်ကျန်းသည် လေးထပ်ရှိ လေဝင်စင်္ကြံမှ အခြေအနေကို ကြည့်ရှုခဲ့ပြီး ရှောက်လုံသည် ထောင့်တစ်နေရာတွင် ပုန်းနေပြီး မြင်ကွင်းကို နားထောင်နေခဲ့သည်။


မျက်မြင်သက်သေ ယိရူ၏ မျက်နှာသည် စက္ကူကဲ့သို့ ဖြူဖျော့နေပြီး အတန်းဆရာက သူမအား နှစ်သိမ့်စကား တိုးတိုးလေး တီးတိုးပြောရင်း သူမက တုန်လှုပ်နေခဲ့သည်။


မကြာခင် ရဲများရောက်လာသည်။


ကျောင်း၏အစီအစဉ်ကို မထိခိုက်စေဖို့အတွက် ကျောင်းထဲကိုဝင်လာသော ရဲကားများက ဥသြသံမမြည်ပေ။


လူခြောက်ဦးရှိပြီး ရဲလေးဦး၊ မှုခင်းဆရာဝန်တစ်ဦးနှင့် လက်ထောက်တစ်ဦးတို့ ပါဝင်သည်။


ပြစ်မှုဆိုင်ရာ ရဲတပ်ဖွဲ့ခေါင်းဆောင်သည် အသက် 40 ရှိပြီဖြစ်ပြီး အတွေ့အကြုံရှိပုံရသည်။ အခင်းဖြစ်ပွားရာနေရာအား ရဲများက ကြိုးဝိုင်းဖြင့် ပတ်ကာ ကျောင်းအုပ်ကြီး၊ အတန်းပိုင်ဆရာနှင့် မျက်မြင်သက်သေများကို ရှာဖွေရန် လျှောက်လာခဲ့သည်။


အခြားသူများသည် အလောင်းကို စစ်ဆေးရန်အတွက် မှုခင်းဆရာဝန်မှ ကိရိယာများနှင့် လက်အိတ်များကို အသုံးပြုနေစဉ် အခင်းဖြစ်ပွားရာနေရာကို လျင်မြန်စွာ စတင်စစ်ဆေးခဲ့သည်။


ရှောက်လုံလည်း လှုပ်ရှားခဲ့သည်။


သူသည် ‌ကိုယ်ပျောက်ဝတ်ရုံကို ဝတ်ဆင်ကာ မှုခင်းဆရာဝန်နှင့် အခင်းဖြစ်ပွားရာသို့ ဝင်ရောက်ခဲ့သည်။


ကိုယ်ပျောက်ဝတ်ရုံ၏ အကျိုးသက်ရောက်မှုသည် 'မမြင်နိုင်သော လူအဖြစ်သို့ ပြောင်းလဲသွားခြင်း' ဖြစ်သည်။ ကတ်ကမ္ဘာမှ လူများသည် ရှောက်လုံကို မမြင်ရုံသာမက ယွီဟန်ကျန်းလည်း ရှောက်လုံကို မမြင်နိုင်ပါ။ သို့သော် ရှောက်လုံသည် ရင့်ရှောင်ယာ သေဆုံးမှုနှင့် သက်ဆိုင်သည့် အကျွမ်းကျင်ဆုံးသော ဆုံးဖြတ်ချက်ချရမည်ကို သူသိသည်။ သူက အခင်းဖြစ်ရာနေရာရှိ ရဲတပ်ဖွဲ့၏ မေးမြန်းမှုများကို နားထောင်ခဲ့သည်။


ယွီဟန်ကျန်းသည် အခင်းဖြစ်ပွားရာနေရာအား ရှောက်လုံကို ယုံကြည်မှုအပြည့်ဖြင့် ပေးအပ်ခဲ့ပြီး အတန်း 3 ၏ စာသင်ခန်းသို့ ပြန်လှည့်သွားခဲ့သည်။ သက်သေအသစ်များ ရှိ၊ မရှိ သူသိချင်သည်။


ယွီဟန်ကျန်းသည် ရင့်ရှောင်ယာ၏ ထိုင်ခုံသို့ ရောက်ရှိလာပြီး မျက်လုံးများ ကျဉ်းမြောင်းနေသည်။


[သေကြောင်းကြံစည်သော မှတ်စု]


လေးစားအပ်ပါသော အဖေ၊ အမေ၊ ဆရာတွေနဲ့ အတန်းဖော်တွေ အားလုံးကို ကျွန်မတောင်းပန်ပါတယ်။ ရှင်တို့ရဲ့မျှော်လင့်ချက်တွေကို ကျွန်မ ပျက်ကွက်ခဲ့ပြီး ကျွန်မ ထွက်သွားတော့မယ်။ ကျွန်မအတွက် ဒီကမ္ဘာကြီးမှာ လွမ်းဆွတ်စရာ မရှိတော့ဘူး။ အသက် 18 နှစ်မှာ ကျွန်မဘဝကို အဆုံးသတ်ပါရစေ—ရင့်ရှောက်ယာ။


ယွီဟန်ကျန်း: "..."


လက်ရေးက ရင့်ရှောင်ယာ၏ အိမ်စာစာအုပ်ထဲက လက်ရေးနဲ့ ကိုက်ညီသည်။


မိန်းကလေး၏လက်ရေးသည် အမြဲသပ်ရပ်နေပြီး စာရေးခြင်းကို ကောင်းစွာစဉ်းစားထားသကဲ့သို့ တစ်ချက်တည်းဖြင့် ပြီးသွားသည်။


ယွီဟန်ကျန်းသည် မျက်မှောင်ကြုတ်ပြီး ဒီစာကြောင်းများက မမှန်ဘူးလို့ အမြဲလိုလို ခံစားရသည်။


ထိုအချိန်တွင် အရှိန်ပြင်းသော ခြေသံကို သူကြားလိုက်ရသည်။ အနောက်ဘက်တံခါးပြတင်းပေါက်ကို လှမ်းကြည့်လိုက်တော့ သက်သေများရှာဖွေဖို့ အပေါ်ထပ်ကို ရဲနှစ်ယောက် ပြေးလာတာတွေ့လိုက်ရသည်။ ယွီဟန်ကျန်းသည် စာသင်ခန်းနှင့် ဆန့်ကျင်ဘက် သန့်စင်ခန်းထဲသို့ ချက်ချင်းဝင်ကာ ရဲအရာရှိများက စာသင်ခန်းအတွင်း လမ်းလျှောက်လာရန် စောင့်ဆိုင်းနေခဲ့သည်။ ထို့နောက် သန့်စင်ခန်းထဲမှ အေးအေးဆေးဆေး ထွက်လာပြီး လေဝင်စင်္ကြံဆီသို့ ပြန်သွားခဲ့သည်။


အောက်ထပ်တွင် မှုခင်းဆရာဝန်နှင့် လက်ထောက်တို့က အလောင်းကို စစ်ဆေးဆဲဖြစ်သည်။ ရိုးရှင်းသော စုံစမ်းစစ်ဆေးမှုအပြီးတွင် သူတို့က ရဲတပ်ဖွဲ့ခေါင်းဆောင်အား ပြောလိုက်သည်။

"ငါ့ရဲ့ပဏာမစစ်ဆေးချက်အရ သေဆုံးသူရဲ့ဦးခေါင်းခွံကွဲသွားပြီး ဦးခေါင်းခွံမှာ သွေးယိုစိမ့်မှုတွေ အများအပြား ရှိနေခဲ့တယ်... ငါ ပြန်သွားပြီး စစ်ဆေးပြီးတာနဲ့ သေဆုံးရတဲ့ အကြောင်းရင်းကို တိတိကျကျ ဆုံးဖြတ်နိုင်မှာပါ"


ရဲတပ်ဖွဲ့ခေါင်းဆောင်က ခေါင်းငြိမ့်ပြပြီး ယိရူထံ လျှောက်သွားသည်။

"မင်းက မျက်မြင်သက်သေလား"


အတန်းပိုင်ဆရာ၏ နှစ်သိမ့်မှုကြောင့် ယိရူ၏ စိတ်များက တည်ငြိမ်လာကာ သူမ တောင့်တင်းစွာ ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်ကဲ့"


"အသေးစိတ်ပြောပြပါ... မင်းနဲ့ သေဆုံးသူကြား ဆက်ဆံရေးက ဘာလဲ... မင်းဘာလုပ်နေခဲ့တာလဲ"


ယိရူ၏မျက်လုံးများက မှိုင်းနေပြီး သူမသည် ပြတ်တောင်းပြတ်တောင်း စကားပြောနေချိန်တွင် နှုတ်ခမ်းများက တဆတ်ဆတ်တုန်နေသည်။

"ရှောင်...ရှောင်ယာက ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းပါ... အဲဒီအချိန်တုန်းက ယောင်္ကျားလေးတွေ ဘတ်စကက်ဘောကစားနေကြပြီး သူမက ဂိမ်းကြည့်ရတာကို မကြိုက်ဘူး... ကျွန်မတို့နှစ်ယောက်က စာသင်ခန်းထဲကို ပြန်သွားတယ်"

 

"ဒီနေ့က သူမရဲ့ 18 နှစ်ပြည့် မွေးနေ့ဖြစ်ပြီး ကျွန်မက မွေးနေ့လက်ဆောင်ပေးဖို့ ပြင်ဆင်ထားပြီး သူမကို တိုက်ရိုက်ပေးချင်ခဲ့တာ... စာသင်ခန်းထဲဝင်ပြီးနောက် ရှောင်ယာက မနက်စာမစားရသေးဘဲ အရမ်းဗိုက်ဆာနေတယ်လို့ ရုတ်တရက်ပြောလာတယ်... ကျွန်မလည်း ဗိုက်ဆာနေပြီး အာလူးကြော်နှစ်ထုပ်ဝယ်ဖို့ မုန့်ဆိုင်ဆီ သွားခဲ့တယ်... အပြန်လမ်းမှာ သူ...သူမ အပေါ်ကနေ ပြုတ်ကျလာတာကို... ကျွန်မ တွေ့လိုက်တယ်"


ယိရူသည် ဤနေရာအထိ စကားပြောခဲ့ပြီး သွေးထွက်သံယို မြင်ကွင်းကို မှတ်မိနေပုံရသည်။ သူမက မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာ ငိုလေသည်။


ရဲသည် သူ့ဘေးနားက လုပ်ဖော်ကိုင်ဖက်ကို လှမ်းကြည့်ရင်း တိုးတိုးပြောလိုက်သည်။ "မုန့်ဆိုင်ကိုသွားပြီး အာလူးကြော်တွေ ဝယ်ခဲ့သလားဆိုတာ သွားမေးကြည့်စမ်း" သူက လူအများဘက်ကိုလှည့်ပြီး မေးလိုက်သည်။ "အတန်း 3 ရဲ့ အတန်းပိုင်ဆရာက ဘယ်သူလဲ... ရင့်ရှောင်ယာက အခုတလော ထူးခြားတာတွေလုပ်တာမျိုးရှိလား"


အတန်းပိုင်ဆရာက ရောက်လာပြီး ပြောသည်။

"ရှောင်ယာက အခုနောက်ပိုင်း အတန်းထဲမှာ အာရုံတွေထွေပြားနေတယ်... ပြီးခဲ့တဲ့အပတ်ရဲ့ လစဉ်စာမေးပွဲမှာ သူမရဲ့ရမှတ်က တစ်တန်းလုံးမှာ နောက်ဆုံးပဲ"


ရဲက မေးသည်။ "အတန်း 3 ရဲ့ ဆရာတွေကော ရှိလား"


ကျောင်းအုပ်ကြီးက ပြောသည်။

"ဓာတုဗေဒဆရာမကတော့ ဒီနေ့ ခွင့်ယူထားလို့ ကျောင်းမလာဘူး... အခြားသူတွေတော့ ရှိတယ်"


"သေဆုံးသူကို နှုတ်နဲ့ စော်ကားတာမျိုး ဒါမှမဟုတ် ရိုက်နှက်ဆုံးမတာမျိုး ရှိဖူးသလား"


အင်္ဂလိပ်ဆရာမ၏ မျက်နှာမှာ တင်းမာနေသည်။ 

"ကျွန်မ သူမကို စကားနည်းနည်းပြောပြီး အတန်းနောက်မှာ မတ်တတ်ရပ်နေဖို့ အပြစ်ပေးခဲ့တယ်"


ရူပဗေဒဆရာက ဖြူဖျော့သောမျက်နှာဖြင့် ပြောသည်။

"ကျွန်တော်လည်း သူမကို ဆူပူကြိမ်းမောင်းခဲ့တယ်... သူမရဲ့ရလဒ်က ဆိုးရွားလွန်းပြီး မေးခွန်းတွေ အားလုံးက မှားနေတယ်... ‌ဒါပေမဲ့ ကျွန်တော် သူမကို မရိုက်ခဲ့ဘူးဆိုတာ အာမခံပါတယ်... ကျွန်တော်လည်း ဘာမှ လေးလေးနက်နက် မပြောခဲ့ဘူး... ဒီအတိုင်း... သူမကို နောက်တစ်ကြိမ် ပိုကြိုးစားဖို့ပဲ ပြောခဲ့တာပါ... ဒီကျောင်းသူလေးက အများအားဖြင့် အရမ်းလေးနက်ပြီး သူမက ကျွန်တော်တို့ရဲ့ အကျင့်စာရိတ္တကို လိုက်လျောညီထွေရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်"


ဆရာနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် စိတ်မကောင်းစွာကြည့်နေကြသည်။


အတန်းပိုင်ဆရာက ဆက်ပြောသည်။

"ကျွန်တော်က သူမကို စကားပြောဖို့ ခေါ်ပြီး ယွီဟွေးနဲ့ သူမရဲ့ အချစ်ရေးအကြောင်း မေးခဲ့တာ... သေချာတာကတော့ သူမက အရမ်းရှက်နေပြီး သူမရဲ့နိမ့်ကျတဲ့ရလဒ်တွေနဲ့ ပေါင်းစပ်လိုက်တော့ သူမက မခံမရပ်နိုင်ဖြစ်ပြီး သတ်သေဖို့ အဆောက်အဦးပေါ်ကနေ ခုန်ချခဲ့တာဖြစ်မယ်"


ရဲအရာရှိများက ငြိမ်သက်နေချိန်တွင် ဆရာ၊ဆရာမများက အချင်းချင်း မျက်နှာမူထားကြသည်။ "သတ်သေတာလားဆိုတာက မသေချာသေးပါဘူး" သူက ကျောင်းအုပ်ကြီးကို လှည့်ကြည့်လိုက်သည်။ "ကျောင်းအုပ်ကြီး... ကျွန်တော် ခင်ဗျားရုံးခန်းကို ငှားလို့ရမလား... အတန်း 3 ရဲ့ ကျောင်းသားတွေကို စုံစမ်းဖို့ လိုတယ်... ကျေးဇူးပြုပြီး ကျွန်တော်နဲ့တွေ့ဖို့ သူတို့အားလုံးကို ခေါ်ပေးပါ... နောက်ပြီး ကျောင်းရဲ့စောင့်ကြည့်ရေးကင်မရာကို ကြည့်ချင်တယ်"


ကျောင်းအုပ်ကြီးက ချက်ချင်း ပူးပေါင်းဆောင်ရွက်သည်။

"ကောင်းပြီ... ဟန်ကျီးအဆောက်အဦးရဲ့ ပထမထပ်က သင်္ချာရုံးခန်းကို သွားလိုက်ပါ... အဲဒါက စောင့်ကြည့်ရေးဌာနနဲ့ အနီးဆုံးပါပဲ... PE ဆရာက အတန်း 3 ကျောင်းသားတွေကို ခေါ်လာပါလိမ့်မယ်"


ရဲက သူ့ကို သတိပေးသည်။ "ရင့်ရှောင်ယာ သေသွားပြီဆိုတာကို ကျောင်းသားတွေကို မပြောနဲ့ဦး"


PE ဆရာက ခေါင်းငြိမ့်ပြပြီး ဟန်ကျီးအဆောက်အဦး၏ သင်္ချာရုံးခန်းမှာ ကျောင်းသားတွေကို စုရုံးဖို့ အကြောင်းကြားရန် လှည့်သွားသည်။


ရှောက်လုံသည် အလောင်းကို စစ်ဆေးနေသည့် မှုခင်းဆရာဝန်၏ ဘေးတွင် ရှိနေခဲ့ပြီး ရဲနှင့် ဆရာများကြား စကားစမြည်ပြောတာကို ကြားလိုက်ရသည်။


ရဲများက မမေးရင်တောင် သူ့မှာ ဒီအချက်အလက်တွေ ရှိပြီးသားပါ။


အပေါ်ယံတွင် ရင့်ရှောင်ယာသည် ထိုးနှက်မှုကို မခံနိုင်ဘဲ အဆောက်အဦးပေါ်မှ ခုန်ချခဲ့သည်။ သူမကို အတန်းပိုင်ဆရာက တွေ့ခဲ့ပြီး သူမ၏ စာမေးပွဲရလဒ်က တစ်တန်းလုံးမှာ အဆိုးဆုံးဖြစ်သည်။ သူမသည် အင်္ဂလိပ်စာအတန်းတွင် အပြစ်ပေးခံရပြီး ရူပဗေဒအတန်းမှ ဆရာက ဆူပူကြိမ်းမောင်းခဲ့သည်။ နုနယ်သောမိန်းကလေးသည် စိတ်ပျက်လက်ပျက်ဖြစ်ပြီး ရှုပ်ထွေးနေသော PE အတန်းကို အခွင့်ကောင်းယူကာ အတန်းသို့ပြန်သွားပြီး ဗိုက်ဆာလို့ သူမထိုင်ခုံဖော်ကို မုန့်သွားဝယ်စေရန် ပထုတ်ပြီးနောက် အဆောက်အဦးထိပ်ပေါ်ကနေ ခုန်ချပြီး ငယ်ရွယ်သောဘဝကို အဆုံးသတ်လိုက်သည်။


ဤသည်မှာ အလွန်ပြည့်စုံသော ယုတ္တိရှိရှိကွင်းဆက်တစ်ခုဖြစ်သည်။


သို့သော် ရင့်ရှောင်ယာ၏လည်ပင်းရှိ ပဝါကို လျစ်လျူရှုခဲ့ကြသည်။


ဒီနေ့က သူမ၏ 18 နှစ်မြောက်မွေးနေ့ဖြစ်ပြီး ယွီဟွေးက သူမကို ပဝါပေးခဲ့သည်။ မိန်းကလေးသည် ဒီလက်ဆောင်ရလို့ အလွန်ပျော်ခဲ့တာကို‌ ရှောက်လုံ သတိရမိသည်။ ထို့အပြင် ယွီဟွေးက သူမကို ‘ဒါက လစဉ်စာမေးပွဲပါပဲ...နောက်စာမေးပွဲမှာ မင်း ပိုကောင်းအောင်လုပ်ဖို့ပဲလိုတယ်’ဆိုပြီး ပြောခဲ့သည်။ ယွီဟွေး၏ နှစ်သိမ့်မှုကြောင့် ရင့်ရှောင်ယာသည် ခေါင်းငြိမ့်ပြပြီး သူမ၏စိတ်ကို ပြောင်းလဲခဲ့သည်။


ထိုအချိန်တွင် သူမ၏ ထိုင်ခုံဖော် ယိရူသည် ရှောက်လုံ ယခင်က မှန်းဆခဲ့တာကို မှားယွင်းကြောင်း သက်သေပြခဲ့ပြီး သူမအတွက် မွေးနေ့လက်ဆောင်ကို ပြင်ဆင်ထားခဲ့သည်။ ခေါက်စက္ကူကြိုးကြာများသည် ကောင်လေးအတွက်မဟုတ်ဘဲ ရင့်ရှောင်ယာအတွက်ဖြစ်သည်။ မိန်းကလေးနှစ်ယောက်ကြားရှိ ဆက်ဆံရေးက ကောင်းနေပုံရသည်။


အဲဒီမှာ ထိုင်ခုံဖော်နှင့် ယွီဟွေးက သူမကို နှစ်သိမ့်ပေးခဲ့သည်။ ထို့ကြောင့် ရင့်ရှောင်ယာက ရုတ်တရက် ခုန်ချပြီး သတ်သေမှာ မဟုတ်ဘူး။


ထိုအချိန်တွင် မှုခင်းဆရာဝန်သည် ရင့်ရှောင်ယာ၏ ခေါင်းကို လှည့်လိုက်ပြီး ရှောက်လုံက ဂရုတစိုက် စောင့်ကြည့်ရန် ရှေ့သို့ ပြေးသွားခဲ့သည်။


အဆောက်အဦးထိပ်ကနေ ပြုတ်ကျပြီး ခေါင်းက ကွန်ကရစ်မြေထဲကို ထိုးကျသွားသည့်အတွက် မိန်းကလေး၏ မျက်နှာက သွေးများ နီရဲနေကာ ကြောက်မက်ဖွယ်ကောင်းလှသည်။


သို့သော် သူမ၏ မျက်လုံးအိမ်များက ပုံမှန်မဟုတ်ဘဲ ကျုံ့သွားသည်။


သူ့နားထဲတွင် အေးစက်စက်သတိပေးသံ ထွက်ပေါ်လာသည်။

"ကိုယ်ပျောက်ဝတ်ရုံ ကျန်ရှိအချန်က စက္ကန့် 60..."


ရဲများနှင့် လုံခြုံရေးအစောင့်များက ဝိုင်းရံထားသည်။ ကိုယ်ပျောက်ဝတ်ရုံအကျိုးသက်ရောက်မှု ပျောက်သွားသည်နှင့် ရှောက်လုံကို ချက်ချင်းဖမ်းဆီး၍ ကျောင်းပြင်ထုတ်မှာဖြစ်သည်။


ရှောက်လုံသည် အလျင်အမြန် လှည့်ကာ အခင်းဖြစ်ရာမှ ထွက်ခွာသွားသည်။


အခင်းဖြစ်ပွားရာနေရာ၌ ကနဦး စစ်ဆေးမှု ပြီးဆုံးပြီး ရင့်ရှောင်ယာ၏ ရုပ်အလောင်းအား အဖြူရောင် အဝတ်ဖြင့် ဖုံးအုပ်ကာ ကားပေါ်သို့ သယ်ဆောင်သွားခဲ့သည်။ ရဲအရာရှိနှစ်ဦးသည် ရင့်ရှောင်ယာ ပြုတ်ကျသည့်နေရာကို စစ်ဆေးရန် အဆောက်အဦးထိပ်သို့ တက်သွားချိန်တွင် အဖွဲ့ခေါင်းဆောင်နှင့် အခြားရဲအရာရှိက အတန်း 3 ကျောင်းသားများကို မေးခွန်းမေးရန် ရုံးခန်းသို့ ခေါ်ခဲ့သည်။


သစ်ပင်နောက်ကွယ်မှာ ပုန်းနေသော ရှောက်လုံသည် နားထောင်ချင်ပေမဲ့ လုံခြုံရေးအစောင့်များ၏ ဖမ်းဆီးခြင်းခံရမှာကို စိုးရိမ်နေသည်။ ထို့နောက် တိုးညှင်းသောအသံက သူ့နားထဲသို့ ရုတ်တရက် တိုးဝင်လာသည်။ 

"မေပယ်တောအုပ်ကိုသွားပြီးတော့ ကိုယ့်ကိုစောင့်နေလိုက်... ကိုယ်လိုက်လာခဲ့မယ်"


ယွီဟန်ကျန်း၏အသံဖြစ်သည်။


သူသည် တစ်ဖက်လူကို မမြင်နိုင်ပေမဲ့ သူ့နားထဲကို ပြောသွားသောအသံပိုင်ရှင် အဖွဲ့ခေါင်းဆောင်ယွီသည် ကိုယ်ပျောက်ဝတ်ရုံကို အသုံးပြုပြီး ကျောင်းသားများကို ရဲများက စစ်ဆေးမေးမြန်းနေသည့် နေရာကို တန်းတန်းမတ်မတ်သွားနေတယ်လို့ ရှောက်လုံအား ပြောခဲ့သည်။


သူသည် ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးကျွမ်းကျင်သူဖြစ်ပြီး ရှောက်လုံသည် အခင်းဖြစ်ပွားရာနေရာတွင် ဆက်လက်လှုပ်ရှားရန် မလိုအပ်တော့ပေ။ သူသည် သေချာစွာ မေပယ်တောအုပ်ဆီသို့ လှည့်သွားသည်။


#TK