Chapter 25
Viewers 1k

Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း


Chapter 25 (3 of Hearts – သွေးစွန်းနေသောမေပယ်ရွက် ၀၆)


ကိုယ်ပျောက်ဝတ်ရုံကို အသုံးပြုရန် မှန်ကန်သောနည်းလမ်းမှာ လူနှစ်ဦးအတွက်ဖြစ်ပြီး အချက်အလက်များ ပိုမိုရယူရန် အချိန်ဆွဲလို့ရသည်။


ယွီဟန်ကျန်းသည် ကိုယ်ပျောက်ဝတ်ရုံကို ဝတ်ထားပြီး ရဲအရာရှိများနောက်သို့ လိုက်သွားခဲ့သည်။


ရဲတပ်ဖွဲ့သည် စောင့်ကြည့်ရေးဌာနသို့ ဦးစွာသွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ကံမကောင်းစွာပဲ အတန်း 3 ၏ စောင့်ကြည့်ဗီဒီယိုများက ဆိုးရွားခဲ့သည်။ ရင့်ရှောင်ယာ၏ အဖြစ်အပျက်သည် နေ့လယ် 11:40 မှ 11:45 အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ကင်မရာများကနေ ရင့်ရှောင်ယာက ချုံဝမ်အဆောက်အဦးမှ လေဝင်စင်္ကြံမှတစ်ဆင့် နံဘေးရှိ ဟန်ကျီးအဆောက်အဦးဆီသို့ လျှောက်သွားသည်ကိုသာ မြင်တွေ့ခဲ့ရသည်။


သူမ၏ရုပ်ပုံသည် ဟန်ကျီးအဆောက်အဦး၏ထောင့်တစ်ဝိုက်တွင် ရောင်ပြန်ဟပ်နေပြီး သူမ၏နောက်ဆက်တွဲလုပ်ဆောင်မှုများကို လုံးဝမဖမ်းမိတော့ပေ။


ရဲအရာရှိက မျက်မှောင်ကြုတ်လိုက်သည်။ 

"ကျောင်းရဲ့ စောင့်ကြည့်ရေးကင်မရာတွေ ပျက်သွားတာ ဘယ်လောက်ကြာပြီလဲ"


ကျောင်းအုပ်ကြီးက ကိုးရိုးကားရားနိုင်စွာ ရှင်းပြသည်။

"မနှစ်တုန်းက ပျက်သွားတာ.. ကင်မရာတွေကို လဲရမှာဖြစ်ပေမဲ့ မြို့က ကျွန်တော်တို့ကို ရန်ပုံငွေမပေးဘူး"


ရဲအရာရှိ၏မျက်နှာက ရုပ်ဆိုးသွားသည်။ စောင့်ကြည့်ရေးကင်မရာက အသုံးမဝင်သလို အတန်း 3 ကျောင်းသားများကို အမြန်စုံစမ်းဖို့ ဘေးခန်းက ရုံးခန်းကို သွားခဲ့သည်။ ယွီဟွေး၊ ရှဲ့ရှင်းဟယ်နှင့် အခြားကျောင်းသားများအား စစ်ဆေးမေးမြန်းချိန်များ စီစဉ်ပေးခဲ့ပါသည်။


ရဲအရာရှိက ယွီဟွေးကို မေးသည်။

"နေ့လယ် 11:30 ကနေ 11:45 ကြား ဘယ်မှာရှိနေလဲ" 


"ဘတ်စကက်ဘောကစားနေတယ်... ကျွန်တော်တို့တစ်တန်းလုံးက ဘတ်စကက်ဘောကွင်းမှာ"


"ရင့်ရှောင်ယာနဲ့ မင်းရဲ့ဆက်ဆံရေးက ဘာလဲ... သူမ ဘယ်သွားတာကို မင်းတွေ့ခဲ့လဲ"


ယွီဟွေးက မျက်မှောင်ကြုတ်လိုက်သည်။

"ရှောင်ယာ ဘာဖြစ်လို့လဲ... ကျွန်တော်တို့ကို ခေါ်တုန်းက သူမ ဘာလို့ ဒီကိုမလာတာလဲ"


"ငါ့မေးခွန်းကို မင်းအရင်ဖြေပါ"


ယွီဟွေးက မျက်ခုံးပင့်လိုက်သည်။ 

"သူမ ဘယ်မှာရှိတယ်ဆိုတာ မပြောဘဲနဲ့ ကျွန်တော်က ဘယ်လိုဖြေရမှာလဲ"


ဒီလူသည် အထိန်းအကွပ်မဲ့သော အခြေအနေတွင် ရှိနေသည်မှာ ထင်ရှားပြီး ရဲအရာရှိကို မကြောက်ဘူး။ ရင့်ရှောင်ယာအတွက် သူတကယ်ကို စိတ်ပူနေပုံရသည်။


ရဲအရာရှိ နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရဲအရာရှိအမျိုးသမီးက တိုးတိုးလေးပြောလိုက်သည်။

"သူမ အဆောက်အဦးပေါ်က ခုန်ချပြီး.... သေပြီ"


ယွီဟွေးက တစ်ဖက်လူ၏ အဓိပ္ပါယ်ကို နားလည်လိုက်သည်။ သူ့မျက်နှာတစ်ခုလုံးက တုန်လှုပ်သွားပြီး မတ်တတ်ထရပ်ကာ အပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ 

"ရှောင်ယာ ဘယ်မှာလဲ... ကျွန်တော် သူမကို သွားတွေ့မယ်"


ရဲအရာရှိအမျိုးသမီးက စိတ်ခံစားမှုရှိနေသော ဆယ်ကျော်သက်ကို အမြန်ဆွဲလိုက်သည်။

"နင် အရင် စိတ်ငြိမ်အောင်ထားပါ"


ယွီဟွေးကို သူ့ထိုင်ခုံဆီ ပြန်ထိုင်ခိုင်းလိုက်သည်။ သူ့မျက်နှာကို လက်နှစ်ဖက်နဲ့အုပ်ပြီး ပုခုံးများက အဆက်မပြတ်တုန်ခါနေသောသူဟာ အဲဒီနေရာမှာ အချိန်အတော်ကြာ ထိုင်နေခဲ့သည်။


ရဲအရာရှိ အမျိုးသမီးက သူ့ကို ပုခုံးကို ပုတ်လိုက်သည်။

"အရမ်းမတုန်လှုပ်ပါနဲ့... ငါတို့ ရင့်ရှောင်ယာ သေဆုံးရတဲ့ အကြောင်းအရင်းကိုလည်း အမြန်ဆုံး ရှာဖွေချင်ပါတယ်... ယွီဟွေး... နင့်အနေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်"


ရဲတပ်ဖွဲ့ခေါင်းဆောင်က အဓိကအချက်ကို ပြောသည်။

"ဆရာရဲ့အဆိုအရ မင်းနဲ့ ရင့်ရှောင်ယာက ချစ်ကြိုက်နေပြီး မင်းက သူမကို ချောကလက်တွေ ပေးလေ့ရှိတယ်ဆို"


ယွီဟွေး၏ အာရုံများ ပြန်ရောက်လာသည်။ သူ့မျက်လုံးများက နီရဲပြီး ဒဏ်ရာရနေသော သားရဲတစ်ကောင်လို မတ်တတ်ထရပ်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

"ဘာကိုချစ်ကြိုက်နေရမှာလဲ... သူမက ကျွန်တော့်ညီမဝမ်းကွဲ... သူမမိဘတွေက လယ်ကွင်းထဲမှာနေပြီး သူမက ကျွန်တော်တို့အိမ်မှာ ခဏနေနေတာ... ဆရာက အရမ်းမလွန်လွန်းဘူးလား... ကောင်လေးနဲ့ ကောင်မလေးက အတူတူလမ်းလျှောက်လာတာကိုတွေ့တာနဲ့ ချစ်ကြိုက်နေတယ်လို့ တွေးရောလား... လခွမ်း... ကျွန်တော် သူမကို ညီမလေးတစ်ယောက်အနေနဲ့ပဲ သဘောထားတာ... ကျွန်တော် သူမကို ဂရုစိုက်တာသာမန်ပဲလေ"


သူသည် ရဲအရာရှိများကို အော်ဟစ်ပြီး ယွီဟန်ကျန်းသည် ဒီအဖြေကြောင့် အလွန်အံ့ဩသွားသည်။


သေသေချာချာတွေးကြည့်တော့ ရင့်ရှောင်ယာကို သူ လက်ဆောင်ပေးတုန်းက သူ့ကိုယ်သူ ‘အစ်ကို’လို့ သုံးနှုန်းခဲ့သည်။ အဲဒါက ဒီအဓိပ္ပါယ်ဖြစ်နေသည်။ အရာအားလုံးက နားလည်လွဲနေခဲ့ခြင်းဖြစ်သည်။


ဒါဆို ရှဲ့ရှင်းဟယ် ပို့လိုက်တဲ့ ရည်းစားစာလား... ဒါမှမဟုတ် ဒီကိစ္စနဲ့ ပတ်သက်ပြီး အခြားဆက်စပ်မှုရှိသလား...


ယွီဟန်ကျန်းသည် မျက်မှောင်ကြုတ်ပြီး မေးတာကို နားထောင်ရင်း စဉ်းစားလိုက်သည်။


ရဲအရာရှိက ဆက်မေးသည်။

"မင်းညီမက မကြာသေးခင်က ထူးထူးခြားခြား ပြုမူတာမျိုးရှိလား"


ယွီဟွေးက အေးအေးဆေးဆေး စဉ်းစားပြီး သူ့ဘေးမှာ ပြန်ထိုင်လိုက်သည်။ 

"ပြီးခဲ့တဲ့ အပတ်က သူမ ရုတ်တရက် ထူးထူးခြားခြား ပြုမူလာတယ်... ဘာဖြစ်တာလဲလို့မေးတော့ သူမက ပြောဖို့ငြင်းတယ်... သူမက အတန်းထဲမှာ အမြဲတမ်း အာရုံပျံ့နေပြီး အိမ်အပြန်လမ်းမှာလည်း အကြိမ်ပေါင်းများစွာ ခလုတ်တိုက်လုနီးပါး ဖြစ်ခဲ့တယ်"


ရဲအရာရှိက သူ့ကို ရည်းစားစာ ပြလိုက်သည်။

"ဒါကို ဘယ်သူပို့လဲ သိလား"


ယွီဟွေးက မျက်မှောင်ကြုတ်လိုက်သည်။ 

"ကျွန်တော်မသိဘူး... ညီမလေးက အရမ်းလှတာကြောင့် တစ်ခါတစ်လေ သူမအိတ်ထဲမှာ ရည်းစားစာတွေ ရှိနေတတ်တယ်... အဲဒါက ဘယ်သူလဲဆိုတာ သိလို့ကတော့ ကျွန်တော် သူတို့ကို သွားချမှာ... အဲဒီယင်ကောင်တွေက တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပြီး သူမအိတ်ထဲကို စားစရာတွေလည်း ထည့်ကြတယ်... ကျွန်တော် အဲဒါတွေကို လွင့်ပစ်လိုက်တာ"


ယွီဟွေးသည် ပြတ်ပြတ်သားသား အပြင်းအထန် ထုလိုက်ပြီး အချိန်မရွေး သောင်းကျန်းသွားနိုင်သည်။


ရဲအရာရှိသည် တိုတိုတုတ်တုတ်ပြောပြီး စာသင်ခန်းထဲမှာ တွေ့သော သက်သေများကို ထုတ်ယူလိုက်သည်။

"ဒီချောကလက်တွေက မင်းဟာလား"


ယွီဟွေးက ခေါင်းငြိမ့်လိုက်သည်။

"အဲဒါက ကျွန်တော့်ဟာ... ကျွန်တော်တို့နှစ်ယောက်စလုံးက ချောကလက်စားရတာ ကြိုက်တာကြောင့် အဲဒါကို ကျွန်တော်နဲ့အတူ မကြာခဏ ယူသွားလေ့ရှိတယ်"


ထို့နောက် ရဲတပ်ဖွဲ့က သေကြောင်းကြံစည်မှုမှတ်စုအား လွှဲပြောင်းပေးအပ်ခဲ့သည်။ 

"ဒါက ရင့်ရှောင်ယာရဲ့ လက်ရေးလား"


ယွီဟွေးသည် မျက်လုံးနီရဲရဲဖြင့် စိုက်ကြည့်နေသည်။ 

"မဖြစ်နိုင်ဘူး... သူမက အဆင့်ကျတာကြောင့် သတ်သေမယ့်အထိ စိတ်ပျော့တဲ့သူမဟုတ်ဘူး... ဒီသေကြောင်းကြံစည်မှုမှတ်စုက သူမ ရေးထားတာမဟုတ်လောက်ဘူး... သူမက ဘာလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေရမှာလဲ... ကျွန်တော့်မိဘတွေက ဒီည သူမမွေးနေ့ပွဲကို ဂုဏ်ပြုဖို့အတွက် ပြန်လာမယ်လို့ ပြောခဲ့တာ... မဟုတ်ဘူး..."


သူသည် စိတ်ခံစားချက်ရှိနေပြီး ‘မဟုတ်ဘူး’ဟု ထပ်တလဲလဲ ပြောနေသည်။ ရဲအရာရှိက သူ့ကို ခေတ္တပြန်လွတ်လိုက်သည်။


ယွီဟွေးက လှည့်ထွက်သွားသည်။


နောက်ထပ်တစ်ယောက်ကတော့ အတန်းခေါင်းဆောင် ရှဲ့ရှင်းဟယ်ဖြစ်သည်။


ရင့်ရှောင်ယာ သေဆုံးသွားကြောင်းကြားပြီးနောက် ကောင်လေး၏လက်များက တုန်ခါကာ မျက်နှာဖြူဖျော့သွားခဲ့သည်။


ထို့နောက် ရဲများက မည်သို့ပင် မေးသည်ဖြစ်စေ “မသိဘူး” ဟု အေးစက်စွာ သူပြန်ဖြေခဲ့သည်။


ရဲအရာရှိက စာအုပ်တစ်အုပ်ကို ထုတ်ယူပြီး ပြောလိုက်သည်။

"ဒါက မင်းရဲ့အိတ်ထဲမှာ ရှာတွေ့တဲ့ ‘မွန်တီခရစ်တိုမြို့စား’စာအုပ်ပဲ"


ရှဲ့ရှင်းဟယ်၏ကျောသည် အနည်းငယ် တောင့်တင်းသွားပြီး သူ့အသံက အေးစက်သွားသည်။

"ကျွန်တော့်အိတ်ထဲက နာမည်ကြီးစာအုပ်တစ်အုပ်ကို ရှင်းပြဖို့ လိုသေးလို့လား... ကျွန်တော် စာဖတ်ရတာ ဝါသနာပါတယ်... ‘မွန်တီခရစ်တိုမြို့စား’အပြင် Les Miserables၊ စစ်နှင့်ငြိမ်းချမ်းရေး၊ Wuthering Heights တို့ကိုလည်း ဖတ်ဖူးတယ်... အခြေခံအားဖြင့် ကမ္ဘာပေါ်က အကောင်းဆုံးလက်ရာတွေအားလုံးကို ကျွန်တော်ဖတ်ဖူးတယ်"


ရဲအရာရှိများသည် နာမည်ကြီးစာအုပ်နဲ့ပတ်သက်ပြီး ဘာမှမမှန်းဆနိုင်ဘဲ သူအရင်ပြန်သွားခိုင်းလိုက်သည်။


ရှဲ့ရှင်းဟယ်နှင့် ယွီဟွေးတို့ နှစ်ယောက်စလုံးတွင် လုံလောက်သော အလီဘိုင်ရှိသည်။ ဘတ်စကက်ဘောကွင်းမှာ ကစားနေကြတာကို လူတိုင်းမြင်ကြပြီး နှစ်ယောက်စလုံးမှာ လူသတ်ဖို့ ရည်ရွယ်ချက်မရှိဘူး။ အခြားသူများသည် ရင့်ရှောင်ယာနှင့် မရင်းနှီးဘဲ အသုံးဝင်သော အချက်အလက်များကို မပေးနိုင်ဘူး။


ယွီဟန်ကျန်း၏ ကိုယ်ပျောက်ဝတ်ရုံ ကုန်ဆုံးချိန်က နီးကပ်လာလေပြီ။ ရှောက်လုံကို တွေ့ဖို့ မေပယ်တောအုပ်ဆီ လှည့်လိုက်သည်။


***

မေပယ်တောအုပ်အပြင်၌


ရှောက်လုံသည် သစ်သားခုံပေါ်တွင် ထိုင်ကာ လက်ရှိ သဲလွန်စများကို ဂရုတစိုက် စိစစ်ရင်း ဆရာတစ်ယောက်လို ဟန်ဆောင်နေခဲ့သည်။


သူသည် လူငယ်တစ်ယောက်ဖြစ်ပြီး သူ၏လေးနက်သောအမူအရာက သူ့ကို ခါတိုင်းထက် ပိုချောမောစေသည်။ သူသည် ဖြတ်သွားသော ကျောင်းသားများစွာ၏ စူးစမ်းလိုစိတ်ကို ဆွဲဆောင်နိုင်သော်လည်း သူက တည်ငြိမ်ပြီး မလှုပ်မယှက်ဖြစ်နေသည်။


ရင်းနှီးသော ခြေသံကိုကြားတော့ ရှောက်လုံက ခေါင်းကိုမော့ပြီး အလျင်အမြန် မေးလိုက်သည်။

"ယွီ... ဆရာယွီ... တစ်ခုခုကိုရှာတွေ့လား"


ယွီဟန်ကျန်းက ထိုင်လိုက်ပြီး မနီးမဝေးက ကျောင်းသားများကို ကြည့်ကာ အသံကို လျှော့လိုက်သည်။ 

"ရဲတွေက သက်သေတွေစုဆောင်းဖို့ အတန်း 3 ရဲ့ စာသင်ခန်းဆီသွားပြီး ချောကလက်၊ ရည်းစားစာ၊ စက္ကူခေါက်ကြိုးကြားတွေနဲ့ ‘မွန်တီခရစ်တိုမြို့စား’စာအုပ်ကို ရှာတွေ့ခဲ့တယ်... သက်သေတွေက အတူတူပဲ... ဒါ့အပြင် ရင့်ရှောင်ယာရဲ့ စားပွဲပေါ်မှာ သေကြောင်းကြံစည်မှုမှတ်စုတစ်စောင် တွေ့ရှိခဲ့ပြီး သူမရဲ့မိဘတွေနဲ့ ဆရာတွေကို တောင်းပန်ခဲ့တယ်... သူမဘဝက ယုံကြည်မှုပျောက်ဆုံးပြီး အသက် 18 နှစ်အရွယ်မှာ ဘဝကိုအဆုံးသတ်ချင်ပြီတဲ့... လက်ရေးက ရင့်ရှောင်ယာရဲ့လက်ရေးနဲ့ အတူတူပဲ"


ယွီဟန်ကျန်းသည် ခေတ္တရပ်ကာ ဆက်ပြောသည်။

"အဆောက်အဦးရဲ့ခေါင်မိုးမှာ ရင့်ရှောင်ယာရဲ့ခြေရာတွေပဲရှိတယ်... အဆောက်အဦးပေါ်ကနေ ခုန်ချတဲ့နေရာမှာ မူမမှန်တာ မတွေ့ဘူး... သဲလွန်စတွေအားလုံးက ကိုယ့်ကိုယ်ကိုယ်သတ်သေတာကို ညွှန်ပြနေတယ်"


ထိုအချိန်တွင် သူတို့၏ လေးထောင့်ဘောင်များပေါ်တွင် သတိပေးချက်တစ်ခု ပေါ်လာသည်။


[3 of Hearts လျှို့ဝှက်ခန်း၏ ကောက်ချက်ချမှုရလဒ် — ရင့်ရှောင်ယာက မိမိကိုယ်ကို သတ်သေခဲ့တာလား။ Yes/No. မှတ်ချက်: မှားယွင်းစွာ ဆုံးဖြတ်မိပါက စိန်ခေါ်သူ၏ ကျရှုံးမှုကို ဖြစ်စေပါလိမ့်မည်။]


ရှောက်လုံက ‘No’ ကို နှိပ်ရန် တုံ့ဆိုင်းမနေခဲ့ဘဲ ယွီဟန်ကျန်းကို ကြည့်လိုက်သည်။ "သတ်သေတာ မဟုတ်ဘူး"


ယွီဟန်ကျန်းက ခေါင်းငြိမ့်လိုက်ပြီး လေးထောင့်ဘောင်ကို လျစ်လျူရှုလိုက်သည်။ "မင်း ဘာတွေ့ထားလဲ"


ရှောက်လုံသည် အသက်ပြင်းပြင်းရှူပြီး သူ့စကားလုံးတွေကို စီလိုက်သည်။ 

"မှုခင်းဆရာဝန်ရဲ့ ပဏာမစစ်ဆေးချက်အရ ဦးခေါင်းခွံကွဲတာနဲ့ ဦးနှောက်သွေးကြောပေါက်တာဖြစ်ပေမဲ့ တစ်ခုခုမှားနေတာကို တွေ့ရှိခဲ့တယ်... သာမန်လူသေရင် မျက်လုံးအိမ်က ကျယ်သွားလိမ့်မယ်... ဒါပေမဲ့ ရင့်ရှောင်ယာရဲ့မျက်လုံးအိမ်က ပုံမှန်မဟုတ်ဘဲ ကျုံ့သွားတယ်... မျက်လုံးအိမ်ကျဉ်းမြောင်းတာက မှုခင်းဆေးပညာဆိုင်ရာ အဆိပ်ကို ဖော်ထုတ်ခြင်းမှာ အထူးဂရုပြုရမဲ့ အလက္ခဏာတစ်ခုပဲ... carbamates ဒါမှမဟုတ် organophosphorus အဆိပ်မိသောအခါမှသာ အဲဒီလိုမျိုးဖြစ်ပေါ်တာ"


ယွီဟန်ကျန်းက အံ့သြသွားသည်။ "အဆိပ်မိတာလား"


ရှောက်လုံက သေချာစွာ ခေါင်းငြိမ့်လိုက်သည်။ 

"ဟုတ်တယ်... carbamates နဲ့ organic phosphates တွေက ပိုးသတ်ဆေးရဲ့ ပုံမှန်ပါဝင်ပစ္စည်းတွေဖြစ်ပြီး ဝယ်ရလွယ်ကူတယ်... ဒီအဆိပ်နှစ်ခုက မျက်လုံးအိမ်တွေကို ကျုံ့သွားစေပြီး ကြွက်သားမျှင်တွေကို ပုံမှန်မဟုတ်ဘဲ တုန်ခါစေတယ်... ရင့်ရှောင်ယာက အဆိပ်ခတ်ခံရတာ ဖြစ်နိုင်တယ်"


ယွီဟန်ကျန်းသည် ရှောက်လုံကို လက်မထောင်ပြချင်ခဲ့သည်။


ပရော်ဖက်ဆာရှောက်သည် ဘွဲ့လွန်အဆင့်တွင် အဆိပ်ဗေဒ ဆန်းစစ်ခြင်းကို လေ့လာခဲ့ပြီး အဆိပ်သင့်ခြင်း၏ လက္ခဏာများကို အလွန်ရင်းနှီးသည်ဟု ဆိုပါသည်။ ထို့ကြောင့် ရှောက်လုံသည် ခန္ဓာကိုယ်၏ မူမမှန်မှုများကို ဖမ်းယူနိုင်ခဲ့သည်။


ရင့်ရှောင်ယာသည် ပြုကျမလာခင်မှာ အဆိပ်သင့်ခဲ့ပြီး ဒါဟာ သတ်သေတာမဟုတ်မှန်း သိသာပါသည်။


ဒါက ကောင်းကောင်းစီစဉ်ထားတဲ့ လူသတ်မှုတစ်ခုပါပဲ...


တကယ်တော့ ယွီဟန်ကျန်းသည် ရင့်ရှောင်ယာ အဆောက်အဦးပေါ်ကနေ ပြုတ်ကျသွားသောအခိုက်မှာ တစ်ခုခုကို ခံစားလိုက်ရသည်။ ဒါက သတ်သေတာမဟုတ်ဘူး။


ရိုးရှင်းသော သေကြောင်းကြံစည်မှုသာ ဖြစ်ပါက သူတို့သည် 3 of Hearts လျှို့ဝှက်ခန်းသို့ ဝင်လာပြီး စုံစမ်းစစ်ဆေးရန် မလိုအပ်ပါ။ အထူးသဖြင့် စားပွဲပေါ်တွင် သေဆုံးသွားသူမှ ကျန်ရစ်ခဲ့သော သေကြောင်းကြံစည်မှုမှတ်စုက တမင်သဲလွန်စဖြစ်နေသည်မှာ ထင်ရှားသည်။


ကိုယ့်ကိုယ်ကိုယ်သတ်သေတာမဟုတ်ရင် လူသတ်သမားက ဘယ်သူလဲ...


ယွီဟန်ကျန်းသည် မသင်္ကာသူများကို စိတ်ထဲတွင် ပုံဖော်ကြည့်ရင်း ပြောလိုက်သည်။ "ရဲတွေက စစ်ဆေးမေးမြန်းစဉ်မှာ အသုံးဝင်တဲ့ မက်ဆေ့ခ်ျတစ်ခုရှိတယ်... ယွီဟွေးနဲ့ ရင့်ရှောင်ယာက ရည်းစားတွေမဟုတ်ဘူး... သူတို့က မောင်နှမဝမ်းကွဲတွေ... ရင့်ရှောင်ယာက ယွီဟွေးရဲ့အိမ်မှာ လောလောဆယ် နေနေတာ"


ရှောက်လုံက ရုတ်တရက် သဘောပေါက်သွားသည်။ 

"မထူးဆန်းပါဘူး... ယွီဟွေးက ‘ဒါက အစ်ကို မင်းအတွက် ဝယ်လာပေးတဲ့လက်ဆောင်’လို့ ပြောခဲ့တာကို ကျွန်တော် မှတ်မိတယ်... ယွီဟွေးက သူမထက် အသက်ကြီးတာကြောင့် သူ့ကိုယ်သူ ‘အစ်ကို’ဆိုပြီး သုံးနှုန်းလိုက်တာလို့ ထင်ခဲ့တာ... တကယ်တော့ သူတို့က မောင်နှမတွေဖြစ်နေတာကို"


ရှောက်လုံက ခေတ္တရပ်ကာ ဆက်ပြောသည်။

"ရဲတွေက ယိရူကို စစ်ဆေးမေးမြန်းခဲ့ပြီး စက္ကူကြိုးကြာတွေက ရင့်ရှောင်ယာအတွက် မွေးနေ့လက်ဆောင်ဆိုတာ ဝန်ခံခဲ့တယ်... ကျွန်တော် မုန့်ဆိုင်ကို သွားမေးကြည့်တော့ သူမက တကယ်ပဲ အာလူးကြော်နှစ်ထုပ် ဝယ်သွားခဲ့တယ်... သူမမှာ အလီဘိုင်မရှိဘူးဆိုတဲ့ သက်သေမရှိဘူး"


ယွီဟန်ကျန်းက ရေရွတ်လိုက်သည်။

"ဒါဆို ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ ဖြစ်နိုင်ခြေကို ဖယ်လိုက်ရင် ယိရူ၊ ယွီဟွေးနဲ့ ရှဲ့ရှင်းဟယ်တို့က လူသတ်သမားမဟုတ်ဘူး"


သူတို့၏ ကျိုးကြောင်းဆင်ခြင်မှုက နောက်တစ်ကြိမ် ဒုက္ခရောက်ပြန်သည်။


လက်ရှိတွင် အမည်သိ ကျောင်းသားများက နည်းပါးလွန်းလှသည်။ အကယ်၍ ဤကျောင်းသားသုံးဦးသည် လူသတ်သမားမဟုတ်ပါက လူသတ်သမားများသည် အခြားအတန်းမှ ကျောင်းသားများဖြစ်ပြီး သူတို့နှစ်ဦးက ထိုသူတို့ကို မတွေ့ရသေးတာမျိုး သို့မဟုတ် ဇာတ်ကောင်အသစ်များက ဆက်လက်ပေါ်လာမည်ဖြစ်သည်။


လူသတ်သမားက ဆရာတစ်ယောက်လည်း ဖြစ်နိုင်ပါသည်...


ရှောက်လုံက မေးသည်။

"ပုံနှိပ်ထားတဲ့ ရည်းစားစာနဲ့ ‘မွန်တီခရစ်တိုမြို့စား’နဲ့ ပတ်သက်တဲ့ သဲလွန်စတွေ ရှိလား"


ယွီဟန်ကျန်းက ပြန်ဖြေသည်။

"ယွီဟွေးက သူ့ညီမလေးက ရုပ်ရည်ချောမောပြီး မကြာခဏ ရည်းစားစာတွေ လက်ခံရရှိတယ်လို့ ပြောတယ်... ရည်းစားစာရဲ့ အရင်းအမြစ်ကို အတိအကျ မသိရသေးဘူး... ‘မွန်တီခရစ်တိုမြို့စား’ ပတ်သတ်ပြီး ရဲတွေမေးတဲ့အခါ ရှဲ့ရှင်းဟယ်ရဲ့အမူအရာက မမှန်တာကို ကိုယ်သတိပြုမိတယ်... မင်းဘယ်လိုထင်လဲ"


ရှောက်လုံက တွေးတောနေခဲ့သည်။ 

"စာအုပ်ရဲ့ အဓိကအကြောင်းအရာက လက်စားချေခြင်းပဲ... ဇာတ်လမ်းရဲ့ဟီးရိုးကို လူဆိုးနှစ်ယောက်က ချောက်ချပြီး ထောင်ထဲပို့လိုက်တယ်... ဇာတ်လိုက်က ထောင်ဒဏ်များစွာ ခံနေရပေမဲ့ ကံကောင်းပြီး သခင်ဟောင်းတစ်ဦးနဲ့ တွေ့ဆုံခဲ့တယ်... အဲဒီလူက သူ့ကို အသိပညာမျိုးစုံသင်ပေးပြီး သူ့ကို ချောက်ချထားတဲ့ရန်သူကို သိစေဖို့နဲ့ ရတနာရဲ့တည်နေရာကို ပြောပြခဲ့တယ်... သခင်ဟောင်း သေဆုံးပြီးတဲ့နောက် ဇာတ်လိုက်က ထောင်ကနေလွတ်မြောက်ပြီး ရတနာကိုရှာဖွေပြီးတော့ သူဌေးဖြစ်လာခဲ့တယ်... သူက ‘မွန်တီခရစ်တိုမြို့စား’လို့ လူသိများလာပြီး သေချာစီစဉ်ပြီးတဲ့နောက်မှာ သူက အောင်မြင်စွာပြန်လာပြီး လက်စားချေနိုင်ခဲ့တယ်"


"လက်စားချေတယ်..." ယွီဟန်ကျန်းက မျက်မှောင်ကြုတ်လိုက်သည်။ "ရင့်ရှောင်ယာရဲ့ သေဆုံးမှုက ရန်ငြိုးကြောင့် ဖြစ်နိုင်သလား"


"စာအုပ်က ရှဲ့ရှင်းဟယ်ရဲ့ အိတ်ထဲမှာရှိပြီး ‘လက်စားချေခြင်း’ရဲ့ဆောင်ပုဒ်နဲ့ ဆက်စပ်မှုရှိနေတာလည်း ဖြစ်နိုင်တယ်" ရှောက်လုံသည် သူ့နားထင်ကို ကိုင်ကာ သူ့ခေါင်းက ပေါက်ကွဲတော့မလို ခံစားလိုက်ရသည်။ "ကျိန်စာလည်း ရှိတယ်... အဲဒီစကားလုံးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ သဲလွန်စမရှိဘူး"


"လုံလောက်တဲ့ သဲလွန်စတွေ မရှိဘူး... ဒီကိစ္စကို တစ်ရက်တည်းနဲ့ ဖြေရှင်းလို့ မရဘူး" ယွီဟန်ကျန်းက ငြိမ်သက်သွားသည်။ "ကိုယ်ထင်တာမှန်ရင် မနက်ဖြန် ရဲတွေ ထပ်လာလိမ့်မယ်"


"သူတို့က အဆိပ်သင့်တယ်ဆိုတဲ့ သက်သေကို ဆုပ်ကိုင်ပြီး ပြန်စုံစမ်းဖို့ ကျောင်းကို ပြန်လာမယ်လို့ ဆိုလိုတာလား"


ယွီဟန်ကျန်းက ခေါင်းငြိမ့်လိုက်သည်။ 

"မင်းက မှုခင်းဆရာဝန်တစ်ယောက်ဖြစ်ပြီး အဆိပ်မိတာကို ချက်ချင်းသတိထားမိတယ်... ဒါပေမဲ့ စိန်ခေါ်သူအများစုက မှုခင်းဆရာဝန်တွေမဟုတ်ကြဘဲ သေဆုံးပြီးတဲ့အခါ ပုံမှန်မဟုတ်တဲ့ မျက်လုံးအိမ်ကျုံ့သွားတာကို သတိပြုမိမှာမဟုတ်ဘူး... ဒါကြောင့် လျှို့ဝှက်ခန်းက စိန်ခေါ်သူတွေကို ရင့်ရှောင်ယာက အဆိတ်ခံရကြောင်း အခြားနည်းလမ်းတွေနဲ့ သေချာပေါက် ပြောပြလိမ့်မယ်"


"အဲဒါက အဓိပ္ပာယ်ရှိတယ်" ရှောက်လုံက ချက်ချင်းနားလည်သွားသည်။ "ဒီသဲလွန်စကို မပြောပြရင် စိန်ခေါ်သူရဲ့ ကျိုးကြောင်းဆင်ခြင်မှုက တကယ်ဒုက္ခရောက်လိမ့်မယ်... ကျွန်တော်က မှုခင်းဆရာဝန်တစ်ယောက်ဖြစ်လို့ ရင့်ရှောင်ယာရဲ့ သေဆုံးခြင်းအမှန်တရားကို ကြိုတင်ဆုံးဖြတ်နိုင်တာ... အခြားစိန်ခေါ်သူတွေက ရဲတွေ မနက်ဖြန် ကျောင်းပြန်ရောက်လာတဲ့ အမှန်တရားကို သိနိုင်ဖွယ်ရှိတယ်"


ယွီဟန်ကျန်းက သူ့ကို ချီးမွမ်းသော မျက်လုံးများနဲ့ စိုက်ကြည့်နေသည်။ "ကိုယ်တို့ အဆိပ်မိတယ်ဆိုတဲ့ သက်သေကြိုရထားတာ မင်းကို ကျေးဇူးတင်ရမှာပေါ့... ဒါက ကိုယ်တို့ရဲ့ အားသာချက်ဖြစ်ပြီး အသုံးချသင့်တယ်"


ရှောက်လုံက လန့်သွားသည်။ 

"အဖွဲ့ခေါင်းဆောင်ယွီ... ခင်ဗျားက အဆိပ်အတွက် ကျောင်းမှာ ကြိုပြီးရှာဖို့ ဆိုလိုတာလား"


ယွီဟန်ကျန်းက မတ်တတ်ရပ်လိုက်သည်။ 

"လူသတ်သမားဟာ အဆိပ်မိတယ်ဆိုတဲ့ သက်သေကို ကိုင်တွယ်ဖြေရှင်းဖို့ အချိန်မရှိလောက်ဘူး... မဟုတ်ရင် ဒီလျှို့ဝှက်ခန်းရဲ့ အခက်အခဲက မြင့်မားလွန်းသွားပြီ... မှောင်သွားတဲ့အထိ ကိုယ်တို့စောင့်ကြမယ်... ကျောင်းသားတွေနဲ့ ဆရာတွေ ထွက်သွားတာနဲ့ သဲလွန်စတွေ စုဆောင်းမယ်... ဒါ့အပြင် ပျက်စီးနေတဲ့ လမ်းမီးတွေနဲ့ ပတ်သက်တဲ့ အရာတစ်ခုလည်း ရှိလိမ့်မယ်... ဒီညတော့ စောင့်ကြည့်ရမယ်"


ရှောက်လုံလည်း မတ်တတ်ထရပ်ကာ ခေါင်းညိတ်သည်။

"အင်း... ခင်ဗျားက ရှာဖွေရေးမှာ ကျွမ်းကျင်သူဖြစ်ပြီး ခင်ဗျားရဲ့ အစီအစဉ်တွေကို ကျွန်တော် နားထောင်မယ်"


ယွီဟန်ကျန်းသည် ပြစ်မှုများစွာကို ဖြေရှင်းခဲ့သည်။ မှုခင်းဆရာဝန်တစ်ဦးရှိနေခြင်းက နှစ်ဆပိုထိရောက်သည်ဟု ဆိုလိုသည်။ ထို့အပြင် ရှောက်လုံသည် သူ့ကို ယုံကြည်ပြီး သူ့အစီအစဉ်များကို နားထောင်လိုစိတ်ရှိခဲ့သည်။ ဒါက ပိုတောင် ရှားပါသည်။


ရှောက်လုံ၏ ကြည်လင်သော မျက်လုံးများကို တွေ့လိုက်ရသောအခါ ယွီဟန်ကျန်းသည် ဤကတ်ကမ္ဘာတွင် လုပ်ဖော်ကိုင်ဖက်အဖြစ် ရှောက်လုံကို တွေ့ဆုံရခြင်းက ကောင်းချီးတစ်ခုဟု ရုတ်တရက် တွေးလိုက်မိသည်။


လူသတ်သမားက ဘယ်သူလဲဆိုတာ အရေးမကြီးဘူး...


ဒီလူကို သူတို့တွေ ဖြစ်နိုင်သမျှ အမြန်ဆုံး ရွေးထုတ်နိုင်မှာ သေချာတယ်...


#TK