Chapter 26
Viewers 1k

Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း


Chapter 26 (3 of Hearts – သွေးစွန်းနေသောမေပယ်ရွက် ၀၇၊ ကျိန်စာ၏လျှို့ဝှက်ဆန်းကြယ်မှု)


ရင့်ရှောင်ယာ ပြုတ်ကျသွားသည့် မြင်ကွင်းကို လျင်မြန်စွာ ရှင်းလင်းခဲ့ပြီး အခြားအတန်းများကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ဆာလောင်နေသော ကျောင်းသားများသည် စာသင်ခန်းမှ ထွက်လာကြသည်။ သူတို့သည် သံသယများဖြင့် ပြည့်နှက်နေပြီး အကြောင်းအရာများကို နှစ်ကြိမ် သုံးကြိမ် ဆွေးနွေးကြသည်။


"ဘာတွေဖြစ်နေတာလဲ"


"ကျောင်းကထွက်လာတဲ့ ရဲကား မဟုတ်ဘူးလား... ရဲက ဒီကိုလာတာလား"


"အတန်း 3 နဲ့များ ဆိုင်နေသလား... သူတို့က ဘတ်စကက်ဘောကွင်းမှာ ကစားနေကြတာကို ငါမြင်ခဲ့ပြီး ယွီဟွေးနဲ့ ရှဲ့ရှင်းဟယ်က ရန်ဖြစ်နေပုံရတယ်"


"ယွီဟွေးနဲ့ ရှဲ့ရှင်းဟယ်က မကြာခဏ စကားများရန်ဖြစ်တယ်ဆိုတာ အတန်း 3 ကနေ ငါကြားတယ်"


"ဒီလမှာ ရှဲ့ရှင်းဟယ်က တစ်တန်းလုံးမှာ ပထမပဲ... သူ့ဦးနှောက်က ဘယ်လိုလဲဆိုတာ ငါတကယ်မသိဘူး"


"သင်္ချာက အရမ်းခက်တာကို သူတကယ်အမှတ်ပြည့်ရခဲ့တယ်... ဒါ့အပြင် သိပ္ပံမှာလည်း 295 မှတ်ရခဲ့တယ်... သူက မကောင်းဆိုးရွားတစ်ကောင်ပဲ"


မေပယ်တောအုပ်အထက်တန်းကျောင်းသည် လမ်းလျှောက်ကျောင်းဖြစ်ပြီး ကျောင်းတွင် ကျောင်းသားကန်တင်းဆိုင်မရှိပါ။


နေ့လယ် 12 နာရီအထိ သူတို့ ကျောင်းတက်ပြီး နေ့လယ် 2:30 မှာ အတန်းပြန်စသည်။ အားလပ်ချိန်ကို နှစ်နာရီခွဲပေးထားသည်။ ကျောင်းသားအများစုသည် ထမင်းစားရန် အိမ်သို့ လမ်းလျှောက်ပြန်ကြပြီး တချို့က စက်ဘီးဖြင့် အမြန်သွားကြသည်။ ဒီနေ့က ဆရာသည် သူတို့ကို စာသင်ခန်းထဲမှာ တစ်နာရီနီးပါးလောက် နေခိုင်းပြီး နေ့လယ်စာ စားချိန်မှာ အလွန်လူကြပ်နေသည်။ 


မျက်စိတစ်မှိတ်အတွင်းမှာပဲ ကျောင်းသားများက ကျောင်းကထွက်ပြီး ကျောင်းဝင်းက တိတ်ဆိတ်သွားသည်။


ယွီဟန်ကျန်းနှင့် ရှောက်လုံတို့သည် ကျောင်းတံခါးများအနီးတွင် ပုန်းနေပြီး ထွက်လာသော ကျောင်းသားများ၏ ထင်မြင်ယူဆချက်များကို နားထောင်ကြသည်။ ယွီဟွေးနှင့် ရှဲ့ရှင်းဟယ်တို့သည် ကျောင်းတွင် ထင်ရှားကျော်ကြားပြီး သူတို့ကြားက ဆက်ဆံရေးမှာ မကောင်းကြောင်း ကျောင်းသားအားလုံး သိကြသည်။


နေ့လယ် 1:30။


ယွီဟွေး၊ ရှဲ့ရှင်းဟယ်နှင့် ယိရူတို့က ကျောင်းတံခါးဆီသို့ ရောက်လာကြသည်။


ရှဲ့ရှင်းဟယ်က ယွီဟွေးကို လျင်မြန်စွာ အမှီလိုက်ပြီး ပြောသည်။

"ရှောင်ယာနဲ့ ပတ်သက်ပြီး အရမ်းဝမ်းနည်းမနေပါနဲ့..."


ယွီဟွေးက သွေးများပြည့်နေသော မျက်လုံးများဖြင့် သူ့ကို ပြန်ကြည့်သည်။ 

"မင်းရဲ့ ကြောင်သူတော် ဟန်ဆောင်ဝမ်းနည်းမှုကို ငါ့ကို လာမပေးနဲ့... ငါတို့ကစားနေတုန်းက မင်းသာ ငါ့ကိုမတိုက်ရင် ရှောင်ယာက ငါ့မျက်စိအောက်ကနေ ပျောက်သွားမှာမဟုတ်ဘူး"


ရှဲ့ရှင်းဟယ်က မျက်မှောင်ကြုတ်ပြီး လက်သီးများကို တင်းတင်းဆုပ်ထားသည်။

"တောင်းပန်ပါတယ်... ဒီလိုဖြစ်မယ်လို့ ငါမမျှော်လင့်ထားဘူး"


ယိရူသည် လူနှစ်ယောက် ဖြတ်သွားကာ စကားများရန်ဖြစ်နေတာကို မျက်ကွယ်ပြုထားသည်။


မိန်းကလေးက သူမ၏ဝိညာဉ်ကို ဆုံးရှုံးသွားပုံရသည်။ သူမ၏မျက်နှာပေါ်ရှိ အမူအရာမှာ အလွန်နှေးကွေးပြီး လမ်းလျှောက်သည့်ပုံစံက တွေးခေါ်နိုင်စွမ်းမရှိသော စက်ရုပ်တစ်ရုပ်နှင့်တူသည်။ ယွီဟွေးက သူမကို ဖမ်းကိုင်လိုက်ပြီး အော်လိုက်သည်။

"ရှောင်ယာက မင်းနဲ့အတူ ထွက်သွားတာ... မင်း သူမကို ဘာပြောလိုက်တာလဲ"


သူသည် မြင်သမျှလူတိုင်းကို ကိုက်တော့မဲ့ ခွေးရူးပုံစံပေါက်နေသည်။ ယိရူက အံ့သြသွားပြီး မျက်နှာဖြူဖျော့ဖျော့နဲ့ ပြောလိုက်သည်။ 

"သူမက ငါ့ကို စားစရာဝယ်ခိုင်းတယ်... အခြားဘာမှ မရှိဘူး... သူမ ဘာလို့ အဆောက်အဦးပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသလဲဆိုတာ ကျွန်မမသိဘူး... သူမရဲ့အမူအရာက ပုံမှန်ပါပဲ…"


ယွီဟွေးက အော်လိုက်သည်။

"ပါးစပ်ပိတ်ထား... သူမက သူကိုယ်သူ သတ်သေမှာ မဟုတ်ဘူး... အကြောင်းပြချက်ရှိရမယ်... မင်း သူမကို အပေါ်ကနေ တွန်းချလိုက်တာလား"


ယိရူက ကြောက်လန့်တကြား ခြေတစ်လှမ်းဆုတ်လိုက်သည်။ "နင် ဘာတွေပြောနေတာလဲ..."


"မင်း ရှဲ့ရှင်းဟယ်ကို တိတ်တဆိတ် သဘောကျနေပေမဲ့ ရှဲ့ရှင်းဟယ်က ရှောင်ယာကို ပိုသဘောကျတာလေ... မင်း သူမကို မနာလိုနေတာမလား"


ရှဲ့ရှင်းဟယ်က တည်ငြိမ်သော မျက်နှာဖြင့် ယွီဟွေးကို တားလိုက်သည်။ 

"တော်လောက်ပြီ... အဓိပ္ပါယ်မရှိတာတွေပြောနေတာ ရပ်လိုက်တော့... ယိရူနဲ့ ရှောင်ယာတို့ရဲ့ ဆက်ဆံရေးက အရမ်းကောင်းတာကို... မင်း ဘယ်လိုလုပ် ဒီလိုစကားမျိုး ပြောရတာလဲ... အတန်းမပြန်ခင် စိတ်တည်ငြိမ်ဖို့ ဒီနေ့လယ်ပိုင်းမှာ အနားယူလိုက်ပါ"


ယွီဟွေးသည် သူ့ကို နီရဲသောမျက်လုံးများဖြင့် စိုက်ကြည့်ပြီး တစ်ဖက်သို့ လှည့်သွားခဲ့သည်။


ရှဲ့ရှင်းဟယ်သည် ယိရူ၏ဝမ်းနည်းနေသောအမူအရာကို စိုက်ကြည့်နေသည်။ 

"မင်းလည်း ပြန်ပြီး ကောင်းကောင်းအနားယူလိုက်ပါ... ငါ အတန်းပိုင်ဆရာကို သွားပြောပေးလိုက်မယ်"


ယိရူက ခေါင်းငြိမ့်လိုက်သည်။

"ကျေးဇူးတင်ပါတယ်... အတန်းခေါင်းဆောင်"


သုံးယောက်သားပြိုင်တူ ကျောင်းထဲကနေ ထွက်လာကြသည်။ ၎င်းသည် လျှို့ဝှက်ခန်းတစ်ခုဖြစ်ပြီး စိန်ခေါ်သူများ၏ လှုပ်ရှားမှုဧရိယာသည် မေပယ်တောအုပ်အထက်တန်းကျောင်းတွင်သာ ကန့်သတ်ထားသောကြောင့် သူတို့နောက်ကို လိုက်ရန်မဖြစ်နိုင်ပေ။ ရှောက်လုံနှင့် ယွီဟန်ကျန်းသည် လှည့်၍ ထွက်သွားကြတော့သည်...


နေ့လယ်စာစားချိန်အတွင်း ကျောင်းဝင်းသည် အံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ်နေသည်။


နေ့ခင်း စာသင်ချိန်အထိ တစ်နာရီလောက်သာ ရှိသေးသည်။ ရှောက်လုံ၏ဗိုက်က အသံမြည်နေပြီး ကတ်ကမ္ဘာကိုရောက်ကတည်းက မစားရသေးဘူးဆိုတာကို သူ ရုတ်တရက် သတိရသွားသည်။ မနေ့ညက သူ လှေကားထစ်မှာ အိပ်ခဲ့ပြီး အခုတော့ တကယ်ကို ပင်ပန်းပြီး ဗိုက်ဆာနေပါပြီ။


ယွီဟန်ကျန်းသည် မျက်မှောင်ကြုတ်ပြီး တွေးတောနေတာကိုမြင်တော့ ရှောက်လုံက သူ့ကို သတိပေးလိုက်သည်။

"အဖွဲ့ခေါင်းဆောင်ယွီ... ခင်ဗျား အရင်ဆုံး တစ်ခုခုမစားချင်ဘူးလား... ဒီအမှုက တစ်ရက်တည်းနဲ့ မပြီးနိုင်ဘူး... ကျွန်တော်တို့ ဘာမှမစားရင် ညဘက်မှာ သက်သေတွေ စုဆောင်းဖို့ အင်အားရှိမှာ မဟုတ်ဘူး"


ယွီဟန်ကျန်းက ခေါင်းငြိမ့်ပြပြီး ရှောက်လုံနဲ့အတူ မုန့်ဆိုင်ဆီ လျှောက်သွားသည်။


ကျောင်းမှ မထွက်ခွာနိုင်ဘဲ Clubs အခန်းမှ ရရှိသော ရွှေဒင်္ဂါးများကို မုန့်ဆိုင်တွင်သာ အသုံးပြုနိုင်သည်။


မုန့်ဆိုင်ပိုင်ရှင်မှာ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမသည် ထူးဆန်းသော မျက်နှာနှစ်ခုကို မြင်ပြီး စူးစမ်းချင်သွားသည်။ ရှောက်လုံက ယွီဟန်ကျန်းကို တည်ငြိမ်စွာ ပြုံးပြပြီး မေးသည်။

"ဆရာယွီ ဘာစားချင်လဲ"


ယွီဟန်ကျန်းသည် လက်ဆန့်ပြီး ခေါက်ဆွဲခြောက်တစ်ထုပ်၊ ဝက်အူချောင်းနှစ်ခုနှင့် နှပ်ထားသော ကြက်ဥနှစ်လုံးကို စင်ပေါ်ကနေ ထုတ်ယူပြီး စားပွဲပေါ်တင်လိုက်သည်။ 

"ဒါတွေက ကိုယ့်အတွက် စားဖို့ လုံလောက်ပြီ"


ခေါက်ဆွဲခြောက်ထုပ်ကို ယူထားသော ရှောက်လုံ: "..."


အဖွဲ့ခေါင်းဆောင်ယွီသည် အရပ် 1.9 မီတာနီးပါးရှိပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုမြင့်မားသည်။ သူ့အတွက် အစားအသောက် ပမာဏများများစားတာက ပုံမှန်ပါပဲ။


မုန့်ဆိုင်ရှိ ပစ္စည်းများသည် အလွန်စျေးကြီးသောကြောင့် ရွှေဒင်္ဂါး 1,400 အထိ ရောက်သွားသည်။


ရှောက်လုံသည် သူ့အိတ်ကပ်ထဲမှ ရွှေဒင်္ဂါး 1,000 နှစ်ပြားကို ဆွဲထုတ်လိုက်စဉ် နာကျင်မှုကို ခံစားခဲ့ရပြီး သူက ပေးကာ မေးလိုက်သည်။ "ခင်ဗျားမှာ ရေနွေးရှိလား... ကျွန်တော်တို့ကို နည်းနည်းလောက် ပေးလို့ရမလား"


ဆိုင်ပိုင်ရှင်က ပြောလိုက်သည်။

"ဟုတ်ကဲ့... ခဏစောင့်ပါ"


ရှောက်လုံကို ရွှေဒင်္ဂါး 600 လဲလှယ်ပေးပြီး သူမသည် ရေနွေးအိုးကိုယူကာ လူနှစ်ဦးအတွက် ခေါက်ဆွဲခြောက်ကို စိမ်ထားလိုက်သည်။


ယွီဟန်ကျန်းက ရုတ်တရက် မေးလိုက်သည်။

"သူဌေး... ခင်ဗျားမှာ ဓာတ်မီးရှိလား"


"ဟုတ်ကဲ့... အဲဒါက ရွှေဒင်္ဂါး 300 ပါ"


ယွီဟန်ကျန်းက ရှောက်လုံကို တစ်ချက်ကြည့်လိုက်သည်။

"အပြောင်းအလဲအတွက် ဓာတ်မီးနှစ်လက်ကို ဝယ်လိုက်တာ ပိုကောင်းတယ်မလား"


‌လက်ရှိတွင် ရှောက်လုံက ငွေကြေးကို တာဝန်ယူထားသည်။ ယွီဟန်ကျန်းက တစ်ခုခုဝယ်ချင်ရင် ရှောက်လုံကို အရင်မေးရလိမ့်မည်။ ညဘက်ရှာဖွေရာတွင် ပိုမိုအဆင်ပြေစေရန် ဓာတ်မီးဝယ်ခြင်းက ပုံမှန်ပဲဖြစ်သည်။ ရှောက်လုံသည် ဆိုင်ပိုင်ရှင်က သူ့ကို ပေးခဲ့သည့် ရွှေဒင်္ဂါး 600 ကို ပြန်ပေးကာ ပြုံးလိုက်သည်။ 

"ကျွန်တော်တို့ကို ဓာတ်မီးနှစ်လက်ပေးပါ"


သူ့အိတ်ကပ်ထဲတွင် ရွှေဒင်္ဂါး 17 ပြားသာ ပါရှိပြီး 2 ပြားကို နေ့လယ်စာအတွက် အသုံးပြုခဲ့သည်။ အနာဂတ်မှာ သူတို့ ဘယ်လိုနေထိုင်နိုင်ရမှာလဲ။


ရေနွေးဆူပြီးတာနဲ့ သူတို့နှစ်ယောက်သည် ထိုင်ပြီး စကားပြောဖို့ မေပယ်တောအုပ်ဘက်ကို သွားကြသည်။


ရှောက်လုံက ခေါင်းကိုက်နေသည်။

"ကတ်ကမ္ဘာမှာ ဈေးတွေက အရမ်းမြင့်တယ်... ရွှေဒင်္ဂါး 2,000 ကို ဒီအမျိုးအစားတွေဝယ်ဖို့ အသုံးပြုခဲ့ရတယ်... ဒါက ကမ္ဘာအစစ်မှာ ယွမ် 20 လို့ ခံစားရတယ်... ကျွန်တော်တို့မှာ ရွှေဒင်္ဂါး 15 ပြားသာ ကျန်တော့ပြီး အနာဂတ်အတွက် တချို့ကို ချန်ထားဖို့ လိုအပ်တယ်"


ငွေများကို စိတ်အားထက်သန်စွာ တွက်ချက်နေသော ရှောက်လုံကိုကြည့်ကာ ယွီဟန်ကျန်းက သဘောတူလိုက်သည်။

"အင်း... နည်းနည်းလောက် သိမ်းထားရအောင်"


ထို့နောက် သူ့လက်ထဲတွင် အလုံပိတ်မထားသော ဝက်ပေါင်ခြောက်နှင့် ကြက်ဥများကို ကြည့်လိုက်ပြီး ရှောက်လုံ၏ပန်းကန်လုံးထဲသို့ ထည့်လိုက်သည်။ 

"မင်းလည်း များများစား"


ရှောက်လုံသည် ရယ်ရမလား ငိုရမလား မသိတော့ချေ။


သူက များသောအားဖြင့် ကျောင်း၏ဝန်ထမ်းကန်တင်းမှာ စားတာ ဒါမှမဟုတ် ကိုယ်တိုင်ချက်ပြုတ်ဖို့ အိမ်ပြန်လေ့ရှိသည်။ ကမ္ဘာအစစ်တွင် သူသည် ခေါက်ဆွဲခြောက်ကဲ့သို့ အသင့်စား အစားအစာများကို မစားဖူးပါ။ အခု ဒီဟာက သူတို့နှစ်ယောက်အတွက် ဇိမ်ခံပစ္စည်းများဖြစ်ခဲ့သည်။ ထမင်းတစ်နပ်တောင် မစားနိုင်တာက စိတ်ပျက်စရာပင်။


ရှောက်လုံက ခဏလောက် နှုတ်ဆိတ်နေခဲ့ပြီးမှ ခံစားချက်ဖြင့် ပြောလာသည်။

"နောက်မှ Clubs အခန်းမှာ ပိုက်ဆံပိုရှာရမယ်"


ယွီဟန်ကျန်း: "... အင်း"


ဆင်းရဲသား နှစ်ယောက်သည် ခေါက်ဆွဲပြုတ်စားရန် တိတ်တဆိတ် ခေါင်းငုံ့ထားကြသည်။


***


နေ့လယ် 2:00 နာရီတွင် လူနှစ်ဦးသည် ထ၍ ‌သင်ကြားရေးအဆောက်အဦးဆီ ပြန်လာခဲ့ကြသည်။


ကျောင်းသားများသည် ကျောင်းသို့ပြန်လာကြပြီး မေပယ်တောအုပ်အထက်တန်းကျောင်းက ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိခဲ့သည်။


ကျောင်းခေါင်းလောင်းသံ မြည်လာသည်နှင့်အမျှ ဆရာ၊ဆရာမများသည် လေဝင်စင်္ကြံမှတဆင့် အတန်းဆီသို့ ဦးတည်သွားကြသည်။ အတန်း 3 သာ စိတ်ပျက်စရာလေထုဖြင့် ဖုံးလွှမ်းထားသည်။ ယွီဟွေးနှင့် ယိရူ၏ ထိုင်ခုံများမှာ လွတ်နေပြီး အတန်းခေါင်းဆောင် ရှဲ့ရှင်းဟယ်က စာသင်ခန်းထဲတွင် ရှိနေဆဲဖြစ်သည်။


နေ့လယ်အတန်းမှာ ဘာသာစကား၊ ဇီဝဗေဒနှင့် သင်္ချာဘာသာရပ်များဖြစ်သော်လည်း ဘာသာစကားဆရာသည် အတန်းအတွက်စိတ်မဝင်စားကြောင်း သိသာထင်ရှားပါသည်။ သူသည် စင်ပေါ်၌ ရပ်ကာ ခေါင်းကို ပင်ပန်းစွာ နှိပ်လိုက်သည်။ 

"ဒီအတန်းက self-study ပဲ"


သူ့အောက်က ကျောင်းသားများသည် အစပိုင်းမှာ တိတ်တိတ်လေး စာဖတ်နေကြသည်။ နောက်ပိုင်းတွင် ဆရာက သူတို့ကို ဂရုမစိုက်တာတွေ့တော့ နောက်တန်းက မိန်းကလေးတော်တော်များများက သူတို့အချင်းချင်း စာရွက်များကို တိတ်တဆိတ် ပေးပို့ကြသည်။


မှတ်စုထဲမှာ ဘာရေးထားလဲ မသိပေမဲ့ သူတို့သည် ထိတ်လန့်နေကြပြီး အရှေ့ကို လွှင့်ပစ်လိုက်တော့ စာရွက်က မတော်တဆ ကြမ်းပြင်ပေါ် ပြုတ်ကျသွားသောအခါ စင်ပေါ်တွင်ရှိနေသော အတန်းပိုင်ဆရာကို သတိပေးသလို ဖြစ်သွားသည်။


ဆရာသည် မျက်မှောင်ကြုတ်ကာ စာရွက်ကို ကောက်ကိုင်လိုက်သည်။ ကြည့်လိုက်တော့ သူ့အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ 

"ဒီလို အဓိပ္ပါယ်မရှိတဲ့စကားတွေကို ယုံမနေနဲ့... ဘာကို အပြစ်မဲ့တဲ့ဝိညာဉ်က လက်စားချေဖို့ တောင်းဆိုနေပြီး တစ္ဆေက ပတ်ပတ်လည်မှာ လွင့်မျောနေမှာလဲ... အဓိပ္ပါယ်မရှိတာတွေထပ်ပြောရင် အားကစားကွင်းမှာ ငါ 10 ပတ် ပတ်ပြေးခိုင်းမယ်"


မိန်းကလေးများစွာသည် ထိတ်လန့်တုန်လှုပ်ကာ သူတို့၏ ဖြစ်တည်မှုကို လျှော့ချရန် ခေါင်းငုံ့ထားကြသည်။


အတန်းပိုင်ဆရာသည် စာသင်ခန်းထဲက ထွက်လာပြီး မှတ်စုကိုလုံးကာ စင်္ကြံရှိ အမှိုက်ပုံးထဲသို့ ပစ်လိုက်သည်။


ယွီဟန်ကျန်းသည် စာရွက်ကို အမြန်ကောက်လိုက်ပြီး ထောင့်တစ်ဝိုက်ကို လျှောက်သွားကာ ရှောက်လုံနဲ့အတူ ကြည့်လိုက်သည်။


မှတ်စုပေါ်တွင် စာကြောင်းတချို့ ရေးခြစ်ထားသည်။


"ကျိန်စာကြောင့် ရင့်ရှောင်ယာက ခုန်ချတယ်လို့ နင်ထင်လား"


"ငါတို့ကျောင်းရဲ့တည်နေရာက လူအများအပြားသေဆုံးခဲ့တဲ့နေရာဖြစ်တာကြောင့် ဖြစ်နိုင်တယ်... ကျောင်းဆင်းချိန် ညသန်းခေါင်မှာ ကျောင်းသားတချို့က ထူးဆန်းတဲ့ငိုသံတွေ ကြားရတယ်လို့ ပြောကြတယ်"


"ပြီးခဲ့တဲ့အပတ်က စာမေးပွဲပြီးလို့ အိမ်ပြန်နောက်ကျတော့ မေပယ်တောအုပ်ထဲမှာ တစ္ဆေတစ်ကောင် တွေ့တယ်... ငါ သေလောက်အောင် ကြောက်သွားတာပဲ"


"အပြစ်မဲ့တဲ့ဝိညာဉ်က လက်စားချေဖို့ တောင်းဆိုနေတာများလား"


"နင့်ရဲ့ 18 နှစ်မြောက်မွေးနေ့မှာ ကျိန်စာသင့်လိမ့်မယ်လို့ ပြောထားတယ်... မေပယ်တောအုပ်အထက်တန်းကျောင်း ဆောက်တဲ့နှစ်မှာပဲ မိန်းကလေးတစ်ယောက်က သူမရဲ့ 18 နှစ်မြောက်မွေးနေ့မှာ အဆောက်အဦးပေါ်ကနေ ခုန်ချခဲ့တာ မဟုတ်ဘူးလား... ‌ရင့်ရှောင်ယာလည်း 18 နှစ်ပဲ... တိုက်ဆိုင်မှုပဲလား"


"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လူတွေ ပျောက်ဆုံးသွားတယ်လို့ ငါကြားတယ်"


"မကောင်းတဲ့တစ္ဆေက ငါတို့ကျောင်းကို ကျိန်စာတိုက်နေတာများလား"


ရှောက်လုံနှင့် ယွီဟန်ကျန်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။


ကျိန်စာ... ဒီသော့ချက်စကားလုံးက နောက်ဆုံးတော့ ပေါ်လာပြီ...


#TK