Chapter 27
Viewers 1k

Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း


Chapter 27 (3 of Hearts – သွေးစွန်းနေသောမေပယ်ရွက် ၀၈၊ ရှူးရှန်းအဆောက်အဦးတွင် ညစူးစမ်းလေ့လာခြင်း)


အတန်းပိုင်ဆရာသည် လူတိုင်းကို ပြန်ကြည့်လိုက်တော့ အတန်း 3 က ကျောင်းသားများက နာခံသွားကြသည်။ သူတို့သည် အိမ်စာလုပ်ရင်း ခေါင်းတွေ ငုံ့သွားသည်။


အတန်းဖော်တစ်ယောက် ဆုံးသွားခဲ့တာကြောင့် အများစုဟာ စိတ်မငြိမ်မသက်ဖြစ်သွားကြသည်။ သူတို့သည် အိမ်စာလုပ်နေပုံရပေမဲ့ အတန်းခေါင်းဆောင် ရှဲ့ရှင်းဟယ်ပင်လျှင် အိမ်စာစာအုပ်တွင် စာကြောင်းတစ်ကြောင်းသာ ရေးထားသည်။


ဒုတိယတန်းနှင့် တတိယတန်းများတွင် ဆရာများအားလုံးသည် ကျောင်းသားများအား self-study လုပ်ခိုင်းပြီး စာသင်ခန်းတစ်ခုလုံးသည် အပ်ပြုတ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။


ကျောင်းခေါင်းဆောင်များက သတင်းကို ပိတ်ပင်ချင်သော်လည်း ကျောင်းကြီးသည် အလွန်ကြီးမားပြီး ဖြတ်သန်းသွားသော ဆရာများနှင့် ကျောင်းသားများလည်း အမြဲရှိနေသည်။ ရင့်ရှောင်ယာ အဆောက်အဦးပေါ်က ခုန်ချသွားတာကို အခြားအတန်းက ကျောင်းသားများ တဖြည်းဖြည်း သိလာသည်။ ညနေကျောင်းဆင်းချိန်ရောက်တော့ 'ကျိန်စာ' က ကျောင်းဝင်းတစ်ခုလုံးကို ပျံ့နှံ့သွားသည်။ ဖြတ်သွားဖြတ်လာ ကျောင်းသားများက အဲဒီအကြောင်းကို ပြောကြသည်။


ရင့်ရှောင်ယာသည် အပြစ်မဲ့တစ္ဆေကြောင့် ကျိန်စာအတိုက်ခံရပြီး သူမ၏ 18 နှစ်မြောက် မွေးနေ့တွင် မိမိကိုယ်ကို သတ်သေခဲ့ကြောင်း လူတိုင်းက ပြောကြသည်။


ကျောင်းသားများကြားက ကောလဟာလများသည် ရှောက်လုံနှင့် ယွီဟန်ကျန်းတို့ကို အလွန်အရေးကြီးသော အချက်အလက်တချို့အား ပြောပြခဲ့သည်။


ပထမအချက်မှာ မေပယ်တောအုပ်အထက်တန်းကျောင်းသည် တစ်ချိန်က ရာဇဝတ်ကောင်များကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်နေရာဖြစ်သည်။ ထို့ကြောင့် 'အသက်ကိုတောင်းသည့် အပြစ်မဲ့စွာသေဆုံးသွားသော တစ္ဆေ' နှင့် 'ကျောင်းကို ကျိန်စာတိုက်ခြင်း' ဟူသော ကောလာဟလများ ပျံ့နှံ့သွားခဲ့သည်။


ဒုတိယအချက် ကျောင်းကို တည်ထောင်ချိန် လွန်ခဲ့သည့် 5 နှစ်က သူမ၏ အသက် 18 နှစ် ပြည့်မွေးနေ့တွင် အဆောက်အဦးပေါ်မှ ခုန်ချ သတ်သေခဲ့သည့် မိန်းကလေးတစ်ဦး ရှိခဲ့သည်။ ၎င်းက ရင့်ရှောင်ယာ အဆောက်အဦးပေါ်ကနေ ခုန်ချပြီး သတ်သေသွားသော အခြေအနေနဲ့ အလွန်ဆင်တူပါသည်။ 'သေဆုံးခြင်းကျိန်စာ' ကို လူများက ယုံကြည်ဖို့ ပိုလွယ်သွားသည်။


တတိယအချက် မကြာသေးမီနှစ်များအတွင်း လူတချို့က ကျောင်းမှ ပျောက်ကွယ်သွားခဲ့သည်။


ဒီကျိန်စာက တကယ်ကို အဓိပ္ပါယ်ရှိပြီး သူတို့နှစ်ယောက်လုံးက အံ့သြသွားကြသည်။


ညနေကျောင်းဆင်းချိန် အတန်း 1 နှင့် အတန်း 2 ကျောင်းသားများသည် အထက်တန်းကျောင်းမှ ထွက်ခွာကြသည်။ အတန်း 3 သည် self-study လုပ်ရန် ညနေဘက်တွင် နောက်ကျစွာနေရမည်ဖြစ်သော်လည်း ယနေ့ အတန်း 3 တွင် ဖြစ်ပွားခဲ့သော မတော်တဆမှုကြောင့် အတန်း 3 က ကျောင်းသားအားလုံးကို ယနေ့ညတွင် မိမိဘာသာ စာလေ့လာရန် ကျောင်းခေါင်းဆောင်များက ခွင့်ပြုခဲ့သည်။ သူတို့သည် မနက်ဖြန် အတန်းတက်ရန် အိမ်ကို စောစောပြန်သွားကြသည်။


သင်ကြားရေးဆောင်သုံးဆောင်သည် မကြာခင်တွင် အလွတ်ဖြစ်သွားသည်။


သန့်ရှင်းရေးသမားများသည် စင်္ကြံနှင့် အိမ်သာများကို ရှင်းလင်းနေစဉ် ဆရာများလည်း ထွက်ခွာသွားကြသည်။ တဖြည်းဖြည်းနဲ့ လုံခြုံရေးအစောင့်များနှင့် မမြင်ကွယ်ရာထောင့်များတွင် ပုန်းနေသော ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သာ ကျန်တော့သည်။


ရှောက်လုံက ပေါ့ပေါ့ပါးပါး မေးသည်။

"မှားယွင်းစွာ သေဆုံးသွားတဲ့ လက်စားချေဝိညာဉ်တွေနဲ့ သေဆုံးခြင်းကျိန်စာ... အဖွဲ့ခေါင်းဆောင်ယွီ... အဲဒီမှာ လျှို့ဝှက်ဆန်းကြယ်မှု ရှိတယ်လို့ ခံစားရလား"


ယွီဟန်ကျန်းက လက်ပိုက်ကာ ခဏလောက် စဉ်းစားလိုက်သည်။

"ဒီလျှို့ဝှက်ခန်းမှာ ဝိညာဉ်တွေနဲ့ပတ်သက်ပြီး မရှိဘူး... မကောင်းဆိုးရွား တစ္ဆေသတ်တယ်ဆိုတာကို ဇာတ်ကွက်တည်ဖို့ မဖြစ်နိုင်ဘူး... လက်စားချေဝိညာဉ်တွေနဲ့ သေဆုံးခြင်းကျိန်စာလို့ ခေါ်တာက လှည့်စားခြင်းသက်သက်ပါပဲ... ကျောင်းစတင်တည်ထောင်ချိန်က အဆောက်အဦးပေါ်ကနေ ခုန်ချခဲ့တဲ့ မိန်းကလေးနဲ့ မကြာသေးမီနှစ်တွေအတွင်း ပျောက်ဆုံးသွားတဲ့သူတွေက ရင့်ရှောင်ယာ သေဆုံးမှုနဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်တဲ့ ပတ်သက်မှုရှိတယ်လို့ ထင်တယ်... ဒါက ကွင်းဆက်လူသတ်မှု ဖြစ်နိုင်တယ်"


ရှောက်လုံလည်း တွေးမိသည်။


3 of Hearts အခန်းရှိ သဲလွန်စများသည် အလွန်ပြန့်ကျဲနေသော်လည်း အမှန်တွင် သဲလွန်စတိုင်းက ‘ထန်ဟူလူး’(တုတ်ထိုးသကြားလုံး)ကဲ့သို့ ဖြစ်နေသည်။ ‘ထန်ဟူလူး’အားလုံးကို တုတ်တစ်ခုတည်းတွင် အမြဲတန်းစီထားပြီး လူနှစ်ယောက်သည် ကျိုးကြောင်းဆင်ခြင်မှုမျဉ်းကို တွေ့လိုက်သလို ခံစားရသည်။


ကျောင်းက ကျိန်စာသင့်လို့ တစ်ယောက်ယောက်က ခုန်ချပြီး အခြားလူများက ပျောက်သွားသည်။ ဒါက လုံးဝကို အဓိပ္ပာယ်မရှိဘူး။


နတ်ဆိုး၏ကျိန်စာလား။ တကယ်တော့ ဒီကျောင်းမှာ နတ်ဆိုးလို ကြောက်စရာကောင်းသော လူသတ်သမားတစ်ယောက်ရှိနေတာပဲ။


ရှောက်လုံသည် အသက်ပြင်းပြင်းရှူရင်း လက်သီးများကို တင်းတင်းဆုပ်ကာ အေးစက်စွာပြောလိုက်သည်။ 

"လူသတ်သမားက သူ့ရဲ့ ပြစ်မှုတွေကို ဖုံးကွယ်ဖို့ 'တစ္ဆေ' ရဲ့ ထိတ်လန့်ဖွယ်ရာ ဒဏ္ဍာရီကို တမင်ဖြန့်ခဲ့တာလား"


ယွီဟန်ကျန်း ခေါင်းငြိမ့်လိုက်သည်။ 

"ဒီဖြစ်ရပ်တွေကြားမှာ ဆက်စပ်မှုရှိရမယ်... လွန်ခဲ့တဲ့ ငါးနှစ်လောက်က အဆောက်အဦးပေါ်ကနေ ခုန်ချခဲ့တဲ့ မိန်းကလေးက သတ်သေတာမဟုတ်မှန်း သေချာတယ်"


ရှောက်လုံသည် မေပယ်တောအုပ်အထက်တန်းကျောင်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်တုန်းက ဝင်ပေါက်ရှိ ကျောက်ပြားပေါ်က နိဒါန်းကို စစ်ဆေးခဲ့သည်။


မေပယ်တောအုပ်အထက်တန်းကျောင်းကို လွန်ခဲ့သည့်ငါးနှစ်က ဆောက်လုပ်ခဲ့ပြီး ကုန်ကျစရိတ် ကြီးမားခဲ့သည်။ မြို့တော်အစိုးရမှ စီမံကိန်းကို ပံ့ပိုးကူညီခဲ့ပြီး မြို့တော်ပညာရေးဗျူရိုမှ ထူးချွန်သော ဆရာအမြောက်အများကို ဤအထက်တန်းကျောင်းသို့ စေလွတ်ခဲ့သည်။


ထိုကဲ့သို့ ထင်ရှားကျော်ကြားသောကျောင်းကြီးတွင် အဆောက်အဦးပေါ်မှ ကျောင်းသားတစ်ဦး ခုန်ချသွားတာ ရှိခဲ့သည်။ ကျောင်းသည် လူအများထင်မြင်ချက်ကို ချိုးနှိမ်ပြီး အဖြစ်အပျက်၏ အကျိုးသက်ရောက်မှုကို လျှော့ချရန် ကြိုးစားခဲ့သည်။ ကျိန်စာ၏ဒဏ္ဍာရီသည် ကျောင်းသားများကြားတွင်သာ ပျံ့နှံ့ခဲ့ပြီး တရားဝင်စာရွက်စာတမ်းများက ပိုမိုရှင်းလင်းပြတ်သားစွာ ရှင်းပြနိုင်မည်ဖြစ်သည်။


ရှောက်လုံသည် ယွီဟန်ကျန်းကို ကြည့်လိုက်ပြီး တစ်ဖက်လူက ပြန်လှည့်ကြည့်လာသည်။ နှစ်ယောက်သားက တစ်ချိန်တည်း ပြောလိုက်ကြသည်။ "ကျောင်းစာကြည့်တိုက်လား"


လွန်ခဲ့သည့်ငါးနှစ်ခန့်က အချက်အလက်များကို စစ်ဆေးရန် ကျောင်းစာကြည့်တိုက်သို့သာ သွားနိုင်သည်။


အပြင်မှာ လုံးဝမှောင်နေပြီး လမ်းမီးများလည်း ပွင့်နေသည်။


ရှူးရှန်းအဆောက်အဦးဆီသို့ ပေါ့ပါးသော ခြေသံများဖြင့် လျှောက်လာကြသည်။


ရှူးရှန်းအဆောက်အဦးသည် ကျောင်းတွင် အလွန်ထူးခြားသောတည်ရှိမှုတစ်ခုဖြစ်သည်။ ပုံသဏ္ဌာန်သည် အဖွင့်စာအုပ် စာမျက်နှာနှင့်တူသည်။ အလျားလိုက် မျက်နှာပြင်သည် ကျယ်ပြီး ဒေါင်လိုက် ဦးတည်ရာသည် အထပ်ငါးထပ်ရှိသည်။ ဤအဆောက်အဦးကို သီတင်းပတ်ကုန်တွင် မဖွင့်ရသေးသောကြောင့် ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် ကြည့်ရှုရန် မဝင်ခဲ့ကြပေ။ ဒီနေ့တော့ ဖွင့်ထားခဲ့ပြီ။


လူနှစ်ယောက်က ရှူးရှန်းအဆောက်အဦးထဲကို လျှောက်သွားသည်။ လှေကားပေါ်ရှိ အစိမ်းရောင် ဆိုင်းဘုတ်သည် အဆောက်အဦးတစ်ခုလုံး၏ ဖြန့်ချီရေးမြေပုံကို အမှတ်အသားပြုထားသည်။ ပထမထပ်နှင့် ဒုတိယထပ်တို့သည် ကျောင်း၏ဓာတ်ခွဲခန်းဖြစ်ပြီး ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒကဲ့သို့သော စမ်းသပ်သင်တန်းများကို ဤနေရာတွင် ပြုလုပ်သည်။ တတိယထပ်တစ်ခုလုံးသည် ကွန်ပျူတာစင်တာ၊ စတုတ္ထထပ်တစ်ခုလုံးသည် စာကြည့်တိုက်ဖြစ်ပြီး ပဉ္စမထပ်သည် ကျောင်း၏ရည်ညွှန်းစာအုပ်စာကြည့်တိုက်ဖြစ်သည်။


ယွီဟန်ကျန်း၏ မျက်လုံးများသည် မြေပုံပေါ်တွင် လျင်မြန်စွာ ရွှေ့လျားသွားသည်။ သူ စကားပြောမည့်အချိန်တွင် သူတို့နှစ်ယောက်၏နားထဲ၌ တစ်ချိန်တည်းသတိပေးသံတစ်ခု ထွက်ပေါ်လာသည်။

"လုံခြုံရေးအစောင့်က နီးကပ်လာပြီ... 50 မီတာ... 49 မီတာ..."


မနီးမဝေးတွင် လုံခြုံရေးအစောင့်၏အသံက ‌ထွက်ပေါ်လာသည်။

"ရှူးရှန်းအဆောက်အဦးရဲ့ တစ်ဖက်ခြမ်းမှာ မီးရောင်တစ်ခုရှိနေပုံရတယ်... တစ်ယောက်ယောက်ရှိနေတာလား"


နောက်ထပ် အသံတစ်ခု ကြားလိုက်ရသည်။ 

"သွားကြည့်ရအောင်... မတော်တဆမှုတွေမဖြစ်စေဖို့ နောက်နှစ်ရက်အတွင်း သတိထားဆောင်ရွက်ရမယ်ဆိုပြီး ကျောင်းအုပ်ကြီးက ပြောထားတယ်"


ယွီဟန်ကျန်း၏ရင်ထဲသို့ ဆိုးရွားသော ခံစားချက်တစ်ခု ဝင်ရောက်လာသည်။


သူတို့ဝင်လာချိန်မှာ ဓာတ်မီးကို ဖွင့်ထားတာကြောင့် လှည့်ကင်းနေသော လုံခြုံရေးအစောင့်များ၏ အာရုံကို ဖမ်းစားခဲ့သည်။


လျင်မြန်စွာ ချဉ်းကပ်လာသော ခြေသံများကို နားထောင်ရင်း ရှောက်လုံသည် တောင့်တင်းသွားပြီး သူ့လက်မောင်းကို ယွီဟန်ကျန်းက ဆွဲလိုက်သောအခါ သူ၏အရှိန်မြင့်ဖိနပ်ကို အသုံးပြုရန် အသင့်ဖြစ်နေခဲ့သည်။


ယွီဟန်ကျန်းသည် ရှောက်လုံကို ထောင့်တစ်နေရာသို့ တွန်းပို့လိုက်ပြီး သူ့နားထဲတွင် တိုးတိုးလေးပြောလိုက်သည်။

"ရှူး.... စကားမပြောနဲ့"


ဤနေရာသည် ထောင့်အဆုံးဖြစ်ပြီး နေရာက အလွန်ကျဉ်းမြောင်းသည်။ လူနှစ်ယောက်က အတူတူ စုနေပြီး သူတို့၏ခန္ဓာကိုယ်များ နီးနီးကပ်ကပ် ရှိနေသည်။ ရှောက်လုံ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ယွီဟန်ကျန်း၏ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး သူ့ရှေ့ကရင်ဘတ်မှ ပြင်းထန်သော နှလုံးခုန်သံကို သူကြားလုနီးပါးပင် ဖြစ်သည်။ တင်းမာမှုကြောင့် သူတို့၏ကျောက မတ်မတ်ဖြစ်နေခဲ့သည်။


လုံခြုံရေးအစောင့်၏ ခြေလှမ်းများသည် ဓာတ်မီးဖြင့် အဆောက်အဦးကို လှည့်ပတ်ကြည့်ရှုစဉ်တွင် သူတို့နှစ်ဦး၏ မျက်နှာပေါ်သို့ အလင်းရောင် လင်းလက်လုနီပါးဖြစ်သွားခဲ့သည်။


တာဝန်ကျလုံခြုံရေးအစောင့် ခေါင်းဆောင်က မေးလိုက်သည်။

"ရှောင်လျှို တစ်ခုခုတွေ့လား"


"ဘယ်သူမှမရှိပါလား... အမြင်မှားတာများလား"


"ကဲပါ... ကျောင်းသားတွေ၊ ဆရာတွေ မရှိတော့ဘူးဆိုတော့ ကျောင်းမှာ ဘယ်သူမှ မရှိသင့်တော့ပါဘူး... ရှူးရှန်းအဆောက်အဦးကို သော့ခတ်လိုက်ရအောင်"


လုံခြုံရေးအစောင့်များက လှည့်ထွက်သွားပြီး တံခါးသော့ခတ်သံ ကြားလိုက်ရသည်။


ရှူးရှန်းအဆောက်အဦးထဲတွင် သော့ခတ်ခံထားရသော လူနှစ်ဦး: "..."


လုံခြုံရေးအစောင့်များ ထွက်သွားတာနဲ့ ရှောက်လုံက သက်ပြင်းချလိုက်သည်။

"ကံကောင်းလို့ အဖွဲ့ခေါင်းဆောင်ယွီက မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့တာပဲ"


ယွီဟန်ကျန်း၏ ထောက်လှမ်းရေးဆန့်ကျင်ခြင်းစွမ်းရည်သည် ပထမတန်းစားဖြစ်ပြီး မမြင်ကွယ်ရာနေရာများကို ရှာဖွေရာတွင် အလွန်ကောင်းမွန်သည်။ ကံကောင်းထောက်မစွာဖြင့် သူ့တွင် ပုန်းအောင်းနေသည့်နေရာများကို ရှာဖွေလေ့ရှိသော အကျင့်‌ရှိသောကြောင့်သာ သို့မဟုတ်ပါက သူတို့နှစ်ဦးသည် လုံခြုံရေးအစောင့်များနဲ့ ထိပ်တိုက်တွေ့ပြီး နှင်ထုတ်ခံရမည်ဖြစ်သည်။


ဒီအဖြစ်အပျက်က ထိတ်လန့်စရာဖြစ်ခဲ့သည်။


ယွီဟန်ကျန်းသည် အသက်ရှူထုတ်ပြီး ရှောက်လုံအား ဆုပ်ကိုင်ထားတာ လွတ်ပေးလိုက်သည်။

"ကိုယ်တို့ သတိထားရမယ်... မင်း ဒီမှာ အရင်နေပြီး ဘယ်မှမသွားနဲ့ဦး... အဆောက်အဦးထဲမှာ စောင့်ကြည့်ရေးကင်မရာတွေ ရှိမရှိ ကိုယ်သွားကြည့်ဦးမယ်"


ထို့နောက် သူက အလျင်အမြန် ထွက်ခွာသွားသည်။


ဓာတ်မီးမဖွင့်ထားဘဲ မှောင်နေသော်လည်း ယွီဟန်ကျန်း၏ခြေလှမ်းများက လုံးဝမတုံ့ဆိုင်းသွားပေ။ သူသည် အမှောင်ထဲတွင် မြင်နိုင်သော်လည်း ရှောက်လုံက မမြင်နိုင်ပေ။ သူသည် တစ်နေရာတည်းတွင်သာ ရပ်နေနိုင်ခဲ့သည်။


ခဏအကြာတွင် ယွီဟန်ကျန်းသည် ရှောက်လုံဆီသို့ ပြန်လာခဲ့သည်။ 

"အဆောက်အဦးရဲ့ ကင်မရာတွေက မကောင်းဘူး... ကိုယ်တို့ ဓာတုဗေဒဓာတ်ခွဲခန်းကို အရင်ဆုံး သွားရှာကြမယ်"


ရင့်ရှောင်ယာ အဆိပ်ခတ်ခံရတယ်ဆိုသော ကောက်ချက်ချမှုကို ပြန်သတိရတော့ ရှောက်လုံက နူးညံ့စွာ မေးလိုက်သည်။

"အဆိပ်က ဓာတုဗေဒဓာတ်ခွဲခန်းကနေ လာတယ်လို့ ခင်ဗျားသံသယရှိနေတာလား"


ယွီဟန်ကျန်းက ပြန်ဖြေသည်။

"ဒီနေ့ အတန်း 3 ရဲ့ ဓာတုဗေဒဆရာမက ခွင့်ယူထားတယ်လေ... ဒါက တိုက်ဆိုင်မှုလို့ ကိုယ်မထင်ဘူး"


ရှောက်လုံသည် ဒါကို သဘောတူပြီး ချက်ချင်းပဲ အဖွဲ့ခေါင်းဆောင်ယွီ၏ အနောက်ကို လိုက်သွားခဲ့သည်။


စင်္ကြံ၏ တစ်ဖက်တစ်ချက်စီတွင် ဓာတ်ခွဲခန်းများ ရှိပြီး အတွင်းပိုင်း အခြေအနေကို အဆောက်အဦး အပြင်ဘက်မှ မမြင်နိုင်ပေ။ သူတို့သည် အစောင့်များ မြင်သွားမှာကို စိတ်ပူစရာမလိုတော့ဘဲ ယွီဟန်ကျန်းသည် စိတ်ပူစရာမလိုဘဲ ဓာတ်မီးကိုဖွင့်နိုင်ခဲ့သည်။


ဘယ်ဘက်တွင် ဓာတုဗေဒဓာတ်ခွဲခန်းငါးခုရှိပြီး ညာဘက်တွင် ဇီဝဗေဒဓာတ်ခွဲခန်းငါးခုရှိသည်။


ဓာတ်ခွဲခန်းတံခါးများအားလုံးကို သော့ခတ်ထားသည်။ ယွီဟန်ကျန်းသည် သူ၏ဓာတ်မီးကို မြှောက်လိုက်ပြီး ပြတင်းပေါက်မှ အခန်းထဲသို့ ထွန်းညှိလိုက်သည်။ ဓာတုဗေဒဓာတ်ခွဲခန်းတွင် ဖန်ကိရိယာများဖြင့် ပြည့်နေပြီး စားပွဲများကို သေချာစွာ သန့်စင်ထားသည်။ ဗီရိုထဲတွင် ပုလင်းများကို သပ်သပ်ရပ်ရပ် ထားရှိထားသည်။


ဓာတ်ခွဲခန်း 3 တွင် ရှုပ်ထွေးသော ဓာတုဗေဒဖော်မြူလာတချို့ရှိသည်...


ရှောက်လုံ၏ အော်ဟစ်သံကို ရုတ်တရက်ကြားလိုက်သောအခါ ယွီဟန်ကျန်းက တုံ့ပြန်ခြင်းမပြုသေးပေ။


ယွီဟန်ကျန်းက ခေါင်းငုံ့ပြီး တံခါးသော့ကို သေချာကြည့်လိုက်သည်။ တံခါးသော့ခလောက်မှာ ကလော်ဖွင့်ခံထားသည့် ပွတ်တိုက်မှုများ ရှိနေတာကို သူတွေ့ရှိခဲ့ပြီး ရှောက်လုံ၏ စူးစမ်းလေ့လာရေးစွမ်းရည်မှာ စေ့စေ့စပ်စပ်ဖြစ်နေကြောင်း သူပြောလိုသော်လည်း တစ်ဖက်လူ၏ပြောသံကို ကြားလိုက်ရသည်။

"ကျောက်သင်ပုန်းပေါ်မှာ ရေးထားတဲ့ ဓာတုဗေဒဖော်မြူလာမှာ ‘carbon-phosphorus’ ပါတယ်... အဲဒါက သာမန် organophosphorus ဒြပ်ပေါင်းတစ်ခုပဲ... calcium phosphate အတွက် ဓာတုဗေဒညီမျှခြင်းကိုလည်း အောက်မှာ ရေးထားတယ်... ဒီဓာတုဗေဒအတန်းက organic နဲ့ inorganic ပစ္စည်းတွေကြားက ခြားနားချက်ကို ပြောထားတာ ဖြစ်နိုင်တယ်"


သိပ္ပံအားနည်းသော ယွီဟန်ကျန်း: "..."


သူ ဘာမှနားမလည်ဘူး။


သူတို့နှစ်ဦးသည် မတူညီသောရှုထောင့်မှ လာခဲ့ကြသော်လည်း တူညီသောရလဒ်ကို ညွှန်ပြကြသည်။ ဤဓာတ်ခွဲခန်းတွင် ပြဿနာရှိနေသည်။


ယွီဟန်ကျန်းသည် ဓာတ်မီးကို ရှောက်လုံထံ ပေးခဲ့ပြီး သူ့လက်ကို ဆန့်ထုတ်ကာ တံခါးသော့ကို အတင်းချိုးဖျက်လိုက်သည်။ ကျယ်လောင်သောအသံသည် မှောင်မဲနေသော စင်္ကြံတွင် ပဲ့တင်ထပ်သွားသည်။ သော့ခတ်သည်မှာ အမှန်ပင် အသေဖြစ်သည်။ သော့ခတ်ထားပုံရသော်လည်း သော့မပါဘဲ အတင်းဖွင့်နိုင်သည်။


လူနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဓာတ်ခွဲခန်းထဲသို့ အမြန်ဝင်လိုက်သည်။


ရှောက်လုံသည် ကျောက်သင်ပုန်းရှေ့တွင် ရပ်ကာ ဂရုတစိုက်စိုက်ကြည့်နေသည်။ ဤသည်မှာ organic phosphorus နှင့် inorganic phosphorus တို့ကြား ခြားနားချက်ကို အမှန်တကယ် ဖော်ပြထားခြင်း ဖြစ်သည်။ ဓာတုဗေဒဆရာမ၏ မြေဖြူခဲဖြင့် စာရေးခြင်းသည် အလွန်သပ်ရပ်ပြီး ပုံနှိပ်စက်နှင့်တူသည်။


ယွီဟန်ကျန်းသည် အနီးပတ်ဝန်းကျင်ကို ဓာတ်မီးဖြင့် ဝေ့ယမ်းလိုက်ပြီး တံခါးနောက်ဘက်တွင် စာအုပ်တစ်အုပ်ကို တွေ့လိုက်သည်။ ဤသည်မှာ ဓာတ်ခွဲခန်း၏ လက်မှတ်စာအုပ်ဖြစ်သင့်သည်။ 'ပစ္စည်းပြန်လည်ရယူခြင်း' နှင့် 'ကိရိယာသန့်ရှင်းရေး' ကဲ့သို့သော နေရာများရှိသည်။ စစ်ဆေးရေး၏ နေ့ရက်နှင့် လက်မှတ်ပါရှိသည်— ရှဲ့ရှင်းဟယ်။


ယွီဟန်ကျန်း၏ မျက်လုံးများ အနည်းငယ် တောက်ပလာသည်။ 

"ပရော်ဖက်ဆာရှောက်... ဒီကိုလာကြည့်"


ရှောက်လုံသည် ရောက်လာပြီး လက်မှတ်ကိုတွေ့တော့ အံ့သြသွားသည်။ 

"ပြီးခဲ့တဲ့အပတ်က အတန်း 3 ရဲ့ ဓာတ်ခွဲခန်းအတန်းက ဒီဓာတ်ခွဲခန်းမှာ ရှိနေတာဖြစ်မယ်... ရှဲ့ရှင်းဟယ်က ပစ္စည်းတွေနဲ့ ကိရိယာတွေကို နောက်ဆုံးစစ်ဆေးခြင်းအတွက် တာဝန်ယူနေ့စဉ်မှာ အကြောင်းအရာက organic phosphorus နဲ့ inorganic phosphorus အကြောင်းပဲဖြစ်တယ်... သူက အဆိပ်ကို ဒီနေရာကနေ ယူသွားတာဖြစ်နိုင်တယ်... ဓာတုဗေဒဆရာမလည်း သံသယဖြစ်စရာ ရှိတယ်"


ယွီဟန်ကျန်းက ခေါင်းငြိမ့်လိုက်သည်။ 

"ဆေးဗီရိုကို သွားကြည့်ရအောင်"


ဆေးဗီရိုကိုလည်း သော့ခတ်ထားပြီး မဖွင့်နိုင်ပေမဲ့ အကြောင်းအရာများကို မှန်အပြင်ကနေ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ပုလင်းအားလုံးတွင် ဓာတုဗေဒပစ္စည်းအမည်ပါရှိပြီး အများစုမှာ အထက်တန်းကျောင်းဓာတုဗေဒတွင် အသုံးများသည်။ သို့သော် အပေါ်ဆုံးအလွှာတွင် 'organophosphate' ဟုဖော်ပြထားသော ပုလင်းတစ်လုံးပါရှိပြီး အတွင်းပိုင်းတွင်... တစ်ဝက်က ဗလာဖြစ်နေသည်။


ရှောက်လုံ၏ မျက်လုံးများ တောက်ပလာသည်။

"အဲဒါကို ယူသွားတာဖြစ်မယ်"


ရှဲ့ရှင်းဟယ်နှင့် ဓာတုဗေဒဆရာမနှစ်ဦးစလုံးသည် သံသယရှိသူများဖြစ်သည်။ ဓာတုဗေဒဆရာမသည် ဒီနေ့ ကျောင်းမလာဘဲ တစ်နေကုန် မတွေ့ဘူး။ သူမအဖေကို ဆေးစစ်ဖို့အတွက် ဆေးရုံလိုက်ကူပေးရမယ်လို့ PE ဆရာဆီကပဲ ကြားခဲ့ရသည်။


သူမ ကျောင်းမှာမရှိတုန်းကို အဝေးကနေ ထိန်းချုပ်နိုင်ပါ့မလား။ သူမက ကြံရာပါလား။ ဒါမှမဟုတ် ရှဲ့ရှင်းဟယ်က ကြံရာပါလား။


နှစ်ယောက်သား တွေးနေကြရင်း အခန်းက တိတ်ဆိတ်သွားသည်။


ယွီဟန်ကျန်း၏ အာရုံများ မကြာမီ ပြန်ရောက်လာသည်။

"ကိုယ်တို့ ဒီကနေ အရင်ထွက်သွားရအောင်... မနက်ဖြန်ဆိုရင် ဓာတုဗေဒဆရာမက သေချာပေါက် အလုပ်လာမှာဆိုတော့ သူမအပေါ် အာရုံစိုက်လို့ရတယ်"


ရှောက်လုံသည် ခေါင်းငြိမ့်ပြပြီး ဓာတ်ခွဲခန်းမှ ထွက်ခွာကာ အဖွဲ့ခေါင်းဆောင်ယွီနောက်ကို လိုက်ခဲ့သည်။


သူတို့နှစ်ဦးသည် ပဉ္စမထပ်ရှိ အချက်အလက်ခန်းမသို့ ရောက်လာကြသည်။


စာအုပ်စင်များတွင် အတန်းလိုက်နှင့် မရေမတွက်နိုင်သော ဖိုင်တွဲများ သပ်သပ်ရပ်ရပ် ထားရှိထားပါသည်။ တံခါးကို သော့ခတ်ထားသော်လည်း ယွီဟန်ကျန်းသည် ဝင်လမ်းရှိ၍ ပြတင်းပေါက်ကိုဖွင့်ကာ ပြတင်းပေါက်မှ တိုက်ရိုက်ဝင်သွားသည်။


ရှောက်လုံသည် အဖွဲ့ခေါင်းဆောင်ယွီက ပြတင်းပေါက်မှ လျင်မြန်စွာ ရွေ့လျားသွားတာကို မြင်လိုက်ရပြီး သူကတော့ ဆက်လက် ရပ်နေခဲ့ရသည်။


သူသည် ငယ်စဉ်ကတည်းက မိဘများနှင့် ဆရာများ၏အမြင်တွင် ကောင်းမွန်သော ကျောင်းသားတစ်ဦးဖြစ်သည်။ ဒီနေ့တွင် 'ပြတင်းပေါက်မှ ဖောက်ထွင်းဝင်ရောက်ခြင်း' လိုမျိုး တစ်ခုခုကို သူ ပထမဆုံးလုပ်ခဲ့သောနေ့ဖြစ်သည်။


ရည်ညွှန်းစာအုပ်စာကြည့်တိုက်ကို နှစ်အလိုက် ခွဲခြားသတ်မှတ်ထားပြီး သူတို့နှစ်ဦးသည် လွန်ခဲ့သောငါးနှစ်ခန့်က စတင်တည်ထောင်ခဲ့သည့်အချိန်၏ အချက်အလက်များကို စစ်ဆေးရန် ပထမတန်းသို့ သွားခဲ့ကြသည်။


လွန်ခဲ့သည့်ငါးနှစ်က မြောက်ပိုင်းခရိုင်၏ မြို့ပြစီမံကိန်း၊ အကြီးစားဖြိုဖျက်ပြီး ပြန်လည်တည်ဆောက်မှုများ ရှိခဲ့သည်။ မေပယ်တောအုပ်အထက်တန်းကျောင်းကို တည်ထောင်ခဲ့ပြီး မြောက်ပိုင်းခရိုင်ရှိ အထက်တန်းကျောင်းများစွာကို တိုက်ရိုက်ပေါင်းစပ်ခဲ့သည်။ ကျောင်းစတင်တည်ထောင်ချိန်၌ ကျောင်းသား 3,000 ကျော်ရှိသည်။


ပေါင်းစည်းပြီးနောက် အတန်း 3 ကို ပြန်လည်စီစဥ်ခဲ့သည်။ အကောင်းဆုံးကျောင်းသားများကို အဓိကအတန်းနှစ်ခုဖွဲ့စည်းရန် ရွေးချယ်ခဲ့ပြီး အကောင်းဆုံးရလဒ်ရရှိရန် ဆရာဟောင်းများကို ဤအတန်းများတွင် တာဝန်ပေးအပ်ခဲ့သည်။ အများစုမှာ 'ပထမတန်း' ခေါင်းစဉ်ဖြင့် တွဲထားသည်။


ဖိုင်တွဲများတွင် အတန်းအားလုံး၏စာရင်းနှင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီးနောက် ဝင်ခွင့်များပါရှိသည်။


ကျောင်းသား နံပါတ်ကို အခြေခံ၍ မှတ်တမ်းတင်ထားပြီး စစ်ဆေးရန် အလွန်အဆင်ပြေပါသည်။


ယွီဟန်ကျန်းသည် ဝင်ခွင့်အချက်အလက်များကို ကြည့်ရှုနေစဉ် ရှောက်လုံက အချက်အလက်စာရင်းများကို နှိုင်းယှဉ်ခဲ့သည်။


တစ်ခုခုမှားနေပြီဆိုတာကို လူနှစ်ယောက်က မကြာခင်သိလိုက်ရသည်။


ယွီဟန်ကျန်းက ပါးစပ်ကို ဖွင့်လိုက်သည်။ 

"အဓိကဝိဇ္ဇာဘာသာရပ် အတန်းမှာ လူတစ်ယောက်နည်းနေတယ်"


ရှောက်လုံက ခေါင်းငြိမ့်လိုက်သည်။

"အတန်းစာရင်းမှာ လူ 40 ရှိပြီး ဝင်ခွင့်စာရင်းမှာ 39 ယောက်ပဲရှိတယ်... ပျောက်နေတဲ့ နာမည်က... ကျောင်းသားနံပါတ် 1733၊ စစ်းဟန်..."


ယွီဟန်ကျန်းက မျက်မှောင်ကြုတ်လိုက်သည်။ 

"ကျောင်းပေါင်းစည်းပြီးနောက် သူမကို အတန်းအလိုက် အဓိကအတန်းတစ်ခုမှာ စီစဉ်ပေးခဲ့တယ်... ဒါက သူမရဲ့ရလဒ်တွေ တစ်တန်းလုံးရဲ့ထိပ်ဆုံးမှာ ရှိနေတာကို ညွှန်ပြနေတယ်... တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အပြီးမှာ ဝင်ခွင့်နေရာ မရခဲ့ဘူး... ဆိုလိုတာက သူမဟာ စာမေးပွဲကျတာ... ဒါမှမဟုတ် သူမက အဆောက်အဦးပေါ်ကနေ ခုန်ချခဲ့တဲ့ ကျောင်းသားဖြစ်နေတာပဲ"


ရှောက်လုံ: "ကျောင်သားတစ်ယောက်က အဆောက်အဦးကနေ ခုန်ချရင် ပညာရေးဗျူရိုက စစ်ဆေးပြီး ကျောင်းက အစီရင်ခံစာရေးရမှာပဲ"


ယွီဟန်ကျန်းသည် ထိုနှစ်၏ တရားဝင်စာရွက်စာတမ်းများကို စစ်ဆေးရန် လှည့်လိုက်သည်။ ကျောင်းစာရွက်စာတမ်းများသည် အလွန်ရှုပ်ထွေးနေပြီး ကော်မတီလှုပ်ရှားမှုများ၊ ဆရာသင်တန်းရွေးချယ်မှုများ၊ စကားပြောပြိုင်ပွဲစသည့် အရာများပါင်သည်... ယွီဟန်ကျန်းသည် ဖိုင်တွဲများကို လှန်ပြီး မကြာမီ ပစ်မှတ်ကို တွေ့ရှိခဲ့သည်။


သူက ဖိုင်တွဲကို စင်ပေါ်ကနေ ဆွဲထုတ်ပြီး အမြန်လှန်လိုက်သည်။ ထို့နောက် အစီရင်ခံစာအချက်အလက်အစုအဝေးကို တွေ့လိုက်ရသည်။


[ကျောင်းသူ စစ်းဟန် ပြုတ်ကျခြင်း အသေးစိတ် အစီရင်ခံစာ။]


စစ်းဟန်သည် ထူးချွန်သော မိန်းကလေးတစ်ဦးဖြစ်သည်။ သူမသည် ပုံမှန်အားဖြင့် သူမအတန်း၏ ထိပ်ဆုံးအယောက် 10 စာရင်းထဲတွင် ပါဝင်ခဲ့သော်လည်း ပြီးခဲ့သည့်လက အလယ်တန်းစာမေးပွဲတွင် သူမသည် အတန်းအောက်သို့ ကျသွားခဲ့သည်။ သူမ၏ အသက် 18 နှစ်မြောက် မွေးနေ့မှာ သူမသည် သေကြောင်းကြံစည်မှုမှတ်စုတစ်စောင် ချန်ထားခဲ့ကာ ဟန်ကျီးအဆောက်အဦးကနေ ခုန်ချခဲ့ပါသည်။


အစီရင်ခံစာတွင် ဆရာများနှင့်ကျောင်းသားများထံမှ စစ်းဟန်၏အသေးစိတ်ဖော်ပြချက်အပြင် သေကြောင်းကြံစည်မှုမှတ်တမ်း ဓာတ်ပုံများပါရှိသည်။


စာအရေးအသားက အလွန်ရိုးရှင်းပါသည်— ကျွန်မရဲ့မိဘတွေနဲ့ ဆရာတွေကို တောင်းပန်ပါတယ်။ ကျွန်မဘဝကို အဆုံးသတ်ချင်ပြီ။


အစီရင်ခံစာ၏ နောက်ဆုံးစာမျက်နှာမှာ အသေးစိတ် စိတ်ပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက်ဖြစ်သည်။


ကျောင်းသူ စစ်းဟန်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေသည် နုနယ်သည်ဟု အစီရင်ခံစာက ထောက်ပြထားသည်။ သူမ၏စာမေးပွဲရလဒ်များ၏ ထိုးနှက်မှုကို သူမ မခံနိုင်ခဲ့ဘူး။ ထို့အပြင် သူမ၏မိဘများက အနီးတွင်မရှိသဖြင့် သူမတွင် ဂရုစိုက်ခံရမှုနည်းပါးခဲ့သည်။ အဖြေရှာဖို့ မစဉ်းစားနိုင်ဘဲ အဆောက်အဦးပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ပါသည်။ နောက်ဆုံးအနေဖြင့် အနာဂတ်တွင် ကျောင်းသားများ၏ စိတ်ကျန်းမာရေးကို အာရုံစိုက်ပြီး စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်မှုများ ပြုလုပ်ကာ ကျောင်းသားများ၏ အခက်အခဲများကို ကျော်လွှားနိုင်စေရန် စိတ်ပိုင်းဆိုင်ရာ အကြံပေးသင်တန်းများကို ပုံမှန်ကျင်းပသင့်သည်ဟု ကောက်ချက်ချခဲ့သည်။


စာရွက်အားလုံးကို ကျောင်း၏တရားဝင်တံဆိပ်ဖြင့် တံဆိပ်ခတ်ထားသည်။


ဒီစကားတွေက ထိတ်လန့်စရာကောင်းပါသည်။


ရှောက်လုံသည် ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရသည်။ 

"ဒါက ရင့်ရှောင်ယာရဲ့ အခြေအနေနဲ့ လုံးဝနီးပါးတူတယ်"


ယွီဟန်ကျန်း၏အမူအရာမှာ အနည်းငယ်ရုပ်ဆိုးသွားသည်။

"ဒီကျောင်းသူရဲ့ပြုတ်ကျခြင်းနဲ့ ရင့်ရှောင်ယာပြုတ်ကျခြင်းက တူညီတဲ့ လူသတ်သမားရဲ့ လက်ရေး ဖြစ်နိုင်တယ်... သေကြောင်းကြံစည်မှုမှတ်စုက အရမ်းဆင်တူတယ်"


သူက ရုတ်တရက် သံသယများ ဝင်လာသည်။ 

"သေကြောင်းကြံစည်မှုမှတ်စုကို မြင်တဲ့အခါ တစ်ခုခုမှားနေတယ်လို့ ကိုယ်ခံစားရတယ်... အဲဒီစာက ရင့်ရှောင်ယာနဲ့ သက်ဆိုင်ပေမဲ့ သူမဟာမဟုတ်ဘူး... အခြားတစ်ယောက်က သူမရဲအိမ်စာတွေကနေ ကူးယူလိုက်တာဖြစ်နိုင်တယ်"


"ဒါ့အပြင် သူမအဖေနဲ့အမေကို တောင်းပန်တာက ရင့်ရှောင်ယာရဲ့ မိသားစုအခြေအနေနဲ့ မကိုက်ညီဘူး... သူမက ယွီဟွေးနဲ့ အတူနေထိုင်ပြီး သူမရဲ့မိဘတွေက အနီးမှာမရှိဘူး... တကယ်ပဲ သူမက ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုရင် သူမအစ်ကိုဝမ်းကွဲနဲ့ သူ့ရဲ့မိသားစုတွေကို တောင်းပန်ရမှာလေ... သေကြောင်းကြံစည်မှုမှတ်စုရေးတဲ့သူက ရင့်ရှောင်ယာနဲ့ ယွီဟွေးတို့ကြားက ဆက်ဆံရေး ဒါမှမဟုတ် သူမရဲ့ မိသားစုအခြေအနေတွေကို မသိခဲ့ပုံရတယ်"


ကျောင်းမှာ ရင့်ရှောင်ယာ၏ အိမ်စာများ ကျန်ခဲ့နိုင်သည်။ အထူးသဖြင့် ဘာသာစကားအတန်းသည် မကြာခဏ စာသားရေးရန် လိုအပ်ပြီး တချို့သောစကားလုံးများကို ရွေးကာ အခြားစာရွက်တစ်ရွက်သို့ ကူးယူရန် မခက်ခဲပေ။


အလားတူ လွန်ခဲ့သောငါးနှစ်ခန့်က စစ်းဟန် အဆောက်အဦးမှ ခုန်ချသောအခါတွင် ကျန်ရစ်ခဲ့သော သေကြောင်းကြံစည်မှုမှတ်စုက အတုဖြစ်နိုင်သည်။


'မိမိကိုယ်ကိုသတ်သေခြင်း' ၏ သေကြောင်းကြံစည်မှုမှတ်စုကို ချန်ရစ်ခဲ့သော မိန်းကလေးနှစ်ဦး၊ သူတို့ကြားက ဆက်ဆံရေးက ဘယ်လိုလဲ။


အမှုက ပို၍ ရှုပ်ထွေးလာသည်။


ပြုတ်ကျမှု နှစ်ခုရှိခဲ့ပြီး သေဆုံးသူမှာ ငယ်ရွယ်လှပသော မိန်းကလေးများဖြစ်သည်။ ယင်းကြောင့် ရှောက်လုံသည် မနေနိုင်စွာ ကြောက်မက်ဖွယ်ကောင်းသော မှန်းဆချက်တစ်ခုကို ခန့်မှန်းခဲ့သည်။ မိန်းကလေးနှစ်ယောက်သည် ကျောင်းမှာ ကိုယ်ထိလက်ရောက်စော်ကားခံရတာ ဒါမှမဟုတ် မုဒိမ်းကျင့်ခံရတာမျိုးတောင် ကြုံဖူးကြသလား။ သူတို့နှစ်ယောက်သည် အဆောက်အဦးပေါ်ကနေ ခုန်မချချင်ပေမဲ့ တစ်ဖက်လူက ရဲခေါ်မှာစိုးတာကြောင့် သူတို့ကို သတ်ပစ်လိုက်တာလား။


သို့သော် ယင်းသည် သူ၏ ထင်မြင်ချက်မျှသာဖြစ်ပြီး သက်သေမရှိပေ။ ထို့အပြင် သံသယအရှိဆုံး ဓာတုဗေဒဆရာမမှာ အမျိုးသမီးဖြစ်သည်။


ထိုအချိန်တွင် ပြတင်းပေါက်အပြင်ဘက်မှ မိုးခြိမ်းသံကို ကြားလိုက်ရသဖြင့် ရှောက်လုံနှင့် ယွီဟန်ကျန်းမှာ လန့်သွားသည်။


သူတို့နှစ်ယောက် အချက်အလက်အခန်းထဲမှ ထွက်လာပြီး ဓာတ်မီးကို ပိတ်ကာ ပဉ္စမထပ်စင်္ကြံ၏ အဆုံးရှိ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည်။


ပြတင်းပေါက်အပြင်ဘက်တွင် မိုးကြိုးပစ်ခြင်း၊ မိုးသည်းထန်စွာရွာပြီး မှန်ပြတင်းပေါက်များပေါ်မှ အက်ကွဲသံများထွက်ပေါ်လာသည်။ အုံ့ဆိုင်းနေသောမိုးနှင့် မြူခိုးများကြားတွင် အဝေးက မေပယ်တောအုပ်ထဲတွင် မရေမတွက်နိုင်အောင် ကြွေကျနေသော မေပယ်ရွက်များသည် နီရဲတောက်ပြောင်သော သွေးများဖြင့် စွန်းထင်းနေပုံရပြီး လမ်းမီးရောင်အောက်တွင် ပို၍ပင် ထူးဆန်းလာသည်။ လမ်းမီးများ ပျက်စီးသွားသည့် မှောင်မည်းနေသော ဧရိယာသည် ကြီးမားသော ပါးစပ်ကို ဖွင့်ကာ ကျောင်းဝင်းကို ဖြည်းညှင်းစွာ ဝါးမျိုနေသည့် သားရဲတစ်ကောင်နှင့် တူသည်။


လွန်ခဲ့သော ငါးနှစ်လောက်က မိန်းကလေးတစ်ယောက်သည် ပြုတ်ကျသေဆုံးခဲ့၏။ အခုနောက်ထပ် မိန်းကလေးက သတ်သေသွားလေပြီ။ မူလက ရိုးရှင်းပြီး လှပသော အထက်တန်းကျောင်းဝင်းသည် မိန်းကလေးများကို သတ်ဖြတ်ခဲ့သည့် နတ်ဆိုးနယ်မြေတစ်ခု ဖြစ်လာခဲ့သည်။


ရှောက်လုံ၏ နောက်ကျောသည် အေးစက်နေပြီး သူ့မျက်နှာမှာ ဖြူဖျော့နေသည်။


ယွီဟန်ကျန်းသည် သူ့ကိုကြည့်ကာ ရှောက်လုံ၏လက်ကို ညင်သာစွာ ဆုပ်ကိုင်ပြီး နှစ်သိမ့်စကားများ တီးတိုးပြောခဲ့သည်။ 

"အများကြီး မတွေးပါနဲ့... ကတ်ကမ္ဘာမှာ လူသတ်မှုတွေက ရှုပ်ထွေးပြီး လူသတ်သမားက သဲလွန်စတွေ ချန်ထားခဲ့မှာ သေချာတယ်... ကိုယ်တို့ရဲ့ကျိုးကြောင်းဆင်ခြင်မှုက အမှန်တရားနဲ့ ပိုနီးစပ်လာပြီး လူသတ်သမားက မကြာခင်ပေါ်လာတော့မှာပါ"


ရှောက်လုံက ခေါင်းငြိမ့်လိုက်သည်။ 

"ဒီညတော့ ကျွန်တော်တို့ ဒီမှာ အိပ်ရမယ် ထင်တယ်"


အပြင်ဘက်မှာ မိုးကြိုးမုန်တိုင်းကျနေပြီး ရှူးရှန်းအဆောက်အဦတံခါးကို လုံခြုံရေးအစောင့်များက သော့ခတ်ထားသည်။ သူတို့သည် စင်္ကြံတွင်သာ အိပ်ကြပြီး မနက်ဖြန်မနက် ခိုးမထွက်ခင် အဆောက်အဦးဖွင့်ရန် စောင့်ကြရမည်။


မနက်ဖြန် ဓာတုဗေဒဆရာမက အလုပ်ပြန်ဆင်းလိမ့်မည်။


ယွီဟွေးနှင့် ယိရူကဲ့သို့သော ကျောင်းမလာသော ကျောင်းသားများလည်း ကျောင်းပြန်တက်ကြမည်ဖြစ်သည်။


ရဲက မနက်ဖြန် ကျောင်းပြန်လာပြီး စုံစမ်းမှုများ ဆက်လုပ်လိမ့်မည်။ အလောင်းကို ခွဲစိတ်စစ်ဆေးသူသည် သေဆုံးသူ၏ အဆိပ်သင့်မှုကို တွေ့ရှိပြီး အဆိပ်၏ ပါဝင်မှုကို အတည်ပြုနိုင်သည်။ သူတို့သည် ဓာတုဗေဒဓာတ်ခွဲခန်းကို သူတို့ရှာတွေ့ပြီး ဓာတုဗေဒဆရာမက ပထမဆုံးသံသယဝင်သူ ဖြစ်လာလိမ့်မည်။


ကျိန်စာ၏ဒဏ္ဍာရီသည် လွန်ခဲ့သောငါးနှစ်က ပြုတ်ကျခြင်းအကြောင်းကို ရဲများအား သတိရစေမည်ဖြစ်သည်။


ထိုအချိန်တွင် ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် ရဲများရှေ့တွင် လျှောက်သွားခဲ့ကြရာ ဓာတုဗေဒဓာတ်ခွဲခန်းမှ အဆိပ်ဖြစ်ကြောင်း သက်သေများရရှိပြီး လွန်ခဲ့သည့်ငါးနှစ်က ပြုတ်ကျခြင်း၏ ဇာတ်လမ်းကို သိရှိခဲ့သည်။ သေဆုံးသူမှာ စစ်းဟန်အမည်ရှိ မိန်းကလေးဖြစ်သည်။


လက်စားချေတစ္ဆေများနှင့် သေဆုံးခြင်းကျိန်စာများအကြောင်း စကားလုံးများဖြင့် အားလုံးကို ဖုံးကွယ်ထားခြင်းဖြစ်သည်။ ဤမိုးသည်းထန်စွာရွာပြီးနောက် လူသတ်သမား၏မျက်နှာဖုံးကို ဖယ်ရှားပြီး နောက်ဆုံးတွင် ပြုတ်ကျခြင်း၏အမှန်တရားကို တဖြည်းဖြည်း ဖော်ထုတ်နိုင်မည်ဖြစ်သည်။


#TK