Chapter 28
Viewers 1k

Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း


Chapter 28 (3 of Hearts – သွေးစွန်းနေသောမေပယ်ရွက် ၀၉၊ ရှာဖွေတွေ့ရှိမှုအသစ်)


3 of Hearts လျှို့ဝှက်ခန်း၊ ဒုတိယနေ့။


ရှောက်လုံ နိုးလာပြီး စင်္ကြံပြတင်းပေါက်နားမှာ ရပ်နေသော ယွီဟန်ကျန်းကို တွေ့လိုက်သည်။ သူ၏ နက်နဲသော မျက်လုံးများသည် အဝေးကို စိုက်ကြည့်နေပြီး တစ်စုံတစ်ခုကို တွေးနေသလိုမျိုး သူ့မျက်ခုံးက အနည်းငယ် နီးနေကပ်သည်။


ရှောက်လုံက လမ်းလျှောက်လာပြီး မေးသည်။

"အဖွဲ့ခေါင်းဆောင်ယွီ ရှာဖွေတွေ့ရှိမှုအသစ်တွေ ရှိလို့လား"


ယွီဟန်ကျန်းက မေပယ်တောအုပ်ကို ညွှန်ပြသည်။

"မနေ့ညက လေပြင်းတိုက်ပြီး မေပယ်ရွက်တချို့ ကြွေကျသွားတယ်"


ရှောက်လုံသည် သူ့အကြည့်နောက်သို့ လိုက်ကာ အဝေးက မေပယ်တောအုပ်ကို ကြည့်လိုက်သည်။ မေပယ်ရွက်အမြောက်အမြားသည် မိုးရေထဲတွင် ကြွေကျခဲ့ပြီး မြေပြင်သည် ထူထဲသော မေပယ်ရွက်အနီရောင်အလွှာဖြင့် ဖုံးလွှမ်းနေပုံရသည်။ မေပယ်တောအုပ်၏အဆုံးတွင် စိုက်ထားသော အပင်ငယ်များစွာသည် လေတိုက်၍ မြေပေါ်သို့ လွင့်ကျသွားသည်။ သင်ကြားရေးအဆောက်အဦးအောက်ရှိ ပန်းခင်းများသည် ဟိုဘက်ဒီဘက်ယိုင်နေကြပြီး ပန်းအိုးများစွာ ပျက်စီးသွားခဲ့သည်။ တိုင်ဖွန်းမုန်တိုင်း ဖြတ်သွားသလိုမျိုး ကျောင်းဝင်းတစ်ခုလုံး ရှုပ်ပွနေသည်။


မနက် 6:30 မှာ မိုးစဲသွားသည်။


ဤအချိန်တွင် လူနှစ်ဦးသည် သဲလွန်စများ ပိုမိုရရှိလာရန် ကျောင်းတံခါးဆီသို့ ဦးတည်သွားသင့်သည်။ သို့သော် မနေ့ညက သူတို့သည် ရှူးရှန်းအဆောက်အဦးထဲသို့ ခိုးဝင်ပြီး လုံခြုံရေးအစောင့်များကို သတိပေးသလိုဖြစ်သွားကာ ရှူးရှန်းအဆောက်အဦတံခါးကို သော့ခတ်သွားခဲ့သည်။


ရှောက်လုံသည် မနေ့ညက ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။ ခေါင်းကိုက်ခြင်းကို သက်သာစေရန် သူ့နားထင်ကို ပွတ်သပ်ပြီး မေးလိုက်သည်။

"အတန်းစတော့မယ်... ကျွန်တော်တို့ ဘယ်လိုထွက်ကြမလဲ"


ယွီဟန်ကျန်းသည် တည်ငြိမ်စွာ ပြတင်းပေါက်အပြင်ဘက်ရှိ လေအေးပေးစက်ပိုက်ကို ညွှန်ပြခဲ့သည်။ 

"ခုန်ချမယ်"


ရှောက်လုံ: "..."


Hearts လျှို့ဝှက်ခန်းတွင် ယွီဟန်ကျန်းသည် Spades ရှင်သန်ခြင်းလျှို့ဝှက်ခန်း၏သဘောထားအတိုင်း မှတ်ယူခဲ့သည်။ သူသည် ပြတင်းပေါက်ကို ရိုးရိုးရှင်းရှင်းဖွင့်ကာ ရှေ့သို့ခုန်ဆင်းလိုက်ပြီး လေအေးပေးစက်ပိုက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ 10 စင်တီမီတာသာရှိသော ပြတင်းပေါက်အစွန်းကို ခြေနှစ်ချောင်းဖြင့် နင်းပြီး တစ်ထပ်ပြီးတစ်ထပ် ဆင်းသွားခဲ့သည်။ 


ရှောက်လုံ၏နှလုံးသည် သူ့လည်ချောင်းထဲတွင် ရှိနေသည်။


အရမ်းမြင့်ကြီးပဲ... ခြေထောက်တစ်ဖက်ချော်သွားတာနဲ့ မြေပြင်ပေါ် ပြုတ်ကျမှာပေါ့...


ရှောက်လုံ၏ စိုးရိမ်စိတ်များက မလိုအပ်မှန်း သိသာလာသည်။ ယွီဟန်ကျန်းက ဒီလိုမျိုး မကြာခဏ လုပ်တတ်ပုံရသည်။ သူသည် တက်လိုက်၊ ခုန်ချလိုက်ဖြင့် အဆင်ပြေဆုံးလမ်းကြောင်းကို ရွေးလိုက်တာကြောင့် အဆောက်အဦးနဲ့ ရင်းနှီးပုံပေါ်ပြီး မြေပြင်ပေါ် မှန်မှန်ကျသွားသည်။ ထို့နောက် သူက ရှောက်လုံကို မော့ကြည့်လိုက်သည်။


ရှောက်လုံသည် အောက်ကိုငုံ့ကြည့်လိုက်ပြီး ပဉ္စမထပ်ပြတင်းပေါက်ပေါ်ကို မတက်ရဲသလို... မြေပေါ်လည်း မခုန်ချနိုင်ပေ။


ယွီဟန်ကျန်းသည် ‘အောက်ထပ်ဆင်းပြီး စောင့်နေ’ဟူသော လက်ဟန်ပြပြီး ရှူးရှန်းအဆောက်အဦးတံခါးဆီ အမြန်လျှောက်သွားသည်။


အဖွဲ့ခေါင်းဆောင်ယွီသည် ဝိုင်ယာကြိုးကို ဘယ်ကရလာမှန်း မသိပေမဲ့ တံခါးသော့ဖွင့်ဖို့ အချိန်အနည်းငယ်သာ ယူခဲ့ရသည်။ ရှောက်လုံသည် တံခါးဝတွင် စောင့်ဆိုင်းနေပြီး အဖွဲ့ခေါင်းဆောင်ယွီ တံခါးဖွင့်လိုက်တာကို မြင်ပြီးနောက် ‘ယွီဟန်ကျန်းက ရဲဖြစ်နေတာ ကံကောင်းတယ်’ဟု တွေးလိုက်မိသည်။ သူခိုးသာဖြစ်ရင် ဘယ်သူမှ သူ့ကို တားနိုင်မှာမဟုတ်ဘူး။


ယွီဟန်ကျန်းသည် ရှောက်လုံ၏ သံသယများကို မြင်ပြီး တံခါးသော့ကို ပြန်ခတ်ရင်း ရှင်းပြသည်။

"ကိုယ် ရဲသင်တန်းကျောင်းတက်တုန်းက စီနီယာတစ်ယောက်က သော့ဖွင့်ခြင်းစွမ်းရည်ကို သင်ပေးခဲ့တာ... သူက ဒီလိုအမျိုးအစားတွေကို လေ့လာရတာ နှစ်သက်တယ်"


ရှောက်လုံသည် ခေါင်းငြိမ့်လိုက်ပြီး ယွီဟန်ကျန်းနှင့် ကျောင်းတံခါးကို လျှောက်သွားရင်း အများကြီး မမေးလိုက်ဘူး။


7 နာရီလောက်မှာ ကျောင်းသားများ တစ်ယောက်ပြီး တစ်ယောက် ကျောင်းလာကြသည်။


ရှဲ့ရှင်းဟယ်သည် ယနေ့အစောကြီးရောက်လာပြီး သူ့ကျောင်းဝတ်စုံလက်မောင်းမှာ အနက်ရောင်ပိတ်စလေးတစ်ထည်ကို ချည်နှောင်ထားသည်။ အနက်ရောင်ပိတ်စသည် ကွယ်လွန်သူများကို အထိမ်းအမှတ်ပြုရန် ရည်ရွယ်ထားပြီး ၎င်းမှာ ယမန်နေ့က သေဆုံးသွားသော ရင့်ရှောင်ယာအတွက် ဖြစ်သည်မှာ ထင်ရှားသည်။


ရှောက်လုံက ဒါကို မြင်ပြီး အနည်းငယ် စိတ်ရှုပ်သွားသည်။ ရှောက်လုံ၏ ယမန်နေ့က ဝန်ခံချက်မှ သုံးသပ်ချက်အရ ရှဲ့ရှင်းဟယ်နှင့် သူမ၏ဆက်ဆံရေးက အလွန်ရိုးရှင်းပါသည်။ သို့သော် ယနေ့တွင် သူသည် အနက်ရောင် ပိတ်စကို ဝတ်ထားသောကြောင့် ရင့်ရှောင်ယာ၏ သေဆုံးမှုကို အလွန်သတိထားမိကြောင်း ဖော်ပြနေသည်။


များမကြာမီပင် ယိရူနှင့် ယွီဟွေးတို့လည်း အနက်ရောင်ပိတ်စကို လက်မောင်းများတွင် ဝတ်ဆင်လာကြသည်။


သုံးယောက်သားက ကျောင်းတံခါးမှာ တွေ့ကြသည်။


ယွီဟွေးသည် ရှဲ့ရှင်းဟယ်၏လက်မောင်းကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ 

"ရှဲ့ရှင်းဟယ်... မင်း ဒါကို ဘာအတွက်ဝတ်လာတာလဲ... ငါတို့ရှောင်ယာက မင်းရဲ့ ဂါရဝပြုမှုကို မလိုအပ်ဘူး" 


ရှဲ့ရှင်းဟယ်က ခံစားချက်မဲ့စွာ ဆိုသည်။

"ငါ့အပေါ်ထားတဲ့ မင်းရဲ့ရန်လိုမုန်းတီးမှုက ဖြေရှင်းရခက်မှန်း ငါသိတယ်... ဒါပေမဲ့ ရှောင်ယာနဲ့ ငါက အတန်းဖော်တွေဖြစ်တာ သုံးနှစ်ရှိပြီ... သူမသေဆုံးသွားတဲ့အတွက် ငါလည်း အရမ်းစိတ်မကောင်းဖြစ်ရတယ်"


ယွီဟွေးက တစ်ခုခုပြောချင်သော်လည်း ယိရူက ကြားဖြတ်ပြောလိုက်သည်။

"စကားများမနေကြနဲ့... ကျောင်းပေါက်ဝမှာ လူတွေဝိုင်းကြည့်တာကို ခံချင်လို့လား"


မနေ့က ယိရူသည် စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားပြီး ရဲများရှေ့မှာ အချိန်အတော်ကြာ ငိုကြွေးခဲ့သည်။ တစ်ညတာ စိတ်ထိန်းညှိပြီးနောက် ပုံမှန်ပြန်ဖြစ်ခဲ့သော်လည်း သူမမျက်လုံးအောက်တွင် ညိုမဲနေပြီး ပင်ပန်းနေပုံရသည်။


ယွီဟွေးက အေးစက်စွာ ရှေ့သို့ လျှောက်သွားသည်။


လူသုံးဦးသည် ချုံဝမ်အဆောက်အဦးထဲသို့ တညီတညွတ်တည်း ဝင်ရောက်လာကာ လမ်းမှာ တိတ်ဆိတ်သွားခဲ့သည်။


အခြားကျောင်းသားများသည် အမှုကိစ္စနှင့် ဘာမှမဆိုင်နိုင်ပေ။ ဆွေးနွေးသည့် အကြောင်းအရာများက အဖိုးတန်အချက်အလက်များ မရှိဘူး။ ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် ထောင်ပေါင်းများစွာသော ကျောင်းသားများ၏ မျက်နှာကို မမှတ်မိကြသေးသော်လည်း ကျောင်းတံခါးမှ မထွက်ခဲ့ကြပေ။


သူတို့သည် အတန်း 3 မှ ဓာတုဗေဒဆရာမ ပေါ်လာဖို့ စောင့်နေကြသည်။


မနက် 7 နာရီ 25 မိနစ်တွင် အတန်းတက်ရန် ငါးမိနစ်အလို၌ အရပ်ရှည်ရှည် အမျိုးသမီး ဆရာမတစ်ဦးက ကျောင်းတံခါးဝကို ဖြတ်လျှောက်လာသည်။


သပ်ရပ်သော ဆံပင်တိုတိုနှင့် အနက်ရောင် ဘောင်းဘီအပွ၊ အဖြူရောင်ရှပ်အင်္ကျီ၊ ကာကီရောင်အပေါ်အင်္ကျီနှင့် ဒေါက်မြင့်ဖိနပ်တို့ကို ဝတ်ဆင်ထားသည်။ သူမသည် ပရော်ဖက်ရှင်နယ် အကသမားကဲ့သို့ လမ်းလျှောက်သည့်အခါ ပြေပြစ်သော ကိုယ်ဟန်ရှိသည်။ သူမ၏ သေးသွယ်ပြီး ဖြောင့်စင်းသော ခန္ဓာကိုယ်က သူမကို ကြော့ရှင်းစေသည်။


လုံခြုံရေးအစောင့်က သူမကို နှုတ်ဆက်သည်။ 

"ဆရာမချင် အလုပ်လာပြီလား"


ဟန်ကျီးအဆောက်အဦးထဲသို့ မဝင်မီ လုံခြုံရေးအစောင့်ကို နှုတ်ဆက်စဉ် အမျိုးသမီးဆရာမက ပြုံးပြလိုက်သည်။


ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် ချက်ချင်းပင် သတိရှိလာကြသည်။


လုံခြုံရေးအစောင့်က ဆရာမချင်ကို အထူးတလည် နှုတ်ဆက်ခဲ့ပြီး ဒါဟာ မနေ့က ခွင့်ယူထားခဲ့သော ဓာတုဗေဒဆရာမဖြစ်ကြောင်း စိန်ခေါ်သူများကို သတိပေးနေပုံရသည်။


ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် သူမကို အလျင်အမြန် လိုက်မီလိုက်ကြသည်။


သူမသည် ဟန်ကျီးအဆောက်အဦး၏ တတိယထပ်ရှိ ဓာတုဗေဒရုံးခန်းသို့ တိုက်ရိုက်သွားခဲ့သည်။ သူမရုံးခန်းထဲဝင်သွားသည်နှင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောလေသည်။

"ဝေးဝေး... နင် မနေ့က ခွင့်ယူထားတာ တကယ်ကံကောင်းသွားတယ်... နင် မသိသေးဘူးမလား... အတန်း 3 မှာ အဆောက်အဦးအပေါ်ကနေ ခုန်ချသတ်သေသွားတဲ့ ကျောင်းသူတစ်ယောက်ရှိခဲ့တယ်"


ချင်ဝေးဝေးသည် အံ့အားသင့်သွားပြီး ချက်ချင်းပြန်လှည့်သွားသည်။ 

"ဘာ... ဘယ်သူခုန်ချတာလဲ"


သူမ၏လုပ်ဖော်ကိုင်ဖက်က ပြောသည်။

"အဲဒီကောင်မလေးက ဒီလစာမေးပွဲမှာ နောက်ဆုံးရခဲ့တဲ့ ရင့်ရှောင်ယာဖြစ်နိုင်တယ်"


ချင်ဝေးဝေး၏ မျက်နှာက ထိတ်လန့်မှုဖြင့် ပြည့်နှက်နေသည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... အဲဒီကောင်မလေးက အရမ်းစာကြိုးစားတာ မှတ်မိပါသေးတယ်... သူမ ဒီတစ်ခေါက် မလုပ်နိုင်ဘူးဆိုတာကလည်း မတော်တဆတစ်ခုပါပဲ... ငါတောင် သူမကို အားပေးချင်ခဲ့တာ... ဆိုးရွားတဲ့စာမေးပွဲရလဒ်ကြောင့် ကိုယ့်ကိုယ်ကိုယ်တော့ သတ်သေဖို့မလိုဘူးမလား"


ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် ဆရာများအဖြစ် ဖြတ်သွားဟန်ဆောင်ကာ ရုံးတွင်း အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။


ဓာတုဗေဒဆရာမ ချင်ဝေးဝေးသည် ပထမတန်းစားသရုပ်ဆောင်စွမ်းရည်ရှိတာလား ဒါမှမဟုတ် အမှန်တကယ် အပြစ်ကင်းတာလား မသိရပေ။ ထို့အပြင် ရင့်ရှောင်ယာ အဆောက်အဦးမှ ခုန်ချသည့်အကြောင်းကို သူမသိသလား မသိဘူးလားဆိုတာ ကောက်ချက်မချနိုင်ခဲ့ကြပေ။ ဒီနေ့တော့ ရဲများက လာရောက်စုံစမ်းဖို့ သေချာပါသည်။


အတန်း 3 ၏ မနက်ပိုင်းအတန်းသည် ဘာသာစကားသင်တန်းဖြစ်ပြီး ဆရာက လူတိုင်းကို နာရီဝက်စာ စာကျက်ခိုင်းသည်။


8:10 မှာ ပထမတန်းက ဓာတုဗေဒအတန်းဖြစ်သည်။ ချင်ဝေးဝေးသည် သူမ၏ သင်ထောက်ကူပစ္စည်းများကို ပြင်ဆင်ပြီး အတန်း 3 ဆီသို့သွားရန် ရုံးခန်းမှ ထွက်လာခဲ့သည်။ ယွီဟန်ကျန်းနှင့် ရှောက်လုံတို့သည် ရုံးခန်းနှင့် ဆန့်ကျင်ဘက် သန့်စင်ခန်းမှ ထွက်လာပြီး သူမ၏ နောက်ကျောကို ကြည့်လိုက်သည်။ ယွီဟန်ကျန်းက တိုးတိုးလေးပြောသည်။

"မင်းက ချင်ဝေးဝေးနောက်လိုက်သွားလိုက်... ကိုယ်က ကျောင်းတံခါးဝမှာ ရဲတွေကို သွားစောင့်ပြီး နောက်မှလာတွေ့မယ်"


ရှောက်လုံက ခေါင်းငြိမ့်လိုက်ပြီး ချင်ဝေးဝေး နောက်ကို တိတ်တဆိတ် လိုက်သွားသည်။


စာသင်ချိန်အတွင်း လေဝင်စင်္ကြံ၌ ဆရာ၊ဆရာမများ အသွားအလာရှိနေကြသည်။ သူမ နောက်မှ ရှောက်လုံကို သတိမထားမိဘူး။


ချင်ဝေးဝေးသည် စာသင်ခန်းထဲသို့ သင်ကြားရေးစာအုပ်ဖြင့် ဝင်သွားသည်။ သူမသည် မနေ့က ရင့်ရှောင်ယာ ပြုတ်ကျသော အဖြစ်အပျက်ကို မတွေ့ကြုံခဲ့ရလို့လား ဒါမှမဟုတ် သူမ၏ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးက သန်မာလွန်းတာကြောင့်လား ရှောက်လုံမသိပေ။ ဒီအတန်းကို သူမသည် အလေးအနက် သင်ကြားပေးခဲ့ပြီး ကျောင်းသားတော်တော်များများပင် စိတ်ရှုပ်သွားကြသည်။ သူမသည် သူမ၏အလုပ်ကို လုပ်ဆောင်ပြီး ဤအတန်းကို ပြီးမြောက်ခဲ့သည်။


ရှောက်လုံလည်း ဆရာတစ်ဦးဖြစ်သည်။ သက်တူရွယ်တူတစ်ဦး၏ရှုထောင့်မှကြည့်လျှင် ဤဆရာမချင်သည် ပထမတန်းစားအဆင့်တွင်ရှိသည်။ သူမ၏ မြေဖြူနဲ့ စာရေးတာ အလွန်ကောင်းသလို သူမသည် အတန်းထဲတွင် မည်သည့်အခါမှ ရိုင်းစိုင်းသောစကားမပြောဘဲ သင်ခန်းစာများကို ကောင်းမွန်စွာပြင်ဆင်တတ်သည်— 45 မိနစ်စာ အတန်းကို ရှင်းလင်းစွာစီစဉ်ထားသည်။ ဦးစားပေးများကို ရှင်းလင်းပြီး သရုပ်ပြအတန်းအဖြစ် တိုက်ရိုက်နီးပါးအသုံးပြုနိုင်သည့် အဓိကအသိပညာကို ရှင်းလင်းစွာရှင်းပြခဲ့သည်။


ရှောက်လုံသည် သံသယစိတ်ဖြင့် သူ့မေးစေ့ကိုထိကာ... ဒီလိုဆရာမက တကယ်ပဲရက်စက်တဲ့ လူသတ်သမားလား...


***


ထိုအချိန်တွင် ယွီဟန်ကျန်းသည် သစ်ပင်တစ်ပင်၏အနောက်တွင် ရပ်နေပြီး ကျောင်းတံခါးဆီသို့ စိုက်ကြည့်နေသည်။


ရဲများ တကယ်ရောက်လာသည်။


ဒီနေ့ရောက်လာသော ရဲလေးဦးသည် မနေ့ကနဲ့ အတူတူပါပဲ။ မှုခင်းဆရာဝန်က အလောင်းကို မနေ့က ပြန်သွားခဲ့ပြီး သေဆုံးရသည့် အကြောင်းရင်းကို ခွဲစိတ်စစ်ဆေးမှုနဲ့ အတည်ပြုခဲ့သည်။ အချက်အလက်အားလုံးကို ရဲတပ်ဖွဲ့ထံ ပေးအပ်ခဲ့ပြီး ရဲအရာရှိများက သဲလွန်စများစွာဖြင့် ရောက်ရှိလာခဲ့သည်။


သူတို့သည် ကျောင်းအုပ်ကြီးကို ဦးစွာရှာဖွေပြီး ဟန်ကျီးအဆောက်အဦးရှိ ရုံးခန်းတစ်ခုတွင် စီစဉ်ခဲ့သည်။ ထို့နောက် အတန်း 3 ၏ PE ဆရာနှင့် မနေ့က တာဝန်ကျသော လုံခြုံရေး အစောင့်ကို ခေါ်ခဲ့သည်။


ယွီဟန်ကျန်းသည် ကိုယ်ပျောက်ဝတ်ရုံ ဝတ်ပြီး နားထောင်ဖို့ ဝင်လာချိန်မှာတော့ ရုံးခန်းတံခါးပိတ်တော့မည်။


ရဲများက အသံဖမ်းစက်ကိုဖွင့်ပြီး အသံဖမ်းနေစဉ် PE ဆရာကို မေးသည်။

"မနေ့က PE အတန်းမှာ ရင့်ရှောင်ယာ အခင်းဖြစ်တုန်းက ဘယ်သူက ခင်ဗျားကို ဖုန်းခေါ်ခဲ့တာလဲ"


PE ဆရာက အံ့အားသင့်သွားပြီ အလျင်အမြန် ပြန်ဖြေသည်။

"အဲဒါက ဆရာမချင်ပါ... သူမက ကျွန်တော်နဲ့ အတန်းပြောင်းတာမလား... သူမက တပည့်တွေအခြေအနေ ဘယ်လိုရှိလဲသိချင်လို့ပါ... သူမ ဘယ်ရောက်နေလဲမေးလိုက်တော့ သူမအဖေကို ဆေးစစ်ဖို့ ဆေးရုံခေါ်သွားတော့မယ်လို့ ပြောခဲ့တယ်"


"ဆရာမချင်နဲ့ ရင်းနှီးတာလား... မနေ့က သူမကို တွေ့ခဲ့သေးလား"


"ကျွန်တော်တို့ အရမ်းရင်းနှီးပါတယ်... လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဒီကျောင်းမှာ တာဝန်ကျပြီး အတန်းအတူတူ သင်လေ့ရှိတယ်... ဒါကြောင့် တစ်ခုခုဖြစ်ရင် သူမက ကျွန်တော်နဲ့ အတန်းပြောင်းလေ့ရှိတယ်" PE ဆရာက ခဏရပ်ကာ ဆက်ပြောသည်။ "သူမ မနေ့က ခွင့်ယူပြီးတော့ ကျွန်တော် သူမကို မတွေ့ခဲ့ဘူး"


"သူမကို ဘယ်လိုလူလို့ထင်လဲ"


"သူမက အရမ်းသတိကြီးတယ်... ဂရုစိုက်တယ်... လှတယ်... ဆရာမချင်က ကျောင်းမှာ အရမ်းနာမည်ကြီးတယ်"


အဲဒီနောက် ရဲက လုံခြုံရေးအစောင့်ကို ခေါ်ပြီး မေးခွန်းတချို့ မေးသည်။ 

"မနေ့က ဆရာမချင်ကိုတွေ့လား"


လုံခြုံရေးအစောင့်က အံ့အားသင့်စွာ ကြည့်လာသည်။ 

"ကျွန်တော် သူမကို မတွေ့ခဲ့ဘူး... သူမ ခွင့်ယူထားတာမဟုတ်ဘူးလား... ဒီမနက်မှ အလုပ်ဆင်းတာ တွေ့ခဲ့တာ"


"ဟန်ကျီးအဆောက်အဦးခေါင်မိုးရဲ့ သော့တွေက ခင်ဗျားလက်ထဲမှာပဲ ရှိတာမလား... ခင်ဗျား သူတို့ကို အခြားတစ်ယောက်ဆီ ငှားဖူးလား"


"ဟင့်အင်း..." လုံခြုံရေးအစောင့်က ရုတ်တရက် တစ်ခုခုကို တွေးပြီး ဖြောင့်ချက်ပေးသည်။ "ဒါပေမဲ့ ပြီးခဲ့တဲ့လက ကျောင်းကိုလှည့်ကြည့်တဲ့အခါ သော့တစ်တွဲလုံး မတော်တဆပြုတ်ကျသွားတယ်... ဆရာမချင်က အဲဒါကို ကောက်ယူပြီး ကျွန်တော့်ဆီ ပြန်လာပေးတယ်"


ရဲနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်သည်။ "ဆရာမချင်ဆိုတာ သေချာလား"


"သေချာပါတယ်... သူမက ကျွန်တော့်ဆီ သော့တွဲလာပေးပြီး ကျေးဇူးတင်တဲ့အနေနဲ့ ထမင်းတစ်နပ်ကျွေးလိုက်သေးတယ်"


အမှုနဲ့ပတ်သက်သော လူများက တံခါးအပြင်ကို ထွက်သွားကြပြီး ရဲအရာရှိနှစ်ယောက်က အချင်းချင်း တီးတိုးပြောကြသည်။


အဖွဲ့ခေါင်းဆောင်က ပြောသည်။

"ဒီဆရာမချင်မှာ ပြဿနာကြီးတစ်ခုရှိနေပြီ... စောင့်ကြည့်ရေးကင်မရာက အချက်အလက်ကို မနေ့က ပြန်ယူခဲ့ပြီး အခင်းဖြစ်ပွားချိန်မှာ သူမက ကျောင်းမှာရှိနေခဲ့တာကို တွေ့ရှိခဲ့တယ်... အဲဒါက သူမလိမ်ကြောင်း သက်သေပြနေတာပဲ... သူမက လုံခြုံရေးအစောင့်ဆီ သော့ပြန်ပေးခဲ့ပြီး သေဆုံးသူကို organic phosphates အဆိပ်သင့်စေခဲ့တယ်... သူမက ပြီးခဲ့အပတ်က organic phosphates တချို့ကို ဝယ်ယူခဲ့တယ်"


ရဲအမျိုးသမီးက ပြောသည်။

"ယွီဟွေးရဲ့ ချောကလက်ထဲမှာ အဆိပ်တွေ့တယ်... ယွီဟွေးလည်း အရမ်းသံသယဖြစ်စရာပဲ"


"ယွီဟွေးက ဘာပြဿနာမှ မရှိနိုင်ဘူး... ချောကလက်အလဲခံရတာ ဖြစ်နိုင်တယ်... နောက်မှ သူတို့ကို ပြန်စစ်ဆေးဖို့ ခေါ်လိုက်မယ်"


ထိုအချိန်တွင် ရဲတစ်ဦးသည် တံခါးကိုတွန်းဖွင့်ကာ လက်ထဲတွင် organic phosphates ပုလင်းနှင့် လက်မှတ်စာအုပ်တစ်အုပ်ကို ကိုင်ထားသည်။


ရဲအရာရှိငယ်က ပြောသည်။

"ခေါင်းဆောင် ဓာတုဗေဒဓာတ်ခွဲခန်းမှာ အဆိပ်ကို ကျွန်တော်တွေ့ခဲ့တယ်"


အဖွဲ့ခေါင်းဆောင်က သူ့ကို လှမ်းကြည့်သည်။ 

"မင်းတို့နှစ်ယောက်က အတန်း 3 ကို ချက်ချင်း သွားလိုက်... အတန်းပြီးတာနဲ့ သံသယရှိသူ 3 ယောက်ဖြစ်တဲ့ ချင်ဝေးဝေး၊ ယွီဟွေးနဲ့ ရှဲ့ရှင်းဟယ်တို့ကို ခေါ်လိုက်"


ယွီဟန်ကျန်း၏ ကိုယ်ပျောက်ဝတ်ရုံအချိန်က ကုန်ဆုံးသွားခဲ့ပြီး ရုံးခန်းမှထွက်ကာ အတန်း 3 သို့ အမြန်ပြန်လာခဲ့ရသည်။


ရှောက်လုံသည် စာသင်ခန်းနောက်ဘက်တွင် ခိုးနားထောင်နေပြီး ယွီဟန်ကျန်းက သူ့နားထဲတွင် တိုးတိုးလေးပြောလိုက်သည်။

"ရဲတွေရောက်လာပြီး သံသယရှိသူတွေကို အတန်းပြီးရင် ခေါ်လိမ့်မယ်... စစ်ဆေးမေးမြန်းတာကို နားထောင်ဖို့ ကြိုတင်ပြင်ဆင်ထားလိုက်... ကိုယ် မင်းကို အပြင်ကနေ ကာထားပေးမယ်"


ရှောက်လုံသည် ခေါင်းငြိမ့်ပြပြီး အဖွဲ့ခေါင်းဆောင်ယွီနှင့်အတူ ဟန်ကျီးအဆောက်အဦးသို့ ပြန်သွားခဲ့သည်။


သူတို့နှစ်ယောက်သည် သန့်စင်ခန်းထဲမှာ ပုန်းနေကြပြီး ယွီဟန်ကျန်းသည် ရှောက်လုံအား ကြားလိုက်ရသော စကားများကို ထပ်ခါတလဲလဲ ပြောခဲ့သည်။ သံသယရှိသူများကို ရောက်လာသည်နှင့် ရှောက်လုံသည် ကိုယ်ပျောက်ဝတ်ရုံကို ချက်ချင်းဝတ်ကာ သံသယရှိသူများအား စစ်ဆေးမေးမြန်းခန်းထဲသို့ လိုက်သွားခဲ့သည်။


ပထမဆုံးမေးခွန်းထုတ်ခံရသူမှာ ယွီဟွေး ဖြစ်သည်။


ယွီဟွေးက ရဲအရာရှိကို မျက်မှောင်ကြုတ်လိုက်သည်။

"ရဲအရာရှိ... ခင်ဗျား မနေ့က မေးခွန်းတွေ မေးခဲ့ပြီးပြီမဟုတ်ဘူးလား... နောက်ထပ်ဘာထပ်မေးချင်လို့လဲ"


"မင်းရဲ့ချောကလက်ဘူးက organic phosphates အဆိပ်နဲ့ ပြည့်နေတယ်... ဒါကို မင်းဘယ်လိုရှင်းပြမလဲ"


ယွီဟွေးက ထိတ်လန့်သွားသည်။ "ဘာ..."


သူသည် အချိန်အတော်ကြာ ထိတ်လန့်သွားပြီး နောက်ဆုံးတွင် တုံ့ပြန်လာခဲ့သည်။

"ခင်ဗျား ကျွန်တော် ရှောင်ယာကို အဆိပ်ခတ်တယ်လို့ ထင်နေတာလား... လခွမ်း... ခင်ဗျားလာနောက်နေတာလား... ကျွန်တော်က သူမကို ညီမလေးတစ်ယောက်လို ဆက်ဆံခဲ့တာ... အဲဒီချောကလက်တွေက အလဲခံထားရတာဖြစ်လိမ့်မယ်"


ရဲအရာရှိ: "မင်းတို့က မောင်နှမတွေဖြစ်ပြီး လူတွေ မင်းတို့ကို ချစ်ကြိုက်နေတယ်ဆိုပြီး အထင်လွဲအောင်လုပ်မဲ့အစား ဘာလို့ ဆက်ဆံရေးကို ထုတ်ဖော်မပြတာလဲ"


ယွီဟွေးက ဒေါသထွက်စွာ သူ့ဆံပင်ကို လှမ်းဆွဲလိုက်သည်။

"ကျွန်တော်က သူမထက် သုံးရက်ပဲပိုကြီးတာ... ဒီကောင်မလေးက ငယ်ငယ်လေးကတည်းက ကျွန်တော့်ကို အစ်ကိုလို့မခေါ်ဘူး... ကျွန်တော်တို့က အတန်းလည်းတူနေတော့ ကျွန်တော်တို့က မောင်နှမတွေဆိုတာ ကျောင်းသားတွေသိအောင်ပြောရမှာ ရှက်လို့... ဒါကြောင့် ကျောင်းမှာ ကျွန်တော့်က အချင်းချင်း နာမည်တွေပဲခေါ်ကြပေမဲ့ အထင်လွဲမယ်လို့ မထင်ထားဘူး"


ရဲအရာရှိ: "သူမက ငယ်ငယ်ကတည်းက မင်းအိမ်မှာ နေတာလား... မင်းတို့ရဲ့ဆက်ဆံရေးက ဘယ်လိုလဲ"


ယွီဟွေး: "သူမမိဘတွေက သူမအသက်ခုနစ်နစ်အရွယ်မှာ ကွာရှင်းခဲ့ကြတာ... သူတို့က လယ်ကွင်းထဲမှာ အလုပ်လုပ်ပြီး သူမကို ဂရုမစိုက်ဘူး... သူမကို ပြုစုစောင့်ရှောက်ဖို့ ကျွန်တော့်အိမ်မှာ ထားခဲ့ပြီး ကျွန်တော်တို့နှစ်ယောက်က အတူတူကြီးပြင်းလာခဲ့တာ... ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးက မောင်နှမအရင်းတွေထက်တောင် ပိုရင်းနှီးသေးတယ်"


သူက ခေတ္တရပ်လိုက်ပြီး ဆက်ပြောသည်။

"အဲဒါကြောင့် ရှောင်ယာရဲ့ သေကြောင်းကြံစည်မှုမှတ်စုက သူမရေးခဲ့တာ လုံးဝမဖြစ်နိုင်ဘူး... သူမက ကိုယ့်ကိုယ်ကိုယ်သာ သတ်သေမယ်ဆိုရင် သူမ တောင်းပန်ရမဲ့လူတွေက သူမမိဘတွေမဟုတ်ဘဲ ကျွန်တော့်မိဘတွေဖြစ်ရမှာ"


ရဲအရာရှိ: "မင်းရဲ့ချောကလက်တွေကို အခြားလူတွေ ထိဖူးလား"


ယွီဟွေး: "ကျွန်တော့်မသိဘူး... ပြီးခဲ့တဲ့အပတ်က စူပါမားကတ်မှာ ချောကလက်တစ်ဘူးဝယ်ပြီး အိတ်ထဲမှာ တစ်ပတ်လောက်ထားခဲ့တယ်"


ရဲအရာရှိ: "စားဖို့အတွက် ရင့်ရှောင်ယာကို မင်းပေးခဲ့ဖူးလား"


ယွီဟွေးက သေသေချာချာတွေးသည်။ 

"မနေ့ကပြေးတုန်းက ချောကလက်တစ်ခု ပေးခဲ့တယ်"


"သူမ မနေ့က ဘာလို့ကျောင်းနောက်ကျနေတာလဲ"


"သူမအမေက ချက်ချင်းပြန်လာပြီး သူမ 18 နှစ်ပြည့်မွေးနေ့အတွက် လက်ဆောင်အဖြစ် ဖုန်းဝယ်ပေးခဲ့တယ်... သူမက အရမ်းပျော်ပြီး ညဘက်မှာ သူမအမေနဲ့ လိုက်သွားပြီးတော့ အိမ်မပြန်ခဲ့ဘူး... ကျွန်တော်တို့က ကျောင်းကို အတူတူသွားနေကြဖြစ်ပြီး ရှောင်ယာကလည်း အမြဲတမ်း စောစောနိုးလေ့ရှိတယ်... အဲဒီနေ့က သူမ နောက်ကျနေတာကြောင့် ကျွန်တော်လည်း အရမ်းအံ့ဩသွားတယ်"


ရဲအရာရှိက ယွီဟွေးကို ပြန်လွတ်လိုက်သည်။ သူ့မှာ သတ်ဖို့ ရည်ရွယ်ချက်မရှိသလို အဆိပ်နဲ့ ဆက်စပ်မှုလည်း မရှိဘူး။ ထို့ကြောင့် ချောကလက်များသည် သူ့လက်မှ ထွက်လာခဲ့သော်လည်း သူ၏သံသယမှာ အနည်းငယ်မျှသာ ဖြစ်သည်။


ပို၍သံသယဖြစ်စရာမှာ စမ်းသပ်ခန်းတွင် စစ်ဆေးသူအဖြစ် ရေးထိုးထားသည့် ရှဲ့ရှင်းဟယ်နှင့် အဆိပ်တိုက်ရိုက်ဝယ်ယူခဲ့သော ဓာတုဗေဒဆရာမတို့ဖြစ်သည်။


#TK