အပိုင်း ၇၉
Viewers 29k

Chapter 79


ရှအန်း ယနေ့လုပ်ခဲ့သည်များက သူမထင်ထားသည်ထက် အောင်မြင်နေခဲ့သည်။


အိမ်‌ပြန်ရောက်သည့်အခါ ဖုရှန်းနှင့် ပတ်သက်သည့်ကိစ္စများကို ခေါင်းထဲမထည့်ထားတော့ပေ။


မည်သို့ ပိုက်ဆံများများရရန် ကြံစည်ရမည်ကိုသာ တွေးနေမိသည်။


ယခင်က သူမ ကလေးတစ်ယောက်ကို မစောင့်ရှောက်ဖူးသောကြောင့် သူမသားလေးအတွက် ကျောင်းကောင်းကောင်းရှာပေးခဲ့သည်။ ထိုအခါမှ ကလေးတစ်ယောက်ကို ပျိုးထောင်ရခြင်းက ငွေကုန်ကြေးကျများကြောင်း သိလာခဲ့သည်။


သူမချစ်သောသားလေးအတွက် မူလတန်းကျောင်းသည်ပင် ‌ယွမ်နှစ်သိန်းအထက် ကုန်ကျနေ‌သည်။ 


ပြီးရင် အလယ်တန်းကျောင်းနဲ့ အထက်တန်းကျောင်း တက်ရဦးမှာပဲ ...


ပိုက်ဆံရှာဖို့ အလုပ်များများလုပ်ရတော့မယ် ...


ပိုက်ဆံရှာမည့်အကြောင်းတွေးသောအခါ ယခင်တစ်ခေါက်က အယ်လန်ပြောပြထားသည်ကို သတိရသွားသည်။


" ဟုတ်သားပဲ ... ငါဘာလို့ သူ့ကိုမေ့နေပါလိမ့် ..."

ရှအန်း ရေရွတ်လိုက်သည်။  ဖုန်းထုတ်၍ မက်ဆေ့ထဲဝင်ကာ အယ်လန်ပို့ထားသည့်မက်ဆေ့ကိုရှာနေသည်။


ကံဆိုးစွာဖြင့် အယ်လန်က သူမရိုက်ကူးရေးလုပ်နေစဉ်တွင် မက်ဆေ့ပို့ခဲ့သည်။


အစီအစဉ်ကို ရိုက်ကူးပြီးသွားသည့်အခါ ရှအန်း အသေးအဖွဲ့ကိစ္စများစွာကို ဆက်လက်လုပ်ဆောင်နေရသေးသဖြင့် စာပြန်ရန် မေ့သွားခဲ့သည်။


ယခု သူမ ငွေလိုနေသောကြောင့် အယ်လန့်ကို ပြတ်သားစွာ မက်ဆေ့ပို့လိုက်သည်။


[ အယ်လန် “Come on Challenger” ဒုတိယပိုင်း ရိုက်ပြီးတဲ့အထိ ကျွန်မကိုစောင့်ပါဦး ... ပြီးရင် ဓာတ်ပုံရိုက်ဖို့လာခဲ့မယ် ]


ရှအန်း စာပြန်လိုက်ပြီးနောက် ဖုန်းကိုဘေးတွင်ပစ်ချကာ ဆေးကြောသန့်စင်ပြီး အိပ်ရန်ပြင်လိုက်သည်။ 


ရက်အနည်းငယ်ကြာသောအခါ ရိုက်ကူးရေးပြန်စမည်ဖြစ်သည်။


ရုတ်တရက် ရှအန်းတွင် စွမ်းအင်များ တိုးပွားလာသည်။ 


ရိုက်ကူးရေးအဖွဲ့၏ လက်ထောက်တစ်ယောက်က သူမကို ဒုတိယပိုင်းအကြောင်းပြောပြစဉ်က ရှအန်း စကားမပြောနိုင် ဖြစ်သွားခဲ့ရသည်။


ဒုတိယပိုင်း၏ခေါင်းစဉ်က သူမရှုံးရန်အတွက် ဟန်ယွဲ့ကြံစည်ထားခြင်းဖြစ်သည်ကို သိလိုက်သည်။


သို့ရာတွင် ဉာဏ်ရည်ဉာဏ်သွေးကို အခြေခံထားသည့် ဒုတိယပိုင်းကို သူမ မကြောက်ရွံ့ပေ။


ရေချိုးပြီးနောက် ညဝတ်အင်္ကျီဝတ်ကာ အိပ်ခန်းထဲသို့ ပြန်ဝင်လာသည်။ လိမ်လိမ်မာမာ အိပ်နေရမည့် အကောင်ပေါက်လေးက နိုးနေသည်။


အကောင်ပေါက်လေးက သူအိပ်ချိန်၌ အမြဲဆွဲထားသည့် ကျောက်စိမ်းလည်ဆွဲကိုချွတ်ပြီး သူမခေါင်းအုံးပေါ် တင်ထားသည်။


ရှအန်း ခုတင်ပေါ်တက်သွားကာ နူးညံ့စွာမေးလိုက်သည်။

" ရှောင်ရှင်း ဘာလို့ မအိပ်သေးတာလဲ ..."


အကောင်ပေါက်လေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြ၍ ခုတင်ပေါ်မှထလာသည်။ သူမခေါင်းအုံးပေါ်မှ ကျောက်စိမ်းလည်ဆွဲကို ညွှန်ပြပြီး ပြောလိုက်သည်။


" မာမား သားဒါကိုမဝတ်ချင်ဘူး ... မဝတ်လို့ရလားဟင် ..."


" မဝတ်ချင်ဘူးလား ... ဘာလို့လဲ ..."


သူ၏ ခန္ဓာကိုယ်က ကြံ့ခိုင်နေပြီဖြစ်သည်။ သို့သော် ကောင်းသည့်ကိစ္စများစွာ ဖြစ်လာနိုင်သည့်အတွက် သူ့ကို ဆက်လက်ဝတ်ဆင်ခိုင်းထားခြင်းဖြစ်သည်။


အကောင်ပေါက်လေးက တွန့်‌ဆုတ်နေပြီး ခဏအကြာတွင် ရေရွတ်လိုက်သည်။

" သား အဲ့ဒါကိုဝတ်တိုင်း အိမ်မက်ဆိုးတွေမက်တယ် ..."


ရှအန်း သူမအိမ်မက်မက်ခဲ့သည့် နဂါးကို ရုတ်ချည်း တွေးမိသွားသည်။


ထို့ကြောင့် သူ၏အိမ်မက်ဆိုးကို သူမ ဂရုမစိုက်ခဲ့မိခြင်းဖြစ်သည်။ အကောင်ပေါက်လေး၏အိမ်မက်က သူမနှင့် ဆင်တူနေသောကြောင့် သူအလွန်ကြောက်နေခြင်းဖြစ်လိမ့်မည်။


ဒါဆိုလည်း –


" ဒီနေ့ကစပြီး ရှောင်ရှင်းက နေ့ဘက်မှာပဲဆွဲနော် မာမားက ညဘက်မှ ဒါကိုဆွဲပြီ အိပ်လိုက်မယ် ..."

ရှအန်းက အကောင်ပေါက်လေး၏ခေါင်းကို ပွတ်ပေးပြီးပြောလိုက်သည်။ ထို့နောက်တွင် ခေါင်းအုံးပေါ်မှ ကျောက်စိမ်းလည်ဆွဲကို သူမလည်ပင်းတွင် ဝတ်လိုက်သည်။


" ဒါပေမဲ့ မာမားအိမ်မက်ဆိုးတွေမက်ရင် ဘယ်လိုလုပ်မလဲ ..."


" မာမားက လူကြီးလေ ... လူကြီးဆိုတော့ အိမ်မက်ဆိုးမမက်ဘူး ..."


  …


ထိုညတွင် လရောင်က ပြတင်းပေါက်မှတစ်ဆင့် အိပ်ခန်းထဲ ထိုးဖောက်ဝင်လာသည်။


လည်ဆွဲကို ညအချိန်၌ ကြာမြင့်စွာ မဝတ်ဆင်ခဲ့သောရှအန်းက ထိုညတွင် အဖြူရောင်မြူနှင်းများကို အိမ်မက်မက်ခဲ့သည်။


သို့သော် ဤတစ်ကြိမ်တွင် အိမ်မက်ထဲမှ မြူနှင်းများ အတော်များများက ပျောက်ကွယ်သွားသဖြင့် သူမ အံ့ဩနေသည်။ မကြာမီ အဖြူရောင် မြူနှင်းများ လုံးဝပျောက်ကွယ်သွားသည်။



ထူးဆန်းလိုက်တာ ... ဘာကိုဆိုလိုတာလဲ ... 


အဖြူရောင်မြူတွေ ဘာဖြစ်သွားတာလဲ ...


ပျောက်ကွယ်သွားသော မြူများကိုကြည့်၍ တစ်စုံတစ်ရာဖြစ်ပေါ်လာတော့မည်ကို သူမ ခံစားမိနေသည်။


" ဟေး ..."


" ရှအန်း ဒီရှိုးရဲ့ ရိုက်ကူးရေးက အချိန်ဇယားထက်ပိုစောမယ် ... ခရီးဆောင်အိတ် မြန်မြန်ပြင်ထား ... ငါအခုပဲ မင်းကို လာခေါ်မယ် ..."


" ဘာ ... ရိုက်ကူးရေးကို စောလုပ်မယ်ပေါ့ ... ဘာလို့လဲ ..."


" ဘာလို့လဲဆိုတော့ ရှိုးကိုအချိန်စောပြီး ထုတ်လွှင့်မှာမို့လေ ..."