Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း
Chapter 38 (3 of Hearts – ကတ်ဆွဲခြင်း)
3 of Hearts လျှို့ဝှက်ခန်း ဇာတ်ကွက်ကို မြင်ပြီးနောက် ရှောက်လုံ၏ နှလုံးသားသည် အချိန်အတော်ကြာအောင် မငြိမ်သက်နိုင်ခဲ့ပေ။ နောက်ဆုံးတွင် ရှဲ့ရှင်းဟယ်၏ အဆိုအရ စစ်းဟန်နှင့် ရင့်ရှောင်ယာတို့သည် အပြစ်အကင်းဆုံးဖြစ်ပြီး ကျန်းချင်ကတော့ အလွန်ဆန့်ကျင်ဘက်ဖြစ်သည်။ သူမသည် သနားစရာ၊ ဝမ်းနည်းစရာကောင်းပေမဲ့ မုန်းတီးစရာလည်း ကောင်းသည်။ သူမ၏နှလုံးသားသည် မုန်းတီးမှုဖြင့် ပျက်စီးသွားခဲ့ပြီး နောက်ဆုံးက သူမက သူမအရွံရှာဆုံးသူ ဖြစ်လာခဲ့သည်။ သေဒဏ်က သူမအတွက် အကောင်းဆုံးအဆုံးသတ်ပဲ။
သို့သော်လည်း ရှဲ့ရှင်းဟယ်က ရဲအရာရှိဖြစ်လာမယ်လို့ ရှောက်လုံ မမျှော်လင့်ခဲ့ပေ။ သူ့ဇာတ်လမ်းနောက်ဆက်တွဲ ရှိနေသလား။
2 of Hearts တွင် လူသတ်သမား ကျောက်စန်းသည် သူ့ဝမ်းကွဲ၏အလောင်းနှင့်အတူ ထွက်ခွာသွားတာကို သူမှတ်မိသည်။ ရှောက်လုံသည် A of Hearts ကိုကြည့်၍ မေးလိုက်သည်။
"နောင်အခါ ကျောက်စန်းနဲ့ ငါ တွေ့ဆုံနိုင်တယ်လို့ မင်းပြောခဲ့တာကို ငါမှတ်မိတယ်… ဒါဆို အနာဂတ် လျှို့ဝှက်ခန်းတွေမှာ ရဲဖြစ်လာတဲ့ ရှဲ့ရှင်းဟယ်နဲ့ ငါတို့ တွေ့ဆုံနိုင်မှာလား"
A of Hearts ကပြုံးလိုက်သည်။
"ကျောက်စန်းနဲ့ ရှဲ့ရှင်းဟယ် ဒီဇာတ်ကောင်တွေက သူတို့ရဲ့လျှို့ဝှက်ခန်းတွေရဲ့ ဇာတ်ကွက်ကို ပြီးသွားတဲ့အခါ လွတ်လပ်သူတွေဖြစ်လာလိမ့်မယ်… နင်တို့က သူတို့နဲ့တွေ့ဆုံဖို့ ဖြစ်နိုင်ခြေရှိပေမဲ့ ဖြစ်နိုင်ခြေနည်းပါတယ်"
ရှောက်လုံက တွေးဆလိုက်သည်။
"လွတ်လပ်သူလား… အဲဒါက ဘာကိုဆိုလိုတာလဲ"
"ကတ်ကမ္ဘာမှာရှိတဲ့ လူအများစုမှာ သူတို့ရဲ့ ကိုယ်ပိုင်နေထိုင်စရာ နေရာတွေ ရှိတယ်… ဥပမာအားဖြင့် ရင့်ရှောင်ယာနဲ့ ကျန်းချင်တို့က 3 of Hearts လျှို့ဝှက်ခန်းမှာ ရှိနေမှာဖြစ်တယ်… လျှို့ဝှက်ခန်းထဲမှာ မသေတဲ့သူတွေကို သတ်မှတ်ထားတဲ့လျှို့ဝှက်ခန်းထဲမှာပဲ ချုပ်နှောင်ထားမှာမဟုတ်ဘဲ အခြားလျှို့ဝှက်ခန်းတွေမှာလည်း ပေါ်လာနိုင်ပါတယ်"
နားလည်နိုင်စေရန်အတွက် A of Hearts က ဥပမာတစ်ခုပေးခဲ့သည်။
"ဥပမာ ရှဲ့ရှင်းဟယ်က 3 of Hearts လျှို့ဝှက်ခန်းရဲ့ အဆုံးမှာ ရဲသင်တန်းကျောင်းကို တက်ရောက်ခဲ့တယ်… အနာဂတ်လျှို့ဝှက်ခန်းတွေမှာ ရဲကျောင်းပတ်ဝန်းကျင် ဒါမှမဟုတ် ရဲအရာရှိတစ်ဦးပါလာရင် လျှို့ဝှက်ခန်းတိုင်းရဲ့ အချိန်စီးဆင်းမှုနှုန်းက မတူညီတာကြောင့် နင်တို့ သူနဲ့ တွေ့ဆုံနိုင်တယ်"
ရှောက်လုံက ခေါင်းငုံ့ပြီး စဉ်းစားလိုက်ပြီးနောက် သူ့ပါးစပ်ကို ဖွင့်လိုက်သည်။
"တစ်နည်းအားဖြင့် ရှဲ့ရှင်းဟယ်က 3 of Hearts မှာ အထက်တန်းကျောင်းသားဖြစ်တယ်… 4 of Hearts ဒါမှမဟုတ် 5 of Hearts မှာ သူက ရဲသင်တန်းကျောင်းမှာ ရှိနေနိုင်တယ်… ဒါဆို 7 of Hearts နဲ့ 8 of Hearts မှာ… သူက ရဲသင်တန်းကျောင်းကနေ ဘွဲ့ရပြီလား"
A of Hearts က ပြုံးပြီး ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ်"
အချိန်စီးဆင်းမှုနှုန်းကို ရှောက်လုံသည် ယခင်က ဤအယူအဆကို မြင်ဖူးသည်။ 3 of Hearts သို့ သူဝင်ရောက်လာသောအခါ 3 of Hearts ၏ အချိန်စီးဆင်းမှုနှုန်းသည် ကတ်ကမ္ဘာနှင့် ကွာခြားကြောင်း သူ့ကို ပြောပြခဲ့သည်။ 3 of Hearts ၏ တစ်ရက်က ကတ်ကမ္ဘာ၌ 10 မိနစ်နှင့် ညီမျှသည်။
အကယ်၍ လျှို့ဝှက်ခန်းတစ်ခုစီတွင် အချိန်ကို တွက်ချက်သည့်နည်းလမ်းရှိလျှင် ရှဲ့ရှင်းဟယ်နှင့် ကျောက်စန်းကဲ့သို့သော 'လွတ်လပ်သော' လူများသည် မရေမတွက်နိုင်သော လျှို့ဝှက်ခန်းများတွင် တစ်ပြိုင်နက်တည်း ပေါ်လာနိုင်မည်ဖြစ်သည်။
စောင့်ရှောက်သူက သူတို့ကို သတိပေးသည်။
"လွတ်လပ်သူတွေရဲ့ လှုပ်ရှားမှုတွေကို သူတို့ရဲ့လျှို့ဝှက်ခန်းမှာ ဇာတ်ကွက်နဲ့ ချည်နှောင်ထားတယ်… ဒါပေမဲ့ အခြားလျှို့ဝှက်ခန်းတွေမှာတော့ ငါတို့က လွတ်လပ်သူတွေကို ထိန်းချုပ်မှာမဟုတ်ဘူး… သူတို့မှာ သူတို့ရဲ့ကိုယ်ပိုင်ဆန္ဒရှိပြီး နင်တို့ ကူညီနိုင်တယ်… ဒါမှမဟုတ် နင်တို့ကို သတ်ပစ်နိုင်တယ်"
ရှောက်လုံသည် ကတ်ကမ္ဘာ၏ စည်းမျဉ်းများနှင့် သိပ်မရင်းနှီးသေးသော်လည်း သေလူများသာ သူတို့၏လျှို့ဝှက်ခန်းထဲတွင် ရှိနေနိုင်သည်မှာ သေချာသည်။ လျှို့ဝှက်ခန်းဇာတ်ကွက်ပြီးသွားသောအခါ လွတ်လပ်သူတချို့သည် ထွက်ခွာသွားနိုင်ပြီး အခြားလျှို့ဝှက်ခန်းများတွင် ပေါ်လာမည့်အခွင့်အရေးရှိသည်။
2 of Hearts တွင် လူသတ်သမား ကျောက်စန်းရှိပြီး 3 of Hearts တွင် ရဲသား ရှဲ့ရှင်းဟယ်ရှိသည်။ အနာဂတ်လျှို့ဝှက်ခန်းများတွင် စိန်ခေါ်သူများကို လွှမ်းမိုးမည့် 'လွတ်လပ်သူများ' ပိုများလာနိုင်သည်။ သူတို့သည် လျှို့ဝှက်ခန်းအတွင်း မတည်မငြိမ်ဖြစ်စေသော အကြောင်းရင်းများဖြစ်လာကာ ရှင်းလင်းရေးအခက်အခဲကို တိုးလာခြင်း သို့မဟုတ် လျော့သွားခြင်း ဖြစ်စေလိမ့်မည်။
မရေမတွက်နိုင်သော အပြိုင်လျှို့ဝှက်ခန်းများကမ္ဘာကြီးသည် အမှန်တကယ်ပင် ရှုပ်ထွေးလှသည်။
ရှောက်လုံက သူ့နားထင်များကို ပင်ပန်းစွာ ဖိလိုက်ပြီး တောင်းဆိုခဲ့သည်။
"ငါတို့က လျှို့ဝှက်ခန်းကို ပြီးပြည့်စုံစွာရှင်းလင်းခဲ့တယ်… ငါတို့က အကန့်အသတ်ကတ်ဆွဲရမှာမလား"
A of Hearts သည် သူတို့ရှေ့မှာ ရွှေရတနာသေတ္တာကို ညွှန်ပြလိုက်သည်။
"နင်တို့နှစ်ယောက်က စာချုပ်ချုပ်ထားပြီး ပြီးပြည့်စုံတဲ့ရှင်းလင်းရေးက ရတနာသေတ္တာတစ်ခုပဲ ပေးလိမ့်မယ်… ကျေးဇူးပြုပြီး ကတ်ဆွဲပါ"
ရှောက်လုံက ယွီဟန်ကျန်းကို တစ်ချက်ကြည့်လိုက်သည်။
"အဖွဲ့ခေါင်းဆောင်ယွီ သွားမလား"
ယွီဟန်ကျန်းသည် သူ့ဆွဲထားသော သေနတ်နှင့် ဖိနပ်များကို ကြည့်ပြီး ရှောက်လုံဆွဲထားသော ထောင်ယွမ်မင်နှင့် သံလိုက်အိမ်မြှောင်ကို တွေးလိုက်သည်။ သူက ပြတ်ပြတ်သားသား ပြောခဲ့သည်။ "မင်းဆွဲလိုက်"
ရှောက်လုံသည် မကန့်ကွက်ဘဲ ရှေ့သို့ တိုးကာ ရတနာသေတ္တာထဲသို့ လက်ဆန့်လိုက်သည်။
သူက ရွှေရောင် S ကတ်ကို ဆွဲထုတ်လိုက်သည်။
[S အဆင့် ရှားပါးကတ် ‘ဆင့်ခေါ်ခြင်းကတ်: စုံထောက်တီရန်ကျယ်’ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်။]
ရှောက်လုံနှင့် ယွီဟန်ကျန်းတို့ နှစ်ယောက်စလုံး အံ့အားသင့်သွားပြီး ကတ်ကိုကြည့်ရန် အမြန်ကောက်ကိုင်လိုက်ကြသည်။
[ဆင့်ခေါ်ခြင်းကတ်: တီရန်ကျယ်]
ရှားပါးမှု: S
ဖော်ပြချက်: ပြီးပြည့်စုံသော ရှင်းလင်းရေးတစ်ခုပြီးနောက် S ရမှတ်ရှိသည့်အခါ အကန့်အသတ်ကတ်ဆွဲခြင်းမှ ၎င်းကို ရယူရန် ဖြစ်နိုင်ခြေ အလွန်နည်းပါးပါသည်။
လျှို့ဝှက်ခန်းကန့်သတ်ချက်: တီရန်ကျယ်ကို Hearts နှင့် Diamonds လျှို့ဝှက်ခန်းများတွင် အသုံးပြုရန် ကန့်သတ်ထားသည်။ လျှို့ဝှက်ခန်းတိုင်းတွင် တစ်ကြိမ်သာ အသုံးပြုနိုင်သည်။
အသင်းကန့်သတ်ချက်: တီရန်ကျယ်သည် အသင်းကန့်သတ်ထားသောကတ်တစ်ခုဖြစ်ပြီး တူညီသောစာချုပ်စာအုပ်ရှိ အသင်းဖော်များအားလုံးသည် တီရန်ကျယ်တစ်ကတ်ကိုသာ သယ်ဆောင်နိုင်သည်။
နောက်ထပ်စွမ်းရည်များ 1: စုံထောက်
အကျိုးသက်ရောက်မှု: မီတာ 500 အကွာအဝေးအတွင်း သဲလွန်စတစ်ခုကို ရှာဖွေရန် Hearts လျှို့ဝှက်ခန်းတွင် အသုံးပြုပါ။ မီတာ 100 အတွင်း ယန္တရားတစ်ခုကို ရှာဖွေရန် Diamonds လျှို့ဝှက်ခန်းတွင် အသုံးပြုပါ။
နောက်ထပ်စွမ်းရည်များ 2: ထိုးထွင်းသိမြင်ခြင်း
အကျိုးသက်ရောက်မှု: လိမ်ညာနေသူကို ညွှန်ပြရန် Hearts လျှို့ဝှက်ခန်းတွင် အသုံးပြုပါ။ ယန္တရားရွေးချယ်မှုကို ဖယ်ထုတ်ရန် Diamonds လျှို့ဝှက်ခန်းကို အသုံးပြုပါ။
မှတ်ချက်: တီရန်ကျယ်၏ စွမ်းရည်များကို လျှို့ဝှက်ခန်းတွင် အသုံးပြုနေသမျှ ကာလပတ်လုံး ရှင်းလင်းရေးရမှတ် လျော့ကျသွားမည်ဖြစ်ပြီး ဖြစ်စဉ်ရှင်းလင်းရေးက ပြီးပြည့်စုံမည်မဟုတ်ပါ။ သို့သော် တစ်ခါတစ်ရံတွင် ပြီးပြည့်စုံမှုကို လိုက်စားခြင်းသည် ကောင်းသောကိစ္စမဟုတ်ပေ။ ပထမဦးစွာသင်က အသက်ရှင်ရမည်။ သင်၏ကျိုးကြောင်းဆင်ခြင်မှုသည် ပြဿနာတစ်ခုနှင့် ကြုံတွေ့ရပါက သို့မဟုတ် ယန္တရားတစ်ခုကို ရှာမတွေ့ပါက အကူအညီတောင်းရန် တီရန်ကျယ်ကိုခေါ်ဖို့ အကြံပြုပါသည်။ တီရန်ကျယ်က သင့်ကို ဘယ်တော့မှ လိမ်မှာမဟုတ်ဘူး။
ရှောက်လုံ: "…"
သူ့ကံတရားကို သူပြောမပြတတ်တော့ဘူး…
အဖွဲ့ခေါင်းဆောင်ယွီက သေနတ်တစ်လက်နဲ့ ဖိနပ်ကို ဆွဲခဲ့တယ်… သူက ဘာလို့ ထောင်ယွမ်မင်နဲ့ တီရန်ကျယ်ကို ဆွဲခဲ့ရတာလဲ…
ကတ်တွင် တီရန်ကျယ်၏ ငယ်ရွယ်သောဗားရှင်းကို ဆွဲထားသည်။ သူသည် အရာရှိဦးထုပ်ကို ဆောင်းထားသဖြင့် အလွန်ချောမောလှသည်။
ရှောက်လုံက ကတ်ကို ခဏစိုက်ကြည့်နေပြီး သူ့နှာခေါင်းကို ထိလိုက်သည်။
"ဒါက သဲလွန်စ သတိပေးချက်ကတ်နဲ့ တူညီတယ်မလား… နောက်ပိုင်း လျှို့ဝှက်ခန်းတွေက ပြီးပြည့်စုံစွာရှင်းလင်းဖို့ ခက်ခဲလွန်းရင်း ကျွန်တော်တို့ တီရန်ကျယ်ကိုခေါ်ပြီး အနည်းဆုံးတော့ အသက်ရှင်နိုင်မှာပါ"
ယွီဟန်ကျန်းက ခေါင်းငြိမ့်လိုက်သည်။
"ဒီကတ်က Hearts နဲ့ Diamonds လျှို့ဝှက်ခန်းမှာ အရမ်းအသုံးဝင်တာမို့ သိမ်းထားလို့ကောင်းပါတယ်"
တီရန်ကျယ်သည် Hearts နှင့် Diamonds လျှို့ဝှက်ခန်းတွင် တစ်ကြိမ်သာအသုံးပြုနိုင်သောကြောင့် ကန့်သတ်ချက်များပိုမိုရှိသော်လည်း အားသာချက်မှာ အဆင့်မြင့်ရန် မလိုအပ်ခြင်းဖြစ်သည်။ သူ့မှာ စွမ်းရည်နှစ်ခု အလိုအလျောက်ရှိပြီး နောက်ပိုင်းလျှို့ဝှက်ခန်းများတွင် အရေးကြီးသော အခိုက်အတန့်များမှာ သူတို့၏ အသက်တွေကို ကယ်တင်နိုင်ပါသည်။
ပြီးပြည့်စုံသော ရှင်းလင်းရေးမှ တီရန်ကျယ်ကို ဆွဲမိခြင်းသည် ဆုံးရှုံးမှုမဟုတ်ပါ။
ရှောက်လုံက တီရန်ကျယ်ကတ်ကို သူ၏ ကတ်ထုပ်ထဲသို့ အလေးအနက်ထားကာ A of Hearts ကို ကြည့်လိုက်သည်။
"ငါတို့ အနားယူလို့ရမလား"
A of Hearts ကပြုံးလိုက်သည်။
"3 of Hearts လျှို့ဝှက်ခန်းရဲ့ အခြေအနေတွေက အရမ်းခက်ခဲပါတယ်… ဒါကြောင့် အနားယူချိန်ကို 8 နာရီအထိ တိုးမြင့်ထားတယ်… နင်တို့ အိပ်လို့ရတယ်… ဟုတ်သား… ငါ နင်တို့အတွက် ရေချိုးဖို့ ပြင်ဆင်ပေးထားတယ်… တကယ်တော့ ငါက ကြင်နာတတ်တဲ့စောင့်ရှောက်သူပါနော်"
ရှောက်လုံက ဒါကိုကြားတော့ နောက်ဆုံးမှာ စိတ်သက်သာရာ ရသွားသည်။
ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် သူ့အနေနဲ့ စိတ်တည်ငြိမ်ဖို့ ခက်လိမ့်မည်။
သူတကယ်ပင်ပန်းခဲ့၏။ သူသည် သုံးရက်ဆက်တိုက် ကောင်းကောင်းမအိပ်ခဲ့ရဘဲ သူ့ခေါင်းထဲတွင် လျှပ်စစ်ဓာတ်လိုက်ထားသလို ခံစားရသည်။ သူ့ခေါင်းကိုက်တာက ပေါက်ကွဲတော့မလိုပါပဲ…
ထို့အပြင် 3 of Hearts လျှို့ဝှက်ခန်းမှာ သူ ရေမချိုးနိုင်ခဲ့ဘူး။
ထိုအချိန်တုန်းက သူသည် အမှုအား ဖြေရှင်းရန် အလုပ်များနေသဖြင့် စဉ်းစားရန် အချိန်မရှိပေ။ ယခုအခါ သူပြန်စဉ်းစားကြည့်တော့ ရှောက်လုံသည် သူ့တစ်ကိုယ်လုံး အဆင်မပြေသလို ခံစားလိုက်ရသည်။
သူ ပင်ပန်းနွမ်းနယ်နေတာကို မြင်တော့ ယွီဟန်ကျန်းက နူးညံ့စွာ ပြောလိုက်သည်။
"မင်း အရင် ရေသွားချိုးလိုက်ပါ"
ရှောက်လုံက ခေါင်းငြိမ့်လိုက်ပြီး A of Hearts ကို ကြည့်လိုက်သည်။
"မိန်းမလှလေး… မင်း အဝေးကို ကြည့်လို့ရမလား"
A of Hearts မျက်ခုံးပင့်လိုက်သည်။
"စိတ်ချပါ… ငါက ယောင်္ကျားလေးတွေ ရေချိုးနေတာကို ချောင်းကြည့်ရတာ ဝါသနာမပါဘူး… နင်တို့ ဖြည်းဖြည်းချင်း အနားယူပြီး နှိုးစက်နာရီကို ငါ သတ်မှတ်ထားလိုက်မယ်… ရှစ်နာရီကျော်သွားတာနဲ့ ကတ်နံရံကိုသွားပြီး ကတ်ဆွဲရမယ်"
ထို့နောက် သူမ ပျောက်သွားသည်။ ရှောက်လုံသည် စောင့်ရှောက်သူက ပေါ်လာပြီး ပျောက်သွားတာကို နေသားကျနေပြီဖြစ်တာကြောင့် အံ့ဩခြင်းမရှိပေ။
သူလှည့်ပြီး ရေချိုးခန်းထဲဝင်သွားသည်။ ရေချိုးခန်က ကျယ်ဝန်းပြီး ခြောက်စတုရန်းမီတာရှိသည်။ ၎င်းသည် ရေချိုးခန်းနှင့် သန့်စင်ခန်းကို ဆက်ထားသော ရေချိုးခန်းဖြစ်ပြီး ရေချိုးခန်းကန့်လန့်ကာဖြင့် ပိုင်းခြားထားသည်။ နံရံတွင် အဖြူရောင် ဝတ်စုံနှစ်စုံ ချိတ်ဆွဲထားသော နံရံဘေးတွင် ကြိုးတစ်ခုရှိသည်။ မျက်နှာသုတ်ပုဝါနှင့် သွားတိုက်တံကဲ့သို့သော ရေချိုးခန်းသုံး ပစ္စည်းနှစ်စုံကိုလည်း ရေစင်ပေါ်တွင် ပြင်ဆင်ထားသည်။ တစ်ခါသုံး သင်တုန်းဓားတွေတောင် ရှိခဲ့သည်။ A of Hearts က တကယ်ကို သဘောကောင်းသည်။
ရှောက်လုံသည် သူ့အဝတ်အစားများကို ချွတ်လိုက်ပြီး ရေဖွင့်ကာ သူ့ကိုယ်သူ ဆေးကြောလိုက်သည်။ သူသည် သူ၏သွားများကိုတိုက်ကာ မုတ်ဆိတ်ရိတ်ခဲ့ပြီး သူ၏ညအိတ်ဝတ်စုံကို ဝတ်ဆင်ခဲ့သည်။
သူ့တစ်ကိုယ်လုံးသည် အပူဒဏ်ကြောင့် ဖုံးလွှမ်းနေပြီး စိုစွတ်သောဆံပင်များက တွဲကျနေသဖြင့် သူ့မျက်နှာပုံစံကို ပို၍နူးညံ့စေသည်။ သူက နူးနူးညံ့ညံ့ ပြုံးပြရင်း သူ့မျက်လုံးများက မည်းနက်နေပြီး ရေကဲ့သို့ ကြည်လင်နေသည်။
"အဖွဲ့ခေါင်းဆောင်ယွီ ရေသွားချိုးတော့"
ယွီဟန်ကျန်းသည် ဒီလူကို ကြည့်ပြီး ပရော်ဖက်ဆာရှောက်က တကယ်ကို ရုပ်ချောတယ်လို့ တွေးလိုက်မိသည်။ ကျောင်းမှာ ဘာကြောင့် ဒီလောက်နာမည်ကြီးတာလဲဆိုတာ အံ့ဩစရာမရှိဘူး။ အကယ်၍ မတော်တဆမှုသာ မဖြစ်ခဲ့ရင် ရှောက်လုံသည် ယခုအခါ စင်မြင့်ပေါ်တွင် ရပ်နေပြီး မှုခင်းဆေးပညာဆိုင်ရာ သူ၏အသိပညာကို ပြောပြနေပေလိမ့်မည်။
အဖွဲ့ခေါင်းဆောင်ယွီက သူ့အား စိုက်ကြည့်နေတာကိုတွေ့တော့ ရှောက်လုံက မေးလိုက်သည်။
"ဘာဖြစ်တာလဲ"
ယွီဟန်ကျန်းက သူ့အကြည့်ကို ပြန်ရုတ်လိုက်ပြီး ပေါ့ပါးစွာ ပြန်ပြောသည်။
"ဘာမှမဟုတ်ပါဘူး… ကိုယ် ရေသွားချိုးတော့မှာမို့လို့ မင်းအရင်အိပ်နှင့်လိုက်"
သူ ရေချိုးပြီးသွားတော့ ရှောက်လုံက အိပ်ပျော်နေသည်။ သူက စောင်နဲ့ အုပ်ထားပြီး အသက်ရှူလည်း ကောင်းပါသည်။
A of Hearts မှ ပြင်ဆင်ထားသည့် အိပ်ရာသည် အဆင့်မြင့်မဟုတ်သော်လည်း သာမန်ဟိုတယ်တစ်ခု၏ နှစ်ယောက်ခန်းနှင့် နှိုင်းယှဉ်နိုင်သည်။ ကုတင်နှစ်လုံးနှင့် အလယ်တွင် စားပွဲတစ်လုံးရှိသည်။ ယွီဟန်ကျန်းသည် ပေါ့ပေါ့ပါးပါး လမ်းလျှောက်ပြီး ရှောက်လုံ၏ကုတင်ဘေးရှိ ကုတင်ပေါ်တွင် လဲလျောင်းလိုက်သည်။
သူသည် အိပ်ရေးပျက်မည်ဟု ထင်ခဲ့သော်လည်း မောပန်းလွန်းသဖြင့် ချက်ချင်းပင် အိပ်ပျော်သွားသည်။
3 of Hearts လျှို့ဝှက်ခန်းထဲမှာ ရှိနေခဲ့သောနေ့ရက်များမှာတွင် သူတို့နှစ်ယောက်သည် အေးစက်မာကျောသည့်စင်္ကြံမှာ စောင်မပါဘဲ ညတိုင်း အိပ်ခဲ့ကြသည်။ သူတို့က ညဉ့်နက်သန်းခေါင်မှာ မကြာခဏ နိုးလာကြသည်။ အခုတော့ ပျော့ပျောင်းသောအိပ်ရာနှင့် နွေးထွေးသောစောင်ဖြင့် ထိတွေ့ရတာ ဇိမ်ခံလို့ကောင်းနေပါပြီ။
သူတို့က ကျေနပ်စွာ အိပ်ပျော်သွားကြသည်။
ရှောက်လုံသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး နောက်ဆုံးတွင် ယွီဟန်ကျန်းက နိုးလာသည်။
ရှားရှားပါးပါး နူးညံ့သိမ်မွေ့သော ပုံစံဖြင့် ထိုလူ၏ အသံတိုးတိုးက ရှောက်လုံ၏နားထဲတွင် ထွက်ပေါ်လာသည်။
"ထတော့… အချိန်ကျပြီ"
ရှောက်လုံသည် စိတ်ရှုပ်ထွေးသည့်ပုံစံဖြင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ ယွီဟန်ကျန်းက ကုတင်ပေါ်တွင်ထိုင်ပြီး သူ့ကိုကြည့်နေတာကို တွေ့လိုက်ရသည်။ သူသည် မျက်လုံးများကို ပွတ်သပ်ကာ ထထိုင်ပြီး မသိစိတ်က မေးလိုက်သည်။
"ဘယ်နှစ်နာရီရှိပြီလဲ"
"အခန်းထဲက နာရီက မနက် ရှစ်နာရီ ထိုးနေပြီ"
သို့သော် အပြင်ဘက်တွင် နံနက်ခင်းနေရောင်မရှိပေ။ နေ့လား ညလား ပြောလို့မရသော အဖြူရောင်မြူခိုးများက ရှိနေသေးသည်။
ရှောက်လုံသည် ကတ်ကမ္ဘာတွင်ရှိနေတာကို သတိရကာ အေးအေးဆေးဆေး အိပ်ရာမှထပြီး ရေချိုးခန်းထဲသို့ဝင်ကာ မျက်နှာကို ဆေးကြောပြီးနောက် ကတ်နံရံရှေ့သို့ ဦးတည်သွားခဲ့သည်။
သူသည် နောက်ထပ်ရှစ်နာရီလောက် အိပ်ချင်ပေမဲ့ စည်းကမ်းကို မချိုးဖောက်တာ ပိုကောင်းပါသည်။
လက်တွေ့ကမ္ဘာတွင် အအိပ်လွန်ခြင်းသည် အများဆုံးအနေနဲ့ ကိုယ့်အထက်လူကြီးဆီမှ ဆူပူကြိမ်းမောင်းမှုကိုသာ ခံရလိမ့်မည်။ ဒီနေရာတွင် အအိပ်လွန်ခြင်းသည် အိမ်မက်ဆိုးအခန်းထဲတွင် နိုးထခြင်းကို ဆိုလိုပါသည်။
ရှောက်လုံသည် သူ၏စိတ်များကို မြင့်တင်လိုက်ပြီး ကတ်နံရံကို ကြည့်လိုက်သည်။
"နောက်ထပ် ဘယ်ကိုသွားကြမလဲ"
ယွီဟန်ကျန်းသည် 4 of Hearts ကို တိုက်ရိုက်ဆွဲထုတ်ပြီး လူသတ်မှုအမှုကို ဆက်လက်ဖြေရှင်းလိုခဲ့သည်။ ထို့နောက် သူပြန်ကြည့်လိုက်တော့ ရှောက်လုံသည် ရှစ်နာရီကြာအောင် အိပ်ပျော်သွားသော်လည်း သူ့မျက်လုံးထဲတွင် ပင်ပန်းနွမ်းနယ်နေသည့်အကြည့်ကို ဖုံးကွယ်မထားနိုင်ဘဲ သူ့မျက်လုံးအောက်တွင် ထင်ရှားသော အမည်းရောင်မျက်ကွင်းများ ရှိနေတာကို တွေ့လိုက်ရသည်။ ယွီဟန်ကျန်းက အဲဒါကို တွေးပြီး သူ့လက်ချောင်းများက ဘေးဘက်သို့ရွေ့ကာ 3 of Diamonds ဆွဲထုတ်လိုက်သည်။
"Diamonds ဆီ သွားရအောင်"
ရှောက်လုံကဲ့သို့ တည်ငြိမ်သော တက္ကသိုလ်ဆရာတစ်ဦးဖြစ်ပြီး သူ၏အမူအရာမှာ တည်ငြိမ်နေသော်လည်း လူသတ်မှုဖြစ်စဉ်ကို ဆက်တိုက်ကြုံတွေ့နေရသည်မှာ စိတ်ပိုင်းဆိုင်ရာအရ သည်းမခံနိုင်ပေ။
ရှောက်လုံသည် ရင့်ရှောင်ယာသေဆုံးခြင်းအတွက် အလွန်စိတ်မကောင်းဖြစ်နေသည်မှာ ထင်ရှားပါသည်။
ထို့ကြောင့် ယွီဟန်ကျန်းသည် 4 of Hearts ကို ဆက်လက်လုပ်ဆောင်ရန် စိတ်ကူးကို စွန့်လွှတ်လိုက်ပြီး ရှောက်လုံ ကျွမ်းကျင်သော Diamonds လျှို့ဝှက်ခန်းကို ရွေးချယ်ကာ အရှိန်လျှော့ရန် ဆုံးဖြတ်ခဲ့သည်။
အဖွဲ့ခေါင်းဆောင်ယွီ၏ လက်ချောင်းများသည် မူလက 4 of Hearts ဆွဲတော့မည်ဖြစ်ပြီး 3 of Diamonds သို့ ရုတ်တရက် ပြောင်းသွားခဲ့သည်။ အဖွဲ့ခေါင်းဆောင်ယွီက သူ့အတွက် တွေးပေးနေမှန်း ရှောက်လုံ သဘောပေါက်သွားပြီး ပြုံးရင်း သူ့ရင်ထဲ အနည်းငယ် နွေးထွေးသွားသည်။
"ဒါဆို ကျွန်တော်တို့ Diamonds ကို သွားကြမယ်"
ယွီဟန်ကျန်းက သူ့ကို ပြောလာသည်။
"ကိုယ်က ယန္တရားတွေကို မကျွမ်းကျင်ဘူး… Diamonds ခန်းထဲမှာ ကိုယ်မင်းကို အားကိုးရလိမ့်မယ်"
ရှောက်လုံက ကျိုးနွံစွာ ပြောလိုက်သည်။
"လျှို့ဝှက်ခန်းတွေမှာ ယန္တရားအများစုကိုပဲ ကျွန်တော်မြင်ဖူးတာပါ… စောင့်ကြည့်ပြီး ဆွေးနွေးကြတာပေါ့"
လူနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ပြီး ကတ်နံရံရှေ့မှာ ရပ်နေခဲ့သည်။
မကြာခင်မှာပဲ သူတို့၏ အမြင်အာရုံများ မှောင်သွားခဲ့သည်။
[ရှောက်လုံနှင့် ယွီဟန်ကျန်းတို့အား 3 of Diamonds လျှို့ဝှက်ခန်း၊ အက္ခရာဝင်္ကပါမှ ကြိုဆိုပါသည်။]
ရှင်းလင်းရေးအခြေအနေများ: ဝင်္ကပါရှိ ယန္တရား 3 ခုကို သော့ဖွင့်ပါ။
ပြီးပြည့်စုံသောရှင်းလင်းရေးအခြေအနေများ: ဝင်္ကပါရှိဝှက်ထားသော ယန္တရားအားလုံးကို သော့ဖွင့်ပါ။
ဖြစ်စဉ်ရှင်းလင်းရေးကို တစ်နာရီသာ ကန့်သတ်ထားပြီး ဒီအချိန်ကို ကျော်သွားခြင်းက ကျရှုံးသည်ဟု ယူဆပါသည်။
ဖြစ်စဉ်ရှင်းလင်းရေးရမှတ်သည် အချိန်နှင့် ချိတ်ဆက်ထားသည်။ အချိန်နည်းလေ ရမှတ်ပိုမြင့်လေပါပဲ။
လျှို့ဝှက်ခန်း၏ အကြံပြုချက်များသည် အလွန်ရိုးရှင်းပြီး ၎င်းသည် Diamonds လျှို့ဝှက်ခန်း၏ တစ်သမတ်တည်းသော အင်္ဂါရပ်တစ်ခုလည်းဖြစ်သည်။ သို့သော် ယွီဟန်ကျန်းသည် Diamonds လျှို့ဝှက်ခန်းရှိ နံရံပေါ်မှ သင်္ချာညီမျှခြင်းများနှင့် ရှုပ်ပွနေသောမြားများကို ပြန်သတိရသောအခါ ခေါင်းကိုက်နေခဲ့သည်... သူ့တွင် ဒီနံရံနှင့်ပတ်သက်သည့် စိတ်ဒဏ်ရာတစ်ခုရှိသည်။
အနိုင်ရရန် ပရော်ဖက်ဆာရှောက်၏အနောက်ကို လိုက်နိုင်မည်ဟုသာ သူမျှော်လင့်ခဲ့သည်။
#TK