အပိုင်း ၈၇
Viewers 29k

Chapter 87


" ရှအန်း...  မင်း ဒီအချိန်အတောအတွင်း ဘယ်ကုမ္ပဏီနဲ့မှ စာချုပ်မချုပ်သင့်ဘူး ... ငါတို့အစီအစဉ်ကို ရုပ်သံလွှင့်ပြီးသွားမှ တစ်ယောက်ယောက်နဲ့ စာချုပ်အကြောင်းပြောသင့်တယ် ... အဲ့ဒီအခါမှဆိုရင် မင်းရဲ့တန်ဖိုးက ပိုမြင့်သွားပြီ ..."


Trailer တစ်ခုတည်းနှင့်ပင် ရှအန်းထံ၌ ကြီးမားသော အကျိုးသက်ရောက်မှုများ ရှိလာသည်။ ဖျော်ဖြေရေးနယ်ပယ်တွင် ငတုံးငအများ မရှိကြပေ။ အားလုံးက ဉာဏ်နီဉာဏ်နက်များကြသည်။ ယခုအခါတွင် ရှအန်းက ကျိန်းသေပေါက်နာမည်ကြီးနိုင်ကြောင်း လူတိုင်းကတွေ့မြင်သွားကြပြီဖြစ်သည်။


ထို့ကြောင့် သူမကို အထင်သေးသူများ စွန့်ပစ်ခဲ့သူများက သူမထံသို့ ပြန်လာကြသည်။


" ရှအန်း.... ခဏနေဦး ရှိုးကို ရုပ်သံလွှင့်မယ့်အချိန်ထိပဲ စောင့်နေလိုက် ... သူတို့မင်းဆီကယူခဲ့တဲ့ ပမာဏထက် ဆယ်ဆများတဲ့ပမာဏကို ပေးပြီးမှ မင်းနဲ့ စာချုပ်ချုပ်ဖို့ တောင်းဆိုကြလိမ့်မယ် ..."


ဟန်ယွဲ့ သူ့ထံတွင် အာရုံခံနိုင်စွမ်းရှိသည်ဟု ခံစားလ်ိုက်မိသည်။


သူ တကယ်ကို ရွှေချောင်းကြီးကို ရှာတွေ့ထားတာပဲ ...


ရှအန်းကို ဖျော်ဖြေရေးနယ်ပယ်တစ်ခုလုံး ပစ်ပယ်ထားစဉ်က သူမကို အောင်မြင်စွာ ရရှိနိုင်ခဲ့သည့်အတွက် သူ၏အစီအစဉ်က နာမည်ကျော်ကြားရန် ထိုက်တန်ပေသည်။ 


" ဆယ်ဆတောင်လား ..."


ရှအန်းက သူမလျော်ကြေးပေးခဲ့ရသည့် ငွေကြေးများကို ပြန်လည်တွက်ချက်နေမိသည်။


ဆယ်ဆဆိုရင် သန်းချီမှာပေါ့ ...


ဘုရားရေ ... အနုပညာရှင်တစ်ယောက်က ပိုက်ဆံရှာရတာ လွယ်လိုက်တာ ...


ဟန်ယွဲ့၏ အကြောင်းပြချက်ကို နားထောင်ပြီးနောက် ရှအန်း အစီအစဉ်ကို မျှော်လင့်မိနေသည်။


  …


ယခုအခါ အားလုံးစောင့်မျှော်နေခဲ့ရသည့်“Come on Challenger” အစီအစဉ်ကို စနေနေ့တွင် ထုတ်လွှင့်ခဲ့သည်။


စနေနေ့ည ရှစ်နာရီအချိန်တွင် “Come on Challenger” ရှိုးကို ကြည့်လိုသူတိုင်းက တီဗွီရှေ့တွင် ထိုင်လျက် ထုတ်လွှင့်မည့် အချိန်ကို စောင့်မျှော်နေကြသည်။


ရှိုးကို တရားဝင်ပြသနေချိန်၌ ရှအန်းနှင့် အခြားပါဝင်သူငါးယောက်က သူတို့၏ တတိယစိန်ခေါ်ပွဲကို မြို့ငယ်လေးတစ်မြို့တွင် ရိုက်ကူးနေကြသည်။


ပထမပိုင်းကို ပြသပြီးသောအခါ အင်တာနက်တစ်ခွင်တွင် ပွက်လောရိုက်ကုန်သည်။


မည်သည့် ပကာသနမှ မပါဝင်သည့် variety showတစ်ခုက ဤမျှကောင်းမွန်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ ၎င်းက ဟောလိဝုဒ်မှ blockbusterနှင့်ပင် တူနေသည်။


သူတို့ လုံးဝ မမျှော်လင့်ခဲ့သည်မှာ သေးသိမ်သည့်ပန်းအိုးသရုပ်ဆောင်ရှအန်းက ဤရှိုးတွင် အလွန်သန်မာနေသည့်အတွက် အားလုံးထိတ်လန့်သွားကြသည်။


ရိုက်ကူးရေးအဖွဲ့ရဲ့ အနိုင်ကျင့်ခံရမယ်ဆိုတဲ့ နူးညံ့သိမ်မွေ့တဲ့ ရှအန်း ဘယ်ရောက်သွားတာလဲ ... သူမက တကယ့်ကို လူသားစားပန်းပွင့်ပဲ ...


၎င်းက မရေမတွက်နိုင်သော လူများ၏ လောကအပေါ် အမြင်ကို ချိုးဖျက်ပစ်လိုက်သည်။


ဟန်ယွဲ့နဲ့ တခြားဝန်ထမ်းတွေ ပထမပိုင်းကို ရိုက်ကူးတုန်းက ကြုံတွေ့ရတဲ့ ခံစားချက်မျိုးက အခုအချိန်က ပရိသတ်ရဲ့ ခံစားချက်အတိုင်းပါပဲ ...


ထို့အပြင် သူတို့က ဗီဒီယိုမှ ဖြစ်စဉ်တစ်ခုချင်းစီကို ဂရုတစိုက် ကြည့်ရှု့ခဲ့ကြသောကြောင့် သူတို့၏ ထိတ်လန့်မှုက ရိုက်ကူးရေးအဖွဲ့ထက်ပင် ပိုနေသည်။


[ အိုး ... ငါ မယုံနိုင်ဘူး ... အဲ့ဒါ ငါသိတဲ့ရှအန်း ဟုတ်ရဲ့လား ]


[ အား ... ရှအန်းက အရမ်းခန့်ညားတာပဲ ]


“Come on Challenger“ ဝန်ထမ်းများ နောက်နေ့မနက်အထိ တစ်ညလုံး စောင့်နေခဲ့ကြသည်။ ဝန်ထမ်းများ စိတ်လှုပ်ရှားစွာဖြင့် စောင့်နေပြီးနောက်တွင် သူတို့၏ အစီအစဉ်က ရိုက်ချက်ကြီးတစ်ခု ဖြစ်နေကြောင်း သိလိုက်ရသည်။