Chapter 126
ကောကုန်းချမ်အမ် ကံကောင်းခဲ့သည်။အစိုးရိမ်ရဆုံးအခိုက်အတန့်မှာ ပန်းဟွာကျွင်းကျူးက သူ့အသက်ကို ကယ်တင်ဖို့ ရောက်လာပေသည်။ဒါပေမယ့် သူတို့အားလုံး ဒီလောက်ကံကောင်းနိုင်ပါ့မလား။
ဧကရာဇ်၏ လုပ်ရပ်များက နန်းတွင်းအရာရှိများ၏ အသက်ကို ဂရုမစိုက်ကြောင်း ပြသခဲ့သည်။ တရားရုံးမှ အရာရှိအချို့မှာ ရင်ဘတ်စည်တီးမတတ် ယူကျုံးမရဖြစ်နေကြတော့၏။
ပန်းဟွိုက်သည်ပင် သူ၏ သူငယ်ချင်းအချို့ကို ခေါ်ဆောင်လာပြီး တရားရုံးတွင် ရူးသွပ်သလိုမျိုး သောင်းကျန်းခဲ့သည်။ နင်းဝမ်မင်းသားလည်း ယမ်းမီးပုံကျဒေါသထွက်နေတော့၏။ပန်းဟွိုက်ကို ဧကရာဇ်က မျက်နှာသာပေးထားတာကြောင့်မဟုတ်လျှင် ပန်းဟွိုက်ကို အစောင့်တပ်များကို စေလွှတ်၍ ဆွဲထုတ်မိပေလိမ့်မည်။
မူလက နင်းဝမ်မင်းသားက ပန်းဟွိုက်ကို ဒေါသဖြစ်ပြီးနောက်၊ချက်ချင်းဆိုသလိုပင် ပန်းဟွိုက်သည် နန်းတွင်းကိုလာ၍ ထပ်မံ၍ ပြဿနာရှာမည်ဟု သူတို့ထင်ခဲ့ကြသည် ။ သို့သော်လည်း နောက်တစ်ကြိမ် တရားရုံးအစည်းအဝေးစတင်ချိန်တွင် ပန်းဟွိုက် မလာရုံသာမက နေမကောင်းဟုအကြောင်းပြကာ ရောက်မလာခဲ့ပေ။
လူတိုင်းက ပန်းဟွိုက် နေမကောင်းရသည့် အကြောင်းပြချက်ကိုလိုက်ရှာကြသည်။အကြောင်းမူကား ပန်းဟွိုက်သည် တရားရုံးမှ ပြန်လာရာလမ်းတွင် မြင်းလှည်းရှေ့ကို လူတစ်ယောက်လမ်းဖြတ်ကူးလာ၍ ရုတ်တရက် ရပ်လိုက်တာကြောင့် ခေါင်းနှင့် မြင်းလှည်းနံရံဆောင့်မိသွားသည်။သိပ်လည်းမကြီး၊သိပ်လည်း မသေးသော ဒဏ်ရာတစ်ခု ရသွားလေ၏။ကံကောင်းစွာဖြင့်၊ မြင်းလှည်းအတွင်းပိုင်းကို ကူရှင်အထူများဖြင့် ဖုံးအုပ်ထားကာ သားမွေးများပါ ချုပ်ထားတာမို့ ဒဏ်ရာက မစိုးရိမ်ရချေ။
သို့သော်လည်း ရုံရှားကို တရားရုံးတွင် ခုခံကာကွယ်ခဲ့သည့် ပန်းဟွိုက်သည် အိမ်အပြန်လမ်းတွင် ဒဏ်ရာရသွားခဲ့သည်။ ထို့အပြင်လည်း၊ လမ်းဖြတ်သွားသူ တစ်ယောက်ကြောင့် လန့်ဖျပ်သွားရသည့် "တိုက်ဆိုင်မှု" တစ်ခုပင်။ဤတိုက်ဆိုင်မှုမျိုးကို ကမ္ဘာမှာ ရှားပါးပေသည်။ တိုက်ဆိုင်မှုမဟုတ်ဘဲ တစ်ယောက်ယောက်က ကြိုတင်ကြံစည်ထားသလားဟု သူတို့သံသယဖြစ်မိကြ၏။ ရာထူးကြီးသူများမှာလည်း အကြောက်လွန်နေကြသည်။ ထို့ကြောင့်၊ ဤတစ်ကြိမ်တွင် ကောကုန်းကျင့်ထင်၏ မတော်တဆမှုမှာ အခြားသူတစ်ယောက်၏ အကြံအစည်ဟု လူတိုင်း စိတ်ထဲတွင် ဆုံးဖြတ်ထားပြီးဖြစ်သည်။
ဒါဆို ကောကုန်းကျင့်ထင်ကို ဘယ်သူက ဒီလို အငြိုးထားမှာလဲ။
နဂါးပလ္လင်အောက်က မြွေပုံစံထိုင်ခုံမှာ ထိုင်နေသည့် နင်းဝမ်မင်းသားကို လူတိုင်း အကြည့်ရောက်ကြသည်။သူသည် စိတ်တိုလွယ်သူ၊ ဒေါသထွက်လွယ်သူ၊ ရက်စက်ကြမ်းကြုတ်သူ၊ လူ့ဘဝကို ဂရုမစိုက်သူဖြစ်ပြီး အမြင်ကျဉ်းသူဖြစ်သည်။ ဒီလိုလူမျိုးသာ ဧကရာဇ်ဖြစ်လာရင် ပြည်သူတွေ ဘယ်လိုရှင်သန်နိုင်မလဲ။ပြည်သူများပင် မဆိုးထားနှင့်၊ ကောကုန်းချမ်အမ်နှင့် ကောကုန်းကျင့်ထင်တို့ကိုပင်လျှင် တိုက်ခိုက်ရန် ကြံစည်ထားသည်။
ကောကုန်းချမ်အမ်၏ နေအိမ်မှာ အနားယူနေရဆဲဖြစ်သည့် ပန်းဟွာခမျာ ပန်းဟွိုက် ဒဏ်ရာရသွားသည်ဟု ကြားသောအခါ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘဲ နေ့ချင်းပင် သူမ အမြန်ပြန်လာခဲ့သည်။သူမ ပန်းဟွိုက်ကို အကြိမ်ကြိမ် လှည့်ပတ်ကြည့်မှ သူ့ခေါင်းပေါ်တွင် လက်မအရွယ် အဖုအထစ်တစ်ခုကိုသာ တွေ့လိုက်ရသည်။တခြား ဒဏ်ရာဆို၍ လုံးဝမရှိချေ။
"အဖေ ဘာဖြစ်နေတာလဲ"
ပန်းဟွာ လက်ဖက်ရည်ခွက်တစ်ဝက်လောက် သောက်ပစ်လိုက်သည် ။ တတ်နိုင်သမျှ မြန်မြန်ပြန်လာရဖို့အတွက် နေ့လယ်စာ စားဖို့တောင် သူမ အချိန်မရှိခဲ့ပေ။
"ဒါက တကယ့်ကို တိုက်ဆိုင်မှုပါပဲ"
ပန်းဟွိုက်က ခြောက်သွေ့စွာ ရယ်မောပြီး ဖြစ်ပျက်ခဲ့သည်များကို ရှင်းပြသည်။
အဓိကအချက်မှာ လူတစ်ယောက် မတော်တဆ ပြေးထွက်လာ၍ မြင်းက လန့်သွားခြင်း ဖြစ်သည်။ ရထားပေါ်မှာထိုင်နေသည့် ပန်းဟွိုက်လည်း နံရံနှင့် ခေါင်းနှင့်တိုက်မိသွားသည်။ပို၍ တိုက်ဆိုင်စွာပင်၊ လမ်းဘေးမှ ထွက်လာသူမှာ နင်းဝမ်မင်းသား၏ အစေခံများထဲမှ တစ်ဦးဖြစ်သည်။သူက တစ်ခုခုဝယ်ဖို့ နန်းတော်မှ တိတ်တဆိတ် ထွက်လာခဲ့သည်ဟုဆိုသည်။
ဤကိစ္စကို ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ပေ။ အကယ်၍ နင်းဝမ်မင်းသားက ထိုလူကို ခိုင်းစေခြင်းမပြုလျှင်ပင် မြို့တော်ရှိလူတိုင်း၏အမြင်တွင် နင်းဝမ်မင်းသားက ၎င်းကိုပြုလုပ်သူဖြစ်သည်။
ထို့ကြောင့် လူတိုင်း သက်ပြင်းချမိပြန်သည်။ နင်းဝမ်မင်းသားက တကယ်ကို အရူးပဲ။ သူက ဘာမဆို လုပ်မယ့်ခွေးရူးပဲ..
ထိုအချိန်တွင် ကျန်းလောသည် သူ၏ ကြင်ယာတော်နှင့် စကားများရန်ဖြစ်နေသည်။ ကျန်းလောသည် ရှဲ့ဝမ်ယွီအား သူ၏အလုပ်တွင် စွက်ဖက်ခြင်းကို မကြိုက်ပေ။သူ့နာမည်ဖြင့် ရုံရှားဆီကို လက်ဆောင်များ ပေးအပ်ခဲ့သည့်ကိစ္စအား သူ ရှဲ့ဝမ်ယွီအား အပြစ်ပြောဆိုနေခြင်းပင်။
တုံးအ,သော ကျန်းလောကို ရှဲ့ဝမ်ယွီ လှောင်ပြောင်ရယ်မောလိုက်သည်။ ဧကရာဇ်နှင့် ဧကရီတို့သည် ကောကုန်းချမ်အမ်အား လက်ဆောင်များ ပေးအပ်ခဲ့ရုံသာမက၊ အရှေ့နန်းတော်တွင် ပိတ်လှောင်ခံထားရသော အိမ်ရှေ့စံကပင် ရုံရှား၏ နေအိမ်သို့ လက်ဆောင်များ ပေးအပ်ရန် အစေခံတစ်ယောက် စေလွှတ်ခဲ့သည်။ လက်ဆောင် ပို့ချင်စိတ် ကုန်ခမ်းနေရလောက်အောင်၊ ကျန်းလောက သူ့ကိုယ်သူ ဘာထင်နေတာလဲ၊ အပြင်က သူတို့ကို မကောင်းပြောနေကြတဲ့ ကောလဟလတွေနဲ့တင် မလုံလောက်သေးဘူးလား...
ကျန်းလောက လှောင်ပြောင်ပြီးပြောလိုက်သည်။
"ဒါဆို ငါက သူ့ကို တကယ်သတ်ခိုင်းတာ ဆိုရင် ဘယ်လိုလုပ်မလဲ၊သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေတာလဲ၊ ငါက သိက္ခာရှိတဲ့ မင်းသားပါ၊သူ့ရှေ့မှာ ငါက အများအမြင်သင့်တော်အောင် အောက်ကျို့ရမှာလား"
ရှဲ့ဝမ်ယွီက ကျန်းလော၏ ဦးနှောက်ကို စိတ်ပျက်လက်ပျက်ဖြစ်ကာ ညီးညူလိုက်၏။
"ဒါပေမယ့် ရှင်ကမှ သူ့ကို မသတ်နိုင်ခဲ့တာ၊ ရှင် တကယ် အရည်အချင်းရှိရင် အဲဒီညက သူ့အသက်ကို သတ်ပစ်လိုက်သင့်တယ်၊ အခုတော့ ရှင်က ရန်သူကို သတိပေးရုံတင်မကဘူး၊ လူတော်တော်များများကလည်း ရှင့်ကို သတိထားမိလာကြတယ်၊ ရှင့်ရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ လူတွေ ရှင့်ကို ဘယ်လိုထင်စေချင်တာလဲ"
"သူတို့ငါ့ကိုဘယ်လိုထင်လဲဆိုတာ ငါဂရုမစိုက်ဘူး ငါ့အတွက်တော့……သူတို့က ခွေးတွေပဲကွ၊ ခွေးတွေ ဘယ်လိုထင်လဲဆိုတာ ဘယ်သူက ဂရုစိုက်မှာလဲ"
ထိုစဉ် အစေခံမိန်းကလေး ပြောဝင်လာသည်။
"ကြင်ယာတော်မင်းသမီး၊ အကြီးဆုံးသခင်လေးက လူလွှတ်ပြီး စာလွှာပေးလိုက်ပါတယ်"
ရှဲ့ဝမ်ယွီ ခြေလှမ်းများ ရပ်တန့်သွားသည်။
"အစ်ကိုအကြီးဆုံးကို ဆိုလိုတာလား"
"ဟုတ်ကဲ့"
သူမ ချက်ချင်းပင် သူမ လက်ချောင်းထက်ပင် ပိုသေးသော စာရွက်လိပ်ကို ယူလိုက်သည်။ ဖွင့်ကြည့်လိုက်သော် သူမ မျက်နှာတစ်ခုလုံး နီရဲသွားပြီး ခေါင်းကို ဆတ်ခနဲ လှည့်ကာ နောက်ဘက် ခြံဝင်းကို ကြည့်လိုက်သည်။
"ကြင်ယာတော်မင်းသမီး ဘာဖြစ်နေတာလဲ"
အစေခံမိန်းကလေးက သူမ၏မျက်နှာအမူအရာ မမှန်သည်ကို မြင်ပြီး စိုးရိမ်တကြီး ကြည့်နေ၏။
"အဆင်ပြေပါတယ်" ရှဲ့ဝမ်ယွီ အသက်ပြင်းပြင်းရှူကာ သန့်ရှင်းပြီး လှပသော လက်သည်းများကို ကြံရာမရသလို တတွတ်တွတ် ဖျစ်ညှစ်နေသည်။
" ကျုံးဖျင်နယ်စားမင်း အိမ်တော်က လူတွေအပါအဝင် ဒီစာရွက်ကိစ္စကို ဘယ်သူ့ကိုမှ မပြောနဲ့၊ နားလည်လား"
အစေခံမိန်းကလေးလည်း ကြောက်လန့်တကြားဖြင့် ခေါင်းညိတ်ပြသည်။
"ဟုတ်ကဲ့၊မှတ်ထားပါ့မယ်"
ထို့နောက် သူမသည် စာရွက်ကို ဆုတ်ဖြဲကာ နံဘေးရှိ ကြာပန်းအိုးကြီးထဲသို့ ပစ်ချလိုက်သည်။အဝါရောင်ဖျော့ဖျော့စက္ကူသည် ရေမျက်နှာပြင်ပေါ်တွင် တဝဲလည်လည်ဖြစ်နေတော့၏။
"ဗြန်း...."
သူမ လက်ကို ရေမျက်နှာပြင်ပေါ် ပြင်းပြင်းထန်ထန် ပုတ်လိုက်သည်။ ရေက နေရာတိုင်းကို စင်ထွက်ကုန်ကာ သူမ မျက်နှာနှင့် အဝတ်အစားမှာလည်း ရေရွှဲနစ်နေသည်။ သူမ မျက်နှာပေါ်မှ ရေများကို လက်ဗလာဖြင့်သာ သပ်ချပြီး ကြောက်လန့်တကြား မြေပြင်ပေါ်တွင် ဒူးထောက်နေသော အစေခံမိန်းကလေးကို လှည့်ကြည့်လိုက်၏။
"နင်က ဘာအတွက်ကြောင့် ဒူးထောက်နေတာလဲ၊မတ်တပ်ရပ်စမ်း"
"ဟုတ်ကဲ့"
အစေခံမိန်းကလေး တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ရပ်လိုက်သည်။ ယခုထိ သူမသည် ရှဲ့ဝမ်ယွီ၏ မျက်နှာကို မကြည့်ဝံ့ပေ။
သို့သော် ရှဲ့ဝမ်ယွီ၏ မျက်နှာအမူအရာမှာ အံ့အားသင့်ဖွယ် တည်ငြိမ်နေသည်။ သူမ ပါးစပ်ထောင့်ရှိ ရေစက်များကို သုတ်ကာ ပေါ့ပေါ့ပါးပါးရယ်ပြီး
"ငါ့ကို အဝတ်အစားလဲပေးပါလား"
ပန်းဟွာ ကျင့်ထင်အိမ်တော်သို့ ပြန်ပြေးသွားခြင်း၏ ရလဒ်မှာ သူမ အပြင်းဖျားနေပြန်သည်။တခါတရံ သူမ နေကောင်းလိုကိ၊တစ်ခါတစ်ရံ ပြန်ဖြစ်လိုက်နှင့် သံသရာလည်နေတော့၏။ရုံရှားသည် ပန်းမိသားစုထံ အမြဲတမ်း မရောက်နိုင်သောကြောင့် လက်ဆောင် ပစ္စည်းများကိုသာ လူလွှတ်၍ ပေးပို့နိုင်ခဲ့သည်။ယနေ့ ကျောက်မျက်ရတနာများ၊နောက်တနေ့ကျလျှင် ပိုးဖဲပိတ်စများ၊တစ်ဖန် ဝတ္ထုဇာတ်လမ်းများလည်း ပါသေးသည်။တန်ဖိုးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ၊ ပန်းဟွာ စိတ်ဝင်စားသည့်မရာမှန်သမျှ အားလုံးကို ပို့ပေးမှာပင်။
နွေရာသီက တဖြည်းဖြည်းကုန်ဆုံးသွားသည်။ဆောင်ဦးရာသီအကုန်ပိုင်းနှင့် ဆောင်းရာသီအစပိုင်းတွင် ပန်းဟွာ နေပြန်ကောင်းလာခဲ့သည်။နေမကောင်းဖြစ်ခြင်းဆိုသည်မှာ တခဏသာကြာမြင့်သော်လည်း ပန်းဟွာကတော့ အနည်းငယ်အချိန်ကြာမြင့်ခြင်းသာဖြစ်ပေသည်။
ဧကရာဇ်ယွင်ချင်သည် ရုံရှားကို တရားရုံးသို့ ပြန်လာစေရန် အမိန့်တော် ထုတ်ပြန်ထားပြီးဖြစ်သည်။ သို့သော်လည်း ရုံရှား၏ ခန္ဓာကိုယ်သည် ပြီးခဲ့သည့် အကြိမ် အရိုက်ခံရပြီးကတည်းက ကျန်းမာရေး မကောင်းဖြစ်လာသည်။ သူ တစ်ဖန်ဖျားနာပြီး ရက်အနည်းငယ်ကြာမှ တရားရုံးကို ပြန်လာဖို့ ပြင်ဆင်ထား၏။ဧကရာဇ် ယွင်ချင်သည် သူ၏သွေးခုန်နှုန်းကို တိုင်းတာရန် တော်ဝင်သမားတော်တစ်ဦးကို စေလွှတ်ခဲ့သည်။ သမားတော်ကလည်း ရုံရှား၏ခန္ဓာကိုယ်မှာ အတော်ပျက်စီးသွား၍ တစ်နှစ်လောက် အနားမယူဘဲနှင့် ပြန်ကောင်းလာမည်မဟုတ်ကြောင်းလည်း ပြောခဲ့သည်။
သို့နှင့် ဧကရာဇ် ယွင်ချင်သည် နင်းဝမ်မင်းသား ၊ အိမ်ရှေ့စံတို့နှင့် ဘာမှမဆိုင်သော လူအနည်းငယ်ကို ရာထူးတိုးရန် မှတပါး ရွေးချယ်စရာမရှိပေ။ထိုလူများသည် သိပ်ပြီး ပေါ်လွင်ပုံမပေါ်သော်လည်း အိမ်ရှေ့စံနဲ့ မင်းသား နင်းရဲ့ အဖွဲ့ခွဲအရာရှိတွေက သူတို့ကို မရှောင်နိုင်ခဲ့ပါဘူး။ ထို့အပြင် မင်းသား နင်း နှင့် အိမ်ရှေ့မင်းသား၏ ဂိုဏ်းခွဲအရာရှိများသည် ထိုလူများကို မထိပါးနိုင်ရုံသာမက အခြားသူတို့အား လုပ်ကြံရန် ကြံစည်နေသူများကိုလည်း သတိထားရမည်ဖြစ်သည်။
ဧကရာဇ်သည် နှစ်ဖက်စလုံး၏ စိတ်နေစိတ်ထားကို စမ်းသပ်နေကြောင်း နှစ်ဖက်စလုံး သိကြသည်။ အကယ်၍ ဤလူများသာ တစ်ခုခုဖြစ်ခဲ့လျှင် ဧကရာဇ်က နင်းဝမ်မင်းသားကိုသာ သံသယဖြစ်လိမ့်မည်။
မြို့တော်မှာ ဆောင်းရာသီ၏ ပထမဆုံးနှင်းကျလာသည့်အခါ ဧက္ကရာဇ် ယွင်ချင် သည် ချိုင်းထောက် မကူညီရဘဲ ခြေလှမ်းအနည်းငယ်လှမ်းနိုင်ခဲ့သည်။သူ တရားရုံးကို ပြန်လာဖို့ ကြံစည်သည့်ညမှာ အိပ်မက်ဆိုးတွေ ထပ်ပြီး မက်နေတော့၏။
အိပ်မက်ထဲတွင် သူ့အသက်က ဆယ်နှစ်သာရှိသေးသည်။သူ့အဖေက သူ့ကို မျက်နှာသာမပေး၍ အစ်ကိုများကလည်း မကြည့်ပေ။ သူ့ထက် နှစ်များစွာငယ်သော ပန်းဟွိုက် နှင့် ရုံရှား၏ဖခင် တို့ကသာ သူနှင့် ရိုးသားစွာ ရှိနေကြသည်။
ယခင်ကျင့်ထင်နယ်စားမင်းဟောင်းသည် ပန်းဟွိုက်အား လာကြိုစဉ်၊ သူ၏ လည်ချောင်းမှာ သွေးများ တရစပ်ထွက်နေပြီး မျက်နှာမှာလည်း သွေးအတိ ဖုံးနေသည်။
"ဦးရီးတော် ဘာဖြစ်တာလဲ"
“အရှင်မင်းကြီး၊ ကျွန်တော့်ကိုညအဆိပ်ခတ်ဖို့ အမိန့်ပေးတာ မဟုတ်လား”
"အရှင်မင်းကြီး၊"
သူ့ဘေးမှာ ကပ်လိုက်နေသည့် မြို့စားမင်းရုံက ရုတ်တရက် သူ့ဆံပင်များကို ကြမ်းပြင်ပေါ်ထိကာ ဦးညွတ်လိုက်၏။ထိုအခါ သူ၏ နား၊ ပါးစပ်နှင့် နှာခေါင်းတို့မှ အနက်ရောင်သွေးများ ထွက်ကျလာသည်။
"အရှင်မင်းကြီးရဲ့ သနားစရာကောင်းတဲ့အတိတ်ကို မြင်လိုက်ရလို့ ကျွန်တော့်ကို မုန်းသွားလို့ သတ်လိုက်တာလား"
"မဟုတ်ဘူး၊မဟုတ်ဘူး …" ဧက္ကရာဇ်ယွင်ချင် အကြိမ်ကြိမ် အခါခါ ငြင်းဆိုရတော့သည်။
"ငါက တိုင်းပြည်အတွက်ပဲ လုပ်ခဲ့တာလေ.."
"လူလိမ်!"
"လူလိမ်!"
"မဟုတ်ဘူး....."
ဧက္ကရာဇ်ယွင်ချင် ရုတ်တရက် အံ့ဩသွားကာ ထိတ်လန့်စွာအော်ဟစ်သည်။
"ဒါ ငါမဟုတ်ဘူး"
"အရှင်မင်းကြီး၊ အရှင်မင်းကြီး"
မိန်းမစိုးနှင့် နန်းတွင်းအစေအပါးများ ဝင်လာကြသည်။ ဧက္ကရာဇ်သည် နဂါးကုတင်အောက်တွင် ချွေးများစိုရွှဲလျက် လဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။ဧက္ကရာဇ် ကုတင်ပေါ်ကနေ ဘယ်လို ပြုတ်ကျခဲ့တာလဲ။
များမကြာမီပင် တော်ဝင်သမားတော် ပြေးလာသည်။ဧကရာဇ်ယွင်ချင်၏ ရောဂါလက္ခဏာများကို ကြည့်ရှုပြီးနောက် လေးနက်သောအမူအရာဖြင့် ခေါင်းယမ်းလိုက်သည်။ဧကရာဇ်သည် ပို၍ပင် နာမကျန်းဖြစ်လာနေပုံရသည်။
“ သမားတော်…” ဧက္ကရီက ကုတင်ပေါ်တွင် လဲလျောင်းနေသော ဧက္ကရာဇ်ကို ကြည့်လိုက်သည်။ သူမ၏ အမူအရာက ထုံထိုင်းကာ ယူကျုံးမရဟန်တို့ ပြည့်နှက်နေ၏။လွန်ခဲ့သည့် ခြောက်လအတွင်း၊ ဧကရာဇ်ယွင်ချင်၏ ထူးဆန်းသော ဒေါသကြောင့် သူတို့၏ယခင်က ခင်မင်ရင်းနှီးမှုကလေးပျက်ပြားလုနီးပါး ဖြစ်ခဲ့ရသည်။ သို့သော်လည်း ဆံပင်တစ်ဝက်ဖြူနေသည့် ကုတင်ပေါ်ရှိ ဧက္ကရာဇ်ကိုကြည့်ကာ သူမ စိတ်ပျော့ပျောင်းသွားရ၏။
"ဧကရာဇ် ဘာဖြစ်သွားတာလဲ၊ ဆံတော်တွေကလည်း ဘာလို့ ဒီလောက်ဖြူနေတာလဲ"
တော်ဝင်သမားတော်သည် ဧကရီရှေ့တွင် ဒူးထောက်လိုက်သည်။
"ဧကရီ၊ အရှင်မင်းကြီးအခြေအနေက စိတ်ပူရပါတယ်၊ ကျွန်တော်က အရည်အချင်းမပြည့်မီဘူး၊အရှင်မင်းကြီးရဲ့ အခြေအနေက တဖြည်းဖြည်း သက်သာလာပေမယ့် ဒီနေ့ညပြီးရင်တော့….."
ဧကရီ လက်ကို အားပျော့စွာ ဝှေ့ယမ်းလိုက်သည်။ "ငါ သိပြီ"
ဒုတိယအကြိမ် လေဖြတ်ခြင်းမှ ပြန်လည်ကောင်းမွန်ရန် အလွန်ခက်ခဲသည်။ ဧကရာဇ် ယွင်ချင် နိုးလာသောအခါတွင် သူသည် နောက်တစ်ကြိမ် အောက်ပိုင်းလှုပ်၍မရနိုင်တော့ကြောင်း တွေ့ရှိခဲ့သည်။သူ ချက်ချင်းပင် ဒေါသကိုပြေပျောက်စေရန် မဟာရွှေလမင်းနန်းတော်တွင် အမှုထမ်းသော နန်းတော် အစေခံများစွာကို အပြစ်ပေးခဲ့သည်။ဧကရီတောင်မှ သူ့ကို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းသည်။
"ငါ့ကံကောင်းစေတဲ့ အိတ်ကလေး ဘယ်မှာလဲ" ဧကရာဇ်သည် သူ၏ ခေါင်းအုံးအောက်ရှိ ကံကောင်းသော အိတ်ကို မတွေ့ရသောအခါ ထိတ်လန့်တကြားဖြင့်
"ငါ့ကံကောင်းစေတဲ့ အိတ်ကို ဘယ်သူခိုးတာလဲ"
သို့နှင့် ကံကောင်းစေသည့် အိတ်ကလေး ပျောက်သွားသလို၊ မနေ့ညက လေပြင်းကြောင့် တံခါးအပြင်ဘက်က တံခါးနတ်ဘုရားပုံကလေးတောင် ပျက်စီးသွားသည်။ဧကရာဇ် ဆံပင် ဖရိုဖရဲဖြင့် ကုတင်ပေါ်တွင် ထိုင်ကာ ပိတ်စကန့်လန့်ကာကို ကြောင်တက်တက် စိုက်ကြည့်နေသည်။ သူ စိတ်ပျက်သွားပုံရသည်။"အဲဒါတွေက ငါ့ဆီကနေ ထွက်သွားတာကြောင့် ဖြစ်ရမယ်၊ အဲဒါကြောင့် ဖြစ်မယ်"
"အရှင်မင်းကြီး၊ ဆေးသောက်ချိန်ရောက်ပါပြီ"
ထိုစဉ် ဝမ်ကုန်းကုန်းသည် ဆေးပန်းကန်လုံးနှင့်အတူ ဝင်လာသည် ။ သို့သော်လည်း ဧကရာဇ် ယွင်ချင်သည် သွေးရူးသွေးတန်းဖြင့် ဝမ်ကုန်းကုန်း၏ လက်ထဲမှ ပန်းကန်ကို ခွဲပစ်လိုက်ရာ ဆေးများဖိတ်ကာ သူ့အဝတ်များကို စိုစွတ်စေတော့သည်။ သို့သော် ဝမ်ကုန်းကုန်း မျက်မှောင်လေးပင်မကြုတ်ရဲပေ။
"ငါ့အမိန့်ကို လိုက်နာစမ်း၊ရုံရှား နဲ့ ပန်းဟွာထဲကို နန်းတော်ဆီ ချက်ခြင်းခေါ်ပါ" ဧကရာဇ်သည် ဝမ်ကုန်းကုန်း၏လက်ကို ဖျတ်ကနဲဆွဲယူကာ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။
"နန်းတော်ထဲကို သူတို့ ချက်ချင်းဝင်လာခိုင်း"
ဝမ်ကုန်းကုန်းက တိုးတိုးလေးပြောသည်။ " အရှင်မင်းကြီး၊ ကောကုန်းချမ်အမ် ဖျားနေပါတယ်၊ သူ အိပ်ရာထဲမှာ အနားယူနေတုန်းပါပဲ"
"သူ့ကို ထမ်းသယ်ခိုင်းရရင်တောင် ရအောင်ခေါ်လာ...."
ဧကရာဇ်၏ မျက်လုံးများက မီးတောက်များလို တောက်ပလာသည်။သူ့ပုံစံက အချိန်အတော်ကြာ ရေငတ်ခဲ့ပြီး ကြည်လင်သော စမ်းရေအိုင်ကို တွေ့ခဲ့သူနှင့် တူသည်။
"မြန်မြန်သွား"
"ဟုတ်ကဲ့" ဝမ်ကုန်းကုန်း ဦးညွှတ်ပြီး ထွက်သွားတော့သည်။
အခန်းထဲက ထွက်လာသော် အေးစက်သည့်လေက အဝတ်များကိုဖြတ်၍ သူ့အရိုးထဲကို ဝင်သွားသဖြင့် ခိုက်ခိုက်တုန်နေရတော့သည်။
"ဝမ်ကုန်းကုန်း အမိန့်တစ်ခုခုများ ပါလာလို့လား"
"ပါတယ်၊ အရှင်မင်းကြီးရဲ့ အမိန့်ကို လိုက်နာပါ၊ ကောကုန်းချမ်အမ်နဲ့ ပန်းဟွာကျွင်းကျူးကို အခုချက်ချင်း ဆင့်ခေါ်ပါ"
“ဒါ…” မိန်းမစိုးငယ်လေးက အပြင်မှာ နှင်းဖြူများကို လှမ်းကြည့်သည်။ လွန်ခဲ့သောနှစ်ရက်က ကောကုန်းချမ်အမ် ဖျားသည်။ဧကရာဇ်က သူ့ကို အားဆေးဖြင့်ပင် ဆုချခဲ့သည်။ သို့သော် ယနေ့တွင် ကောကုန်းချမ်အမ်ကို နန်းတော်ထဲကို ဝင်စေချင်သည်။ဒါက တစ်ခုခုတော့ မူမမှန်ဘူး...မဟုတ်လား...
"အစောင့်တွေကို သေချာတာဝန်ပေးလိုက်၊ မြန်မြန်လုပ်၊ အရှင်မင်းကြီးက သူတို့ကို တွေ့ဖို့အတင်း စိတ်စောနေတယ်"
"ဟုတ်ကဲ့"
မိန်မစိုး စကားများများမပြောရဲတော့။ ဧကရာဇ်ယွင်ချင်၏ ဒေါသသည် ထူးဆန်းသထက် ထူးဆန်းလာသည်။ ဤအတောအတွင်း မဟာရွှေလမင်းနန်းတော်တွင် လူအများအပြား ရိုက်နှက်သတ်ဖြတ်ခံခဲ့ရပြီးဖြစ်သည်။ သူသည် ရာထူးမကြီးမားသော သာမာန် မိန်းမစိုးလေးသာဖြစ်လျှင်ပင် သူ့အသက်ကို မြတ်နိုးတန်ဖိုးထားဆဲဖြစ်သည်။
ပန်းမိသားစုသည် ပူနွေးသောမီးဖိုတစ်ဝိုက်တွင် ထိုင်ကာ ဟော့ပေါ့ဟင်းရည်ပူပူကို စားသောက်နေကြသည်။ငါးများနှင့်အသားများကို ချက်ချင်းမစားသေးဘဲ ထည့်ထားသော ဟင်းသီးဟင်းရွက်များကိုသာ ဦးစွာစားသည်။
ဧကရာဇ်ယွင်ချင်သည် ပန်းဟွာကို အရေးတကြီးခေါ်နေကြောင်းကြားသောအခါ ပန်းမိသားစုမှာ အံ့အားသင့်ကာ စိုးရိမ်သွားကြသည်။ သို့သော်လည်း ဧကရာဇ်၏ အမိန့်ကို မလိုက်နာဘဲ မနေဝံ့ကြပေ။
ပန်းဟွာသည် မြေခွေးဖြူသားမွေး ဝတ်စုံနှင့် မြေခွေးဖြူသားမွေး ဝတ်ရုံကို ၀တ်ဆင်ထားလိုက်သည်။မိသားစုဝင်များ၏ စိုးရိမ်သော အကြည့်များအောက်တွင် သူမသည် အိမ်တံခါးဝမှ ထွက်လာခဲ့သည်။
နန်းတော်ကပို့သည့် မြင်းလှည်းက တံခါးအပြင်မှာ စောင့်နေပြီဖြစ်ကာ ရှေ့တွင်ရပ်နေသူမှာ ရှစ်ကျင်းဖြစ်သည်။
ရှစ်ကျင်းသည် ပန်းဟွာကို မြင်သောအခါ ဦးညွှတ်ကာ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်လိုက်သည်။
အစောင့်တစ်ဦးသည် နှင်းများပေါ်မှ ဖြတ်လျှောက်လာကာ မြင်းလှည်းရှေ့တွင် သစ်သားထိုင်ခုံတစ်ခု တင်ထားလိုက်သည်။ ပန်းဟွာက အစောင့်ကို ခေါင်းညိတ်၍ အသိအမှတ်ပြုလိုက်ရာ၊ အစောင့်သည် ချက်ချင်းပင် မျက်နှာနီရဲကာ ဘေးဘက်သို့ ဆုတ်သွားသည်။
ပန်းဟွာ၏ မြေခွေးသားမွေးအင်္ကျီကော်လာကို လေအေးများ တိုက်ခတ်သွား၍ စိမ့်ကနဲအေးလာတာကြောင့် သူမ အင်္ကျီကော်လာကို ဆွဲစေ့ပြီး သစ်သားခုံပေါ် တက်လိုက်သည်။
"ကျွင်းကျူး ခြေလှမ်းကို သေချာကြည့်လှမ်းပါ"
ရှစ်ကျင်း ထိုင်ခုံဘေးမှာ ရပ်လိုက်ပြီး ခေါင်းငုံ့ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ပန်းဟွာက သူ့ကိုတစ်ချက်ကြည့်လိုက်၏။သူသည် ငွေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားဆဲဖြစ်သည်။ သူ၏ ငွေရောင်ခမောက် ထိပ်တွင်တပ်ဆင်ထားသော အနီရောင် ချည်မျှင်များသည် အေးစက်သော လေထဲတွင် လှုပ်ခတ်သွားသည်။ ဤသည်မှာ သူ့ခန္ဓာကိုယ်ပေါ်ရှိ တစ်ခုတည်းသော တောက်ပသော အရောင်ပင်ဖြစ်သည်။
"သတိပေးလို့ ကျေးဇူးတင်ပါတယ်"
xxxxx