Chapter 127
မြင်းလှည်းသည် ထူထပ်သော နှင်းထုထဲတွင် ရှေ့သို့ ရွေ့လျားရန် ရုန်းကန်နေရသည်။ မြင်းလှည်းကိုမောင်းနှင်သော အစောင့်က အမြန်ပြေးစေချင်သော်လည်း မြင်းက ခြေချော်သွားသဖြင့် ရထားသည် လမ်းမပေါ်တွင် ယိမ်းယိုင်သွားသည်။
"သတိထားပါ" ရှစ်ကျင်းသည် မြင်းလှည်းမောင်းသူနှင့် ဘေးချင်းကပ်၍ မြင်းစီးလာပြီး
"ပန်းဟွာကျွင်းကျူးဒဏ်ရာရရင် မင်း ဘာများတတ်နိုင်မှာမလို့လဲ"
"ဟုတ်ကဲ့.... သတိထားပါ့မယ်"
မြင်းလှည်းမောင်းသူအဖြစ် ဆောင်ရွက်နေသည့် တော်ဝင်ကိုယ်ရံတော်သည် အလွန်ကြောက်လန့်ကာ နဖူးတွင် ချွေးများဖြင့် ဖုံးလွှမ်းသွားသည်။ သူလည်း စိတ်ရှုပ်သွားရ၏။ရှစ်မိသားစုနှင့် ပန်းမိသားစုက ပဋိပက္ခ ဖြစ်ထားတာမဟုတ်ဘူးလား။အခုကျမှ လက်ထောက်တပ်မှူးက ပန်းဟွာကျွင်းကျူးကို ဘာလို့ သဘောကျနေပုံပေါက်တာလဲ...
သို့သော် မှူးမတ်များကြားတွင် ရန်ငြိုးထားမှုများသည် သာမာန် ပြည်သူများ နားလည်နိုင်သော အရာမဟုတ်ပေ။ လက်ထောက် အစောင့်တပ်မှူးသည် ပန်းဟွာကျွင်းကျူး ကို ယခုလိုသက်ညှာနေတာကြောင့် သူလည်း ထိုကဲ့သို့သော မြင့်မြတ်သူကို စော်ကားမည်မဟုတ်ပါ။
ပန်းဟွာသည် သူမ၏ဆံပင်ရှိ နှင်းယုန်ဆံညှပ်ကို ထိလိုက်ကာ အပြင်တွင် စကားစမြည်ပြောသည်ကို သူမမကြားရဟု ဟန်ဆောင်လိုက်သည်။ ထို့နောက် ကန့်လန့်ကာကို ရုတ်လိုက်ပြီး အပြင်ကို ကြည့်လိုက်သည်။ယခု သူမတို့သည် ဧကရာဇ်နန်းတော်အနီးတွင် ရောက်နေကြသည်။
“လက်ထောက် တပ်မှူးရှစ်” အမတ်တစ်ဦးသည် နန်းတော်အဝင်ဝတွင် စောင့်နေပြီဖြစ်သည်။ ရှစ်ကျင်းကိုမြင်သောအခါ ဧကရာဇ်က ကျွင်းကျူးကို မဟာ ရွှေလမင်းနန်းတော်သို့ တိုက်ရိုက် မောင်းလာဖို့ အမိန့်ပေးကြောင်း ပြောပြလေသည်။
ရှစ်ကျင်း သူ့နောက်က မြင်းလှည်းကို ပြန်ကြည့်ကာ ပြောလိုက်၏။
"နားလည်ပါပြီ"
တံခါးဝက အစောင့်များသည် ခေါင်းမထောင်ဝံ့ကြ။ ဇိမ်ခံမြင်းလှည်းကို အမြန်ဖြတ်သန်းခွင့်ပြုခဲ့ပြီး မော်၍ပင်မကြည့်ရဲကြပေ။ မြင်းလှည်း ဘီးရာသည် နန်းတော်အဝင်ဝရှိ နှင်းတောထဲတွင် နက်နဲသော အမှတ်အသား ခြေရာတစ်ခု ကျန်ရစ်ခဲ့သည်။ အစောင့်များသည် မြင်းလှည်း အဝေးသို့ရောက်သွားမှသာ တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဖလှယ်ရဲကြသည်။
ကောကုန်းချမ်အမ်သည် ပန်းဟွာကျွင်းကျူး မလာမီကတည်းက ဧကရာဇ်နန်းတော်သို့ ဝင်ရောက်နှင့်ခဲ့သည်။သူ ထိုင်နေရင်း ဧကရာဇ်က သူတို့အား အဘယ်ကြောင့် အလျင်အမြန် ခေါ်ရသည်ကို နားမလည်နိုင်အောင်ပင်ရှိ၏။
မြင်းလှည်းပေါ်မှာထိုင်နေသည့် ပန်းဟွာက ရှစ်ကျင်းအား လှမ်းမေးလိုက်၏။
" လက်ထောက်တပ်မှူးရှစ်၊ နန်းတော်ဝင်းထဲမှာ မြင်းလှည်းစီးပြီးဝင်ဖို့ဆိုတာ မသင့်တော်ဘူးမဟုတ်လား"
ရှစ်ကျင်းသည် ဇက်ကြိုးကို တင်းတင်းကြပ်ကြပ် ကိုင်ထားကာ နောက်သို့ပြန်ဆုတ်လာပြီး “ကျွင်းကျူး ဒါက ဧကရာဇ်ရဲ့ အမိန့်ပါပဲ"
“ဒီတစ်ခါတော့ ဘယ်သူမှ ကျွန်မကို မြင်းလှည်းပေါ်ကနေ အတင်း ဆွဲချမှာ မဟုတ်ပါဘူးနော်"
ရှစ်ကျင်းက လေးနက်သော အမူအရာဖြင့် "တကယ် ပြောနေတာပါ၊ကျွင်းကျူး၊ ကျွန်တော် ကျွင်းကျူးကို မစော်ကားရဲပါဘူး"
ယခင်က တော်ဝင်မင်းသမီး၏ နောက်ဆုံးအချိန်ကိုမှီရန် အပြေးရောက်လာသော ပန်းဟွာကျွင်းကျူး၏ မြင်းကို သူ လိုက်တားဆီးသောအချိန်သည် သူ့နှလုံးသားထဲတွင် မမေ့နိုင်သော အမှတ်ရစရာတစ်ခုပင်။ ယခု ပန်းဟွာပြောသည်ကို ကြားလိုက်ရတော့ ရှက်စိတ်၊ ဝမ်းနည်းစိတ်နှင့် ဖော်မပြနိုင်သော ခါးသီးမှု၊ နောင်တရမှုတို့ပင် ပြန်လည် ခံစားခဲ့ရသည်။ ထိုနေ့တွင် သူသည် ပန်းဟွာ၏မြင်းကို မတိုက်ခိုက်ဘဲ ဧကရာဇ်အား တွေ့ရန် သူမနှင့်အတူ လမ်းပြပေးမည်ဆိုလျှင် လိုက်ပါခဲ့မည်ဆိုလျှင်၊
သူ ရှိုက်ကြီးတငင် ပြုံးပြီး စိတ်ကူးယဉ်နေမိသော သူ့ကိုယ်သူ ရယ်ချင်စိတ်ဖြစ်မိ၏။
ပန်းဟွာ ရယ်လိုက်သည်။မဟာလနန်းတော်၏ ပင်မတံခါးရှေ့တွင် မြင်းလှည်းရပ်သွားသည်အထိ သူမ စကားတစ်ခွန်းမှ မပြောခဲ့ပေ။
"ကျွင်းကျူး၊ ကျွန်တော်တို့ မဟာ ရွှေလမင်းနန်းတော်ထဲ ရောက်လာပါပြီ"
ပန်းဟွာသည် ရထားပေါ်မှ ဆင်းလာသောအခါတွင် သူ့ပတ်ဝန်းကျင်ရှိ ဘုရင့်အစောင့်တပ်သားများက ခေါင်းငုံ့ကာ နောက်ပြန်ဆုတ်သွားကြသည်။ ရှစ်ကျင်းပင်လျှင် မြင်းပေါ်မှ ဆင်းကာ တရိုတသေ အနေအထားမျိုးပြင်လိုက်၏။
ရှစ်ကျင်းသည် ခေါင်းငုံ့ထားရင်း ရိုးရိုးသားမွေးဖိနပ်တွင် ချယ်လှယ်ထားသည့် အပြာရောင်ကျောက်မျက်အချို့ကို မြင်လိုက်ရသည်။သူမ၏ အဖြူရောင်ဝတ်စုံတွင် သီထိုးထားသော ကြာပန်းပြာပြာနှင့် ဖိနပ်က အလွန်လိုက်ဖက်လှသည်။
"မင်္ဂလာပါ ကျွင်းကျူး"
အမျိုးသမီး အမှုထမ်း အများအပြား လာရောက် နှုတ်ဆက်ကြသည်။အချို့က ပန်းဟွာအတွက် ထီးမိုးပေးကြပြီး အချို့က ပန်းဟွာအား အနွေးအိတ်များကမ်းပေးကြသည်။သူတို့အားလုံး တရိုတသေနှင့် အမှုထမ်းရန်အသင့်ဖြစ်နေကြပေသည်။
ပန်းဟွာအား နန်းတော် အစေခံများက အတွင်းခန်းထဲသို့ ခေါ်ဆောင်သွားသည်ကို ရှစ်ကျင်း ရပ်ကြည့်နေမိသည်မှာ သူ့လက်အောက်ငယ်သားများက လာမခေါ်မချင်းပင်။
"ခဏလောက်စောင့်ပါဦး၊ ဧကရာဇ်က ငါတို့ကို လိုအပ်ရင် ငါတို့ အနီးနားမှာရှိနေတော့ကောင်းတာပေါ့"
ဧကရာဇ်၏ လက်ရှိဒေါသကို တွေးတောရင်း တခြားအစောင့်တပ်သားများ ကြောက်ရွံ့ထိတ်လန့်နေသေး၏။သို့သော် ရှစ်ကျင်း စကားကို နားထောင်ပြီး သူတို့ အပြင်မှာ စောင့်နေကြလေသည်။
ပန်းဟွာသည် အပြင်ဘက်ခန်းမထဲသို့ လှမ်းကြည့်လိုက်ရာ ရုံရှား ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူသည် အပြာရောင် ဘရိုကိတ်ပိတ်သား ၀တ်စုံကို ဝတ်ဆင်ထားပြီး နာမကျန်းဖြစ်နေ၍ ညှိုးငယ်ဖျော့တော့လျက်ရှိသည်။
ခန်းမထဲတွင် မီးသွေးမီးဖိုတစ်လုံးရှိသောကြောင့် အလွန်နွေးထွေးသည်။ ပန်းဟွာသည် သူမ၏ မြေခွေးသားမွေးအင်္ကျီကို ချွတ်ကာ ရုံရှား ဆီသို့ လျှောက်သွားခဲ့သည်။
"ရှင်က ကျွန်မထက် စောရောက်လာတာလား"
သူဖျားနေတာမဟုတ်လား....သူဘာလို့ ဒီလောက်အလျင်စလို ရောင်လာတာလဲ...
ရုံရှားက သူ့ပါးစပ်ကို လက်ကိုင်ပုဝါနှင့် အုပ်ပြီး အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်သည်။
"အရှင်မင်းကြီးက ကိုယ့်ကို ဆင့်ခေါ်တဲ့အတွက် မြန်မြန်လာခဲ့တာပါ"
ထို့နောက် သူက လက်ကိုင်ပုဝါကို ချလိုက်ပြီး ပန်းဟွာ၏လက်ကို ဆုပ်ကိုင်ထားရာ သူမ၏ အေးစက်သောလက်ဖဝါးများ ချက်ချင်းနွေးထွေးလာရသည်။သူမသည် အတွင်းခန်းဆီသို့ စိုးရိမ်တကြီး လှမ်းကြည့်လိုက်ရင်း တစ်ခုခုပြောချင်သော်လည်း နောက်ဆုံးမှာတော့ ဘာမှထုတ်မပြောမိပေ။
ထိုအချိန်မှာ ဝမ်ကုန်းကုန်း ထွက်လာကာ ဦးညွတ်လိုက်ရင်း ပြောလေသည်။
"ကျွင်းကျူး ၊ကောကုန်း အရှင်မင်းကြီးက နှစ်ယောက်စလုံးကို ဆင့်ခေါ်လိုက်ပါတယ်"
ပန်းဟွာ ဝမ်ကုန်းကုန်းကို တစ်ချက်ကြည့်ကာ နှုတ်ဆက်ပြုံးပြလိုက်သည်။ ဝမ်ကုန်းကုန်းက ပြုံးပြီး ဘေးကို ထွက်သွားသည် ။
"သွားကြရအောင်" ရုံရှားသည် ပန်းဟွာ၏ သိမ်မွေ့သောလက်ချောင်းများကို တစ်ချက်ညှစ်ပြီး တွန့်ဆုတ်စွာ ပြန်လွှတ်လိုက်သည်။
ပန်းဟွာသည် အတွင်းခန်းထဲသို့ လျှောက်သွားသောအခါ အတွင်း၌ ထူးဆန်းသော အနံ့ကြောင့် အော့အန်လုမတတ် ဖြစ်သွားမိလေသည်။ အမွှေးနံ့သာနှင့် ဆေးနံ့တို့ ရောထွေးနေသဖြင့် သူမ အသက်ရှူမဝသလို ဖြစ်နေသည်။ သို့သော် သူမမျက်နှာမှာ ဘယ်လိုခံစားချက်မျိုးကိုမှ မထုတ်ပြနိုင်ပေ။မဟုတ်လျှင် ဧကရာဇ် ပေါက်ကွဲမှာ သေချာသည်။
ပန်းဟွာ မျှော်လင့်ထားသလိုပင် ဧကရာဇ်ယွင်ချင်၏ အကြည့်က သူမတို့အပေါ် မမှိတ်မသုန် ကျရောက်လာသည်။သူမတို့နှစ်ဦး နီးကပ်လာသည်အထိ သူ့မျက်လုံးများကို မမှိတ်ထားချေ။
"အရှင်မင်းကြီး"
ပန်းဟွာသည် နဂါးကုတင်နှင့် အနည်းငယ်အကွာတွင် ရပ်နေရင်း လဲနေသော အဘိုးအိုကို စိုးရိမ်စိတ်ကင်းစွာဖြင့် ကြည့်နေသည်။
"ကျွန်မကို လွမ်းနေပြန်ပြီလား"
"ဟုတ်တယ်" ဧကရာဇ်ယွင်ချင်သည် ပန်းဟွာကို အသနားခံသလိုကြည့်လိုက်သည်။
"မင်းကိုလွမ်းတယ်"
"ထိုင်ပါ"
ပန်းဟွာက ရုံရှားကို ထိုင်ခိုင်းလိုက်သည်။ထို့နောက် ကြာရွက်ပန်းကန်ထဲက လိမ္မော်သီးပါးပါးလေးကို ယူလိုက်ပြီး အခွံခွာလိုက်သည်။ခွာပြီးနောက် သူမ၏လက်များတွင် လိမ္မော်ဆီများရှိနေ၍ လက်ကိုင်ပုဝါကို လှမ်းယူရန်ပြင်သည်။
ထိုအခါ ရုံရှားည် သူ့လက်ကိုင်ပုဝါကို တိတ်တဆိတ် ထုတ်ယူလိုက်ပြီး ပန်းဟွာ၏ လက်များကို သန့်ရှင်းအောင် သုတ်လိုက်သည်။ ပန်းဟွာကလည်း သူ့ကို လိမ္မော်သီးတစ်ဝက်လောက်ပေးလိုက်၏။
"မင်းမှာ စေ့စပ်ထားသူရှိနေပြီဆိုတော့ အစားအစာကိုတောင် ငါကိုယ်တော်နဲ့ မျှမစားတော့ဘူးလား"
ဧကရာဇ်ယွင်ချင်၏ အသံမှာ အနည်းငယ် ဝမ်းနည်နေဟန်ပေါက်သွားသဖြင့် ပန်းဟွာ စိတ်ရှုပ်သွားရသည်။ အရှင်မင်းကြီးပြန်ကောင်းသွားပြီလို့ သူတို့ပြောတယ်မဟုတ်ဘူးလား အရင်တစ်ခါတုန်းကလို ဘာလို့ သူမနဲ့ တရင်းတနှီး အားရပါးရ စကားမပြောတာလဲ..
"ဒီဟာက အရမ်းအေးတယ်၊ကျွန်မ အရမ်းမစားဝံ့ဘူး၊အလဟဿလည်း မဖြစ်ချင်ဘူး၊ ဒါကြောင့် ကျန်တာကို သူ့ကိုကျွေးလိုက်တာပါ" ပန်းဟွာသည် လိမ္မော်သီးတစ်လုံးကိုထပ်ခွာကာ ဧကရာဇ် ယွင်ချင်အား ကျွေးမွေးရင်း ပြုံးလိုက်သည်။
"ဒါကို ကျွန်မတို့ အတူတူစားမယ်လေ"
သူမက "ကျွန်မတို့" ဟူ၍ သုံးနှုန်းလိုက်တာပင်။ဤအချက်က သူမသည် ဧကရာဇ် ယွင်ချင်ကို အလွန်ချစ်ခင်မြတ်နိုးသည်ဟုဆိုလိုခြင်းပင်။ရုံရှားသည် သူမ၏ စေ့စပ်ထားသူ ခင်ပွန်းလောင်းဖြစ်သော်လည်း သူက ဧကရာဇ်ယွင်ချင်ထက် နိမ့်ကျနေဆဲဖြစ်သည်။
ဧကရာဇ်ကလည်း သဘောကျကာ လိမ္မော်သီးကို ဝမ်းပန်းတသာ စားခဲ့သည်။
"ကောင်းပြီ၊ ကောင်းပြီ၊ အဲ့ဒီဟာက အရမ်းအေးတယ်ဆိုလည်း ငါကိုယ်တော် မစားချင်ပါဘူး"
"အရှင်မင်းကြီးက ကျွန်မအတွက် လူတွေ အထူးပြင်ဆင်ပြီး လွှတ်လိုက်တယ်ဆိုတာ သိလိုက်ရပါတယ်၊အရှင်မင်းကြီးကို ကျေးဇူးအများကြီးတင်ပါတယ်"
ထိုလူများကို အထူးပြင်ဆင်ထားခြင်းမဟုတ်သော်လည်း ဧကရာဇ် ယွင်ချင် သည် ပန်းဟွာ၏ ယဉ်ကျေးသောအသွင်အပြင်ကိုမြင်ပြီး ငြင်းဆိုစကား ဘာမျှမပြောပေ။ဘေးနားမှာ ငြိမ်ငြိမ်လေးထိုင်နေသည့် ရုံရှားကို သူကြည့်လိုက်၏။သူ ရုံရှားကို မတွေ့တာကြာပြီဖြစ်သည်။ရုံရှား ကိုယ်အလေးချိန် အများကြီး ကျသွားသည်။သူ့မျက်နှာက ဖြူဖျော့သွားကာ အားပြတ်နေသလိုပင်။
"ရုံရှား၊ငါ မင်းနဲ့ ကောင်မလေးကို ဒီနေ့ ဒီမှာ ခေါ်ရတာက ငါ့အတွက် တစ်ခုခုလုပ်ပေးစေချင်လို့ပဲ၊ပြီးခဲ့တဲ့ တစ်ခါတုန်းက ငါ့အတွက် မင်းဆွဲထားတဲ့ တံခါးနတ်ဘုရားရဲ့ ပုံကို အရမ်းသဘောကျတယ်၊ ဒီနေ့ နောက်တစ်ခု ထပ်ဆွဲပေးပါ"
"ဟုတ်ကဲ့" ရုံရှား ဧကရာဇ်ယွင်ချင်ကို တစ်ခုခုပြောချင်သော်လည်း မပြောဘဲ နေလိုက်သည်။
"အရှင်မင်းကြီး၊ ကျန်းမာရေးကိုလည်း ဂရုစိုက်ရမယ်နော်"
ဧကရာဇ် ယွင်ချင်သည် သူ့ကျန်းမာရေးအတွက် ရုံရှား စိုးရိမ်နေမှန်း သိသည်။ သူ သက်ပြင်းအနည်းငယ်ချလိုက်ပြီး "ငါကိုယ်တော် နားလည်ပါတယ်"
မိန်းမစိုး နှစ်ယောက်က စားပွဲတစ်လုံးကို ထမ်းပြီး စုတ်တံ၊ မှင်၊ စက္ကူနဲ့ ဆေးများ ပြင်ဆင်ပြီးပြီဖြစ်သည်။ကြည့်ရသည်မှာ ဧကရာဇ်သည် ရုံရှား ပန်းချီဆွဲသည်ကို မျက်စိရှေ့တင်မြင်ချင်ပုံရသည်။
"အရှင်မင်းကြီး ကောကုန်းချမ်အမ်က ပန်းချီဆွဲတုန်း ကျွန်မက ဘာလုပ်ရမလဲ" ပန်းဟွာသည် ဧကရာဇ် ယွင်ချင် ကို ဝမ်းနည်းသော မျက်နှာထားဖြင့် ကြည့်ကာဆိုလိုက်သည်။
ဧကရာဇ် ယွင်ချင်က ပြုံးပြီး "ငါကိုယ်တော် အတွက် ဒီအိတ်မှာပဲ ပန်းနည်းနည်းထိုးပေးလိုက်ပါ"
စားပွဲပေါ်တွင် မိန်းမစိုးများယူဆောင်လာသော ပန်းချီဆွဲသည့်ပစ္စည်းကိရိယာများအပြင် ရိုးရိုးရှင်းရှင်းနှင့် အဖြူသက်သက် အိတ်တစ်လုံးလည်း ရှိနေသည်ကို မြင်လိုက်ရသည်။
“အရှင်မင်းကြီး၊ ကျွန်မရဲ့ ပန်းထိုးပညာက ဘယ်လိုမျိုးလဲဆိုတာ သိတယ်မဟုတ်လား"
ပန်းဟွာသည် အိတ်ကိုယူကာ အပ်များကိုထုတ်၍ ဧကရာဇ်နှင့် အနီးဆုံး ကုလားထိုင်ပေါ်တွင် ထိုင်နေလိုက်လေသည်။
"ကျွန်မ ပန်းထိုးတာက ရုပ်ဆိုးရင် မရယ်နဲ့နော်"
အခန်းက တိတ်ဆိတ်သွားသည်။ပန်းဟွာသည် အပ်များကို ကိုင်ဆောင်ကာ ကောက်ကျစ်သော ဇာတ်ကောင် "ဖူရှို" ကို ထိုးသီလျက်ရှိသည်။ရုံရှား၏ ချောင်းဆိုးသံများကိုသာ ရံဖန်ရံခါ ကြားနေရသည်။ ပန်းထိုးပြီးသောအခါ ပန်းဟွာသည် ရုံရှား၏ နောက်ကျောကို ကြည့်လိုက်သည်။ ရုံရှားက ညင်သာစွာ ချောင်းတစ်ချက်ဆိုးလိုက်ပြီး သူမကို ပြန်လှည့်ကြည့်သည်။
သူတို့ မျက်လုံးချင်းဆုံသွားပြီး တစ်ဖန် သူမ မျက်တောင်တစ်ချက်နှစ်ချက်ခတ်ကာ ဆက်လက်ပန်းထိုးသီရပြန်သည်။
ဧကရာဇ် ယွင်ချင်သည် သူတို့နှစ်ဦးကြားက ချစ်ခင်မှုကို ကြည့်ပြီး တစ်ချိန် သူ ငယ်ရွယ်စဉ်က လှပသော မိန်းကလေးတစ်ဦးကို ချစ်မိခဲ့ကြောင်း ရုတ်တရက် သတိရသွားသည်။ သို့သော် ထိုမိန်းမချောလေး၏ပုံသဏ္ဍာန်ကို သူ မေ့နေသည်မှာ ကြာပြီဖြစ်သည်။ သူမ အိမ်ထောင်ပြုသွားပုံရသည်ကိုသာ သတိရမိသည်။
ထိုစဉ်မှာပင် ရုံရှားက ပန်းချီစုတ်တံကိုချလိုက်ပြီး "အရှင်မင်းကြီး၊ ပန်းချီကားပြီးပါပြီ"
ဧကရာဇ် ယွင်ချင်သည် တံခါးနတ်ဘုရား၏ ပန်းချီကားကိုပင် သေချာမကြည့်ခဲ့ပေ။မိန်းမစိုးများကို ချက်ချင်းဝင်လာခိုင်းပြီး တံခါးနတ်ဘုရားပုံကို အတွင်းခန်းတံခါးဝတွင် ကပ်ခိုင်းသည်။
ရုံရှား မျက်ခုံးများ အနည်းငယ်လှုပ်သွားသည်။ သူသည် ဧကရာဇ် ယွင်ချင်၏ အလျင်စလိုနှင့် ကဏှာမငြိမ်သော မျက်လုံးများကို ကြည့်ပြီး ပန်းဟွာ၏ နံဘေးသို့ လျှောက်သွားသည်။ ပန်းဟွာလည်း ပန်းထိုးပြီးလုနီးပါး ဖြစ်နလေပြီ။ သို့သော် သူမလက်ရာက အတော်ဆိုးလွန်းသဖြင့် မည်သူမှ ဟန်ဆောင်ပန်ဆောင်ပင် ချီးမွမ်း၍မရပေ။
သို့သော်လည်း ဧကရာဇ် ယွင်ချင် ကတော့ အတော် သဘောကျသည်။ ပြီးသည်နှင့် သူ့ခေါင်းအုံးအောက်မှာထည့်ထားလိုက်၏။
ပန်းဟွာသည် ဧကရာဇ် ယွင်ချင်က အနည်းငယ်ထူးဆန်းသည်ဟု ခံစားမိသည်။ သူ၏ အပြောအဆိုနှင့် အပြုအမူများသည် ရဲရင့်သော ဧကရာဇ်တစ်ပါးနှင့် မတူပေ။ ခံစားချက်ကို မထိန်းနိုင်သည့် ခုနစ်နှစ်၊ရှစ်နှစ်အရွယ် ကလေးတစ်ယောက်နှင့် ပိုတူသည်။
အိတ်ကို ပန်းထိုးခိုင်းရုံနဲ့ သူတို့ကို နှင်းတောထဲကနေ တကူးတက အပြေးအလွှား လာခိုင်းတယ်၊ဒါက အရည်အချင်းမရှိတဲ့ ဧကရာဇ်ရဲ့လုပ်ရပ်မျိုးပဲ...
"အရှင်မင်းကြီး၊ အရှင်မင်းကြီး"
ချက်ချင်းပင် ဧကရာဇ် ယွင်ချင် မျက်လုံးမှိတ်သွားသည်ကို သူမ တွေ့မိသည်။ပြီးလျှင် သူမသည်လည်း ရုံရှား နှင့် အကြည့်ချင်းဖလှယ်ကာ တိတ်တဆိတ်ထွက်သွားလိုက်သည်။
အတွင်းခန်းကနေ အပြင်ထွက်ပြီး လတ်ဆတ်သည့်လေကို ရှူရှိုက်ပြီးနောက် သူမ စိတ်လန်းဆန်းလာသလိုပင်။ နန်းတော်အပြင်ဘက်တွင် လေးနက်စွာ ရပ်နေသော အစေခံမိန်းကလေးများနှင့် မိန်းမစိုးများကို ကြည့်ပြီး သူမနှင့် အနီးစပ်ဆုံးဖြစ်သော ဝမ်ကုန်းကုန်းကို ပြောလိုက်၏။
"ဝမ်ကုန်းကုန်း အရှင်မင်းကြီး အိပ်ပျော်သွားပါပြီ"
ဝမ်ကုန်းကုန်းက ပြုံးပြီး သူတို့နှစ်ယောက်ကို မဟာရွှေလမင်း နန်းတော်ထဲက ခေါ်ထုတ်သွာသည်။ ထို့နောက် သူတို့အား ဦးညွှတ်ပြီး
"ကျွန်တော် ဒီနေ့ ကောကုန်း နဲ့ ကျွင်းကျူး ကို နှောင့်ယှက်ခဲ့မိပြီ"
ပန်းဟွာက ပြုံးပြီး "အရှင်မင်းကြီးကို တွေ့ဖို့ဆိုတာ လူတော်တော်များများ မစောင့်နိုင်တဲ့အရာပဲ" ပြောနေရင်း သူမက ရေပြာရောင် သားမွေးကုတ်အင်္ကျီဝတ်ထာသည့် ရုံရှားကို ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်က ရာသီဥတုဒဏ်အား မခံနိုင်မှာကို စိုးရိမ်သည့်အတွက် နှုတ်ဆက်လိုက်သည်။
"အရှင်မင်းကြီး အနားယူနေလို့ သူ့ကို မနှောင့်ယှက်ဝံ့ပါဘူး၊ နှုတ်ဆက်ပါတယ်"
"ဂရုစိုက်ပါ"
ဝမ်ကုန်းကုန်းသည် ရုံရှားတို့ကို ဦးညွတ်ပြီးနောက် နန်းတော်သို့ ပြန်လှည့်သွားသည်။
ရုံရှားနှင့် ပန်းဟွာ ထွက်လာသည်ကို နန်းတော်တံခါးအပြင်ဘက်ရှိ အစောင့်များ မြင်လိုက်ကြသည်။ ဝမ်ကုန်းကုန်းက သူတို့အား ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့မှသာ သူတို့စိတ်လျှော့လိုက်ကြသည်။ ယနေ့ ဧကရာဇ် အလွန် စိတ်ကြည်လင်နေပုံရသည်။
သူတို့ကို ခေါ်လာစဉ်ကလည်း ဧကရာဇ်က အမိန့်ပေးခြင်းဖြစ်၍ အပြန်လမ်းမှာလည်း အတားအဆီးမရှိစွာ ပြန်ခွင့်ပြုရသည်။ ပန်းဟွာစည် ရုံရှားကို မြင်းလှည်းပေါ်သို့တက်ရန် ကူညီပေးပြီး အစောင့်များထံ လှည့်ကာပြောလိုက်သည်။
"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ကျွန်မ ကောကုန်းရုံနဲ့ အတူ ပြန်လိုက်ပါမယ်"
xxxxx