Chapter 128
စည်းမျဥ်းများအရ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် မြင်းလှည်းတစ်ခုတည်းကို စီးနင်းရန် မသင့်လျော်ပေ။ သို့သော်လည်း သူတို့နှစ်ယောက် မကြာခင် လက်ထပ်တော့မှာမို့ ဤသည်က ကိစ္စကြီးကြီးမားမားတော့ မဟုတ်။
ရှစ်ကျင်းက တသမတ်တည်းပင် ပြောသည်။
"မလိုပါဘူး၊ကျွန်တော်တို့က ပန်းဟွာကျွင်းကျူးကို ခေါ်ဆောင်ခဲ့တာမို့ ဘေးကင်းကင်း ပြန်ဖို့ ကူညီပေးမှာပါပဲ"
"ဟုတ်ကဲ့"
ပန်းဟွာသည် မြင်းလှည်းပေါ်တွင်ထိုင်ကာရုံရှားကို စိုးရိမ်တကြီးကြည့်ရင်း "ရှင် ဘယ်လိုနေလဲ"
"နေကောင်းပါတယ်" သူက ပန်းဟွာ၏လက်ကို ကိုင်ကာ လက်ဖဝါးတွင် စကားလုံးငါးလုံးရေးပြသည်။
"စိတ်မပူပါနဲ့....."
အပြင်လူ ရှစ်ကျင်း ရှိနေသည်ကို သတိရသွား၍ သူမ ရှက်သွေးဖြာမိသွားသည်။
"ဒီည အိမ်မှာ ဟင်းကောင်းကောင်းချက်တယ်၊ ရှင်ရော လိုက်စားလို့ရတယ်"
"ကောင်းပါပြီ"
မြင်းလှည်းအပြင်ဘက်တွင် ရှစ်ကျင်း၏ မျက်လုံးများက ရှေ့တည့်တည့်ကို ကြည့်နေသည်။ သူ့ဆံပင်ပေါ်သို့ နှင်းပွင့်များအဆက်မပြတ်ကျလာပြီး မကြာခင်မှာ သူ့ဆံပင်တို့ ဖြူဆွတ်လာသည်။သူ့လက်အောက်ငယ်သားက သူ့အတွက် ထီးမိုးဖို့ ပြင်သော်လည်း ငြင်းဆန်လိုက်သည်။လက်အောက်ငယ်သားက သူ စိတ်မကောင်းဖြစ်နေသည်ကို သတိပြုမိသည့်အတွက် စကားများများမပြောရဲတော့။
မြင်းလှည်းသည် ကျင့်ထင်အိမ်တော်တွင် ရပ်သွားသည်။မြင်းလှည်းပေါ်မှ ပထမဆုံးဆင်းခဲ့သူမှာ ရုံရှား မဟုတ်ဘဲ ပန်းဟွာ ဖြစ်သည်။ သူမသည် မြင်းလှည်းပေါ်မှခုန်ဆင်းပြီး မြင်းလှည်းပေါ်ရှိလူကို သူမလက်ကိုဆွဲကာ ဆင်းစေ၏။
"ဆင်းလာခဲ့၊ကျွန်မ ကူညီမယ်"
"အဟွတ်ဟွတ်၊အဟွတ်..."
ရုံရှား တဟွတ်ဟွတ် ချောင်းဆိုးပြီး ကန့်လန့်ကာကို ရုတ်ကာ ထွက်လာသည်။ သူ့ရှေက ကမ်းပေးနေသည့် လက်နုနုလေးကိုလည်း မတွန့်ဆုတ်ဘဲကိုင်လိုက်သည်။မြင်းလှည်းပေါ်မှ ဆင်းပြီးနောက် သူက ပါးစပ်ကို လက်ကိုင်ပုဝါဖြင့် အုပ်ကာ ရှစ်ကျင်းကို ပြုံးပြလိုက်၏။
"ကျေးဇူးတင်ပါတယ်၊ လက်ထောင်တပ်မှူးရှစ်၊ ကျွန်တော်တို့ကို ပြန်ပို့ပေးတဲ့အတွက်ပါ"
"ဒါ ကျွန်တော့်တာဝန်ပါ၊ကောကုန်းချမ်အမ် "
ရုံရှားသည် ပို၍ပင် ညင်သာစွာ ပြုံးကာ ပန်းဟွာ၏လက်ကို ဆုပ်ကိုင်ရင်း တံခါးဝဆီသို့ လျှောက်သွားကြသည်။
သူတို့နှစ်ယောက် အထဲဝင်သွားပြီးနောက် ဧကရာဇ်အစောင့်တစ်ယောက်က ရှစ်ကျင်းကို လာပြောလေသည်။
"မြို့တော်က ပညာရှင်အားလုံးက ဘာလို့ဒီလိုဖြစ်နေကြတာလဲ၊ အရမ်းအားနည်းကြတယ်၊ သူတို့ကို မိန်းကလေးကတောင် ပြန်ကူညီရတယ်၊ ကြည့်ရတာ လေလွင့်ကောင်လေးလိုမျိုး မိန်းကလေးကိုတောင် မှီခိုနေတာ"
ပိုမုန်းစရာကောင်းတာက ပန်းဟွာကျွင်းကျူးလို အရမ်းလှတဲ့ မိန်းမချောတစ်ယောက်ကို သူ့ကို ကူညီပေးဖို့ တောင်းဆိုတဲ့ ရုံရှား ဘယ်လောက်တောင် အရှက်မဲ့လိုက်သလဲ။
ဘေးနားက ရှစ်ကျင်း၏မျက်နှာအမူအရာက အေးစက်နေပြီး ပြောလိုက်သည်။
" တော်ပြီ၊မင်းမှာ အတင်းအဖျင်းပြောဖို့ အချိန်ရှိနေရင် ဓားသိုင်းပြန်လေ့ကျင့်နေ..."
သူ့လို မိန်းမလှလေးနဲ့တောင် နီးစပ်နိုင်တဲ့သူက ယောက်ျားမပီသတာ၊ပီသတာကို ဘယ်သူက ဂရုစိုက်မှာလဲ။
ရုံရှားသည် ပန်းဟွာ၏လက်ကို ဆုပ်ကိုင်လိုက်ရာ သူ့တစ်ကိုယ်လုံး ပြေလျော့သွားသလို ခံစားလိုက်ရသည်။ မကြာခင် ချောင်းဆိုးရပ်ပြီး အသက်ရှုနှုန်လည်းပြန်လည်တည်ငြိမ်သွားကာ မျက်နှာကလည်း သွေးရောင်လွှမ်းလာသည်။ဟော့ပေါ့စားရင်း ဟင်းသီး ဟင်းရွက်များကို ပန်းကန်လုံးကြီးတစ်လုံးတောင် သူ ကုန်အောင် စားနိုင်လာသည်။
သူ ဘယ်လိုလုပ် အားနည်းရမှာလဲ၊အိပ်ရာထဲကမထနိုင်ဘူးလို့ ထွက်နေတဲ့ သတင်းတွေက ပူဖောင်းလို ပျောက်ကွယ်သွားတာမလား…
နောက်ဆုံးတွင် သူသည် ဆီးနှင်းများထူထပ်စွာ ကျဆင်းနေပြီး လေပြင်းများ တိုက်ခတ်နေသည်ဆိုသော အကြောင်းပြချက်နှင့် ပန်းမိသားစု၏ အိမ်တွင် တစ်ညတာ တည်းခိုခွင့်ရသည်။ ယင်းက ပန်းဟွာနှင့် လက်ထပ်ရန် ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ခြင်းပင်ဖြစ်သည်။
နောက်နေ့မနက်မှာ ဧကရာဇ် ယွင်ချင် နိုးလာပြီးနောက် ယာဂု ပန်းကန်လုံးနှစ်လုံးနှင့် အချိုပွဲ အနည်းငယ်ကို စားသည်။ သူ့မျက်နှာက ပို၍ရွှင်လန်းတောက်ပနေပုံပင်။
"ဝမ်ကုန်းကုန်း" ဧကရာဇ်က သူ့အနားမှာရှိသည့် ဝမ်ကုန်းကုန်း ရုတ်တရက် ပြောလိုက်သည်။ "လူတွေကြားထဲမှာ ပျံ့နှံ့နေတဲ့ ဆိုရိုးစကားတစ်ခုရှိတယ်၊အဲ့ဒါက ဘာလဲဆိုတော့ သူတစ်ပါးရဲ့ပျော်ရွှင်မှုကို ဖြည့်ဆည်းပေးတာဟာ မိမိကိုယ်တိုင်လည်း ပျော်ရွှင်ရတယ်ဆိုတာပဲ"
"အရှင်မင်းကြီး" ဝမ်ကုန်းကုန်းသည် ဧကရာဇ် ယွင်ချင်ကို ချီတုံချတုံ စိုက်ကြည့်ကာ "အဲ့ဒီလို ဆိုရိုးစကားရှိပါတယ်၊ ဒါပေမယ့်..."
"ငါက ကောကုန်းချမ်အမ်နဲ့ ပန်းဟွာကျွင်းကျူးကို နန်းတော်မှာ လက်ထပ်ခွင့်ပေးလိုက်ရင် ပျော်ရွှင်မှုမျိုး ရှိလာမှာလား"
"အရှင်မင်းကြီး" ဝမ်ကုန်းကုန်းသည် အလွန်ကြောက်ရွံ့သဖြင့် ဧကရာဇ် ယွင်ချင် ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်သည်။
"ပန်းဟွာကျွင်းကျူးနဲ့ ကောကုန်းချမ်အမ်တို့က သာမာန် ရာထူးရှိသူတွေပါ၊ဘယ်လိုလုပ် နန်းတော်ထဲမှာ လက်ထပ်ဖို့ဆိုတာ ဖြစ်နိုင်မှာပါလဲ၊ဒါက ဘိုးဘေးတွေချမှတ်ထားတဲ့ စည်းမျဉ်းနဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်"
"တစ်ယောက်က ငါ့တူမ ၊ နောက်တစ်ယောက်က ငါ့တူလေ၊ နန်းတော်မှာ လက်ထပ်ဖို့ဆိုတာ သိပ်ပြီး အဓိပ္ပါယ်မဲ့တဲ့ ကိစ္စမဟုတ်ဘူး၊သူတို့ မင်္ဂလာဆောင်မယ့်ရက်ကလည်း အရမ်းနောက်ကျနေပြီလို့ ငါထင်တယ်၊ ဒီဇင်ဘာရဲ့ ကောင်းတဲ့နေ့တစ်နေ့ဆိုရင် တော်ဝင်မင်းသမီးရဲ့ ဝမ်းနည်းခြင်းကာလက ပြီးသွားမှာပဲ မဟုတ်လား”
ဝမ်ကုန်းကုန်းသည် မြေပြင်ပေါ်တွင် ဒူးထောက်ထားပြီး ယခုထိ မထသေး။သူက မိန်းမစိုးလေးပဲလေ၊ဘိုးဘေးဘီဘင်တွေရဲ့ စည်းမျဥ်းစည်းကမ်းတွေကို စိတ်ပူနေရတာ သဘာဝကျသလား။
"ဒီဇင်ဘာလထဲမှာ နေ့ကောင်းရက်မြတ်ရှိမရှိ သိဖို့ ဧကရာဇ် နက္ခတဗေဒပညာရှင်ကို သွားခေါ်ပါ"
ဝမ်ကုန်းကုန်းသည် အမိန့်ကို လက်ခံပြီး ထွက်ခွာသွားခဲ့သည်။သို့သော် သူသည် ဧကရာဇ် နက္ခတ္တဗေဒပညာရှင်ထံသို့ မသွားမီတွင် သတင်းကို တမင်တကာ ပေါက်ကြားစေခဲ့သည်။
ဧကရာဇ်က ကောကုန်းချမ်အမ်နှင့် ပန်းဟွာကျွင်းကျူးကို နန်းတော်၌ လက်ထပ်ရန် အလိုရှိသည်မှာ မဖြစ်နိုင်သည့်ကိစ္စပင်။သို့သော် ဒီဇင်ဘာ ၂၈ ရက်သည် ကောင်းသောနေ့ဖြစ်သောကြောင့် ဒီဇင်ဘာတွင် မင်္ဂလာဆောင်မည့်ရက်ကို သတ်မှတ်နိုင်သည်။ မိသားစုအတွက်ရော ပေါင်းဖက်မည့် စုံတွဲအတွက်ပါ ကောင်းမွန်သောနေ့တစ်နေ့ဖြစ်ကြောင်း အများပြည်သူကို ရှင်းပြခဲ့သည်။
ထိုသတင်းကြားပြီးနောက် ဧကရီသည် မဟာ ရွှေလမင်းနန်းတော်သို့ အပြေးအလွှားသွားကာ ဧကရာဇ် အား နန်းတော်၌ လက်ထပ်ခိုင်းမည့် စိတ်ကူးကိုပြောင်းပေးပါရန် အချိန်အတော်ကြာအောင် စည်းရုံးခဲ့သည်။ သို့သော်၊ ဧကရာဇ်၏ "ကံဆိုးမှုကို မောင်းထုတ်ခြင်း" ဟူသော အတွေးက သူ့နှလုံးသားထဲတွင် နက်ရှိုင်းစွာ နေရာယူထားပြီဖြစ်သည်။ နောက်ဆုံးတွင် ဧကရာဇ်နက္ခတ္တဗေဒပညာရှင်က မြို့တော်၏ဆင်ခြေဖုံး၌ သူတို့နှစ်ဦးကို နန်းတော်တစ်ခု ဆောက်ပေးကာ ထိုအရပ်၌ လက်ထပ်ပါက ပိုကောင်းမည်ဟုပင် ပြောခဲ့သည်။
ဧကရာဇ်နေထိုင်ရာ တစ်ဖက်က နန်းတော်မှာ ဖုန်းရွှေ ကောင်းသည်။ တစ်ခုတည်းသောပြဿနာမှာ ဧကရာဇ်များနေထိုင်ရာ ဘုံဗိမာန်များကို သားစဉ်မြေးဆက်များထံသာ ပေးလေ့ရှိသည်။ ပြင်ပအရာရှိများထံ ပေးအပ်ခြင်း ထုံးစံမရှိပေ။ထိုမျှသာမက၊ ဧကရာဇ်ယွင်ချင်သည် ကောကုန်းချမ်အမ်နှင့် ပန်းဟွာကျွင်းကျူး တို့၏ထိမ်းမြားလက်ထပ်ခြင်းကို သူ့သားတော်အရင်း လက်ထပ်ခြင်းကဲ့သို့ စိတ်ထက်သန်စွာ သဘောတူညီခဲ့သည်။နင်းဝမ်မင်းသား လက်ထပ်စဉ်က ဤမျှပင် စိတ်အားထက်သန်မှု မရှိပေ။
ထို့ကြောင့် ကောကုန်းချမ်အမ်သည် ဧကရာဇ်၏ ရင်သွေးဖြစ်ကြောင်း လျှို့ဝှက်ဆန်းကြယ်သော ကောလာဟလတစ်ခု ပျံ့နှံ့ခဲ့သည်။ ထို့ကြောင့် ဧကရာဇ်သည် ကောကုန်းချမ်အမ် ကို သူ၏ အချစ်ဆုံး တူမတော်နှင့် လက်ထပ်ခွင့်ပေးခဲ့ခြင်းဟုဆိုသည်။ အကြောင်းရင်းမှာ ဧကရာဇ်သည် ယခု အလွန်ဖျားနာနေသော်လည်း ကောကုန်းချမ်အမ်၏ အိမ်ထောင်ရေးကို စိတ်ပူနေသေးသည်အထိ ချစ်မြတ်နိုးနေတာကြောင့်ပင်။
ကောလဟာလများ ထွက်လာသည့်အခါ၊ ယုတ္တိဗေဒကျကျ အတွေးအခေါ်တို့က အရေးမပါတော့။
ပန်းမိသားစုသည် ဧကရာဇ်ယွင်ချင်၏ ရည်ရွယ်ချက်ကို သိရှိသောအခါ တစ်မိသားစုလုံး စိတ်ရှုပ်ထွေးသွားကြသည်။ မိသားစု၏သားစဉ်မြေးဆက်များလက်ထပ်သောအခါတွင်၊ မိဘများကသာ ဆုံးဖြတ်သင့်သည်။ ဧကရာဇ် ယွင်ချင်က ဘာကြောင့် ဆုံးဖြတ်ရမှာလဲ။ဆယ့်နှစ်လမြောက်၏ ၂၈ ရက်နေ့ သည် ကောင်းသောနေ့ဆိုတာ ဘာကြီးလဲ...အဲ့ဒီနေ့က ဘယ်လောက်ပဲ ကောင်းနေပါစေ ဧကရာဇ်နဲ့ ဘာဆိုင်လို့လဲ။
ပန်းဟွိုက် ဒေါသထွက်ပြီး အိမ်ထဲမှ လက်ဖက်ရည်ခွက်ပေါင်းများစွာကို ရိုက်ခွဲပစ်လိုက်သည်။ သို့သော်လည်း ဧကရာဇ်၏ အကောင်းဖက်သို့ ရှေးရှုသော ရည်ရွယ်ချက်အား မငြင်းဆန်နိုင်ပေ။
"သခင်၊ ဒီလက်ဖက်ရည်ထုပ်က ငွေ ဒင်္ဂါး၆၀၀ တန်တယ်" ပန်းဟွိုက်သည် လက်ဖက်ရည်ခွက်ကို ရိုက်ခွဲလိုက်သောအခါ ယင်းရှစ်က အေးစက်စွာ ကြည့်နေလေသည်။ ပြီးခါနီးမှ
“ရှင် ဒင်္ဂါး၂၀၀၀ နီးပါးကို ဖျက်ဆီးလိုက်တာပဲ”
"သခင်မ..." ပန်းဟွိုက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"စိတ်ဆိုးရင်တောင် မျိုသိပ်ရမယ်လေ၊နန်းတော်က လူတွေပြောတာ မကြားဘူးလား၊ ဧကရာဇ်က ဒီအိမ်ထောင်ရေးကို မကြာသေးခင်ကပဲ ဂရုစိုက်လာတယ်၊ ဒီအိမ်ထောင်ရေးကြောင့် သူ ကောင်းကောင်း အိပ်မပျော်နိုင်၊ မစားနိုင်ဘူး၊ ရှင်သာ သွားတားရင် သူ ရူးမလားတောင်မသိဘူး"
"သူဘာလို့ဒီလောက်စိုးရိမ်နေရတာလဲ... ကောကုန်းချမ်အမ်က တကယ်ပဲ သူ့ရဲ့တရားမဝင်ကလေးလား"
"ဒါက အပြင်မှာ မသိတဲ့လူတချို့ရဲ့ ကောလဟာလတစ်ခုပဲ၊ ရှင်က ယုံသလား၊လင်းမျိုးနွယ်စုက လက်ရှိဧကရာဇ်နဲ့ အဆက်အသွယ် သိပ်မရှိပါဘူး၊ဧကရာဇ်ရဲ့တရားမ၀င်ကလေးကို ဘယ်လိုမွေးနိုင်မှာလဲ၊ အချစ်ကြောင့် မျက်စိကန်းတတ်တယ် ဆိုတဲ့ ပုံပြင်ပြောသူတွေ ပြောသလို ရှင်က ယုံနေတာလား"
ပန်းဟွိုက်သည် ရုတ်တရက် အပြစ်ရှိသလိုအနည်းငယ် ခံစားလာရပြီး လေသံကပျော့သွားသည်။
"အချစ်ကြောင့် မျက်စိကန်းတယ် ဆိုတာက ကြားလိုက်တာနဲ့ မုသားမှန်းသိသာတာပဲ၊ ငါကတော့ အဲ့ဒါမျိုးကို မယုံပါဘူး"
ယင်းရှစ် မျက်ခုံးပင့်ကာ သူ့ကို လျစ်လျူရှုလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ဟွာဟွာက ကောကုန်းချမ်အမ်ကို လက်ထပ်ဖို့ ဆန္ဒရှိပါတယ်၊ နည်းနည်းစောတာကလွဲလို့ သိပ်ပြီး ကွာခြားမှု မရှိပါဘူး၊ ကံကောင်းတာက၊ အားလုံးက အဆင်သင့်ဖြစ်လုနီးပါး ဖြစ်နေပြီ၊ မဟုတ်ရင် ကျွန်မတို့သာ ရာထူးကျခိုက်မျိုးနဲ့ကြုံရင်......"
ပန်းဟွိုက် ခေါင်းမာပြီးငြင်းဆန်နေဆဲပင်။
"အို ဘာပဲနေနေ၊ ငါ့သမီး စောစော လက်ထပ်ဖြစ်တာကို မခံနိုင်ဘူး၊စိတ်ထဲမှာ အဆင်မပြေဘူး"
"ရှင်က ဒါဆို သူတို့ လက်ထပ်ဖို့ စိတ်ကူးပြောင်းတဲ့အထိ ရှင်က မင်္ဂလာပွဲကိုရက်ရွှေ့ချင်တာမျိုးလား" ယင်းရှစ်၏ လေသံက အေးစက်သွားသည်။
"သခင်မ ဘာကိုဆိုလိုတာလဲ" ပန်းဟွိုက် အံ့သြသွားကာ ယင်းရှစ်ကို ထိတ်လန့်စွာကြည့်လိုက်ရင်း "ဒါက ကိုယ် ဖခင်တစ်ယောက်အနေနဲ့ တွေးသင့်တာမျိုးမဟုတ်ဘူး"
"ရှင့်အတွေးကို ဘယ်သူသိနိုင်မလဲ၊ဒုက္ခမပေးနဲ့၊ ကျွန်မ ဟွာဟွာကို သွားမေးလိုက်မယ်၊ သူမ ကန့်ကွက်စရာမရှိရင် ဒီကိစ္စက ပြေလည်သွားလိမ့်မယ်"
မူလက ရုံရှားသည် ဧကရာဇ် ၏တရားမ၀င်ကလေးဖြစ်သည်ဟူသော ကောလာဟလသည် မနာလိုသူအချို့၏ ကောလဟာလတစ်ခုသာဖြစ်သည်။ သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် နင်းဝမ်မင်းသား မကြားမချင်း ဤကောလာဟလသည် ပိုမိုပျံ့နှံ့လာခဲ့သည်။
"တရားမဝင်တဲ့ကလေးဆိုတာ ဘာလဲ" နင်းဝမ်မင်းသားသည် ထိုင်ခုံမှထကာ တုန်တုန်ယင်ယင်နှင့် ချောက်ခြားနေတော့သည်။
“မဖြစ်နိုင်ဘူး၊ ဒါက လုံးဝမဖြစ်နိုင်ဘူး”
ရုံရှားသာ သူ့အဖေ၏တရားမဝင်ကလေးဖြစ်လျှင် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုအပြီးတွင် သူ့ဖခင်က သူ့ကိုကာကွယ်ရန် ရွေးချယ်မည်မဟုတ်ပေ။ ဒါက မဖြစ်နိုင်ဘူး...
ရှဲ့ဝမ်ယွီက ထေ့ငေါ့သလိုပြုံးပြီး ပြောသည်။
"ဘာလို့မဖြစ်နိုင်ရမလဲ၊အဲဒါကို ပြောရရင် ကောကုန်းချမ်အမ်ရဲ့ အမေနဲ့ အရှင်မင်းကြီးတို့က ဝမ်းကွဲ မောင်နှမတွေပါ၊ အဲ့ဒီ လင်းမျိုးနွယ် အမျိုးသမီးက အရမ်းလှတယ်လို့ ပြောလို့ရပါတယ်၊ဒါကြောင့် အရင်ချမ်အမ်မြို့စားမင်းက သူမရဲ့ နောက်ခံမိသားစုကိုဂရုမစိုက်ဘဲ အတင်းလက်ထပ်ခဲ့တာလေ"
“အဖေ့မှာ တရားမ၀င် ကလေးတစ်ယောက်ရှိတယ်ဆ်ိုတာ မင်းရော၊ငါရောအတွက် ကောင်းတဲ့အရာမဟုတ်ဘူး၊ ဒီအချိန်က ရှိုးပွဲကြည့်ဖို့အချိန်လို့ မင်း ထင်နေတာလား"
ရှဲ့ဝမ်ယွီက အေးဆေးတည်ငြိမ်စွာပြောသည်။
"အရှင့်သားရဲ့ စကားတွေက အဓိပ္ပါယ်မရှိဘူး၊ကောကုန်းချမ်အမ်က ဧကရာဇ်ရဲ့ တရားမ၀င် ကလေးဖြစ်ရင်တောင် ဧကရာဇ်က သူ့ကို အသိအမှတ်မပြုသရွေ့သူ အမြဲတမ်း အရာရှိပဲဖြစ်နေမှာ၊ရှင် သူ့ကို ဂရုစိုက်နေတာလား"
ကျန်းလောသည် ရုံရှားကို အဘယ်ကြောင့် စိတ်မကြည် ဖြစ်နေရသည်ကို ရှဲ့ဝမ်ယွီ နားမလည်နိုင်။ဤအချိန်မှာ ဧကရာဇ်ထံမှ မျက်နှာသာရအောင်လုပ်ပြီ အိမ်ရှေ့စံကို ရွှံ့ထဲ နှစ်ထားခြင်းကသာ အကောင်းဆုံးဟု သူမ ထင်မိသည်။
ဒီလိုမျိုး ဉာဏ်ရည်ဉာဏ်သွေး မမီတဲ့ ပြဿနာက တကယ်ကို ဖြေရှင်းလို့ မရဘူးပဲ...
"သူ့ကို အသိအမှတ်မပြုလည်း ဘာထူးလဲ၊ ခုတော့ မြို့တော်တစ်ခုလုံးက သိသွားပြီ၊ဟိုဘက်ကမ်းမှာ နန်းတော်လည်း ဆောက်ထားပေးသေးတယ်။ အဲဒါကို ဆောက်ဖို့ ငွေနဲ့ ပစ္စည်းတွေ ဘယ်လောက်သုံးထားလဲ၊ ငါနဲ့ အိမ်ရှေ့စံကိုတောင် မဆောက်ပေးဖူးဘူး၊ အခု ရုံရှား လက်ထပ်တော့မယ်ဆိုတော့ တခြားဘာမှ မပြောဘဲ နန်းတော်မှာ လက်ထပ်ခွင့်တောင် ပေးလိုက်တယ် မဟုတ်လား"
ကျန်းလောသည် ကြာလာလေလေ၊ ရုံရှားသည် ဖခင်ဖြစ်သူ၏တရားမဝင်သောကလေးဖြစ်နိုင်သည်ဟု သူပို၍ခံစားရလေလေဖြစ်သည်။ မဟုတ်ရင် အဖေက ဒီနှစ်တွေတစ်လျှောက်လုံး ရုံရှားကို ဘာလို့ ဒီလောက် ကောင်းကောင်း ဆက်ဆံရတာလဲ...
ရှဲ့ဝမ်ယွီက မျက်ခုံးပင့်လိုက်ပြီး "ဧကရာဇ်က အဲဒါကို အမိန့်ပေးထားပြီးသား၊ရှင်လည်း သွားပြီးတော့ ပြန်တောင်းလို့မရဘူး မဟုတ်လား"
ကျန်းလော အနည်းငယ်စိတ်မကောင်းဖြစ်ဟန်ဖြင့် "ပါးစပ်ပိတ်ထား၊ ငါမင်းနဲ့ စကားမပြောချင်ဘူး"
ရှဲ့ဝမ်ယွီက ဂရုမစိုက်၊သူမ ဟွန့်ကနဲမဲ့ကာ ကျန်းလော၏ အငြိုးထားမှုနှင့် ဒေါသစိတ်ကို လုံးဝလျစ်လျူရှုလိုက်သည်။
“အရှင်မင်းကြီး”
ဧကရီသည် မဟာ ရွှေလမင်းနန်းတော်သို့ သွားလိုက်လျှင်၊ ဧကရာဇ် မင်္ဂလာပွဲအချိန်ဇယားကို ကြည့်ရှုနေသည်ကို တွေ့လိုက်ရသည်။
"ဒါက ကောကုန်းချမ်အမ် နဲ့ ပန်းဟွာကျွင်းကျူး အတွက် လက်ထပ်ချိန်ဇယားလား"
"ဟုတ်ပါတယ်" ယခုတလော ဧကရာဇ်ယွင်ချင်သည် သူ့တွင် ရည်မှန်းချက်ပန်းတိုင်တစ်ခုရှိသကဲ့သို့ စိတ်ရွှင်လန်းခဲ့သည်။
"ကောကုန်းချမ်အမ်ရဲ့ မိသားစုမှာ အသက်ကြီးသူ လူကြီးသူမ မရှိဘူး၊ ငါက သူတို့အိမ်ထောင်ရေးအတွက် အောင်သွယ်ပေးထားတာလေ၊ အဲဒါကို ငါကပဲ လုပ်ပေးရမှာပေါ့"
“အရှင်မင်းကြီး…”
ဧကရီသည် စားပွဲပေါ်ရှိ လက်ဆောင်စာရင်းကို ကောက်ကိုင်လိုက်ပြီး ကြည့်လိုက်သည်။ ဤလက်ဆောင်စာရင်းသည် တော်ဝင်မင်းသားတစ်ပါး၏မင်္ဂလာပွဲနှင့် တထူးခြားနားပေ။မင်းသားများလက်ထပ်ရာတွင် ဝိနည်းတော်အရ စည်းမျဥ်းများအတိုင်း ဂုဏ်ပြုလက်ဆောင်များ ပြင်ဆင်သလို ပြင်ဆင်ထားပသည်။သို့သော် ဤလက်ဆောင်များသည် အများအားဖြင့် အမြင်တင့်တယ်အောင် အပြိုင်အဆိုင်ပေး၍ အသိုင်းအဝိုင်းကြားထဲတွင် ဂုဏ်ပြိုင်နေကြခြင်းသာဖြစ်၏။
ဧကရာဇ်သည် တစ်ခါက အိပ်စက်နေရင်း ရုတ်တရက်လန့်နိုးလာကာ ရုံရှား၏ ဖခင်ကို အမှားတစ်ခုခုလုပ်မိသည်ဟု သူမအား ပြောပြဖူးသည်ကို ဧကရီ ရုတ်တရက် အမှတ်ရသွား၏။သူမ နှလုံးက တဒိန်းဒိန်းပင်ဆောင့်ခုန်လာကာ တုန်လှုပ်နေရတော့သည်။
တကယ်များ ဖြစ်နေတာလား…
ဧကရီသည် သူမ၏လက်ထဲရှိ လက်ဆောင်စာရင်းမှာ ပေါင်တစ်ထောင်ကျော် အလေးချိန်ရှိသလို ရုတ်တရက် ခံစားလိုက်ရသည်။
"အရှင်မင်းကြီး၊ အပြင်မှာပျံ့နေတဲ့ ကောလဟာလတွေကို ကြားပါသလား"
"ဘာကောလဟာလတွေလဲ"
ဧကရာဇ်ယွင်ချင် လုံးဝ ခေါင်းမထောင်လာပေ။ သူ၏ အာရုံစိုက်မှု အားလုံးက စာရင်းထဲမှာပင်။သူ့မျက်စိထဲမှာ သူ ကိုင်ထားသည်က စာရင်းမဟုတ်ဘဲ ပြီးပြည့်စုံသည့် မင်္ဂလာပွဲပင်။မင်္ဂလာပွဲပြီးလျှင် သူ့ခန္ဓာကိုယ် ပြန်ကျန်းမာလာမည်ဟုသာ မျှော်လင့်နေသည်။ ထို့နောက် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံးကို ပြန်လည်ကွပ်ကဲညွှန်ကြားရန် နဂါးပလ္လင်ပေါ်တွင် ထိုင်နိုင်မည်ဖြစ်သည်။
"အပြင်မှာလူတိုင်းကပြောနေကြတယ်၊ကောကုန်းချမ်အမ်က အရှင်မင်းကြီးရဲ့ တရားမဝင်ကလေးတဲ့"
"ဒါက ဘယ်လို သတင်းမျိုးလဲ"
ဧကရာဇ်သည် ထိုကဲ့သို့ အဓိပ္ပါယ်မဲ့သော ကောလာဟလများ ပျံ့နှံ့လာရန် မမျှော်လင့်ခဲ့ပေ။
"ဧကရီ၊ အပြင်က ကောလဟာလတွေကို မယုံပါနဲ့။ ငါ လင်းမျိုးနွယ် မိန်းကလေးနဲ့ နည်းနည်းလေးပဲ တွေ့ဖူးတာ၊ တရားမ၀င် ကလေးတစ်ယောက် ဘယ်လို ရနိုင်မှာလဲ"
သို့သော် သူ့စိတ်ထဲမှာတော့ သူ့မှာသာ ရုံရှားလို သားလေး တကယ်ရှိလျှင် ကောင်းလိမ့်မည်ဟု တွေးနေသည်။
ဧကရီ၏နှလုံးသားသည် တဖြည်းဖြည်း ကူကယ်ရာမဲ့သွားသည်။ဧကရာဇ်သည် ဤကောလာဟလများကို လုံးဝ ဂရုမစိုက်သူပင်။
xxxx