အပိုင်း ၉၁
Viewers 29k

Chapter 91


ဤအခြေအနေ ဖြစ်လာနိုင်သည်ဟု ဟန်ယွဲ့ကြိုတင်ပြောပြထားသဖြင့် ကမ်းလှမ်းချက်အားလုံးကို ဟန်ယွဲ့ပြောသည့်အတိုင်း ငြင်းဆိုခဲ့သည်။


အခြေအနေကို ပြန်လည်ဆန်းစစ်ရန် ဟန်ယွဲ့ပြောထားသဖြင့် အမေရိကန်မှ နာမည်ကြီးဒါရိုက်တာနှင့် တိုက်ရိုက်စကားပြောကြည့်ရန် ရည်ရွယ်ထားသည်။


အကယ်၍ အရာအားလုံး အဆင်ပြေချောမွေ့ခဲ့ပါက သူမ ဒါရိုက်တာဂရေစ့်နှင့် အလုပ်တွဲလုပ်ရမည်ဖြစ်သည်။


မည်သို့ပင်ဖြစ်စေ နာမည်ကြီးဒါရိုက်တာဖြစ်လျှင် သူမကို အနုပညာကြေးများများပေးမည်သာဖြစ်သည်။


အရေးကြီးဆုံးအရာမှာ သူမနိုင်ငံခြားသို့သွား၍ အစားကောင်းများ စားလိုသည်။


Michelinစားသောက်ဆိုင် ဒါမှမဟုတ် တစ်နေရာရာမှာပေါ့.....

( Michelin Restaurantဆိုတာ နိုင်ငံပေါင်း၃၅နိုင်ငံမှာ ဆိုင်ခွဲတွင် ဖွင့်လှစ်ထားတဲ့ နာမည်ကြီးစားသောက်ဆိုင်ပါ )


အလုပ်အားလုံးကို ရှအန်း ငြင်းဆိုပြီးသည့်အခါတွင် သူမနှင့် သက်ဆိုင်သောကိစ္စများကို အာရုံမစိုက်တော့ပေ။ သူမဂရုစိုက်သည်က ရှောင်ရှင်းချန်၏ကျောင်းဝင်ခွင့် အဆင်ပြေမပြေဟူသည့်ကိစ္စတစ်ခုသာ။


သူမ ဖုရှန်းဆီသို့ သွားခဲ့သည်မှာ နှစ်ပတ်ခန့်ကြာပြီဖြစ်သော်လည်း ထိုအကျင့်မကောင်းသည့်ကောင်က အကြောင်းမပြန်ပေ။


" အင်း ... ငါ ပိုက်ဆံတောင်းတာလည်းမဟုတ်ပဲ ... ကျောင်းဝင်ခွင့်ရဖို့အကြံပြုချက်‌လေးပဲ တောင်းတာကို ..."

ရှအန်း နှာခေါင်းရှုံ့လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။


ဖုရှန်းက ကပ်စေးနဲပြီးစက်ဆုပ်စရာကောင်းတဲ့လူပဲ ...


ရှရှင်းချန်က သူ့သားမဟုတ်ပေမယ့် အရွယ်ရောက်ပြီး သားလူကြီးတစ်ယောက်ဖြစ်ပြီး သူကိုအဖေလို့ ငါးနှစ်တောင်ခေါ်လာတဲ့ကလေးကို တွက်ကပ်နေရလား ...


" ထားလိုက်ပါတော့ အဲ့အလကားလူ ကူညီမှ ကျောင်းဝင်ခွင့်ရမယ်ဆိုတာ ငါမယုံဘူး ..."


နောက်ဆုံးတွင် ဖုရှန်းကိုမှီခိုရန် အကြံဉာဏ်ကို ရှအန်း လက်လျှော့လိုက်ပြီး သူမဘာသာ ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။

နည်းလမ်းတစ်ခုရှာမှ ဖြစ်မယ် ...


သို့သော် ရှအန်းမသိလိုက်သည်က ဖုရှန်းက တွက်ကပ်နေခြင်းမဟုတ်သကဲ့သို့ မကူညီလိုခြင်းလည်းမဟုတ်ပေ။


သူမကိုအကြောင်းမပြန်ရခြင်းမှာ သူ၏အိမ်နောက်ဘက်ခြံဝင်းက မီးတောက်နေသောကြောင့်ဖြစ်သည်။


မူလက ဤကိစ္စအတွက် ရှအန်းကို ကူညီပေးပြီး သူ့ဇနီးကို တိတ်တဆိတ်စုံစမ်းရန်ဖြစ်သည်။


သို့သော် ဆတ်ဆတ်ထိမခံသည့် ရှကျင်းက ထိုကိစ္စကို သိသွားခဲ့သည်။


သရုပ်ဆောင်စွမ်းရည်ကောင်းများရှိသည့် ရှကျင်းက ရှမိသားစုနှင့် ဖုမိသားစုရှေ့တွင် စတင်သရုပ်ဆောင်တော့သည်။


ထို့ကြောင့် ဖုရှန်းက မိသားစုနှစ်ခုလုံးရှေ့တွင် အပြစ်သားတစ်ယောက် ဖြစ်ခဲ့ရသည်။


သူ၏ ချစ်လှစွာသော သမီးလေးကပင် သူ့ကိုစိတ်ဆိုးနေသည်။


ရှအန်းနှင့် ပက်သတ်၍ ဘာလုပ်ရမည်မသိတော့ပဲ စိတ်မသိုးမသန့် ခံစားနေရသည်။ ဥပမာအားဖြင့် ဝင်ခွင့်ခွဲတမ်းနှင့် ပက်သတ်၍ သူမအတွက် တစ်ခုခုလုပ်ပေးချင်သည်။


သူဒီလိုလုပ်ဖို့ပျက်ကွက်ခဲ့ရုံသာမကဘဲ နောက်ဆုံးဝင်ခွင့်ခွဲတမ်းကိုလည်း 'လုယက်ခံရတယ်' ဆိုတာ ဘယ်သူသိမှာလဲ ...


ထို့အပြင် လုယူသွားသည့်လူက သူ့သမီးဖြစ်နေသည်။


" ဒယ်ဒီ သမီးဒီကျောင်းတက်ချင်တယ် ..."


သူ့သမီးလေးထံမှ စကားတစ်ခွန်းကြောင့် ရှရှင်းချန်က ကျောင်းဝင်ခွင့်  ဆုံးရှုံးသွားသည်။


ဖုမိသားစုမှ ကန်ထုတ်ခံရပြီးမိဘမဲ့ဂေဟာသို့ အပို့ခံရသည်ဟုပင် ခံစားနေမိသည်။


ထိုညတွင် ရှအန်းက ကျောင်းဝင်ခွင့်ကို လက်လျှော့လိုက်ပြီဖြစ်သည်။


နောက်ဆုံး၌ ရှအန်းဆီသို့ ဖုန်းဝင်လာသည်။


" ရှအန်း စာရင်းသွင်းဖို့ နေရာမရှိတော့ဘူးတဲ့ ... တခြားကျောင်းတွေကို မစဉ်းစားချင်ဘူးလား ...  တခြားကျောင်းတွေဆိုရင်လည်း ကူညီပေးနိုင်တယ်..."


T/N  -


ဒီအပိုင်းကစပြီး ရှကျင်းဟောင်ကို ရှကျင်းလို့ပဲ ရေးပါတော့မယ်....