အပိုင်း ၉၂
Viewers 29k

Chapter 92


ရှအန်း တက္ကစီထဲမှ ထွက်လာပြီးနောက် အမျိုးသမီးဇာတ်လိုက်အတွက် ရွှေလက်ချောင်းရောင်းသည့်နေရာသို့ တိုက်ရိုက်သွားခဲ့သည်။


ဆိုင်ကိုရောက်သည့်အခါ ကျောက်စိမ်းလည်ဆွဲက ပျောက်ဆုံးနေကြောင်း သိလိုက်ရသည်။


" ဘောစ့် ကျွန်မအရင်တစ်ခေါက်က တွေ့ခဲ့တဲ့ စန်းယုံအော်ပရာ ပုတီးစေ့ရော ..."

ရှအန်း မျက်မှောင်ကြုတ်လိုက်သည်။


ထိုကျာက်စိမ်းလည်ဆွဲက အမျိုးသမီးဇာတ်လိုက်၏ ရွှေ‌လက်ချောင်းဖြစ်သည်။ သူမ ၎င်းကိုဝယ်သွားရန်အချိန်က တစ်နှစ်ခန့် စောနေသေးသည်။


အဲ့ဒါကြောင့် ဒီ ရွှေလက်ချောင်းကို ရောင်းလိုက်လို့မရဘူး ...


ဒါမှမဟုတ် သူမလိုမျိုး တခြားကမ္ဘာကလာတဲ့တစ်ယောက်က ဇာတ်လမ်းကိုသိပြီး အမျိုးသမီးဇာတ်လိုက်ကို ရွှေလက်ချောင်း ယူသွားပေးတာလား ...


" အာ ... အဲ့ဒါကို ဝယ်သွားပြီလေ ..."


ဆိုင်ရှင်ထံမှ တုံ့ပြန်ချက်ကြောင့် ရှအန်း သေချာသွားသည်။


ဝယ်သွားသည်ဟူသည့် အဓိပ္ပါယ်က သူမနှင့် ဆင်တူသည့်အခြားတစ်ယောက် ဤကမ္ဘာတွင် ရှိနေသည်။


သေချာတာတစ်ခုက အဲ့လူက သေချာပေါက်အမျိုးသမီးဇာတ်လိုက်ဘက်က မဟုတ်ဘူးဆိုတာပဲ ... မဟုတ်ရင် သူက ရွှေလက်ချောင်းကို လုသွားမှာ မဟုတ်ဘူး ...


" ဘောစ့် စန်းယုံအော်ပရာ ပုတီးစေ့ကို ဘယ်သူဝယ်သွားတာလဲ  ဘယ်အချိန်က ဝယ်သွား‌တာလဲဆိုတာ မှတ်မိလား ... " 


ရှအန်း ဤကိစ္စကို ရှင်းလင်းရန် ကြိုးစားနေစဉ် အကောင်ပေါက်လေး၏ မျက်နှာက ပြောင်းလဲသွားသည်ကို သတိမထားမိလိုက်ပေ။


" အင်း ... အဲ့လည်ဆွဲကို ဝယ်သွားတာ ချစ်စရာကောင်းတဲ့ကျောင်းသူလေးပဲ အသက် ၁၆-၁၇လောက်ရှိမယ် ...အချိန်ကတော့ လွန်ခဲ့တဲ့နှစ်ပတ်လောက်ကထင်တယ် ... အတိအကျတော့ မမှတ်မိတော့ဘူး ..."


လည်ဆွဲကိုဝယ်သွားသူက ဖုအန်းချီနှင့် ရှကျင်းမဟုတ်သည်ကို အတည်ပြုပြီးသွားသည့်အခါ ရှအန်းအနည်းငယ်စိတ်အေးသွားသည်။


သို့ရာတွင် ထိုသို့ရုတ်ချည်းပြောင်းလဲမှုကြောင့် ရှအန်းစိုးရိမ်နေဆဲဖြစ်သည်။


မည်သို့ပင်ဖြစ်စေ ရှအန်း အလွန်အကျွံမတွေးတော့ပေ။ သူမ၏ပစ်မှတ်က ရှကျင်းဟောင်၏ သမီးလေးကိုအနာဂတ်တွင် သူမတို့ကို ဒုက္ခပေးမည့်သူ ဖြစ်မလာစေလိုခြင်းဖြစ်သည်။


ယခု ရွှေလက်ချောင်းကို တစ်စုံတစ်ယောက်က ဝယ်ယူသွားသဖြင့် သူမ၏ ရည်မှန်းချက်အောင်မြင်သွားပြီဖြစ်၍ ဤကိစ္စက အရေးမကြီးတော့ပေ။


" အိုကေ ကျေးဇူးတင်ပါတယ် ဘောစ့် ..."


ရှအန်း ဆိုင်ရှင်ကို ကျေးဇူးတင်ပြီးနောက် အကောင်ပေါက်လေးလက်ကိုဆွဲပြီး ဆိုင်ထဲမှထွက်လာသည်။


ထိုကျောင်းသူလေးက မည်သူဖြစ်ကြောင်း သူမတွေးနေဆဲဖြစ်သည်။ ထိုအချိန်၌ သူမသားလေးက စိတ်မချမ်းမသာ ဖြစ်နေသည်ကို သူမ မသိလိုက်ပြန်ပေ။


" ရှောင်ရှင်း ဒီ marshmallowက အရမ်းအရသာရှိတယ် ..."


" ဒီဟာလည်း စားကောင်းတယ် ..."


" ရှောင်ရှင်း ကြက်တောင်ပံ စားမလား ..."


" ငှက်သိုက်မုန့်ရော ..."


" အရုပ်ကောက်စက် ဆီကို သွားကြမယ်လေ ရှောင်ရှင်း ..."


" အဲ့ဒီကြောင်စက်ရုပ်လေး လိုချင်လား မမ ရအောင်ယူပေးမယ် ..."


" ဝိုး ... ဒီနေ့ ရွှေငါးတွေအများကြီး ဖမ်းမိတယ် ..."


  …


ညဈေးမှ အရသာရှိသော အစားအစာများကို သူမ ညလုံးပေါက်စားခဲ့သည်။ ဆော့ကစားပြီးနောက်တွင်မှ အိမ်ပြန်လာကြသည်။


ညကမှောင်နေပြီး အလင်းရောင်များ မှေးမှိန်နေသည်။ ထို့အပြင် ရှအန်း၏ မျက်နှာကို အနည်းငယ်အုပ်ထားသဖြင့် သူမကို မည်သူမှ မမှတ်မိကြပေ။


သူမက ဖျော်ဖြေရေးနယ်ပယ်ထဲတွင် နာမည်အကြီးဆုံးကြယ်ပွင့်ဖြစ်နေကြောင်း သူမကိုယ်သူမ သိမနေပေ။


သူမကိုသိသောပရိသတ်များက နေရာအနှံ့ရှ်ိနေသည်။


အနည်းငယ် မျက်နှာကို အုပ်ထားရုံဖြင့် မည်သူမှ မသိနိုင်သော်လည်း သိနိုင်သည့်အချက် ရှိသေးသည်။ 


ရှရှင်းချန်သည်လည်း ကြယ်ပွင့်လေးဖြစ်လာပြီဖြစ်သည်။


ထို့ကြောင့် မနက်မိုးလင်းလာသည့်အခါ ရှအန်း hot searchထဲ ရောက်နေပြန်သည်ကို မြင်လိုက်ရသည်။


သေချာပေါက်တော့ ဒီသတင်းတွေကို သူမကိုယ်တိုင်မသိခဲ့ပါဘူး ... သူမက အမြဲတမ်း နှေးကွေးလွန်းတယ် ...


ဒါပေမဲ့ ...


" ရှအန်း ... မင်းအရမ်းနာမည်ကြီးနေတာကို ဘာလို့ အဲ့လိုမျိုး ပေါ်ပေါ်ထင်ထင် လျှောက်သွားရတာလဲ ..."


မနက်စောစောတွင် ဟန်ယွဲ့က ရှအန်းကို ဖုန်းဆက်လိုက်သည်။


ရှအန်း လေသံက တင်းမာသွားသည်။

" ဟမျ... ဘာကိုဆိုလိုတာလဲ ..."


" မင်းမနေ့ညက ရှောင်ရှင်းကိုခေါ်ပြီး ညဈေးတန်းကို သွားတယ်မလား ... အဲ့ဒါကို ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ် တင်လိုက်ကြတယ် ... မင်းအခု trendingဖြစ်နေပြန်ပြီ ... ဒါပေမဲ့  ကံ‌ကောင်းတာတစ်ခုက လူထုရဲ့ ထင်မြင်ချက်က ကောင်းပါတယ် ..."


" ကျွန်မကို ရှာတွေ့သွားကြတာပေါ့ ..."


ရှအန်း အရှက်ကွဲသွားသည်ဟု ခဏတာ ခံစားလိုက်ရသည်။


သူမ သတိထားနေခဲ့ပေမယ့် နောက်ယောင်ခံလိုက်ခံရပြီး ဓာတ်ပုံတောင် အရိုက်ခံလိုက်ရသေးတယ်ပေါ့ ...


သေချာတာကတော့ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးမှာ နေလာရတာကြာလို့ စိတ်လွတ်လက်လွတ်နေမိသွားပုံပဲ ...


" အင်းလေ ... ဒီတစ်ခါကတော့ ပြဿနာ မရှိပါဘူး ... နောက်ဆိုရင်တော့ သတိထားနေပေါ့ ... မကောင်းတဲ့ရည်ရွယ်ချက်ရှိတဲ့ တစ်ယောက်ယောက်နဲ့တွေ့သွားရငါ အတော်လေးပြဿနာတက်သွားနိုင်တယ် ..."


" ဟုတ် ကျွန်မ သဘောပေါက်ပါတယ် ..."


ဖုန်းချပြီးသည့်နောက် ရှအန်း ဝေ့ပေါ်ကိုဖွင့်လိုက်သည့်အခါ hot search ထဲတွင် သူမရောက်နေပြန်သည်။


# ရှအန်း၏ ညပ်ိုင်းခရီးစဥ် #


# သာမန်လူနှင့် အတူဆုံး အနုပညာရှင် #


[ ဝိုး ရှအန်းရဲ့သားလေးက ချစ်ဖို့ကောင်းလိုက်တာ ... စတားတစ်ယောက်ရဲ့ ဒုတိယမျိုးဆက်လို့ကို မပြောရဘူး .. သူ့မျက်နှာရဲ့ တန်ကြေးကတော့ တော်တော်မြင့်တယ် ]


[ရှအန်းက သားလေးကို တော်တော်ချစ်တာပဲ ]


[ နာမည်ကြီးတဲ့ အနုပညာရှင်က ညဈေးတန်းကို ငါတို့လိုပဲ သွားနေကျလား ... ရှအန် သားလေးနဲ့ ဆော့နေတာမြင်ရတာ ပျော်စရာကြီး ]


[ ရှအန်းက တကယ်ကို သာမန်လူတွေလိုပဲနေတဲ့ အမျိုးသမီး သရုပ်ဆောင်ပဲ ဟုတ်တယ်မလား ]


[ ရှအန်းက သာမန်လူနဲ့ တူမတူတော့မသိဘူ သူမက ငါတွေ့ဖူးသမျှထဲမှာ အချောဆုံး အနုပညာရှင်ပဲ ]


[ ရှအန်းနဲ့ ဇွန်ဘီပေါက်စလေးကို မိဘတွေရော ကလေးတွေပါ ပါလို့ရတဲ့ "Mom is Back" လိုမျိုး variety show မှာ ပါခိုင်းရင်တော့ လုံးဝ ပေါက်သွားမှာပဲ ]


[ သားလေးကို “Mom is back” ကို ခေါ်သွားပါ +1  ငါတို့လည်း ကြည့်ချင်တယ် ]


အင်တာနက်ပေါ်မှ မှတ်ချက်များကိုကြည့်ပြီး သူမက အနုပညာရှင်ဖြစ်နေပြီဖြစ်ကြောင်းကို ရှအန်း သတိရသွားပြန်သည်။


သူမအတွက် ပေါ့ပေါ့ပါးပါး အပြင်သွားခြင်းဖြစ်သော်လည်း အင်တာနက်ပေါ်တွင် ကိစ္စကြီးတစ်ခု ဖြစ်နေသည်။


အတင်းအဖျင်းသတင်းများ ဖတ်ပြီးနောက်တွင် ရှအန်းက စားသောက်ဆိုင်ဖွင့်ရန် အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်သည်။


သူမ၏ လက်ရှိအခြေအနေအရ အပြင်ထွက်၍ စားသောက်ရန် မဖြစ်နိုင်သေးပေ။


နားမလည်နိုင်သော တင်းမာမှုတစ်ခုကို ရှအန်း ခံစားနေရသည်။


အိပ်ရာထပြီးနောက် မီးဖိုချောင်ထဲ ဝင်သွားသည်။ သူမနှင့် အကောင်ပေါက်လေး‌အတွက် မနက်စာပြင်နေစဉ်၌ အနာဂတ်အစီအစဥ်များအကြောင်းကို တွေးမိသွားသည်။


ဟန်ယွဲ့ ယခင်တစ်ခေါက်ပြောပြီးချိန်မှစ၍ သူမ ကိုယ်ပိုင် စားသောက်ဆိုင်ဖွင့်ရန် စောင့်မျှော်နေပြီး ဟင်းလျာအမျိုးမျိုးအတွက် စားဖိုမှူးများကို ငှားရမ်းရန် ကြံစည်နေသည်။


ရှအန်းက သူမ၏ အနာဂတ်ဘဝကို စဉ်းစားနေစဉ်တွင် ဖုန်းမြည်လာသည်။


ဟန်ယွဲ့ဆီမှ ဖုန်းဟု ထင်လိုက်သော်လည်း ကြည့်လိုက်သောအခါ အမည်မသိဖုန်းနံပါတ် ဖြစ်နေသည်။


“Come on Challenger”ကြောင့် သူမကို ရှိုးအတော်များများတွင် ပါဝင်ရန် ကမ်းလှမ်းသည့်ဖုန်းများ ရှိလာသည်။ 


သူမ အားလုံးကို ငြင်းဆိုသော်လည်း ဖုန်းများကိုမူ လက်ခံဖြေကြားသည်။


ဖုန်းကိုင်လိုက်သောအခါ နေ့စဉ်ကြားနေရသည့် စကားတစ်ခွန်းကိုသာ ကြားလိုက်ရသည်။

" ဟဲလ်ို မစ္စရှအန်းလား ... ကျွန်မက “Mom is Back”ရဲ့ ပရိုဂရမ်ဒါရိုက်တာ ကိုနီရှီပါ ...ရှင်နဲ့ ရှင့်သားလေးကို“Mom is Back”ရဲ့ Season 3မှာ ပါဝင်ပေးဖို့ ကမ်းလှမ်းချင်လို့ပါ ..."


ရှအန်း အေးခဲသွားသည်။


“Mom is Back”လား ...


အဲ့ဒါ ခုနလေးကပဲ ဝေ့ပေါ်မှာ တွေ့လိုက်တဲ့ရှိုးမဟုတ်လား ...


" တောင်းပန်ပါတယ် ... ကျွန်မ စိတ်မဝင်စားပါဘူး ..."


ရှအန်း ဖုန်းချမည်အပြုတွင် ဖုန်းထဲမှ အမျိုးသမီး၏အသံက သူမကို အောင်မြင်စွာ တားမြစ်လိုက်နိုင်သည်။

" ရှစ်သန်း ...  ကျွန်မတို့ ပရိုဂရမ်ကိုလာပေးမယ်ဆိုရင် မစ္စရှအန်းကို အနုပညာကြေး ရှစ်သန်းပေးပါ့မယ် ..."


ရှစ်သန်းတောင်လား ...


ရှအန်း ရင်ခုန်လာသည်။


Variety show လေးမှာ ပါရုံနဲ့ ရှစ်သန်းရမယ်ပေါ့ ...


"မစ္စရှ တကယ်လို့ အနုပညာကြေးက အဆင်မပြေဘူးထင်ရင် ကျွန်မတို့ဆွေးနွေးလို့ရပါတယ် ... မစ္စရှ ကျွန်မတို့ကို အခွင့်အရေးလေးတော့ ပေးပေးပါ ... ကျွန်မတို့ မစ္စရှကို ဒီရှိုးကို တကယ်ဖိတ်ချင်လို့ပါ ... စဉ်းစားပေးပါဦး ..."


ထိုအမျိုးသမီး၏ ရိုးသားသောစကားများကို ဖုန်းမှတစ်ဆင့်ကြားရသည့်အခါ ရှအန်းတိတ်ဆိတ်သွားသည်။ နောက်ဆုံးတွင် ပြောလိုက်သည်။

" ကောင်းပါပြီ ... ကျွန်မစဉ်းစားပေးပါ့မယ် ..."


" အာ အမ် ... ကျေးဇူးတင်ပါတယ် မစ္စရှ အေးဆေး‌စဉ်းစားလို့ရပါတယ် ..."


အမှန်တွင် ရှအန်းက ထိုအမျိုးသမီး၏ ရိုးသားမှုကြောင့် စိတ်လှုပ်ရှားသွားခြင်းမဟုတ်ပဲ ငွေရှစ်သန်းကြောင့်ရင်ထဲထိသွားခြင်းပင်။


အရေးကြီးဆုံးက ရှစ်သန်းအတွက်လည်း ဆွေးနွေးနိုင်သေးတယ်ဆိုတော့ ကြည့်ရတာ ရှစ်သန်းထက်လည်း ပိုရနိုင်တာပေါ့ ...


ထို့ကြောင့် ရှအန်း ဤတစ်ကြိမ်တွင် အမှန်တကယ် ရင်ဖိုသွားသည်။


ဖုန်းချပြီးနောက် စိတ်မပါလက်မပါဖြင့် မနက်စာကိုပြီးအောင်စားလိုက်သည်။ တက်ဘလက်ကိုဖွင့်ပြီး အွန်လိုင်းတွင် “Mom is back” ရသစုံရှိုး ကို ရှာလိုက်သည်။


“Mom is Back” variety showက ယခုအချိန်တွင် အလွန် နာမည်ကြီးနေပြီး ပရိသတ်များ၏ ဝေဖန်ချက်ကောင်းများလည်း ရရှိထားသည်။


Season 1တွင် ပါဝင်ခဲ့ကြသူများမှာ နာမည်ကြီးအနုပညာရှင်များ ဖြစ်ကြပြီး Season 2မှစ၍ ဤရှိုးတွင် ပါဝင်သူအားလုံးက ဒုတိယလိုင်း၏အထက်တွင်ရှိသည်။


Season 3တွင် ပို၍ခက်ခဲလာရန်သာရှိသည်။


ပါဝင်သူ ဧည့်သည်များမှာ လူကြိုက်များသူများ ပရိသတ်အင်အားတောင့်တင်းသူများ သို့မဟုတ် နတ်ဘုရားမအဆင့် အနုပညာရှင်များဖြစ်ကြသည်။


ထို့ကြောင့် ဤအစီအစဉ်၏ အဆင့်သတ်မှတ်ချက်များက ဆက်တိုက်ဆိုသလို ရိုက်ချက်တစ်ခု ဖြစ်လာသည်။


ဤရှိုးက အခြားကြယ်ပွင့်များအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်တေသည့်အတွက် စာချုပ်ချုပ်ရန် တွန့်ဆုတ်နေကြမည်မဟုတ်ပေ။


ရှအန်းက ဒါကို တန်ဖိုးမထားခဲ့ဘူး ...ဒါပေမဲ့ ...


" ကလေးကို ရွာတစ်ရွာခေါ်သွားပြီး ဘဝကိုစစ်ဆေးတာတဲ့လား ... အကောင်းဆုံးအစားအစာတွေနဲ့နေဖို့ အဆိုးဆုံးနေရာတဲ့ ..."


ရှအန်း၏အာရုံအားလုံးက ဤအရာအပေါ်တွင်ရှိနေပြီး သူမကို စိတ်ရှုပ်ထွေးသွားစေခဲ့သည်။


အခက်အခဲတွေနဲ့ ငွေရှစ်သန်းပဲ ... ဘာကိုရွေးရမှာပါလိမ့် ...