အပိုင်း ၉၃
Viewers 29k

Chapter 93


ရှအန်း စိတ်ရှုပ်ထွေးနေစဉ် “Come on Challenger” အပိုင်းလေးကို မကြာမီ စတင်ရိုက်ကူးတော့မည်ဖြစ်သည်။


အပိုင်းလေးကို ရိုက်ကူးနေစဉ် ဒုတိယပိုင်းကို ရုပ်သံလွှင့်တော့မည်ဖြစ်သည်။


ရုပ်သံလွှင့်ပြီးနောက်ပိုင်းတွင် ပါဝင်သူများက ယခင်နှင့် မတူတော့ပေ။


အင်တာနက်ဆယ်လီဖြစ်သည့် ဟယ့်ရှောင်ရှောင်သည်ပင် ဤရှိုးကြောင့် ယခင်ထက်ပို၍ နာမည်ကြီးလာခဲ့သည်။ 


ဤအစီအစဉ်ကြောင့် ရှိုးများစွာက အစီအစဉ်ကြေညာသူလုပ်ရန် ကမ်းလှမ်းလာကြသည်။


အခြားပါဝင်သူအမျိုးသားသုံးယောက်၏ ကံကြမ္မာက ပို၍ အံ့အားသင့်ဖွယ်ကောင်းသည်။


ပါဝင်သူခြောက်ယောက်ထဲတွင် ရှအန်းတစ်ယောက်တည်းကသာ ကမ်းလှမ်းချက်များကို လက်မခံပဲ “Come on Challenger” ရိုက်ကူးရေးကိုသာ အာရုံစိုက်နေခြင်းဖြစ်သည်။


သူမ အယ်လန်နှင့် တိုင်ပင်ထားသည့်အတိုင်း မော်ဒယ်ဓာတ်ပုံများကို ရိုက်ဖြစ်ခဲ့သည်။ 


ထို့အပြင် အမေရိကန်မှ ဒါရိုက်တာဂရေစ့်၏ ရုပ်ရှင်ကားတွင် ရိုက်ကူးရန် ဆုံးဖြတ်ခဲ့သည်။


ထို့ကြောင့် ရှအန်းက တခြားကြော်ငြာနှင့် အစီအစဉ်များရိုက်ကူးခြင်း မရှိသေးသော်လည်း ရှိုးတွင် နာမည်အကြီးဆုံး အမျိုးသမီးပါဝင်သူ ဖြစ်နေဆဲပင် ဖြစ်သည်။


မူလက ရှအန်း မည်သည့်အစီအစဉ်ကိုမဆို ငြင်းဆိုခဲ့သော်လည်း “Mom is back” ဂရိုဂရမ်က သူမကို ယွမ်ရှစ်သန်းဖြင့် ကမ်းလှမ်းမည်ဟု မထင်ခဲ့ပေ။ ဤကိန်းဂဏန်းက သူမရင်ကို တဒိတ်ဒိတ် ခုန်စေသည်။


ရက်အနည်းငယ် စဉ်းစားပြီးနောက် အပိုင်းလေး စတင်ရိုက်ကူးနေချိန်၌ ရှအန်းက ဟန်ယွဲ့ကို ဤကိစ္စအကြောင်း ပြောပြခဲ့သည်။


" ဘာ ... မင်းပြောတာ “Mom is back”က မင်းကို ပါဝင်သူအဖြစ်  ယွမ်ရှစ်သန်းနဲ့ ကမ်းလှမ်းတယ်ပေါ့ ..."


ဟန်ယွဲ့၏ မျက်လုံးများက သူမကို အထူးအဆန်းသဖွယ် ကြည့်နေသည်။


" ဘာဖြစ်လို့လဲ ... အဲ့ဒါက များလား ..."


ဟန်ယွဲ့ အံ့အားသင့်သွားသဖြင့် သူမ စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။


သူမ “Come on Challenger”တွင် ပါဝင်စဉ်က ထိုမျှ မရခဲ့ပေ။


" မဟုတ်ဘူး ... မင်းရဲ့ လက်ရှိနာမည်ကျော်ကြားမှုနဲ့ဆို ရှစ်သန်းက တကယ်အဆင်ပြေတယ် ... ငါအံ့ဩမိတာတစ်ခုက “Mom is back”က မင်းကို မြန်မြန် ကမ်းလှမ်းလာတာကိုပဲ ..."


ဟန်ယွဲ့ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ရှအန်း နာမည်ကြီးလာသည်နှင့်အမျှ ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲမှ လူများကလည်း ကမ်းလှမ်းရန် စောင့်မျှော်နေကြသည်။ ‘Mom is back’ကမ်းလှမ်းမှုကြောင့် သူတို့ကရှအန်းနှင့် ပက်သတ်၍ အကောင်းမြင်ကြကြောင်း သိနိုင်သည်။


သို့သော်လည်း မကြာမီက ရှအန်းနှင့် အကောင်ပေါက်လေး hot search တွင် ထိပ်ဆုံးရောက်ခဲ့သည့်အချိန်များကို ပြန်စဉ်းစားမိသောအခါ ထိုအစီအစဉ်က ရှအန်းကိုဖိတ်ခေါ်ရသည့်အကြောင်းအရင်းကို နားလည်နိုင်သွားသည်။


" ဟန် ... ကျွန်မ ပါသင့်တယ်လို့ထင်လား ..."


အဘယ့်ကြောင့်ဆိုသော် သူမက ဤကဲ့သို့အရာများနှင့် အကျွမ်းတဝင်မရှိသဖြင့် ဖျော်ဖြေရေးနယ်ပယ်အကြောင်း နှံ့စပ်စွာသိသည့် ဟန်ယွဲ့ကိုပုံချလိုက်သည်။


ဟန်ယွဲ့စဉ်းစားနေပြီးနောက် ခဏအကြာတွင် ပြန်ဖြေလိုက်သည်။


" Mom is Back အစီအစဉ် စရိုက်မယ့်အချိန်က ဒါရိုက်တာဂရေစ့်ရဲ့ ရုပ်ရှင်ရိုက်မယ့်အချိန်နဲ့ မတိုက်နေဘူးဆိုတော့ မင်းဆန္ဒရှိရင် ပါလို့ရတယ်လေ ... ပြီးတော့ ယွမ်ရှစ်သန်းဆိုတဲ့တန်ဖိုးက နည်းတာမှ မဟုတ်တာ ..."


ရှအန်း အဖြေကိုကြားသည့်အခါ သိသိသာသာပင် မကျေမနပ်ဖြစ်သွားသည်။


အနုပညာကြေးက မြင့်မှန်းသိသော်လည်း  ယခင်က ခက်ခဲမှုများစွာကို ကြုံတွေ့ခဲ့ရပြီးဖြစ်၍ ဤကမ္ဘာမှ အခက်အခဲများကိုလည်း ထပ်မံ မကြုံတွေ့ချင်တော့ပေ။


ငွေပိုပေးပါကလည်း သူမ မသွားချင်ပေ။


" ဒါပေမဲ့ ဒီရှိုးက ကျွန်မနဲ့ အဆင်ပြေမယ်မထင်ဘူးနော် ..."

ရှအန်း မျက်မှောင်ကြုတ်လိုက်သည်။


ဟန်ယွဲ့ အနည်းငယ်ရှုပ်ထွေးသွားသဖြင့် မေးလိုက်သည်။

" အဆင်မပြေဘူးဟုတ်လား ... ငါထင်တာတော့ ရှောင်ရှင်းလေးကို တူတူခေါ်သွားဖို့ဆို ဒီရှိုးက အဆင်ပြေဆုံးပဲ ... တစ်ဖက်မှာ ငွေရှာနိုင်သလို တစ်ဖက်ကလည်း မင်းကို အသရေဖျက်တဲ့သတင်းတွေကို ဖျက်ပစ်နိုင်ပြီး ပရိသတ်အများကြီး ရလာနိုင်တယ်လေ ... အနည်းဆုံးတော့ အနာဂတ်မှာ ဘယ်သူကမှ 'တရားမဝင်ကလေး' ဆိုတဲ့ကတ်နဲ့ မင်းကို နာမည်မဖျက်နိုင်တော့ဘူး ..."


ရိုးသားစွာပြောရလျှင် ဟန်ယွဲ့သူမကို Mom is Back ရှိုးတွင် ပါ‌ဝင်စေလိုသည်။ သူမ ဤရှိုးတွင် ပါဝင်ပါက သူမကိုပို၍ နာမည်ကြီးလာစေနိုင်သည့်အပြင် မိဘနှင့် ကလေးများ ပါဝင်ရသည့်ရှိုး ဖြစ်သဖြင့် အန္တရာယ်လည်း မရှိနိုင်ဟု သူတွေးမိသည်။


ယေဘုယျအားဖြင့် ပြောရလျှင် ဤရှိုးက ကလေးရှိသော အမျိုးသမီးအနုပညာရှင်တိုင်း ပါဝင်လိုသည့် ရှိုးတစ်ခုဖြစ်သည်။


သို့သော် ရှအန်းက ခေါင်းမာနေသည်။ 


ပိုရယ်ရတာကတော့ ရှအန်းရဲ့ အကြောင်းပြချက်က –


" ရှိုးကိုရိုက်ရတာ ခက်ခဲမယ်ထင်တယ် ... ဒီရှိုးက အခက်အခဲတွေ ကျော်ဖြတ်ခိုင်းပြီး ကျေးလက်ဘဝကို ခံစားစေချင်တာဆိုတော့ ... ကျွန်မ သိပ်သဘောမကျဘူး ..."


ဟန်ယွဲ့ ဆွံ့အသွားပြန်သည်။


“Mom is back” အစီအစဉ်က မြို့ပြတွင်နေထိုင်သည့် အနုပညာရှင်အမျိုးသမီးများ၏ သူတို့ကလေးများနှင့် ကျေးလက်ဒေသများတွင် နေထိုင်ပြီး အခက်အခဲများကို ဖြတ်သန်းကျော်လွှားခြင်းကို ရိုက်ကူးထားသည့် မိဘနှင့် သားသမီးအချင်းချင်း အပြန်အလှန်အကျိုးပြုသည့် အစီအစဉ်တစ်ခုဖြစ်သည်။


ရှိုး၏ Season 1တွင် အနုပညာရှင်အမေများကို လယ်ကွင်းများတွင်နေပြီး ဝက်စာကျွေးခိုင်းခဲ့သည်။ ထိုဇာတ်လမ်းဇာတ်ကွက်က သာမန် variety show များနှင့် ကွဲထွက်နေပြီး ထိပ်ဆုံးနေရာ ရနိုင်ခဲ့သည်။


" ဒါပေမဲ့ ကြည့်ရှု့သူတွေက ဒါမျိုးကို သဘောကျတာလေ ..."

ဟန်ယွဲ့ မဆိုင်းမတွ ဖြေလိုက်သည်။ ရှအန်းနှင့် အလွန်ရင်းနှီးနေပြီဖြစ်၍ သူမ၏ အကျင့်စရိုက်အချို့ကို သိရှိနေပြီဖြစ်သည်။


ထိုမိန်းကလေးက ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းမှုနှင့် စွမ်းရည်များ ရှိသော်လည်း ဇီဇာကြောင်လွန်းသည်။ အရသာရှိသော အစားအစာများစား၍ နေရာကောင်းတွင်သာ နေလိုသည်။


ရိုက်ကူးရေးလုပ်သည့်နေရာက ခက်ခဲလျှင်ပင် သုမအကောင်းဆုံးကြိုးစားပြီး အဆင်ပြေအောင်နေသည်။


ထို့ကြောင့် ရှအန်း၏အခြေအနေကို ဟန်ယွဲ့နားမလည်နိုင်သေးပေ။


ဒီမိန်းကလေးက ခံစားရတာကို မကြိုက်ဖူးပဲ ...


သို့ရာတွင် သူမနောက်ထပ်ပြောလိုက်သည့်စကားကို ဟန်ယွဲ့မမျှော်လင့်ထားခဲ့ပေ။

" ပရိသတ်တွေက အခက်အခဲတွေ ကြည့်ရတာပဲ သဘောကျနေတာလား ... ကျွန်မသာဆိုရင် အနုပညာရှင်တွေရဲ့နေထိုင်မှုဘဝပဲ ကြည့်ချင်မှာ ... ဥပမာပြောရမယ်ဆိုရင် ... အနုပညာရှင်တွေ ဘာစားတယ် ဘယ်လိုကုန်ပစ္စည်းတွေသုံးတယ် ... ဘယ်လိုအိမ်မှာနေတယ်ဆိုတာမျိုး ..."


ရှအန်း ထိုကဲ့သို့ ရှိုးကို အမှန်ပင် သဘောကျသည်။


ရှအန်း၏မျက်လုံးများ အရောင်တောက်နေသည်။ ဟန်ယွဲ့ရင်ထဲတွင် ကွဲပြားသည့်ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။


ဒါက –


" အင်း ... ပရိသတ်တွေက အနုပညာရှင်တွေ ခက်ခဲနေတာကို ကြိုက်တယ်လို့ ဘယ်သူပြောလဲ ..."


ကြည့်ရှု့သူတွေက အနုပညာရှင်တွေရဲ့ ကိုယ်ပိုင်ဘဝကို ကြည့်ရတာ ပိုစိတ်ဝင်စားတာလား ...


ဤအကြောင်းကို တွေးမိသည့်အခါ ဟန်ယွဲ့မျက်လုံးများ အရောင်လက်လာပြီး စိတ်ထဲတွင် ပရိုဂရမ်အသစ်အတွက် အကြံတစ်ခု ပေါ်လာသည်။