Chapter 130
နှုတ်ဆက်ပြီးနောက် တာဝန်ရှိသူများလည်း နောက်ဆုံးတွင် တံခါးအပြင်သို့ ထွက်လာခဲ့သည်။ ပင်မဝင်ပေါက်မှ လူတစ်စု ဝင်လာသည်ကို တွေ့လိုက်ရသည်။ ဦးဆောင်သူ အမျိုးသမီးသည် အသက် ဆယ့်ခုနစ်နှစ် ၊ ဆယ့်ရှစ်နှစ်ထက် မပိုပေ။ သူမသည် နှင်းထုနှင့် ရောယှက်နေသည့် နှင်းဖြူရောင် အင်္ကျီကို ၀တ်ထားသည်။ ချောမောလှပသော အစေခံတစ်စုက သူမကို ဝိုင်းဖွဲ့နေကြ၍ ကောင်းကင်ဘုံမှဆင်းသက်လာသော နတ်သမီးလေးအလားပင်။
ဦးဆောင်လာသူ အရာရှိက ရပ်လိုက်ပြီး သူ့နောက်ကလူများကို လှည့်ပြောလိုက်၏။
“ခဏစောင့်ပါဦး"
သူတို့ မထွက်သွားခင် ပန်းဟွာ ဖြတ်သွားအောင် စောင့်နေကြသည်။ သူတို့ကိုလိုက်ပို့သော ဘဏ္ဍာစိုးသည်လည်း ဦးညွှတ်ပြီး သူတို့နောက်တွင် တလေးတစား ရပ်နေ၏။
ဖြတ်သွားသည့် ပန်းဟွာ သူတို့ကို မမျှော်လင့်ဘဲ တွေ့လိုက်သည်။သူမ ရပ်လိုက်ပြီး ခေါင်းပေါ်တွင်ဆောင်းထားသော ဝတ်ရုံခေါင်းဆောင်ကို ချွတ်ကာ အရာရှိများအား ခေါင်းညိတ်ပြလိုက်သည်။အရာရှိများကလည်း လက်သီးဆုပ်၍အရိုအသေပြုကြ၏။ ပန်းဟွာ ဖြတ်သွားမှသာ သူတို့ အသိစိတ်များ တဖြည်းဖြည်း ပြန်ရောက်လာသည်။
သူတို့နောက်တခေါက် ပြန်ကြည့်လိုက်လျှင် ကောကုန်းရုံရှားက ပန်းဟွာကျွင်းကျူးကို လက်ခံတွေ့ဆုံနေသည်ကို တွေ့လိုက်ရသည်။ချောမောလှပသော မိန်းမချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားသော ရုံရှားက အတော်ကို မနာလိုစရာကောင်း၏။
"ကျေးဇူးပြုပြီး အရာရှိတို့ သွားကြရအောင်ပါ" ဘဏ္ဍာစိုးက ပြုံးပြီး ထွက်သွားဖို့ လက်ဟန်ပြသည်။
အရာရှိများသည် အသိစိတ်ပြန်ရောက်လာပြီး ရုံမိသားစု၏ တံခါးဝမှ အမြန်ထွက်သွားကြသည်။
ဧကရာဇ်သည် ဤမင်္ဂလာပွဲကို နှစ်သက်ကြောင်း မြို့တော်တစ်ခုလုံးက သိသည်။ ထို့ကြောင့် ပန်းမိသားစုနှင့် အဆက်အဆံရှိခဲ့သော မိသားစုများအားလုံး ခန်းဝင်ပစ္စည်း လက်ဆောင်များ ပေးပို့ရာတွင် ငွေကြေးများစွာ သုံးစွဲခဲ့ကြသည်။ လက်ဝတ်ရတနာများ၊ ရှေးဟောင်း ရှားပါးစာအုပ်များနှင့် ရုပ်ပုံစာအုပ်များအားလုံးကို ပန်းမိသားစုထံ တစ်ခုပြီးတစ်ခု ပေးပို့ခဲ့သည်။
မင်္ဂလာဆောင်ရန် ဆယ်ရက်သာလိုသော်လည်း ပန်းဟွာကျွင်းကျူး၏ ခန်းဝင်ပစ္စည်းများ မည်မျှရှိမည်ကို လူအများက ခန့်မှန်းပြီးနေကြပြီဖြစ်သည်။ ဘယ်လောက်တောင်များပြားလိုက်မလဲ..
ပန်းဟွိုက် နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့် အချို့သော အရာရှိများကလည်း၊ ပန်းဟွာ လက်ထပ်သောအခါတွင် ပန်းဟွိုက် ရှိုက်ကြီးတငင် ငိုမငိုဆိုသည်ကို အလောင်းအစားလုပ်နေကြသေးသည်။ မူလက သာမန်မြင့်မြတ်သောမိသားစု၏ မင်္ဂလာပွဲဖြစ်သည်။ သို့သော် ဧကရာဇ် ယွင်ချင် သည် လက်မထပ်ရသေးသော ကြင်စဦးဇနီးမောင်နှံနှစ်ဦးအား နန်းတော်တစ်ခု သီးခြားဆောက်ပေးထားသည်။ ထို့အပြင် ကောကုန်းချမ်အမ်သည် ဧကရာဇ်၏တရားမဝင်သားတော်ဖြစ်ကြောင်း ကောလာဟလများထွက်ပေါ်ခဲ့သည်။ ရလဒ်အနေနှင့် မင်္ဂလာပွဲသည် လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။
ယန်မိသားစုနှင့် ရှစ်မိသားစုတို့သည် ဤမင်္ဂလာပွဲအတွက် တုံ့ပြန်မှု သိပ်မရှိခဲ့ကြပေ။ သို့သော်လည်း ရှဲ့မိသားစုကတော့ အထူးကောင်းမွန်သော လက်ဆောင်ကို ပြင်ဆင်ပြီး ကျင့်ထင်အိမ်တော်သို့ ပို့ပေးသည်။ ပန်းမိသားစု နှင့် ရှဲ့မိသားစု ပြေလည်မှု မရှိကြောင်း လူတိုင်းသိကြသည်။ သို့သော်လည်း ရှဲ့မိသားစုသည် ပန်းမိသားစုထံ ယခုကဲ့သို့ ရက်ရက်ရောရော လက်ဆောင်တစ်ခု ပေးပို့လိမ့်မည်ဟု တခြားသူများ မျှော်လင့်မထားခဲ့ပေ။
နောက်ပိုင်းတွင် ပန်းမိသားစုသည် ရှဲ့မိသားစုကို မကြာသေးမီက သမားတော်ပင် ငှားရမ်းခဲ့ကြောင်း သတင်းပျံ့သွားခဲ့၏။သမားတော်သည် ရှဲ့မိသားစု၏အကြီးဆုံးသား၏အသက်ကိုသာ ကယ်တင်နိုင်ခဲ့ပြီး၊ ယောက်ျားပီသမှုကို မကယ်တင်ခဲ့သော်ငြားလည်း ဤသည်က တော်သေးသည်ဟုဆိုရမည်။ထို့ကြောင့် ပန်းမိသားစုအား အပြစ်မတင်နိုင်ပေ။
ရှဲ့မိသားစု၏ အကြီးဆုံးသားဖြစ်သူ၏ ဒဏ်ရာဒဏ်ချက်ကြောင့် ပန်းမိသားစု မှ သမားတော်များသည် လူ့အသက်ကိုကယ်တင်ရာတွင် အလွန်ကျွမ်းကျင်ကြောင်း သတင်းပျံ့နေပြီဖြစ်သည်။
ဤနည်းဖြင့် စဉ်းစားပြီးနောက်၊ ရှဲ့မိသားစုက ဤကဲ့သို့ ပြုမူခဲ့ခြင်းကြောင့် ဆိုသည်ကို လူတိုင်း နားလည်ခဲ့ကြသည်။
"ရှစ်မိသားစုက အိမ်ရှေ့စံမင်းသမီး လက်ထပ်တုန်းက သူမမှာ ခန်းဝင်ပစ္စည်းလက်ဆောင် 188 ခုပဲ ရခဲ့တာ၊ အခု ကျွန်မတို့မိသားစုရဲ့ ခန်းဝင်ပစ္စည်းက အရမ်းများလွန်းနေတယ်"
ယင်းရှစ်က ခန်းဝင်ပစ္စည်းစာရင်းကို စီစစ်ပြီးသောအခါ၊ ခေါင်းကိုက်လာကာ ပန်းဟွိုက်ကို ပြောလိုက်၏။
"ရုံမိသားစုဆီ ပစ္စည်းတချို့ အရင်ပို့ထားတာက ဘယ်လိုလဲ၊ ရုံရှားရဲ့အကျင့် စရိုက်အရဆို၊ သူက ဘာမှ ကန့်ကွက်မှာမဟုတ်ပါဘူး"
ပန်းဟွိုက်က ခေါင်းညိတ်ပြီး
"မင်း ပြောတာမှန်တယ်၊အဲဒီရှေးဟောင်းစာအုပ်တွေ၊ လက်ရေးလှ၊ ပန်းချီကားတွေကို ငါတို့အိမ်မှာထားလည်းပျက်ဆီးမှာပဲ၊ ရုံမိသားစုဆီပေးတာ ပိုကောင်းတယ်"
နှစ်အနည်းငယ်အတွင်း ဘာဖြစ်လာမလဲ၊ မည်သို့မည်ပုံပြောင်းလဲသွားမလဲဆိုသည်ကို ဘယ်သူမှ သေချာမသိနိုင်ချေ။ယခင်ကဆိုလျှင် သူမတို့မိသားစု၏ ပစ္စည်းဥစ္စာများကိုသာ မက်မောခဲ့သည်။စာအုပ်များကိုဆို အပြင်လူများအား ပေးကမ်းတတ်သည်။ယခုမူ စာပေအရည်အချင်းရှိသည့် သားမက် ဖြစ်သူကြောင့် စာအုပ်များကို ပြင်ပလူအား ပေးလိုက်တာထက် သားမက်ကိုသာ ပေးလိုက်ချင်သည်။
ပန်းမိသားစုသာ လေးနှစ်အတွင်း ရှင်သန်နိုင်လျှင် ရှေးဟောင်းစာအုပ်များ အားလုံးကို ထပ်တူလုပ်ထားရမည်။မူရင်းနှင့် လက်ရေးမိတ္တူများကို ကလေးများအား အညီအမျှ ခွဲပေးထားမည်ဖြစ်သည်။ဘယ်သူကမှ ပိုမယူရသလို ဘယ်သူမှလည်း နစ်နာမှာ မဟုတ်ပေ။ ဤအရာများကို သူ ဂရုမစိုက်သော်လည်း ပန်းမိသားစု၏ အကြီးအကဲများက ချန်ရစ်ခဲ့ခြင်းဖြစ်၍ သားစဉ်မြေးဆက်အတွက် တစ်ခုခု ချန်ထားခဲ့ချင်သည်။
"ရှင် ဘာကိုဆိုလိုတာလဲ ကျွန်မသိတယ်" ယင်းရှစ်က ခေါင်းညိတ်ပြသော်လည်း ရုတ်တရက် သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် အထီးကျန်ဆန်လာသည်။
"ကျွန်မသမီးကို နှစ်အတော်ကြာအောင် ကျွေးမွေးပြုစုလာခဲ့ပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာပဲ လူတစ်ယောက်ကို လက်ထပ်တော့မယ်လို့ သိရတဲ့အချိန်မှာ ကျွန်မရဲ့ နှလုံးသားကဗလာကျင်းနေတော့တယ်"
ရုံရှားသည် အလွန်တော်သော သားမက်လောင်းတစ်ဦးဖြစ်ကြောင်း သူမသိသည့်အပြင် သူမ၏ သမီးကလည်း ဤအိမ်ထောင်ရေးကို အလွန်ကျေနပ်ကြောင်း သူမ သိသည်။သို့သော်လည်း မိဘတစ်ယောက်အနေနှင့် သားသမီးအတွက် အမြဲစိတ်ပူပြီးခွဲခွာဖို့ ဝန်လေးမိသည်။
ပန်းဟွိုက်က သူမ လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြုံးနေသည်။
"ကလေးတွေ တစ်နေ့ ကြီးလာလိမ့်မယ်ဆိုပေမယ့် ကိုယ်က မင်းအနားမှာ ရှိနေပါသေးတယ်"
ယင်းရှစ် ပြုံးပြီး သပန်းဟွိုက်၏ လက်ဖမိုးမှာ လက်တစ်ဖက်ကိုတင်လိုက်သည်။ "အခု ရှင် ဒီစကားတွေ ပြောနိုင်တဲ့အတွက် ဟွာဟွာ အိမ်ထောင်ကျရင် သိပ်စိတ်မကောင်းမဖြစ်မှာ သေချာပါတယ်"
ပန်းဟွိုက် စကားမပြောနိုင်ဖြစ်သွားသည်။ မဟုတ်ဘူး၊ သူ အာမ မခံနိုင်ဘူး။
ပန်းဟွာက ရုံရှားကိုယ်တိုင် ဖျော်စပ်ထားသည့် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။
"လက်ဖက်ရည်က ဘာကောင်းလဲဆိုတာ ကျွန်မ မပြောနိုင်ပေမယ့် အရသာက တကယ်ကောင်းတယ်"
"မင်းကြိုက်ရင်း ပြီးတာပါပဲ...."ရုံရှားက မီးဖိုပေါ်မှ မြေလက်ဖက်ရည်အိုးကို ချလိုက်ပြီး "လက်ဖက်ရည်ဆိုတာ ကိုယ်ကိုယ်တိုင် သောက်ရမှာ၊ကောင်းလား ဆိုးလားဆိုတာ ဖျော်တဲ့သူကို ပြောရမှာပဲလေ"
"ရှင်က စိတ်ထားသိပ်ကောင်းတယ်၊ မိန်းကလေးတွေက ရှင့်ကို ကြိုက်နေကြတာ အံ့သြစရာတော့ မဟုတ်ဘူး"
ရုံရှားက ပန်းဟွာကို ညှိုးငယ်သော မျက်နှာဖြင့် ကြည့်နေရင်း
"ကိုယ်က လူတိုင်းအတွက် အကျင့်စရိုက် ကောင်းနေတာမဟုတ်ပါဘူး၊တခြားမိန်းကလေးတွေနဲ့ ကိုယ် ရောရောထွးထွေးနေတာ မင်း ဘယ်တုန်းက မြင်ဖူးလဲ၊ သူတို့က ကိုယ့်ကို ကြိုက်တာပဲဖြစ်ဖြစ်၊မကြိုက်တာပဲဖြစ်ဖြစ် ကိုယ်နဲ့ ဘာဆိုင်လို့လဲ၊မဟုတ်ဘူးလား"
သူက တမင်တကာ သနားစရာကောင်းသည့် အကြည့်မျိုးဖြင့်ကြည့်နေတာကြောင့် ပန်းဟွာ သူပါးကိုဖျစ်ညှစ်ပြီး သူမဘက်သို့ဆွဲယူလိုက်သည်။
"ရှင် ထပ်ပြီး သနားစရာ ကောင်းအောင်ဟန်ဆောင်နေတာပဲ၊ကျွန်မ ရှင့်ကို သင်ခန်းစာ မပေးဝံ့ဘူးလို့ မထင်နဲ့"
"ဟွာဟွာက ကိုယ့်ကို ဘယ်လို သင်ခန်းစာပေးချင်တာလဲ"
ရုံရှား၏ နက်နဲသော မျက်လုံးများသည် အေးချမ်းသော နွေဦးရာသီကဲ့သို ပန်းဟွာ၏ နှလုံးသား အောက်ခြေအထိ စူးနစ်သွားတော့သည်။
"မင်း ကိုယ့်ကို လုပ်ချင်တိုင်း လုပ်လို့ရပါတယ်"
ပန်းဟွာက သူ့ရင်ဘတ်ကို လက်ဖြင့်ပုတ်ကာ "ကျွန်မကို အချိုလာသပ်မနေနဲ့၊ကဲ လက်ဖက်ရည်သာသောက်ပါ"
ထိုအခါ ရုံရှားသည် သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး လက်ထဲက လက်ဖက်ရည်ကို သောက်လိုက်ကာ စိုစွတ်နေသော နှုတ်ခမ်းထောင့်များကို လျှာဖြင့်သပ်လိုက်၏။
"အရမ်းချိုတယ်"
"ချိုတယ် ဟုတ်လား....." ပန်းဟွာ သည် ရုံရှား၏ နှုတ်ခမ်းများကို ကြည့်ပြီး သူမကိုယ်သူမ မထိန်းနိုင်တော့။ သူမ ရှေ့ကို ကိုင်းလာပြီး ရုံရှား၏ နှုတ်ခမ်းကို နမ်းလိုက်တော့သည်။
သူမ၏ နူးညံ့ပျော့ပျောင်းသော လျှာဖျားက နွေးထွေးနူးညံ့သော သူ့နှုတ်ခမ်းများနှင့် ဆုံမိသည်။အရသာက အနည်းငယ်ချိုပြီး နွေးနေကာ အသက်ရှူလည်းမဝသလိုဖြသ်လာ၍ ပန်းဟွာက နောက်ဆုံးတစ်ချက် လျှာဖြင့်သူ့နှုတ်ခမ်းကိုထိပြီး အမြန်ပြန်ထိုင်လိုက်တော့သည်။
"အင်း၊ တကယ်ချိုတယ်နော်"
ရုံရှား သူ့နှုတ်ခမ်းကို ထိလိုက်ရင်း ပြုံးလိုက်သည်။ "ဟွာဟွာ အရမ်းကျေနပ်နေပုံပဲ"
ပန်းဟွာ လက်ထဲက လက်ဖက်ရည်ခွက်နဲ့ ကစားရင်း "ဒါဆို လူကြီးလူကောင်းတွေကရော ဒီလိုပဲလား"
ရုံရှားက သူမလက်ကို ဆုပ်ကိုင်လိုက်၏။
"ကိုယ်က လူကြီးလူကောင်းမဟုတ်ဘူး၊ လူကြီးလူကောင်းဆိုတာ ဘာမှန်း ကိုယ်မသိဘူး၊ဟွာဟွာ သဘောကျနေသမျှအရာအားလုံး ကိုယ်လည်း အဆင်ပြေတယ်"
ပန်းဟွာသည် သူ့လက်ကို ငုံ့ကြည့်ကာ ပြတင်းပေါက်အပြင်ဘက်ရှိ နှင်းပွင့်များကို လှည့်ကြည့်လိုက်သည်။ လွန်ခဲ့သည့်တစ်နှစ်လောက်က ယခုလိုအချိန်မျိုးမှာ သူမ သူနှင့် အတူရှိနေခဲ့မည်မဟုတ်။ထိုခဏဝယ် သူမ အိပ်မက်ထဲမှာ ဖြစ်ပျက်ခဲ့သည်များကို တွေးပြီး "ရုံရှား၊ အခု မင်းဆက်ကို ဘယ်လိုထင်လဲ"
ရုံရှားက သူမကို မော့ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်သည်။
"လူတွေက အသက်မွေးဝမ်းကြောင်းပြုဖို့ လမ်းကိုမရှိဘူး၊ အစိုးရကလည်း ပရမ်းပတာ ဖြစ်နေတယ်၊ ကျန်းမျိုးနွယ်စုက ပျင်းရိပြီး သိပ်မလှုပ်ရှားတော့ဘဲ ဆက်ခံမယ့်သူလည်း မရှိပြန်ဘူး"
သူမ ရုံရှားကို ပြုံးပြုံးကြီးကြည့်ရင်း
"ရှင် ဒီလိုပြောဝံ့သလား၊ ရှင့်ကို ဧကရာဇ်ဆီ တိုင်မှာကို မကြောက်ဘူးလား၊ကျွန်မတို့မိသားစုလည်း မလှုပ်ရှားနိုင်တဲ့ မျိုးနွယ်ဝင်ပါ"
"ပန်းမိသားစုကတော့ မတူဘူး"
"ဘယ်လိုကွာခြားတာလဲ"
"ကိုယ့်မျက်လုံးထဲမှာတော့ တခြားသူတွေနဲ့ မတူပါဘူး"
"ကြည်ရတာ ရှင်လည်း တရားမျှတတဲ့လူမဟုတ်ဘူးလို့ ထင်တာပဲ"
ပန်းဟွာ သည် လက်တစ်ဖက်ဖြင့် မေးစေ့ကို ထောက်ထားပြီး ရုံရှား၏ လက်အား နောက်လက်တစ်ဖက်နှင့် ကိုင်ထားစေသည်။
"ကျွန်မတို့ မိသားစုက တိုးတက်အောင်လုပ်မှာ၊ဘာညာ အဲ့ဒီလို ရှင် ပြောမယ်ထင်ထားတာ"
ရုံရှားက သူမလက်ဖမိုးကို ငုံ့နမ်းလိုက်သည်။
"ကိုယ်က ဘက်လိုက်တတ်တယ်.....မင်းဘက်မှာဘဲ ကိုယ်ရှိမယ်၊ကိုယ့်အမြင်တော့ ပန်းမိသားစုက မလှုပ်ရှားတာမဟုတ်ဘူး၊ ပွင့်လင်းပြီး မတက်ကြွတာမျိုးပါ"
"အဲဒါက မလှုပ်ရှားဘူးလို့ ဆိုလိုတာပဲ မလား"
"အခြားသူတွေရဲ့ လှုပ်ရှားမှုတွေက မုန်းစရာကောင်းတယ်၊ ဒါပေမယ့် ပန်းမိသားစုရဲ့ လှုပ်ရှားမှုက ချစ်စရာကောင်းတယ်...ဟုတ်တယ်မလား"
"ဟုတ်တယ်..." ပန်းဟွာက လေးလေးနက်နက် ခေါင်းညိတ်လိုက်၏။
ရုံရှား နောက်ဆုံးတွင် မထိန်းထားနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ထို့နောက် သူ ထ၍ ပန်းဟွာ၏ နံဘေးသို့ လျှောက်သွားကာ သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ လောကကြီးမှာ ဒီလိုချစ်စရာကောင်းတဲ့ မိန်းကလေးမျိုး ဘယ်လိုလုပ် ရှိနိုင်ရတာလဲ။
"တုကျိုး" ဝမ်ချွီ တံခါးကိုတွန်းဖွင့်ပြီး အခန်းထဲသို့ ၀င်သွားသည်။ ပြတင်းပေါက်နားမှာထိုင်နေသည့် တုကျိုးကိုတွေ့သော် မေးလိုက်၏။
"မင်းဒဏ်ရာက ဘယ်လိုလဲ"
တုကျိုး သူ့ကို လှည့်ကြည့်လိုက်ပြီး စားပွဲဘေးမှာ ထိုင်ခိုင်းသည်။ " အများကြီး ပိုကောင်းလာပါတယ်၊ဒီနေ့ ငါ့အခန်းထဲကို လာဖို့ မင်း အချိန်ရှိလို့လား"
ဝမ်ချွီသည် သူ့လက်ထဲမှ သစ်သီးများတောင်းကို ချလိုက်သည်။
"ငါက မင်းကို တွေ့ဖို့လာတာပါ"
"မင်းပြောစရာရှိရင် ပြောပါကွာ။ ငါတို့ အတူတူ တွဲလုပ်လာတာ နှစ်အတော်ကြာနေပြီ၊ မင်း ငါ့ကို သိပ်ယဉ်ကျေးနေစရာ မလိုဘူး"
“ငါ နားမလည်တာတွေ ရှိတယ် မင်းကို မေးချင်လို့လာတာ” ဝမ်ချွီ သည် ခြင်းတောင်းထဲမှ လိမ္မော်သီးကို ထုတ်ယူကာ အခွံနွှာနေလေသည်။
" ကောကုန်းမှာ သူ့ကိုယ်ပိုင် အစီအစဉ်ရှိတယ်၊အဲဒါကို ငါတို့က လိုက်နာဖို့ပဲလိုတယ်၊ တခြားဘာမှ စိတ်ပူစရာ မလိုပါဘူး၊ မင်းငါ့ကို မေးရင်လည်း ငါ့မှာ အဖြေမရှိဘူး" ဝမ်ချွီက အရင်စားနေသဖြင့် တုကျိုးလည်း ခြင်းတောင်းကို ဆွဲယူလိုက်၏။
"ကောကုန်း လုပ်ကြံခံရတုန်းက ပန်းဟွာကျွင်းကျူး ပေါ်လာတာက တိုက်ဆိုင်လွန်းတယ်လို့ မင်းမထင်ဘူးလား၊သူမက ကောကုန်းကို ကယ်လိုက်တာပဲ၊ ဒါပေမယ့် ဒီအဖြစ်အပျက်က သူ့မနဲ့ ဆက်စပ်နေတယ်ဆိုတာကို ဘယ်သူက အာမခံနိုင်မှာလဲ၊သူမဟာ ကောကုန်းဆီက မျက်နှာသာရဖို့အတွက် ဒီအဖြစ်အပျက်ကို အသုံးချချင်တာလား"
တုကျိုးက ဖြေရှင်းသည်။
"ဒါပေမယ့် သူမက ကောကုန်းရဲ့ ဘာကို သဘောကျတာများလဲ၊ အာဏာ၊ရာထူး၊ ရုပ်ရည်လား"
ဝမ်ချွီ တစ်ခဏမျှပင် ရင်တွေဝေ့သွားပြီး အခွံနွှာထားသော လိမ္မော်သီးကို ကိုင်ကာ "ဒါက...ရုပ်ရည်များလားလို့လေ"
"ဒါဆို သူမက ကောကုန်း ဆီက မျက်နှာသာပေးခံရဖို့အတွက် လုပ်ကြံသတ်ဖြတ်သူတစ်စုကို ငှားဖို့ အရမ်းကြိုးစားခဲ့ရတယ်၊ ပြီးတော့ လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေနဲ့ သူမလက်ကို စွန်းထင်းခံခဲ့တယ် ဒီလိုလား...." တုကျိုး က လိမ္မော်သီးကို အခွံနွှာပြီး သူ့ပါးစပ်ထဲကိုပစ်ထည့်လိုက်သည်။ "ဝမ်ချွီ ၊ မင်းတို့ ပညာတော်သင်တွေက ဉာဏ်ကောင်းကြတယ်၊ ဒါပေမယ့် အမှားအယွင်းတွေ အများဆုံး လုပ်တယ်၊ အဲဒါ မင်းရဲ့ ဉာဏ်ပညာနြဲဆို သိပ်မတန်တော့ဘူး"
ဝမ်ချွီ အနည်းငယ်ရှက်သွားပြီး "ငါက ဒီတိုင်း မှန်းဆနေတာပါ"
တုကျိုးက လိမ္မော်သီးကို စားပွဲပေါ် ပြန်တင်လိုက်ပြီး သူ့အဝတ်ပေါ် လက်ကို သုတ်လိုက်၏။
"မင်းက ခန့်မှန်းနေတာမဟုတ်ဘူး၊မင်း ပန်းဟွာကျွင်းကျူး နဲ့ ပြဿနာ ရှိတယ်နဲ့တူတယ်၊ ငါ့အမြင်တော့ ပန်းဟွာကျွင်းကျူးက တော်တော်ကောင်းတယ်၊ သူမက သွက်လက်ပြီး လှတယ် ပြီးတော့ သူမဟာ အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းစာအုပ်တွေ အများကြီးကို ကောကုန်းကိုတောင် ပေးခဲ့သေးတာ"
"ပန်းမိသားစုရဲ့နောက်ကွယ်က စစ်တပ်အာဏာကြောင့် ကောကုန်းက မင်းသမီးကို လက်ထပ်ခဲ့တာလို့ ငါ အမြဲတွေးခဲ့တယ်"
"မင်း အရမ်းတွေးလွန်းနေတာပဲ၊ ဝမ်ချွီ၊ မင်းကိုသတိမပေးလို့ ငါ့ကို အပြစ်မတင်နဲ့၊ မင်းမစိုးရိမ်သင့်တဲ့အရာတွေရှိတယ်၊ အချိန်တန်ရင်၊ မင်းကိုဘယ်သူမှကာကွယ်နိုင်မှာမဟုတ်ဘူး"
ဝမ်ချွီ : "ကျွန်တော်လည်း ကောကုန်း အတွက် တွေးမိတာပ်..."
သူ မော့ကြည့်လိုက်လျှင် တုကျိုး၏မျက်လုံးထဲတွင် လှောင်ပြောင်မှု အနည်းငယ်ကို မြင်လိုက်ရသောကြောင့် တခြားဘာမှ မပြောရဲတော့။
xxxx