Chapter 131
ဝမ်ချွီသည် တုကျိုး နှင့် ကွဲပြားသည်။ တုကျိုးသည် ရုံရှား၏ သက်တော်စောင့်တစ်ဦးသာမက၊ ဗျူဟာမှူးဖြစ်သည်။ထို့အပြင်၊ သူသည် ပို၍အရေးကြီးသောဗျူဟာမှူးများထဲမှ တစ်ဦးဖြစ်သည်။
ဝမ်ချွီသည် ပန်းဟွာကို မကြိုက်ပေ။ကျွင်းကျူးသည် လှပလွန်း၊သိမ်မွေ့လွန်းပြီး ကိုယ့်ကိုယ်ကို ဦးစားပေးလွန်းသည်။ထိုသို့သောမိန်းမသည် အိမ် တော်၏ သခင်မကောင်း မဖြစ်နိုင်။ ကောကုန်း၏ လက်အောက်ငယ်သားများနှင့် လိုက်လျောညီထွေဖြစ်အောင် သူမ မနေထိုင်တတ်ပေ။သူမသည် အသိဥာဏ်နှင့် ဆင်ခြင်နိုင်စွမ်းကင်းမဲ့သူပင်။ကောကုန်းကိုသာ အလုပ်ဖိခိုင်းပြီး သူမက အိမ်မှာထိုင်နေ၍ စားလိုက်၊သောက်လိုက် ပျော်ပါးလိုက်၊စသည်တို့သာ လုပ်နေပေမည်။
တုကျိုးက ပြောသည်။
"မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းတယ်၊တကယ်လို့ ပန်းဟွာကျွင်းကျူးသာ မလာရင် ကောကုန်းနဲ့ ငါ သေတာကြာနေပြီ၊ ဒီစကားတွေကို မင်း ငါ့ကို ပြောခွင့်ရှိမှာ မဟုတ်ဘူး၊မင်းဒီနေ့ ဒီစကားတွေပြောဖို့သာ လာခဲ့တာဆိုရင် ကျေးဇူးပြုပြီး ထွက်သွားလိုက်ပါ"
"တုကျိုး၊ မင်းကို သူမက လှည့်စားနိုင်ခဲ့ပြီပဲ"
တုကျိုးသည် လိမ္မော်သီးတစ်လုံးကို ပြန်တွန်းလိုက်သည်။
"ကျေးဇူးရှင်ဆိုတော့ ငါ ကာကွယ်ပြောပေးမှာဘဲ၊ မင်းရဲ့ပစ္စည်းတွေကို ပြန်ယူသွားပါ၊သွားတွေအေးတယ်... ငါ မစားချင်တော့ဘူး"
ဝမ်ချွီ သူ့ကို ထပ်ပြီး ဆွဲဆောင်ချင်သော်လည်း တုကျိုး၏ မလိုလားဟန် အမူအရာကို မြင်လိုက်သည်နှင့် ဘာမှ ထပ်ပြောဖို့ အသုံးမဝင်တော့ဘူးဆိုသည်ကို သိလိုက်၏။ သူ မတ်တပ်ထရပ်ပြီး တုကျိုးအား ဦးညွတ်သည်။
"သွားတော့မယ်"
"သတိထားပြန်ပါ၊ငါ မင်းကို လိုက်မပို့တော့ဘူး"
ခြံဝင်းထဲက ထွက်လာသော် ဝမ်ချွီ မီးခိုးရောင် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ ထူထဲသော ဝတ်ရုံရှည်ကို တင်းနေအောင်ခြုံ၍ သူ၏ အဆောင်ဆီသို့ ပြန်လှည့်သွားသည်။သူတို့သည် အတွင်းဝင်းအပြင်ဘက်တွင် နေထိုင်ကြပြီး အိမ်တော်၏ တံခါးသုံးပေါက်ထဲကို လွယ်လွယ်နှင့် မဝင်နိုင်ကြချေ။
အိမ်ခြံဝင်းကို ဖြတ်သွားသောအခါ ပန်းခြံထဲမှ အမျိုးသမီးတစ်ဦး၏ ရယ်မောသံကို ကြားလိုက်ရသည်။သူ ရပ်ပြီး စောင့်ကြည့်လိုက်သည်။
နှင်းပွင့်များသည် လေထဲတွင် လွင့်ပျံလျက်ရှိသည်။ သူတို့၏ သခင် တည်ငြိမ်သော ကောကုန်းသည် မယုံနိုင်စရာကောင်းစွာပင် ကလေးများကစားလေ့ရှိသော နှင်းလူသားအရုပ်ကို ဆော့ကစားနေ၏။သူ့မျက်နှာပေါ်တွင်လည်း တည်ငြိမ်သော အပြုံးတစ်ခုပင် ရှိနေသည်။ကြည့်ရသည်မှာ ကစားနည်းက ပျော်စရာကောင်းနေသလိုပင်။ ရှေးဟောင်းစာအုပ်များဖတ်ခြင်းထက် ပိုပျော်စရာကောင်းပုံရ၏။
ဝမ်ချွီ ဤမြင်ကွင်းကို ချောင်းမကြည့်နိုင်ဘဲ မနေနိုင်တော့ပေ။
"နှင်းလူသားရဲ့ခေါင်းကို အစိမ်းရောင်အရွက်တွေနဲ့ ဖုံးအုပ်လို့ မရဘူးလေ၊အရောင်ကမလှဘူး" ရုံရှားသည် နှင်းလူသား၏ ဦးခေါင်းကို ဖုံးထားရန် ပန်းဟွာ အသုံးပြုသော ထင်းရူးကိုင်းကို ဖြုတ်ချလိုက်သည်။
"ဘာလို့မဖြစ်ရမှာလဲ" ပန်းဟွာသည် နှင်းလူသား၏မျက်နှာကို ဝိုင်းစက်စေရန် လက်ဖြင့်တဖတ်ဖတ်ပုတ်လိုက်သည်။
"အစိမ်းနဲ့ အဖြူရောင်က လိုက်တယ်လေ"
"ဘယ်အရောင်မဆို အဆင်ပြေပေမယ့် အစိမ်းတော့ မဟုတ်ဘူး"
ရုံရှားသည် ပန်းဟွာ၏လက်က နီရဲနေသည်ကိုတွေ့လိုက်ရသောကြောင့် သူမလက်ကို ကိုင်ကာ အကြိမ်အနည်းငယ် ပါးစပ်ဖြင့်မှုတ်လိုက်သည်။ ပူနွေးသော အာငွေ့က အလုပ်မဖြစ်သည်ကို မြင်လိုက်ရသဖြင့် သူမလက်ကို သူ့ရင်ခွင်ထဲသို့ သွင်းလိုက်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အနွေးအိတ်ယူလာပေးနေသော အစေခံသည်၊ထိုအိတ်အား တိတ်တဆိတ် ဝှက်ထားပြီး အခြားအစေခံကို ယူသွားစေလိုက်၏။ ယခုအချိန်တွင် အနွေးအိတ်ယူသွားပေးပါက၊ကောကုန်းက လိမ္မာပါးနပ်သည်ဟု ယူဆမည်မဟုတ်ကြောင်း သူမ ခံစားမိရသည်။
"နှင်းတွေ ပိုသည်းလာပြီ၊အထဲဝင်ရအောင်"
ရုံရှားသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ပန်းဟွာ၏ ခေါင်းပေါ်ရှိ နှင်းများကို ညင်သာစွာ ပွတ်တိုက်လိုက်သည်။ သူ၏ လှုပ်ရှားမှုများသည် အလွန်ဂရုတစိုက်ရှိပြီး အလွန်နူးညံ့ပေသည်။ ပန်းဟွာက မြေပြင်ပေါ်ရှိ နှင်းလူသားကို ကြည့်ပြီး ခေါင်းညိတ်သည်။
"အင်း၊ ဟုတ်တယ်၊ အစိမ်းက တကယ်ကို မလိုက်ဖက်ဘူးပဲ"
ရုံရှား ဟက်ကနဲရယ်ပြီး သူမ၏ပခုံးကို ကိုင်ထားလိုက်ကာ စင်္ကြံလမ်းအတိုင်း လမ်းတွဲလျှောက်လာခဲ့သည်။
ပန်းဟွာ ပြုံးပြီး ခေါင်းကို လှည့်လိုက်ရာ ဒုတိယတံခါးအပြင်ဘက်မှာ ရပ်နေသည့် ဝမ်ချွီကို တွေ့လိုက်ရသည်။ ထိုလူသည် အောက်က တူညီ၀တ်စုံနှင့် အပေါ်ထပ်အင်္ကျီအထူကို ၀တ်ထားသည်။ သူ့ပုံပန်းသဏ္ဍာန်က ထူးထူးခြားခြားမဟုတ်သော်လည်း၊ သူ့မျက်လုံးများကိုကြည့်ပြီး သူမ ညကတွေ့ခဲ့သော ကြောင်တစ်ကောင်ကို သတိရသွား၏။
"ဘာဖြစ်လို့လဲ"
ရုံရှား ရုတ်တရက်ရပ်ပြီး သူမကို စိုးရိမ်တကြီး ငုံ့ကြည့်လိုက်သည်။
"သူက ရှင့်ရဲ့ ကိုယ်ရံတော်လား၊ သူ့မျိုးရိုးနာမည်က ဝမ် ထင်တယ်"
ပန်းဟွာသည် ရုံရှား၏ရင်ခွင်ထဲမှ လက်ကို မဆွဲထုတ်ဘဲ ဒုတိယတံခါးဆီသို့သာ မေးဆတ်ပြလိုက်၏။
ရုံရှား အကြည့်သည် ဝမ်ချွီ ၏ ဆံပင်နှင့် ပုခုံးနှစ်ဖက်ပေါ်သို့ ကျရောက်သွားသည်။သူ့မျက်နှာပေါ်က အပြုံးက မပြောင်းလဲသွားပေ။
"ဝမ်ချွီ..."
"ကောကုန်း၊ကျွင်းကျူး "
ရုံရှားက သူ့အား သတိထားမိသည်ကို ဝမ်ချွီ မြင်လိုက်၍ သူထွက်လာပြီး ရုံရှားတို့ နှစ်ယောက်ကို ဦးညွှတ်လိုက်သည်။
" မင်းဘာလို့ ဒီကိုရောက်နေတာလဲ"
ရုံရှားသည် ဝတ်ရုံကို ချွတ်လိုက်ပြီး ပန်းဟွာကို ခြုံလွှမ်းထားလိုက်၏။
ဝမ်ချွီသည် ဂရုစိုက်လွန်းသော ရုံရှားအား မျက်မှောင်တစ်ချက်ကြုတ်ပြီး နှင်းတောထဲကိုသာ အကြည့်ပို့ထားလိုက်၏။
ဝမ်ချွီက ယဉ်ကျေးပြီး နှိမ့်ချလိုဟန် အသုံးအနှုန်းမျိုးသုံးသော်လည်း သူမကို သဘောတွေ့ပုံမရမှန်း ပန်းဟွာ သိလိုက်သည်။သူမကို ကြည့်မရသူက များပြားလွန်း၍ လူကဲခတ်တတ်နေပေပြီ။ လူတစ်ယောက်က သူမကို အမြင်မကြည်သည့်အခါ၊ ထိုသူ ဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ သိမ်မွေ့သည့် ခံစားချက်များကို သူမ ခံစားနိုင်ဆဲပင်။
ထူးဆန်းတယ်...ဒီမစ္စတာဝမ်နဲ့ သူမကြားဆက်ဆံရေးက တစ်ယောက်နဲ့တစ်ယောက် မြင်ဖူးရုံသာရှိတာ၊စကားတောင် သိပ်မပြောဖြစ်ပါဘူး...ဒီလူက ဘာလို့ သူမကို မကြိုက်တာလဲ။ သူမရဲ့ အလှကို မနာလိုတာများလား...
ပန်းဟွာ၏ လက်ညိုးသည် ရုံရှား ၏ လည်ပင်တစ်ဝိုက်ကို အမှတ်မထင်ရောက်သွားသည်။ထိုအခါ တိုက်ဆိုင်စွာပင် သူ၏ ဝတ်ရုံကြိုးပြေကျကာ နှင်းများပေါ်သို့ ကျသွားသည်။
"အယ်” သူမ ရုံရှား ကို အပြစ်ကင်းစွာ ကြည့်လိုက်၏။
" လူဆိုးမလေး"
ရုံရှားက သူမ၏ နှာသီးဖျားကို ဖျစ်ညှစ်လိုက်သည်။ဘေးမှာရပ်နေသည့် အစေခံမလေးက ဝတ်ရုံကို ကောက်ကိုင်လိုက်ပြီး ရုံရှားကို ပေးလိုက်သည်။ ထို့နောက် နောက်သို့ အမြန်ပြန်ဆုတ်သွားသည်။
ရုံရှားသည် ဝတ်ရုံမှ နှင်းများကို အကြိမ်ကြိမ် လှုပ်ခါလိုက်ပြီး ပြန်မဝတ်သေး။ ထို့နောက် ပန်းဟွာကို စင်္ကြံဆီသို့ ဆွဲခေါ်သွားကာ နှင်းထဲတွင် ရပ်နေသော ဝမ်ချွီအား ပြောလိုက်၏။
"မင်းလည်း လာပါ"
ဝမ်ချွီလည်း စင်္ကြံဆီသို့ လျှောက်သွားသည်။
"ကျေးဇူးတင်ပါတယ် ကောကုန်း၊ ကျွန်တော် ဒုတိယတံခါးကို ဖြတ်သွားတုန်း ခြံဝင်းထဲမှာ လှုပ်ရှားသံတချို့ကြားလို့ ကြည့်ဖို့ လာခဲ့တာပါ"
ရုံရှား ပြုံးလိုက်ရင်း အစေခံပြင်ဆင်ထားသော တခြားဝတ်ရုံကိုယူကာ ပန်းဟွာ၏ကိုယ်ကို ခြုံပေးလိုက်၏။
"မင်းမှာ ပြောစရာရှိမယ်ထင်တယ်"
"ဘာမှမရှိပါဘူး"
ကောကုန်း၏မျက်နှာပေါ်ရှိ အပြုံးကိုမြင်လျှင် ဝမ်ချွီ ဘာကြောင့်မှန်းမသိ၊အကြည့်ချင်းမဆုံရဲအောင်ဖြစ်သွားရသည်။
"ဘာမှ မဟုတ်ဘူးဆိုလည်း မင်း ပြန်ပြီး အနားယူသင့်တယ်၊ နှင်းတွေနဲ့လေတွေကလည်း ခုတလော သိပ်ပြင်းထန်လာတယ်၊ မင်းခန္ဓာကိုယ်ကို မထိခိုက်စေနဲ့"
ရုံရှား၏ လေသံသည် နူးညံ့နေကာ ဧည့်သည်၏ ကျန်းမာရေးကို ဂရုတစိုက် အကြင်နာတတ်ဆုံး အိမ်ကြီးရှင်သခင်နှင့်ပင် တူနေတော့သည်။
"ဟုတ်ကဲ့" ဝမ်ချွီ ဦးညွှတ်ပြီး လှည့်ထွက်သွားသည်။
"ခဏနေပါဦး" ပန်းဟွာက ဝမ်ချွီကို ရုတ်တရက် အော်ခေါ်လိုက်၏။
"ရှင့်နာမည်ဘယ်လိုခေါ်သလဲ၊ ကျွန်မက မှတ်ဥာဏ် သိပ်မကောင်းဘူး၊ရှင့်နာမည်ကို တစ်ခါ ကြားဖူးပေမယ့် အခု မမှတ်မိတော့ဘူး"
"ကျွန်တော့်နာမည် ဝမ်ချွီလို့ခေါ်ပါတယ်၊ကျွင်းကျူး"
ပန်းဟွာက ပြုံးပြီး "ချွီ.....ကောင်းတဲ့နာမည်ပဲ၊ တကယ့်လူဆိုတာ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို အောင်မြင်ဖို့အတွက် ဖြောင့်မတ်တဲ့ဖြောင့်မတ်ရသလို၊ ကောက်ကွေ့ဖို့ လိုရင်လည်း ကောက်ကွေ့ရတယ်လေ"
ဝမ်ချွီက ဦးညွှတ်လိုက်ရင်း
"ကျွင်းကျူးရဲ့ ချီးကျူးမှုကို ကျေးဇူးအများကြီးတင်ပါတယ်၊ကျွန်တော့်အဖေက ဒီနာမည်ကို ပေးတုန်းကလည်း ကျွန်တော့်ကို အမှန်အမှား ခွဲခြားတတ်စေချင်ပါတယ်တဲ့၊ ဒါကြောင့် ဒီနာမည်ကို ရွေးခဲ့တာပါ"
"ရှင့်အဖေက ပညာတတ်တစ်ယောက်ပါ၊ပညာတတ်တစ်ယောက်ဟာ လေးစားဖို့ထိုက်တန်ပါတယ်"
ဝမ်ချွီသည် ပန်းဟွာ စကား၏အဓိပ္ပါယ်ကို နားမလည်ချေ။သူ ခေါင်းကိုမော့ပြီး သူမကို ကြည့်သည်။ သူမမျက်နှာထက်တွင် အပြုံးတစ်ခုရှိသည်။ ထိုအပြုံးက ကမ္ဘာကြီး၏အခက်အခဲများကို မသိနားမလည်သော သိမ်မွေ့သောမိန်းကလေးတစ်ယောက်နှင့်တူသည်။သူ အကြည့်ကို ဖယ်လိုက်ပြီး ဦးညွှတ်လိုက်သည်။
"ကျွန်တော် သွားပါတော့မယ်"
"ဂရုစိုက်ပါ" ပန်းဟွာကလည်း ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်သည်။
ဒုတိယတံခါးကိုရောက်သောအခါ ဝမ်ချွီသည် နောက်သို့လှည့်ကြည့်လိုက်သည်။ ကောကုန်းက ခေါင်းငုံ့ပြီး ပန်းဟွာကျွင်းကျူးကို တစ်ခုခုပြောနေသည်ကို တွေ့ရ၏။ ပန်းဟွာကျွင်းကျူး ၏ မျက်နှာပေါ်တွင်လည်း အလွန် တောက်ပသော အပြုံးတစ်ခု ရှိသည်။ထိုစဉ် ကောကုန်းက သူ့ကိုမော့ကြည့်လာ၍ သူနှင့် အကြည့်ချင်းဆုံးသွားခဲ့သည်။သူ ကြာကြာမကြည့်ဝံ့ဘဲ ကမန်းကတန်း ပြန်ဆုတ်သွားသည်။
"ဟွာဟွာ၊ မင်း ဝမ်ချွီကို သဘောမကျဘူးလား"
"သူက ရှင့်ရဲ့ ကိုယ်ရံတော်ပဲ၊ သူ့ကို သဘောကျလား၊ မကျဘူးဘူးလား ဆိုတာ ကျွန်မနဲ့မဆိုင်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ကျွန်မက အိမ်တော်ရဲ့ အနာဂတ်သခင်မပဲ၊ ဒီအိမ်တော်က လူတစ်ယောက်ယောက်က ကျွန်မကို စိတ်မချမ်းသာအောင် လုပ်တယ်ဆိုရင် ကျွန်မမှာ အဲ့ဒီလူကို ကြိုက်သလို စီရင်ပိုင်ခွင့်ရှိတယ်"
ရုံရှား နှစ်ခြိုက်စွာ ပြုံးလိုက်သည်။
"ဟွာဟွာ ပြောတာ မှန်တယ်၊ မင်း သဘောမကျတဲ့သူကို မင်း ကြိုက်သလို လုပ်နိုင်ပါတယ်"
ပန်းဟွာက မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
"ရှင် အပါအဝင်လား"
ရုံရှားက အသနားခံသလို မျက်လုံးကိုဝိုင်းဝိုင်းကလေးလုပ်ရင်း
"ကိုယ့်ကိုပါ ထည့်ချင်လို့လား"
"ဘယ်သက်ရှိမဆို အပြင်ပန်းက ဘယ်လောက်ပဲ လှနေပါစေ၊ အရိုးစုပါပဲ၊ရှင် ကျွန်မကို စိတ်မချမ်းသာအောင် လုပ်ရင် ရှင်လည်း...."
ရုံရှားက သူမကို လေးလေးနက်နက် ဦးညွှတ်လိုက်ရင်း
"ကျွန်တော်မျိုး ဟောဒီက ကျွင်းကျူးကို စိတ်မချမ်းသာအောင်မလုပ်ပါဘူးလို့ အာမခံပါတယ်၊ ကျွင်းကျူး ကျေးဇူးပြုပြီး ချမ်းသာပေးပါ"
"ဒါကတော့ ရှင့်ရဲ့ စွမ်းဆောင်ရည်ပေါ်မှာ မူတည်တယ်လေ"
အစေခံမိန်းကလေးများသည် ကြည်စယ်နေသော သူတို့ကို မြင်သောအခါ တခစ်ခစ်အသံထွက်၍ပင် ရယ်မိကြ၏။သို့ရာတွင် ရုံရှားက ဒေါသမထွက်ဘဲ ပန်းဟွာ၏လက်ကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
ပန်းဟွာသည် ပန်းမိသားစုဆီသို့ ပြန်ရောက်သောအခါ အချိန်အတော် နောက်ကျနေပြီဖြစ်သည်။ ထို့အပြင် မင်းသမီး အန်လဲ့ထံမှ ဖိတ်ကြားချက်ကို လက်ခံရရှိခဲ့သည်။ မင်းသမီးအန်လဲ့က သူမ၏ နန်းဆောင်သို့ဖိတ်ကြားခြင်းပင်။ နန်းတော်ရှိ မင်းသမီးများထဲတွင် မင်းသမီး အန်လဲ့ နှင့်သာ သူမ အကောင်းဆုံး ဆက်ဆံရေးရှိသည်။သို့သော် တော်ဝင်မင်းသမီး ကွယ်လွန်ချိန်မှစ၍ သူမသည် ဝတ်ပြုဆုတောင်းနေရ၍ မင်းသမီးအန်လဲ့၏ အိမ်တော်ထံ သွားရောက်ခဲသည်။သို့သော်လည်း အဆက်အသွယ်ပြတ်တောက်ခြင်း မရှိခဲ့ပေ။ယခု မင်းသမီးက သူမကို ဖိတ်ခေါ်ထားတာကြောင့် သူမ သွားရမှာ သေချာသည်။
ဧကရာဇ်၏ တစ်ဦးတည်းသောသမီးတော်ဖြစ်သည့် မင်းသမီးအန်လဲ့သည် မွေးစကတည်းက အလိုလိုက်အရေးပေးခြင်းခံရသည်။အခြားကိုယ်လုပ်တော်မှ ဖွားမြင်သော မင်းသမီးလေးများသည် သူမရှေ့မှာ ခေါင်းမော့ဖို့တောင် သတ္တိမရှိကြချေ။
မနက်အစောကြီးမှာ မင်းသမီးအန်လဲ့ မငြိမ်မသက်ဖြစ်နေရသည်။ဘေးနားရှိ အထိန်းတော်ကလည်း သူမကို နှစ်သိမ့်ပေး၏။
"မင်းသမီးမှာ ပန်းဟွာကျွင်းကျူးနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာပဲ၊ပြောချင်တာရှိရင် ပြောသာပြော၊ပန်းဟွာကျွင်းကျူးရဲ့ ပင်ကိုယ်စရိုက်အရဆို သူမ ဘာမှ ဖုံးကွယ်ထားမှာ မဟုတ်ဘူး"
မင်းသမီး အန်လဲ့ သက်ပြင်းချသည်။
"ဘယ်လိုပြောရပါ့မလဲ"
" မင်းသမီးလေး ဘာတွေ စိတ်ပူနေလဲဆိုတာ ကျွန်မ သိပါတယ်၊ပန်းဟွာကျွင်းကျူးက စိတ်ထားကျဉ်းမြောင်းတဲ့သူ မဟုတ်ပါဘူး၊သူမ လာတဲ့အခါ အရင်ဆုံး စောင့်ကြည့်ပြီးမှ ကျန်တာကြည့်လုပ်လို့ရပါတယ်"
"ကောင်းတာဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်"
မင်းသမီးအန်လဲ့ ခါးသီးစွာ ပြုံးလိုက်သည်။ မကြာခင် ပန်းဟွာ ရောက်လာသည်ဟု ကြားသောအခါ၊သူမ အပြင်အ၀တ်ကို ပေါ့ပေါ့ပါးပါး ၀တ်ပြီး ကြိုဆိုရန် မတ်တပ်ရပ်လိုက်သည်။
"ကျဲကျဲ"
ပန်းဟွာသည် အထဲသို့ လျှောက်သွားရာ တံခါးဝတွင် ရပ်နေသော မင်းသမီး အန်လဲ့ကို တွေ့လိုက်ရသည်။ သူမ ရှေ့ကို အမြန်လျှောက်လာပြီး
"ဒီနေ့ အရမ်းအေးနေတာကို၊ ဘာလို့ တံခါးမှာ ရပ်နေတာလဲ"
"ညီမ ရောက်လာတာကိုကြားတော့ တွေ့ဖို့စိတ်စောနေတာလေ"
မင်းသမီး အန်လဲ့က ပန်းဟွာ၏ ဝတ်ရုံကို ကူချွတ်ပြီး အစေခံလက်ထဲသို့ ထည့်လိုက်သည်။ထို့နောက် ကူရှင်ထူထူနှင့် အုပ်ထားသည့် သစ်သားကုလားထိုင်ပေါ်မှာ ပန်းဟွာကို ထိုင်စေလိုက်သည်။
"ညီမ နေမကောင်းတာက တော်တော်ဆိုးသွားတယ်ထင်တယ်၊ ပိန်သွားလိုက်တာ"
"ညီမလား" ပန်းဟွာ သူမမျက်နှာကို ကိုင်ကြည့်လိုက်သည်။
"အသားအရည်လည်း ထိခိုက်သွားတာလား"
"စိတ်မပူပါနဲ့၊ညီမက လှနေပါသေးတယ်"
မင်းသမီး အန်လဲ့သည် ပန်းဟွာက ရုပ်ရည်ကို အလွန်တန်ဖိုးထားကြောင်း သိသည်။ သူမက ပြုံးပြီးပြောလိုက်၏။
"လွန်ခဲ့တဲ့ရက်ပိုင်းက အိမ်တော်ထဲကို ဗျပ်စောင်းတီးသူအသစ်တစ်ယောက်ဝင်လာတယ်၊သူ့ရဲ့ အရည်အချင်းက မဆိုးပါဘူး၊ ညီမ အတွက် တီးပြခိုင်းလိုက်ရမလား"
"ကောင်းပြီလေ" ပန်းဟွာကလည်း သဘောတူသည်။
မကြာမီတွင် အပြာရောင် ဝတ်စုံဝတ်ကာ ဗျပ်စောင်းကို ကိုင်ဆောင်ထားသော ချောမောသည့် အမျိုးသားတစ်ဦး ဝင်လာသည်။သူ ခေါင်းကို စောင်းကာ မင်းသမီးအန်လဲ့ကို ပြုံးပြသည်။
"သူက ရုပ်ရည်ကြည့်ရတာတော့ မဆိုးပါဘူး"
ဖြူဖွေးသော အသားအရည်၊ ရှည်သွယ်သောလက်တံများ၊ နှုတ်ခမ်းနီနီနှင့် ချောမောသော မျက်နှာ တို့ကိုကြည့်ခြင်းအားဖြင့် ရှားရှားပါးပါး အလှတရားဟု ယူဆနိုင်သည်။
"ဒါပေမယ့် သူက ရုံရှား နဲ့ ဘယ်လိုယှဉ်နိုင်မှာလဲ"
"ဟုတ်တယ် ယှဉ်လို့မရပါဘူး၊ရုံရှားက ညီမနှလုံးသားထဲက လရောင်အောက်က မြစ်တစ်စင်းလိုပဲ အေးချမ်းနေတာ၊ သူ ရှိနေရင် ကမ္ဘာပေါ်က ယောက်ျားတွေအားလုံးက အလယ်အလတ်အဆင့်ပဲ"
မင်းသမီး အန်းလဲ့ ပြုံးလိုက်သည်။
"ညီမ ပြောတာကြားရတာ ရုံရှားကို ညီမ တကယ်သဘောကျနေတာပဲ၊ ကမ္ဘာပေါ်က လူတိုင်းကို ညီမက သာမာန်ပဲသဘောထားမယ်လို့ ကျဲကျဲထင်ခဲ့တာ"
ပန်းဟွာ သစ်သီးတစ်လုံးနှင့် ကစားနေကာ မင်းသမီး၏စကားကို ပြန်မဖြေပေ။ သူမ၏ အမြင်အရ၊ ရုံရှား နှင့် အသုံးတော်ခံ အဖျော်ဖြေခံ ယောက်ျားများအား ခိုင်းနှိုင်းခြင်းသည် ရုံရှား ကို စော်ကားခြင်းပင်ဖြစ်သည်။ ရုံရှားကို သူမ ဘယ်လောက်ချစ်ပြီး တန်ဖိုးထားမှန်း သူမသာ သိသည်။ထို့ကြောင့် ရုံရှားကို တခြားလူများက စော်ကားလာသည်ကို သဘောမတွေ့လှပေ။
သူမနှင့် မင်းသမီး အန်လဲ့သည် နှစ်ပေါင်းများစွာ သူငယ်ချင်းဖြစ်ခဲ့သည်။ မင်းသမီး အန်လဲ့သည် သူမ၏အစ်မအရင်းမဟုတ်သော်လည်း သူမတို့နှစ်ဦးသည် ညီအစ်မရင်းလို ချစ်ခင်ကြသည်။ ယောက်ျားတစ်ယောက်ကြောင့် သူမ ပဋိပက္ခမဖြစ်ချင်သော်လည်း၊ သူမ၏ ကိုယ်ပိုင်ယောက်ျားကို စံနမူနာအဖြစ် မခိုင်းနှိုင်းစေချင်ပေ။
xxxxxxx