အခန်း၁၃၂
Viewers 8k

Chapter 132



ဖျော်ဖြေရေးသမားသည် စတင် တီးခတ်နေပြီဖြစ်သည်။ သူ့ပုံစံက ပြေပြစ်ပြီး မျက်လုံးမျက်ဖန် ကောင်းသည်။  ပန်းဟွာ လက်ဖက်ရည်ခွက်ကို ကိုင်ကာ ဘာမှမထူးခြားသော အမူအရာဖြင့် နားထောင်လျက်ရှိသည်။ သေချာသည်မှာ၊ ဤလူက သူမကို မဆွဲဆောင်နိုင်ဘူးဆိုတာပင်။


 မင်းသမီး အန်လဲ့သည် သူမ၏အမူအရာကိုကြည့်ကာ သက်ပြင်းချလိုက်ပြီး 


"ဒီသီချင်းက ညီမကို မဆွဲဆောင်နိုင်ဘူး ထင်တယ်၊ ရုံရှား ရဲ့ ဗျပ်စောင်းစွမ်းရည်က ထူးခြားတယ်လို့ ကောလာဟလတွေ ထွက်နေတာ၊ ကြည့်ရတာ ညီမက သူ တီးခတ်တာကို ကြားဖူးထားတော့ တခြားလူတွေ တီးခတ်တာကို မကြိုက်တာ မထူးဆန်းပါဘူး"


ပန်းဟွာ ခေါင်းခါလိုက်ကာ


 "မဟုတ်ပါဘူး၊သူက ညီမအတွက် သီချင်းတစ်ပုဒ် တစ်ခါမှ မတီးပြဖူးဘူး"


  မင်းသမီး အန်လဲ့သည် ပန်းဟွာကို တအံ့တသြကြည့်ကာ 


"ဘာလို့လဲ၊ သူက တကယ်ပဲ ညီမအတွက် တစ်ခါမှ မတီးပြဖူးဘူးလား"


ပန်းဟွာ ပြုံးလိုက်သည်။  ရုံရှား သည် အလွန်ထက်မြက်သူဖြစ်သည်။သူမအတွက် သီချင်းတစ်ပုဒ်တီးပြခြင်းထက်၊ သူမကြိုက်သော အစား‌အသောက်များ လိုက်ကျွေးခြင်းက ပိုကောင်းမှန်း သိသူပင်။ထို့ကြောင့် သူသည် သူမကို မကြိုက်သော အရာကို ဘယ်တော့မှ လုပ်မည်မဟုတ်ပေ။


 "ဧကရာဇ်ခမည်းတော်က ညီမနဲ့ ရုံရှားကို နန်းတော်ဆောက်ပေးပြီးကတည်းက အပြင်မှာ ကောလဟာလတွေ သိပ်ပျံ့လာတယ်၊ မျိုးနွယ်စုထဲက လူတွေတောင် ဒီအကြောင်းကို မေးနေကြတာ…"


 "မင်းသမီး၊ နန်းတော်အပြင်ဘက်မှာ ပျံ့နေတဲ့ ရုံရှားက တရားမ၀င်ကလေးဆိုတဲ့အကြောင်း ပြောနေတာမဟုတ်လား"  


နောက်ဆုံးတော့ မင်းသမီးအန်လဲ့က သူမကို ဧည့်သည်အဖြစ် ဘာကြောင့် ဖိတ်ကြားခဲ့သလဲဆိုသည်ကို ပန်းဟွာ နားလည်သွားရလေပြီ။


"ဒီနေ့ မင်းသမီးက ဘာလို့ ညီမကိုဖိတ်တာလဲလို့ သိချင်နေတာ၊ အဲဒါကြောင့်မို့လို့ကိုး....."


 မင်းသမီးက အနည်းငယ် ရှက်ရွံ့သွားသလို ပြုံးပြီး


 "ဒါ ကျဲကျဲရဲ့ အမှားပါ၊ ညီမကို တောင်းပန်ဖို့ ဝိုင်အစား လက်ဖက်ရည်သောက်ကြမယ်လေ၊ကျဲကျဲကို စိတ်မဆိုးပါနဲ့"


 "ကျဲကျဲနဲ့ညီမက ညီအစ်မတွေဖြစ်နေတာ နှစ်အတော်ကြာပြီလေ၊ မေးစရာရှိရင် ညီမကို တိုက်ရိုက်မေးပါ၊ဒီကောလဟာလတွေက သိပ်ရယ်စရာကောင်းတယ်၊ ရုံရှား ကိုယ်တိုင်တောင် ရယ်စရာလို့ တွေးနေတာ၊ သတင်းတွေ ဘယ်သူက စလာမှန်း ညီမ မသိဘူး၊ တကယ်တော့ အရှင်မင်းကြီးက နန်းတော်ဆောက်ပေးတယ်ဆိုတာ  ရုံရှား ကြောင့်မဟုတ်ဘဲ ညီမကြောင့်ပါ"  


 "ငယ်ငယ်ကတည်းက ဧကရာဇ်ခမည်းတော်က ညီမကို သိပ်ချစ်ခဲ့တာ၊ညီမနဲ့စကားပြောရတာလည်း ကြိုက်တယ်"


 “အဲဒီတုန်းက ဧကရာဇ်က သူဆောက်ထားတဲ့ မဂာရွှေလမင်းနန်းတော်ကို ကြိုက်လားလို့ မေးတယ်၊ ညီမက အရမ်းကြိုက်တယ်လို့ ပြောခဲ့တယ်၊ နန်းတော်က အရမ်းကောင်းတယ်လို့၊ညီမ ကြီးပြင်းလာတဲ့အခါလည်း ဒီလိုလှပပြီး ကြီးကျယ်ခမ်းနားတဲ့ အိမ်ကြီးမှာ နေချင်တယ်လို့ ပြောလိုက်တယ်"


 ထိုအချိန်တွင် ဧကရာဇ် ယွင်ချင်သည် နန်းတော်ကို တည်ဆောက်ရန်ပြင်ဆင်နေချိန်ဖြစ်ပြီး လူအများက ကန့်ကွက်ခဲ့ကြသည်။  သို့သော်၊ ဧကရာဇ် ယွင်ချင် သည် တခြားသူများ ကန့်ကွက်လေလေ၊ လုပ်ချင်ရာလုပ်သူမျိုးဖြစ်သောကြောင့် နန်းတော်ကို ချက်ချင်းပင် ပို၍ဇိမ်ကျကျနှင့် ခမ်းနားစွာ ဆောက်စေသည်။


နန်းတော်တည်ဆောက်ပြီးနောက် ဧကရာဇ် ယွင်ချင်သည် ပန်းဟွာအား နန်းတော်က ကောင်းသလားဟု မေးခဲ့သည်။သူမကလည်း အတော်လှကြောင်းချီးမွမ်းခဲ့၏။အနာဂါတ်တွင်လည်း ဤမျှလှပပြီး ကြီးမားသောအိမ်ကြီးတွင် နေထိုင်ချင်သည့် အကြောင်းပါပြောခဲ့သည်။


 ဧကရာဇ် ယွင်ချင်က သူ့နန်းတော်ကို ချီးမွမ်းသည့်အတွက် အတော်ပျော်နေ၏။သူမမှာလည်း သူ့လို အကောင်းကြိုက်သည့် ဗီဇရှိသည်ဟုပင် ချီးကျူးခဲ့သေးသည်။ ထိုအဖြစ်အပျက်သည် ဆယ်နှစ်နီးပါးကြာခဲ့ပြီဖြစ်သော်လည်း၊ သူမ မှတ်မိနေ၏။အကြောင်းမှာ ဧကရာဇ်က သူမကို မေးခွန်းမေးသည့်အခါ သူ့မျက်လုံးထဲမှာ အုံ့ပုန်းဒေါသများ ပြည့်နှက်နေတာကြောင့်ပင်။


 ထိုအချိန်မှစ၍ ဧကရာဇ် ယွင်ချင် သည် သူ့ကို မေးခွန်းထုတ်၍ ဆန့်ကျင်သူများကို မကြိုက်သူဖြစ်ကြောင်း သူမနားလည်ခဲ့သည်။ ရိုးရိုးသားသား အကြံဉာဏ်ပေးလိုက်ပါကလည်း၊ သူ သဘောတွေ့ချင်မှ တွေ့တတ်သည်။သူ မှန်သည်ထင်သောအရာကိုသာလုပ်တတ်သူဖြစ်၏။သူ့ကို အချိုသပ်၍ ချီးမွမ်းခန်းဖွင့်ကာ ပြောဆိုလျှင်တော့ အတန်အသင့်ပြေလည်နိုင်ပေသည်။ကံမကောင်းစွာပင်၊ တယဲ့မင်းဆက်ရှိ အရာရှိများစွာသည် သူမ နားလည်သော အရာကို နားမလည်ခဲ့။ သူတို့သည် ဧကရာဇ်ကို ရှားပါးပြီး ပညာရှိသော အုပ်စိုးရှင်အဖြစ်သာ မြှောက်ပင့်နေကြသည်။


 ဒါက သက်သက် ဒုက္ခကို တောင်းဆိုနေတာပဲ မဟုတ်လား?


 ထို့ကြောင့် တစ်ခါတစ်ရံတွင် အချို့သော အရာရှိများသည် ဧကရာဇ်နှင့် အပေးအယူမတည့်ဟု သူမ ခံစားခဲ့ရသည်။ သူတို့သည် ဧကရာဇ်ယွင်ချင် ၏စိတ်ကို ပြောင်းလဲရန် လိမ္မာပါးနပ်သော နည်းလမ်းများကို အသုံးပြုမည့်အစားထ ပိုမိုဆိုးရွားစေရန် တိုက်ရိုက်ဒဲ့ဒိုး ပြောခြင်းလို အပြင်းထန်ဆုံး နည်းလမ်းကို အသုံးပြုခဲ့သည်။ထိုကဲ့သို့ ရှင်းရှင်းလင်းလင်းကြီးသာပြောပါက၊ အရည်အချင်းမရှိသော အုပ်စိုးရှင်တစ်ပါးဆိုလျှင် စိတ်ဆိုးမည်မှာမလွဲပေ။ 


 "ဒါကြောင့်များလား"


တစ်ချိန်က၊ ယာယီဧကရာဇ်နေထိုင်ရာကို မဟာရွှေလမင်းနန်းတော်အဖြစ် ပြန်လည်ပြုပြင်ပြီးနောက်တွင်၊ ဧကရာဇ်ခမည်းတော်က သူနှစ်သက်သည့်ကိုယ်လုပ်တော်များနှင့် မင်းသမီးများကို နန်းတော်အသစ်သို့ခေါ်ဆောင်ခဲ့သည်ကို သူမ ရုတ်တရက်သတိရသွားသည်။ ထိုအချိန်တွင် သူမ၏အထိန်းတော်လည်း အတူ ရှိနေသည်။ ဧကရာဇ် ခမည်းတော်သည် သူမအား ပန်းဟွာကို မေးသည့် နန်းတော်အကြောင်း မေးမြန်းခဲ့သည်။သူမက သာမာန်သာဖြေကြားသော်လည်း၊ ပန်းဟွာကမူ ချက်ကျလက်ကျနှင့် ချီးမွမ်းပြောဆိုခဲ့သည်ဟု ကြားရသည်။ထိုနေ့က  ဧကရာဇ်ခမည်းတော် အလွန်ပျော်ရွှင်နေခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ရွာစားဘွဲ့ကို ပန်းဟွာအား ပေးအပ်ခဲ့သည်။


အဲ့ဓီအချိန်က ပန်းဟွာ အသက်ဘယ်လောက်ရှိပြီလဲ။ခြောက်နှစ်လား၊ခုနစ်နှစ်လား...ရှစ်နှစ်လား...


 အသက်ငယ်သေးသော ကလေးတစ်ယောက်အား ဘယ်သူမှ ရာထူးပေးသည်ဟူ၍ မရှိ။ဤကိစ္စမျိုးသည် မဟာရဲမင်းဆက်တွင် အလွန်ရှားပါးသည်။ ဟွာဟွာအား မည်မျှမျက်နှာသာပေးခဲ့သည်ကို မြို့တော်ရှိလူတိုင်း မြင်တွေခဲ့ရသည်။ထိုအချိန်မှစ၍ ဟွာဟွာကို မည်သူမျှ မစော်ကားဝံ့ကြပေ။ သူတို့ ဘယ်လောက်ပဲ မကျေမနပ်ဖြစ်နေပါစေ တိတ်တိတ်လေးသာ သည်းခံနေကြရသည်။


နောက်ကြောင်းပြန်တွေးပြီး မင်းသမီး အန်လဲ့ စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။


 "ခမည်းတော်က ညီမကို တကယ်သဘောကျတယ်နော်၊ ကံကောင်းတာက ညီမက ခမည်းတော်ရဲ့ သမီးမဟုတ်တာပဲ၊ သမီးတော်သာ ညီမ ဖြစ်နေမယ်ဆို ဒီလောက်အထိ အရေးပေးမယ်မထင်ဘူးလေ"


ဤသည်ကိုကြားသော် ပန်းဟွာက ပြုံးလိုက်ပြီး 


"ကျဲကျဲကပါ ဟာသလုပ်မနေနဲ့၊ တော်ကြာ မနက်ဖြန်ကျရင် ညီမက ဧကရာဇ်ရဲ့ တရားမ၀င်သမီးတော်လို့ ကောလဟာလတွေ ထွက်မှာ ကြောက်တယ်"


 မင်းသမီး အန်လဲ့သည် ပန်းဟွာ၏ စကားကြောင့် ကြည်နူးသွားသည်။  ရုံရှားသည် ဧကရာဇ်ခမည်းတော်၏ တရားမဝင်သောကလေးမဟုတ်ကြောင်း အတည်ပြုပြီးနောက် သူမ စိတ်လည်းလျှော့သွားခဲ့သည်။ ရုံရှား သည် တကယ်ပင် ဧကရာဇ်ခမည်းတော်၏ သားဖြစ်ခဲ့ပါက၊ ဧကရာဇ်က သူ့ကို မိသားစု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အသိအမှတ်ပြုရန် ဆန္ဒရှိနေလျှင်၊ သူမတို့ မောင်နှမများသည် ဤကမ္ဘာနှင့် သက်ဆိုင်တော့မည်မဟုတ်ကြောင်း သိထားပါ၏။


 သူမ၏ အစ်ကိုများက မည်မျှ အရည်အချင်းရှိမှန်း သူမသိသည်။  အိမ်ရှေ့မင်းသားနှင့် နင်းဝမ်မင်းသား သည် ကောကုန်းချမ်အမ် နှင့် မနှိုင်းယှဉ်နိုင်ပေ။


 မင်းသမီးအန်လဲ့သည် ပန်းဟွာကို သူမနှင့်နေ့လည်စာအတူစားရန် တောင်းဆိုခဲ့သည်။ နေ့လည်စာစားရာတွင်လည်း သူမတို့ နှစ်ယောက်ကို လှပသော အစေခံများက ဧည့်ခံကျွေးမွေးခဲ့သည်။အစောပိုင်းက ဗျပ်စောင်း တီးခတ်ပေးခဲ့သည့် ဂီတပညာရှင်လည်း ရှိနေ၏။သူက ဝိုင်ပုလင်းကိုကိုင်ပြီး အန်လဲ့အတွက် ဝိုင်ထည့်ပေးသည်။ ပန်းဟွာ သည် အရက် မကြိုက်သောကြောင့် သူ ငှဲ့ပေးစရာမလိုပေ။


 "ဟွာဟွာ" 


မင်းသမီးသည် ထမင်းစားပြီးနောက် သေတ္တာတစ်လုံးကိုထုတ်ကာ ပန်းဟွာ၏ရှေ့တွင် ထားလိုက်၏။


 "ဒါကို ညီမ အတွက် ပြင်ဆင်ထားတာ၊ ညီမတို့ အိမ်ထောင်ကျပြီးရင် ပျားရည်လိုအမြဲ ချိုမြိန်တဲ့ဘဝခရီးကိုပိုင်ဆိုင်ရပါစေလို့ ကျဲကျဲ မျှော်လင့်ပါတယ်"


ပန်းဟွာက မင်းသမီးကို တအံတဩကြည့်ကာ ငြင်းဆိုလိုက်သည်။


 "ကျဲကျဲကလည်း ဒါမလိုပါဘူး၊ကျဲကျဲက ညီမအတွက် မင်္ဂလာခန်းဝင်ပစ္စည်း ပေးပြီးသားမဟုတ်လား"


မင်းသမီးအန်လဲ့က ပြုံးပြီး


 "ဒါတွေအားလုံးက သူများတွေမြင်အောင် စည်းကမ်းတွေအရ လုပ်ရတာ။ ဒါက ကျဲကျဲ စိတ်က ပေးချင်တာပဲ၊ညီမတို့မှာလည်း ဒီအရာတွေ မချို့တဲ့ဘူးဆိုတာ သိပါတယ်၊ ဒါပေမယ့် ဒါက ကျဲကျဲရဲ့ စေတနာပါ၊ ကျေးဇူးပြုပြီး လက်ခံပါနော်"


ပန်းဟွာ မငြင်းဘဲ လက်ထဲမှ သေတ္တာကို ကိုင်လိုက်ပြီး


 "ကျဲကျဲက စိတ်ရင်းမှန်နဲ့ ပေးတဲ့အတွက် ညီမ လက်ခံပါမယ်၊ ကျေးဇူးတင်ပါတယ် ကျဲကျဲ"


 မင်းသမီးအန်လဲ့ ပြုံးလိုက်ရင်း ပန်းဟွာ၏ လက်ကောက်ဝတ်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။


 " ညီမ အားလုံးအဆင်ပြေပါစေကွယ်"


 သူမသည် လူကောင်းတစ်ယောက်နှင့် လက်ထပ်ရန် မစွမ်းဆောင်နိုင်ခဲ့ပေ။  မင်းသားကြင်ယာတော် ကွယ်လွန်ပြီးနောက် သူမ ဘာကိုမှ ဂရုမစိုက်ဘဲ နေထိုင်ခဲ့သည်။ သို့သော်လည်း ပန်းဟွာသည် အပြင်ပန်းကိုသာအာရုံမစိုက်ဘဲ၊စိတ်ထားကိုပါ ဂရုစိုက်ပဲ့ပြင်ပေးမည့် ယောက်ျားတစ်ယောက်အား ရဖို့သာ သူမ မျှော်လင့်မိသည်။ 


 "ကျဲကျဲ စိတ်မပူပါနဲ့၊ ညီမ အဆင်ပြေမှာပါ၊ အမျိုးသမီးတွေ အနေနဲ့ ပျော်ရွှင်မှုဟာ ယောက်ျားဖြစ်သူအပေါ်မှာပဲ မူတည်တာ မဟုတ်ပါဘူး၊ သူက ညီမကို ကောင်းကောင်းမဆက်ဆံရင်လည်း ကိုယ့်ကိုယ်ကို ကောင်းပေးလိုက်မယ်၊ဘာအရေးလဲ"


 "ညီမ ပြောတာမှန်တယ်၊ဟုတ်တယ် ဒါက ကိစ္စကြီးမဟုတ်ပါဘူး"


 အိမ်ပြန်ရောက်ပြီးနောက် ပန်းဟွာသည် မင်းသမီးအန်လဲ့ပေးသော သေတ္တာကိုဖွင့်ကြည့်သည်။ အထဲမှာ၊ တယဲ့မင်းဆက်၏ အကြီးဆုံးဘဏ်မှ ငွေစုစာအုပ်နှစ်ခုနှင့် ငွေစက္ကူတစ်အုပ်ပါရှိသည်။


 အချိန်များက တစ်နေ့ပြီးတစ်နေ့ ကုန်သွားသည်။ ဆယ်နှစ်လမြောက်၏  ၁၂ရက်နေ့တွင်၊ ကောကုန်းချမ်အမ် ၏ နေအိမ်သည် ကျင့်ထင်အိမ်တော် သို့ ထိမ်းမြားမင်္ဂလာ လက်ဆောင်များ အစုံလိုက် သယ်ဆောင်လာခဲ့သည်။  လမ်းသွားလမ်းလာများသည် ထိုအရာများကို မြင်သောအခါ အံ့အားမသင့်ဘဲမနေနိုင်တော့။ ဇနီးကို လက်ထပ်ဖို့အတွက် ကောကုန်းချမ်အမ်က တကယ်ကို ပိုက်ဆံအများကြီး သုံးထားတာပဲ၊ သူ့အိမ်တစ်ခုလုံးကိုပါ ရှင်းထားတာများလား...


ရုံမိသားစုသည် ပန်းမိသားစုထံ သယ်ဆောင်သွားသော ပစ္စည်းအရေအတွက်ကို ရေတွက်ရန် ကျင့်ထင်အိမ်တော်၏ ဝင်ပေါက်အပြင်ဘက်တွင် ထိုင်နေသူ တစ်ဦးရှိနေသည်။ ထိုသူသည် တံခါးဝတွင် တစ်နာရီကြာ ထိုင်နေခဲ့သော်လည်း ထိမ်းမြားလက်ထပ်လက်ဆောင်များ ပေးဆောင်ခြင်းမှာ ယခုထိ မကုန်သေးပေ။သူက အအေးဒဏ်ကြောင့် ထုံကျင်နေသော ခြေဖဝါးများကို နှိပ်ရင်း သူ့အဖော်ကို ပြောလိုက်သည်။


 "ဒီပန်းဟွာကျွင်းကျူးဟာ နတ်သမီးလေးလို လှလောက်မယ်" 


 "မင်းက ဘယ်လိုသိသလဲ"


 "သူမက နတ်သမီးလောက်မလှဘူးဆိုရင် ဘယ်ယောက်ျားက သူမကိုလက်ထပ်ဖို့ ပိုက်ဆံအများကြီးသုံးမှာလဲ"


အမှန်လည်း ထိမ်းမြားလက်ထပ်ဖို့အတွက် ပေးဆောင်သော မင်္ဂလာလက်ဆောင်များက  ကြောက်စရာကောင်းလွန်းသည်။သူတို့အားလုံးဟာ မြို့တော်မှာ မွေးဖွားကြီးပြင်းခဲ့ကြပြီး အမြင်ကျယ်သူများဖြစ်၏။သို့ရာတွင်၊ ခင်ပွန်းသည်၏မိသားစုမှ ဤမျှရက်ရောသော ထိမ်းမြားလက်ဆောင်ကို သူတို့ တစ်ခါမျှ မတွေ့ဖူး‌ကြချေ။


 "ကောကုန်းချမ်အမ်ရဲ့ မိသားစုက ပညာတတ်မိသားစု မဟုတ်ဘူးလား၊ ဘာလို့ လက်ဝတ်ရတနာတွေနဲ့ ရှားပါးရှေးဟောင်းပစ္စည်းမျိုးစုံကို ပို့နေကြတာလဲ"


 "ကြည့်ရတာ ပန်းမိသားစုရဲ့ အကြိုက်​ကို လိုက်​ဖို့လား မသိဘူး"


 "အဲဒါ ဖြစ်နိုင်တယ်နော်"


ပန်းမိသားစုက ဒီအရာတွေကို သိပ်ကြိုက်တာ၊ သူတို့ကို လက်ဝတ်ရတနာတွေပေးရင် သေချာပေါက် အရေးပေးခံရမှာဘဲလေ။ 


 ၂၇ရက်နေ့တွင် သတို့သမီး၏ မိသားစုသည် ခန်းဝင်ပစ္စည်းများကို ပြသခဲ့ပါသည်။သတို့သမီးမိသားစုနှင့် ဆက်ဆံရေးကောင်းမွန်သော မိသားစုများအားလုံးသည် ကလေးရော၊ မိခင်ပါ အတွဲလိုက်လာ၍ ကောင်းချီးပေးခဲ့ကြသည်။တစ်ချိန်တည်းမှာပင် သတို့သမီးအတွက် သတို့သမီးမိသားစုမှ ခန်းဝင်ပစ္စည်းမည်မျှ ပြင်ဆင်ထားသည်ကိုလည်း သူတို့ ရှုစားနိုင်သည်။


သူတို့လည်း ပစ္စည်းများအား မြင်သည်နှင့် အတော် ထိတ်လန့်သွားရသည်။ပန်းမိသားစုက သမီးဖြစ်သူအား မည်မျှအရေးပေးမှန်း သိသူများတောင် အံ့အားသင့်နေကြ၏။ သတို့သမီးရဲ့ မင်္ဂလာခန်းဝင်ပစ္စည်းက သူတို့မိသားစုရဲ့ စည်းစိမ်တစ်ဝက်နဲ့ ညီမျှနေတာ မဟုတ်လား....


ပန်းမိသားစု၏ ဆွေမျိုးများထဲမှတစ်ဦးကပြောသည်။


"ရှစ်ကျစ်ကရော ဒီကိစ္စကို ကန့်ကွက်သေးလား"

 

ယင်းရှစ်က ပြုံးပြီး


 "သူ့မှာ ဘာကန့်ကွက်စရာရှိလို့လဲ၊သူ့အစ်မကို သူဘယ်လောက်ချစ်လဲဆိုတာ သိတယ်မလား၊ခုလည်း သူ့အစ်မကို လက်ဆောင်တွေ အများကြီးထည့်ထားတာ၊ငါ တားထားလို့သာပေါ့၊မတားရင် ဒီ့ထက်များနေမှာ"


ဤစကားကြောင့် အမျိုးသမီးထုကြီး မနာလိုဖြစ်သွားသည်။သူတို့အားလုံးမှာ ကိုယ်ပိုင်မိသားစုရှိကြ၏။သူမတို့၏ အစ်ကိုများ၊ မောင်များကလည်း ယခုလောက်ထိ မချစ်ကြပေ။ ချစ်ကြသည်ဆိုလျှင်တောင် ဤမျှအထိ ရက်ရောသူများဟုတ်။ထို့အပြင်၊အိမ်ထောင်ပြုတော့မည့် သမီးဖြစ်သူအတွက် မိဘများကလည်း လက်ဆောင်ဟူ၍ ပေါပေါသီသီပေးမည်မဟုတ်။သားများကိုသာ ဖူးဖူးမှုတ်ထားကြ‌မည်သာ။


 ဧကရာဇ်နဲ့ ဧကရီတို့က တန်ဖိုးထားရုံတင်မကဘူး၊ မိဘတွေ ၊မောင်နှမတွေ ချစ်အောင် ပန်းဟွာ အရင်ဘဝက ဘာတွေများလုပ်ခဲ့တာလဲ...ဒီဘဝမှာ ဒီလိုကုသိုလ်ုထူးမျိုးရအောင် သူမ အရင်ဘဝတုန်းက နိုင်ငံက်ိုများကယ်တင်ခဲ့လေရော့သလား..


 "ရှစ်ကျစ် တကယ်ကောင်းတဲ့ မောငမလေးပဲ"

  

သခင်မကျိုးကလည်း ပြုံးပြီး ပျြောလသည်။


 "ဘာလို့ ခန်းဝင်ပစ္စည်းစာရင်းကို ကြည့်နေတာလဲ၊သတို့သမီးကို သွားတွေ့ဖို့က ပိုအရေးကြီးတယ်လေ၊ ဒီနေ့ပြီးရင် ကလေးမလေးက သခင်မ ဖြစ်သွားမှာမလား"


 "မှန်တယ်မဟုတ်လား၊ သတို့သမီးကို မြန်မြန် အပြင်ခေါ်ထုတ်ဖို့က ပိုအရေးကြီးတယ်"


လူအုပ်ကြီးက ဆူညံနေချိန်‌၌၊ပန်းဟွာသည် အနီရောင် ဝတ်စုံဝတ်ကာ ထွက်လာသည်။တံခါးအပြင်ဘက်က မိန်းမများ၏ စကားကို သူမလည် ကြားလိုက်ရ၍ သူတို့ကို ရိုသေစွာ ဦးညွှတ်လိုက်ရင်း နှုတ်ဆက်သည်။

 "မင်္ဂလာပါ သခင်မတို့"


 "ကောင်းပြီ ကျွင်းကျူး၊ ထပါ"

 

ပန်းဟွာနှင့် အနီးစပ်ဆုံးဖြစ်သော သခင်မကျိုးသည် သူမအား ခေါင်းမော့ရန် ပြောလိုက်သည်။


"ဘယ်လောက်တောင် အံဩစရာကောင်းတဲ့ အလှလေးလဲ၊ ကောကုန်းချမ်အမ်က တကယ်ကို ကံကောင်းလိုက်တာ"


 "ဆက်ပြောမနေနဲ့၊ ရှင် ဆက်ပြောရင် ဒီက သခင်မယင်းက သူ့သမီးနဲ့ ခွဲချင်မှာမဟုတ်ဘူး၊ မနက်ဖြန် သတို့သားရောက်လာပြီး သတို့သမီးကို ရှာမတွေ့တဲ့အခါ ရှင့်ကိုပါ အပြစ်လာရှာနေမယ်နော်"


ဝန်ကြီးယောင်၏ဇနီးသည် ပွင့်လင်းရိုးသားသူဖြစ်သည်။သူမ ပန်းဟွာ၏ တစ်ဖက်သို့ လျှောက်သွားကာ 


"ကျွန်မ ဆယ်စုနှစ် နည်းနည်းကြာမှ မွေးလာသင့်တာ၊ ပြီးတော့ ကျွန်မ ယောက်ျားလေးအဖြစ် မမွေးလာဘဲ မိန်းမက ဖြစ်နေတာလည်း နှမြောစရာပဲ၊ မဟုတ်ရင် မနက်ဖြန် သတို့သားက ကောကုန်းချမ်အမ်ဖြစ်မှာ မဟုတ်ဘူး" 


ထိုအခါ သခင်မများက ကျယ်လောင်စွာ ရယ်မောကြ၍ လေထုသည် ပို၍ပင် အသက်ဝင်လာတော့သည်။


ပန်းဟွာ၏ အကြည့်များသည် ပြုံးနေသော မိန်းမပျိုများဆီသို့ ဖြတ်သွားကာ ယင်းရှစ်အပေါ် ကျရောက်သွားသည်။


သမီးဖြစ်သူကို ညင်သာစွာကြည့်ရင်း ယင်းရှစ်၏ နှုတ်ခမ်းများသည် အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။သူမ အကြည့်တို့ကလည်း ကမ္ဘာပေါ်တွင် အဖိုးတန်ဆုံး ရတနာတစ်ပါးလိုမျိုး၊ အပျောက်မခံနိုင်အောင် ချစ်နေသည့်အကြည့်မျိုးပင်။ 


 "အမေ"  


ပန်းဟွာ၏ နှလုံးသားတစ်ခုလုံး တုန်ခါလာပြီး မျက်လုံးများ နွေးထွေးလာသည်။ သခင်မကျိုးသည် သူမ၏လက်ကိုဆွဲကာ ယင်းရှစ် ရှေ့သို့ လျှောက်သွား၍ တိုးတိုးလေးပြောသည်။ 


"မနက်ဖြန်က အရှင်မင်းကြီး ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ နေ့ကောင်းလေးပဲမော်" 


ယင်းရှစ်၏ နှုတ်ခမ်းများ ကွေးညွတ်သွားကာ "ဟုတ်တယ်၊ ကောင်းတဲ့နေ့လေး ဖြစ်ပါစေ၊ငါလည်း ပျော်ပါတယ်"


ဆယ့်နှစ်လမြောက်၏ ၂၈ ရက်၊  


ရွှေရောင်အဆင်းရှိ နေရောင်ခြည်သည် မြေပြင်ပေါ်တွင် လင်းလက်နေပြီး လေထုထဲရှိ အမှုန်အမွှားများက ရောင်စုံအလင်းတန်းများကြားထဲဝယ် ထင်ဟပ်လျက်ရှိသည်။မြို့တော်ကြီးတစ်ခုလုံး ရင်သပ်ရှုမောဖွယ် လှပနေခဲ့၏။


ပန်းဟွာသည် ပြတင်းပေါက်ဘေးတွင် ရပ်ကာ ခြံအပြင်ဘက်ရှိ သလဲသီးပင်ကို ကြည့်လိုက်သည်။အပင်၏ အကိုင်းအခက်များသည် ဟာလာဟင်းလင်းဖြစ်ပြီး အရွက်တစ်ရွက်မျှမရှိပေ။


 "ကျွင်းကျူး ဝတ်စုံ ဝတ်ဖို့အချိန်ရောက်ပါပြီ"


သူမ လှည့်ကြည့်လိုက်သည်။  အစေခံမိန်းကလေးများသည် ဖီးနစ်ငှက်ပုံ ခေါင်းဆောင်းများ၊ ၀တ်ရုံများ၊ ရွှေဆံထိုးများနှင့် ကျောက်စိမ်းအနီများကို အသီးသီး သယ်ဆောင်လာကြသည်။ပစ္စည်းအားလုံးက အနီရောင်ရဲတောက်နေကာ အတော်လှပပေ၏။



xxxx