Chapter 133
အဖွားဖြစ်သူဆုံးပါးသွားကတည်းက ပန်းဟွာသည် အရောင်တောက်တောက်များ မ၀တ်ခဲ့ပေ။သူမသည် ဗန်းပေါ်ရှိ မင်္ဂလာဝတ်စုံကို ထိလိုက်ကာ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။မင်္ဂလာဝတ်စုံတစ်ခုလုံးကို လပေါင်းများစွာကြာအောင် နာမည်ကြီးပန်းထိုးသမား ဆယ့်ရှစ်ယောက်က ဖန်တီးခဲ့သည်။၎င်းပေါ်ရှိ ဖီးနစ်ငှက်ပုံသည် တိမ်များလို အိမ်မက်ဆန်ဖွယ်ကောင်းအောင် မျောလွင့်နေ၏။ သိပ်လှလွန်း၍ လူများ မျက်လုံးမခွာနိုင်ကြပေ။ဤမင်္ဂလာဝတ်စုံကို သူမကိုယ်တိုင်တောင် အံ့အားသင့်ခဲ့သည်။
အမျိုးသမီးများသည် တစ်သက်တာတွင် မင်္ဂလာဝတ်စုံကို တစ်ကြိမ်သာ ဝတ်ဆင်ခွင့်ရကြသည်။ ထို့ကြောင့် အမျိုးသမီးတစ်ယောက်အတွက် မင်္ဂလာဝတ်စုံက အတော်အရေးကြီး၏။အသက်ကြီးလာသည့်အခါတောင် အနီရောင်မင်္ဂလာဆောင်ဝတ်စုံကို ၀တ်ထားးဉ်က မည်မျှလှကြောင်း ပြန်ပြောင်းသတိရနေမည်သာ။
သူမသည် လက်နှစ်ဖက်ကို ကားထားကာ၊ အစေခံများအား အဝတ်တစ်လွှာချင်း ဝတ်စေသည်။ နောက်ဆုံး အနီရောင်တောက်တောက် မင်္ဂလာဝတ်စုံ ရောက်လာ၏။မင်္ဂလာဝတ်စုံကြောင့် သူမ၏ပါးပြင်များပင် ပန်းနုရောင်ဖြစ်နေသည်။
"ကျွင်းကျူးကို ကူညီပါရစေ"
သန့်ရှင်းသောအဝတ်အစားများ ဝတ်ထားသည့် အမျိုးသမီးအရာရှိတစ်ဦးသည် သူမထံသို့ ရောက်လာသည်။ သူမသည် ယခင်က ဧကရီကိုပင် နန်းတော်ဝတ်စုံ ၀တ်ဆင်ပေးခဲ့ပြီး နန်းတော်၏ အရေးပါသူတစ်ယောက်ဖြစ်ခဲ့သည်။ကိုယ်လုပ်တော်၏ မင်းသမီးတစ်ပါး လက်ထပ်ပွဲကျင်းပ၍၊ သူမအား ၀တ်စားဆင်ယင်ပေးရန် တောင်းဆိုလာပါက သူမ လှည့်မကြည့်ဘဲ မျက်နှာလွှဲထားနိုင်၏။သို့သော် ယနေ့ကမူ၊ ဧကရာဇ်နှင့် ဧကရီတို့က သူမအား ဤနေရာသို့ စေလွှတ်ထားသောကြောင့် သူမ၏ အပြောအဆိုနှင့် အပြုအမူများကိူ အလွန်ရိုသေစွာ ပြောဆိုရမည်ဖြစ်သည်။
အပျိုမလေးတစ်ယောက်၏ ဆံပင်ပုံစံကို အမျိုးသမီးတစ်ဦး၏ ဆံထုံးအဖြစ် ထုံးဖွဲ့ထားသည်။ပန်းဟွာ၏ မျက်လုံးများသည် မက်မွန်ပွင့်များကဲ့သို့ နူးညံ့လှသည်။
"ကျွင်းကျူးနဲ့ ကောကုန်းချမ်အမ်တို့ပင်စည်တစ်ခုတည်းမှာ ပွင့်လန်းနေတဲ့ ပန်းတစ်ပွင့်လို အမြဲအတူရှိနေပါစေလို့ ကျွန်မ ဆုတောင်းပါတယ်"
အမျိုးသမီးအရာရှိသည် ပန်းဟွာ၏ မျက်ခုံးကြားတွင် ပန်းနှစ်ပွင့်ကို ဆွဲလိုက်သည်။ ပန်းဟွာ၏ အသားအရည်သည် အလွန်ဖြူစင်သောကြောင့် ပန်းပွင့်ပုံက မီးတောက်လို နီရဲနေကာ အကြည့်မခွာနိုင်အောင် လှပပေ၏။ အမျိုးသမီး အရာရှိက လက်ထဲမှ စုတ်တံကို ချလိုက်ပြီး ပြုံးပြုံးလေး ပြောလိုက်သည်။
"ကျွင်းကျူး အရမ်းလှလွန်းပါတယ်"
ပန်းဟွာသည် မှန်ထဲမှ သူ့ကိုယ်သူ လှည့်ကြည့်လိုက်ရင်း မျက်ခုံးမွေးခဲတံကို ကောက်ကိုင်လိုက်ပြီး မျက်ခုံးဖျားကို အနည်းငယ်မြှင့်လိုက်သည်။ သူမ၏ နဂိုက နူးညံ့သော မျက်ခုံးပုံစံသည် ရုတ်တရက် ထက်မြက်စူးရှသည့် အသွင်ပြောင်းသွား၏။သူမ ကျေနပ်စွာ ပြုံးလိုက်မိသည်။
ဒါကမှ သူမနဲ့တူတာ၊နူးညံ့သိမ်မွေ့ခြင်းဆိုတာဘာလဲ၊ရှက်တာတွေ၊နူးညံ့တာတွေက ဘာလဲ၊ သူမနဲ့ ဘာဆိုင်လို့လဲ။
အနီရောင်တောက်တောက် နဖူးဆွဲသီးနှင့် အနီရောင် ကျောက်ဖြင့် ပြုလုပ်ထားသော နားကပ်ကိုကြည့်ရင်း သူမ ရေရွတ်လိုက်၏။
"ကျွန်မတစ်ကိုယ်လုံး အနီရောင်တောက်တောက် တွေချည်းပဲ၊ တံခါးမှာ ဆွဲထားတဲ့ မီးပုံးနဲ့တောင် တူတယ် မဟုတ်လား"
"ကျွင်းကျူးကလည်း နောက်နေပြန်ပြီ"
ယွီကျူးသည် ပန်းဟွာ ရှေ့မှာ ထိုင်ချလိုက်ပြီး လက်သည်းကို ဆေးဆိုးပေးသည်။ ပန်းဟွာသည် သူမ၏ လက်ကို ကြည့်လိုက်ပြီးနောက် အခန်းအတွင်းရှိ အလုပ်များနေသော အစေခံမိန်းကလေးများကို လှည့်ကြည့်လိုက်သည်။ သူမကသာ အခန်းထဲတွင် အအားဆုံးလူဖြစ်နိုင်သည်။
လက်သည်းများကို ဆေးဆိုးပြီးသောအခါ၊ ယွီကျူးသည် ပန်းဟွာ၏ လက်ပေါ်တွင် နူးညံ့ပြီး မွှေးကြိုင်သော အဆီများသုတ်လိမ်းပေး၏။ ခဏသောအခါ ပန်းဟွာ လက်ကို မြှောက်ပြီး တားလိုက်သည်။
" လုံလောက်ပါပြီ"
ယွီကျူး မတ်တပ်ထရပ်ပြီး သစ်သားသေတ္တာထဲက ကျောက်နီလက်ကောက်တစ်စုံကို ထုတ်ယူ၍ ပန်းဟွာ၏ လက်ကောက်ဝတ်မှာ ဝတ်ပေးလိုက်၏။
"ဒီလက်ကောက်တစ်စုံက ကျွင်းကျူးအတွက် အထူးပြုလုပ်ထားတာပါ"
လွန်ခဲ့သည့်နှစ်က ပန်းဟွိုက်သည် နေရာတိုင်းမှ ပစ္စည်းများကို ဝယ်ယူခဲ့သည်။ သူဝယ်သည့် ပစ္စည်းအများစုမှာ ပန်းဟွာ အတွက်ဖြစ်ပြီး၊ ဤကျောက်နီလက်ကောက်ကလည်း သူ ဝယ်ခဲ့တာပင်။
ပန်းဟွာသည် ယခုထိ အလွန်လေးလံသေဖီးနစ်ခေါင်းဆောင်းကို မဝတ်ရသေးပေ။ သတို့သားက သတို့သမီးဆီရောက်လာပြီး ကဗျာရွတ်ဖတ်မှသာ ဖီးနစ်ခေါင်းဆောင်းကို ဝတ်ရမည်ဖြစ်၏။သူမ ပြုံးပြီး လက်ကောက်တစ်စုံကို ပွတ်သပ်ရင်း သူမ နှလုံးသားကလည်း တစ်ဖြည်းဖြည်း ငြိမ်သက်သွားရသည်။
"အားလုံးသတိထားရမယ်နော်၊ လုံးလုံးမပျော်သေးတဲ့ မြေပြင်ပေါ်မှာ ရေခဲတွေရှိနေသေးတယ်၊ မင်းတို့သာ လဲကျရင် ရှက်စရာကောင်းရုံတင်မကဘူး၊ တမင်ကြံစည်တယ်ဆိုပြီးတောင် ပြောနိုင်တယ်"
တုကျိုးသည် ဒဏ်ရာက သက်သာနေပြီဖြစ်ကာ သူသည် ပျော်ရွှင်နေဟန်ဖြင့် အနီရောင်ဝတ် အစေခံတစ်စု ရှေ့တွင် ရပ်နေ၏။
"ဒီနေ့ မင်းတို့ရဲ့ သခင်လက်ထပ်တဲ့နေ့ပဲ၊ မင်းတို့ အမှားနည်းနည်းမှ မလုပ်မိအောင် သတိထားရမယ်"
"ဟုတ်ကဲ့" အစေခံများက တညီတညွတ်တည်း ပြန်ပြောကြသည်။
ရုံရှား၏ မင်္ဂလာဆောင်ပွဲသည် အလွန်ကြီးမားသည်။ ဘာသာတရားနှင့် ထုံးတမ်းဓလေ့ရေးရာဝန်ကြီးဌာနမှ အရာရှိများသာမက ရုံမိသားစု၏ ဆွေမျိုးနီးစပ်များလည်း ရောက်လာကြသည်။ ရုံရှားကို စောင့်ရှောက်ရန် ဧကရာဇ် ကိုယ်တိုင်စီစဉ်ပေးသော ဧကရာဇ်မိသားစု၏ အသက်ကြီးပုဂ္ဂိုလ်များလည်း ရှိနေသည်။
အကြောင်းမှာ ရုံရှားသည် ငယ်ရွယ်ပြီး မင်္ဂလာပွဲ၏ စည်းမျဉ်းများစွာကို မသိသောကြောင့်၊ မည်သည့်အချိန်တွင် ဘာလုပ်ရမည်၊မည်သို့မည်ပုံ စီမံရမည် စသည်တို့အား အတွေ့အကြုံရှိသူများက ကွပ်ကဲပေးရန် ဖြစ်၏။
ဧကရာဇ်ယွင်ချင် ပေးခဲ့သော ဤနန်းတော်အား မူလက ချန်းနင်နန်းတော်ဟုခေါ်တွင်မည်ပြုသော်လည်း ရုံရှားနှင့် ပန်းဟွာအား ပေးအပ်ပြီးနောက်တွင် ဧကရာဇ်က ဤနန်းတော်ကို ပိုင်ရှိုဦးဥယျာဉ်ဟု နောက်ထပ် အမည်သစ်ပေးခဲ့သည်။ ဇနီးမောင်နှံနှစ်ယောက်သား တစ်ဦးနှင့်တစ်ဦး ချစ်ကြပြီး ဆံဖြူသွားကျိုးသည်အထိ တစ်ယောက်ကိုတစ်ယောက် ဖေးမကြသည်ဟု ဆိုလိုခြင်းဖြစ်နိုင်သည်။ ဧကရာဇ် ယွင်ချင် မှ နာမည်ပေးခဲ့သော်လည်း ဆိုင်းဘုတ်စာလုံးများကို ရုံရှား ကိုယ်တိုင်ရေးခဲ့သည်။
ယခုဆို ပိုင်ရှိုဥယျာဉ်တွင် အနီရောင် ပိုးသား ချည်မျှင်များနှင့် မီးအိမ်နီများဖြင့် ပြည့်နှက်နေသည်။ ဧည့်သည်များသည် ဤခမ်းနားလှသော နန်းတော်အား ကြည့်ကာ အားကျနေကြသည်။ဧကရာဇ်သည် ဤမျှလောက်လှသော နန်းတော်ကို သူ့သားတော်ကိုသာ လွယ်လင့်တကူ ပေးမှာဖြစ်သည်။ ထိုစိတ်ထားစေတနာမျိုးကို ဖခင်တစ်ယောက်သာ ထားနိုင်မှာပင်။
အဖေကလွဲလို့ ဘယ်သူက ပေးချင်မှာလဲ။
"သခင်ဝမ်၊ ဒီလမ်းကိုလာပါ၊ ကျေးဇူးပြုပြီး"
သခင်ကျိုးနှင့် သခင်ယောင်တို့သည် ဧည့်သည်များကို ကြိုဆိုရန် ကူညီပေးကြပြီး အလုပ်အကိုင်ရေးရာဝန်ကြီးဌာနမှ အရာရှိများစွာကိုလည်း ကူညီပေးခဲ့သည်။ ရုံမိသားစု၏ ဆွေမျိုးအချို့လည်း ဟိုသည် လှည့်ပတ်ပြေးလွှားကြပြီး နန်းတော်တစ်ခုလုံး အလွန်အသက်ဝင်နေသည်။
တရားမ၀င်ကလေးဆိုသည့် ကောလာဟလများသည် သြဇာကြီးလွန်းသောကြောင့် ရုံရှား နှင့် ပတ်သက်သူတိုင်း ရုံရှားကို ချီးကျူးဂုဏ်ပြုကြသည်။ ဖိတ်စာမရရှိသူများသည်ပင် ဝင်ရောက်ရန် ကြိုးစားကြသည်။
"သတို့သား ဘယ်မှာလဲ၊ သတို့သမီးကို သွားခေါ်ဖို့ အဆင်သင့်ဖြစ်နေရမယ်နော်"
ဧည့်သည်တစ်ယောက်က မေးသည့်အခါ လူတိုင်း ယခုထိ သတို့သားကို မတွေ့ရသေးကြောင်း သတိရသွား၏။ ဒီလိုကြီးကျယ်တဲ့နေ့ကြီးမှာ သတို့သားကို ဘယ်လိုဖြစ်လို့ မတွေ့ရတာလဲ။
"သတို့သားက သတို့သမီးကို လက်ထပ်ဖို့ အလျင်လိုနေတော့ လွန်ခဲ့တဲ့ တစ်နာရီလောက်ကပဲ သတို့သမီးကို သွားခေါ်ဖို့ မြင်းစီးထွက်သွားပြီ"
"ဟာ ဟုတ်တယ်၊ ဝီရိယရှိတာ သိပ်ကောင်းတာပေါ့"
ဧည့်သည်များသည် နေရောင်အောက်တွင် သူငယ်ချင်းမိတ်ဆွေများနှင့် စကားပြောဆိုရင်း ရယ်မောနေကြ၏။မြင်ကွင်းက အတော်အသက်ဝင်လှပေ၏။
လမ်းတစ်လျှောက်တွင် ပြန့်ကျဲနေသော သကြားလုံးများကို အပျော် စောင့်ကြည့်နေသော ကလေးများက လုယူကြသည်။ ရုံရှားသည် မြင်းစီးလာရင်း ယနေ့ ကောင်းကင်ပြာပြာကြီးက ပိုလှနေသလိုလို ခံစားနေရသည်။သစ်ရွက်များပေါ်က ရေခဲများသည်ပင် ကြည်လင်ပြီး ချစ်ဖို့ကောင်းနေတော့သည်။
"သတို့သားပဲ၊ အပြင်ထွက်ပြီး သတို့သားကိုကြည့်ကြဟေ့၊ သတို့သားက သတို့သမီးနဲ့ လက်ထပ်ဖို့သွားတော့မယ်"
သတို့သား၏ လှပသောအဝတ်အစားများ၊ ခမ်းနားထည်ဝါသောမြင်းနှင့်ရှည်လျားလှသော မင်္ဂလာဆောင်ပွဲကြီးကိုကလေးများသည် လက်ခုပ်တီးကာပြေးလွှားကြည့်နေကြသည်။ မင်္ဂလာပွဲ အခမ်းအနား အရွယ်အစားကိုကြည့်၍ အရေးကြီးသည့် ပုဂ္ဂိုလ်ဖြစ်ရမည်ဟု ပြောနိုင်သည်။လူကြီးများအား သွားရှုပ်မည်စိုး၍ မိဘများက ကလေးများကို အမြန်ဆွဲထုတ်ပြီး အဝေးကနေ သေချာကြည့်ခိုင်းကြသည်။
ကြည့်စမ်း၊မြင်းကုန်းနှီးပေါ်မှာ ဘာတွေ ခင်းထားတာလဲ။ ကျောက်မျက်ရတနာတွေပါလား...
သတို့သားနောက်မှာ သခင်လေးများလည်း ပါသည်။ထိုလူငယ်များက ဘယ်မိသားစုကမှန်း မသိသော်လည်း အလွန်ချောမောပြီး အဝတ်အထည်များကလည်း ဈေးကြီးပေသည်။
"ကောကုန်းချမ်အမ်" သခင်လေးတစ်ယောက်က ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်၏။
"အခုသွားတာ နည်းနည်းစောနေသေးတယ် မဟုတ်လား"
ရုံရှားက ပြန်ပြောသည်။
"မစောပါဘူး၊သတို့သမီး ထွက်လာရင် အချိန်ကိုက်ပါပဲ"
အစပိုင်းမှာတော့ ဘာကိုဆိုလိုမှန်း နားမလည်သော်လည်း ပန်းမိသားစုကို ရောက်သည့်အခါမှာ နားလည်သွားကြ၏။
ပထမတံခါးကို ဖြတ်ဖို့ လွယ်ကူသော်လည်း၊ ဒုတိယတံခါးကို ရောက်သည့်အခါမှာတော့ လူအုပ်ကြီးက ပိတ်ဆို့နေလေသည်။ ပန်းဟွာကျွင်းကျူး၏ သူငယ်ချင်း အသိုင်းအဝိုင်းသည် ကျယ်ပြန့်လွန်းသည်။ တစ်ချို့က စာပေကို ကျွမ်းကျင်ပြီး တချို့က ကခုန်တတ်သည်။ တချို့က ဗျပ်စောင်း၊ စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီပညာ စသည်ဖြင့် တတ်မြောက်ကြသူများပင်။ ရုံရှား နောက်မှ သခင်လေးတစ်စုသည် တံခါးဝတွင် ရှိနေသော ထိုမိန်းကလေးများကြောင့် အထဲသို့မဝင်နိုင်အောင်ပင် ဖြစ်နေရတော့သည်။
"ကောကုန်းချမ်အမ်က မြို့တော်မှာ နာမည်အကြီးဆုံး အမျိုးသား မဟုတ်ဘူးလား" သခင်လေးတစ်ဦးမှ ရှုံ့တွနေသော ဘရိုကိတ်အင်္ကျီကို ပြင်လိုက်ပြီး ပြောလိုက်၏။ "ဒါပေမယ့် ဒီမိန်းကလေးတွေက ကောကုန်းချမ်အမ်နဲ့ ပန်းဟွာကျွင်းကျူးကို လက်မထပ်စေချင်ဘူး ထင်တယ်"
ထိုရဲရင့်သောမိန်းကလေးများကို တွေးတောရင်း သခင်လေးနှစ်ယောက် တုန်လှုပ်သွားကြသည်။
ကံကောင်းထောက်မစွာသာ၊ စောစောရောက်လာကြသည်။သို့မဟုတ်လျှင် သူတို့ အချိန်ကောင်းလွတ်ပြီး နောက်ကျသွားပေမည်။
"ကျွင်းကျူး၊ သတို့သားက ဒုတိယတံခါးကို ရောက်နေပါပြီ"
အောင်သွယ်တော် အမျိုးသမီး နှစ်ဦးအနက်မှ တစ်ဦးက လှမ်းကြည့်လိုက်ရင်း ပန်းဟွာကိုပြောလိုက်၏။
"မြန်မြန်ပြင်ဆင်ရအောင်"
ပန်းဟွာ မတ်တပ်ထရပ်ပြီး အခန်းပြတင်းပေါက်ကိုဖွင့်လိုက်သည်။ အပြင်ဘက်မှ နေရောင်ခြည်က တောက်ပနေသည်။သူမ မတ်တပ်ထလိုက်သည်ကို အစေခံမြင်သောအခါ အလန့်တကြားပြောလေ၏။
"ကျွင်းကျူး၊ အိပ်ယာကနေထလို့မရသေးပါဘူး"
"ရပါတယ်၊ကျွန်မလည်း လူပဲလေ၊ကိုယ် လုပ်ချင်တာကို လုပ်ခွင့်ရှိတာပေါ့"
ပန်းဟွာ ပြုံးပြီး လက်ဖဝါးကိုဖြန့်လိုက်သည်။ သူမ လက်ချောင်းများကြားတွင် နေရောင်ကျနေသည်ကို ကြည့်နေပြီး "စည်းကမ်းတွေဆို သူများတွေ အမြင်မှာတင့်တယ်အောင် လုပ်ထားတာ၊တကယ်တမ်းတော့ ကိုယ် အဆင်ပြေဖို့ အဓိကပဲမဟုတ်လား"
ပန်းဟွာနှင့် ရုံရှား လက်ထပ်ထိမ်းမြားရန် အောင်သွယ်သူမှာ ဧကရာဇ် ယွင်ချင် ဖြစ်သည်။သို့သော် အောင်သွယ်လုပ်သူ ဧကရာဇ်အနေဖြင့် ကျင့်ထင်အိမ်တော်သို့ ကိုယ်တိုင်ကိုယ်ကျ မလာရောက်နိုင်ပေ။ ထို့ကြောင့် ဤ အောင်သွယ်အမျိုးသမီး နှစ်ယောက်အား စီစဉ်ခဲ့သည်။ထိုအမျိုးသမီးခမျာ ပန်းဟွာ၏စကားကြောင့် ပျာယာခတ်နေသည့်ကြားမှပင် ကြောင်စီစီဖြစ်သွား၏။သို့သော်လည်း သူမ ပန်းဟွာက်ု တစ်ခွန်းတစ်လေပင်ပြန်မပြောရဲချေ။
ထုစဉ် ချန်မာမားက ပန်းဟွာ နံဘေးကို လျှောက်သွားပြီး မေးလိုက်၏။
"ကျွင်းကျူး စိတ်ထဲမှာ စိတ်ပူနေတာလား"
ပန်းဟွာက ခြံအပြင်ဘက်မှ သလဲသီးပင်ကို ကြည့်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။
"ဖီးနစ် ခေါင်းဆောင်းပေးပါ"
ရုံရှားသည် မင်္ဂလာပွဲရှိ နောက်ပါလူများ၏ အကူအညီဖြင့် နောက်ဆုံးတွင် ဝန်းရံထားသော လူများကိုဖြတ်ကျော်ကာ ပန်းဟွာ၏ခြံဝင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။ မင်္ဂလာပွဲအခမ်းအနား၏ နောက်ပါ သခင်လေးများသည် ခြံအပြင်ဘက်တွင် ရပ်နေရပြီး အထဲဝင်ရန် အဆင်မပြေပေ။
တံခါးအပြင်မှာ စောင့်နေသူက ပန်းဟမ်ဖြစ်ပြီး ခရမ်းရောင် ဘရိုကိတ် ၀တ်စုံကို ဝတ်ဆင်ထားသည်။မင်္ဂလညရှိသော အချိန်အခါဖြစ်သော်လည်း သူ့မျက်နှာတွင် ပျော်ရွှင်မှုအရိပ် အယောင်မရှိခဲ့ပေ။
"ကောကုန်းချမ်အမ်"
" ညီလေးဟမ်၊ အစ်ကို့ကို အစ်ကိုလို့ခေါ်လို့ရပါတယ်"
ပန်းဟမ် သူ့အနောက်က တံခါးကို လှမ်းကြည့်ရင်း ပြောသည်။ "မင်္ဂလာပွဲကို စတင်ဖို့ အစ်ကို ကဗျာမရွတ်လည်း ရပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ မိသားစုက ဘယ်သူမှ ကဗျာကို စိတ်မဝင်စားဘူး"
ခြံအပြင်ဘက်မှာ ရပ်နေသည့်လူများလည်း သူတို့ကိုယ်စား ရှက်သွားရ၏။ ပန်းဟမ် က အရမ်းတိုက်ရိုက်ကြီး ပြောနေတာ၊ နည်းနည်းတော့ မသင့်တော်ဘူးမဟုတ်လား။
"အစ်မက အရမ်းတော်တဲ့ မိန်းကလေးပါ၊အစ်ကို သူမကို တကယ်သာ ကောင်းပေးရင် သူမကလည်း ပြန်ကောင်းပေးမှာပါ၊ သူမ ငယ်ငယ်ကတည်းက ဘယ်လို မကောင်းတာမျိုးကိုမှ ကြုံဖူးတာမဟုတ်ဘူး၊ အစ်ကို သူမကို ကောင်းပေးပါ"
ရုံရှား နောက်သို့တစ်လှမ်းပြန်ဆုတ်ပြီး ပန်းဟမ် ကို လေးလေးနက်နက် ဦးညွတ်လိုက်၏။
" စိတ်မပူပါနဲ့၊ အစ်ကို ပန်းဟွာကို သိတ်ချမ်းသာအောင် ပျော်ရွှင်အောင် ထားမှာပါ၊ သူမအတွက် ဘယ်လိုမကောင်းတာမျိုးမှ မဖြစ်စေရပါဘူး"
ပန်းဟမ် ရင်ဘတ်ကို တည့်တည့်မတ်မတ်ထားပြီး သူ့ကိုယ်သူ ပိုကြည့်ကောင်းအောင် ကြိုးစားလိုက်သည်။
"အစ်ကို ပြောတဲ့အတိုင်း လုပ်မယ်လို့ မျှော်လင့်ပါတယ်၊ ကျွန်တော်တို့ ပန်းမိသားစုက ကောလာဟလတွေကို မကြောက်ပါဘူး၊ အစ်ကိုသာ အစ်မကို ကောင်းကောင်း မဆက်ဆံရင် သူမကို ပြန်ခေါ်ပါမယ်"
သတို့သမီးသည် အိမ်မှပင် မထွက်လာရသေးသော်လည်း သူမကို ပြန်ခေါ်ရန် တွေးနေပြီဖြစ်သည်။ ပန်းမိသားစုအတွက်ကတော့……ဒါမျိုးက သိပ်ထူးခြားတာတော့ မဟုတ်ပါဘူး။
ရုံရှားက ပိတ်ထားသည့် တံခါးနားကို လျှောက်သွားပြီး ပြောလိုက်၏။
"ဒီနေ့ ပန်းမိသားစု ရဲ့ သမီးလေးကို ကျွန်တော် လက်ထပ်လိုက်ရတာ သိပ်ကို ကံကောင်းပါတယ်၊ ပထမ၊ ကျွန်တော် ကတိကို ဖျက်မှာမဟုတ်ဘူး၊ ဒုတိယ၊ကျွန်တော် သူမကို ကောင်းကောင်းမွန်မွန်ဆက်ဆံပါ့မယ်၊ နတိယ၊ အမြဲတမ်း သူမ စိတ်ချမ်းသာအောင်ထားပါမယ်၊ ဒီကတိတွေ ချိုးဖြောက်မိရင် ကျွန်တော် နာမည်ပျက်ပါစေ၊ ကျွန်တော့်ဘဝလည်း အဆုံးသတ်မကောင်းပါစေနဲ့"
နာမည်ကောင်းရှိသည့် သူ့လို အရပ်ဘက်အရာရှိတစ်ယောက်အတွက် ဤကတိက အတော်ရက်စက်ပေသည်။
တံခါးနောက်ကွယ်တွင် ပန်းဟွာသည် ဖီးနစ် ခေါင်းဆောင်းကို တပ်ဆင်ထားသည်။ ရုံရှား၏စကားကိုကြားသောအခါ သူမ မျက်လုံးမှိတ်ထားပြီး မင်္ဂလာခေါင်းဆောင်းပုဝါအား အုပ်စေလိုက်လေသည်။ယခုဆို သူမ ရှေ့က အရာအားလုံးမှာ နီရဲနေတော့သည်။
"အစ်မ"
ပန်းဟမ်က သူမ ရှေ့ကိုလျှောက်လာ၏။ပန်းဟွာကလည်း မောင်ဖြစ်သူ၏ ပုခုံးပေါ် ခေါင်းလေးတင်ကာ မှီထားလိုက်၏။သူမ ကာကွယ်ပေးခဲ့သည့် ကောင်ငယ်လေးက သတိမထားမိချိန်မှာပငါ ကြီးပြင်းလာခဲ့ပါပြီ။ သူ၏ပခုံးများသည် ကျယ်ဝန်းပြီး လက်များကလည်း သန်မာကြံ့ခိုင်နေပြီဖြစ်သည်။ သူသည် ပန်းမိသားစုအတွက် ကောင်းကင်နှင့် မြေကြီးကိုပါ ထိန်းထားနိုင်သာ်အထိ သန်မာလာပြီဖြစ်သည်။
ရောင်စုံစက္ကူများသည် လေထဲတွင် တဖျပ်ဖျပ်လွင့်နေကာ မီးရှူးမီးပန်းသံများနှင့် အစေခံများ၏ ကြေငြာချက်များကသာ ပန်းဟွာသည် အတွင်းတံခါးနှင့် ဒုတိယတံခါးကို ဖြတ်သွားသည်ကို သိလိုက်သည်။ ခဏလောက် လမ်းလျှောက်ပြီးနောက် သူမသည် ပန်းမိသားစု၏ ပင်မတံခါးပေါက်မှ ထွက်လာခဲ့သည်။
"စည်းစိမ်ဥစ္စာဂုဏ်တွေ ပွင့်လန်းပြီး ကံကောင်းခြင်းတွေ လာပါစေ"
ဤသည်မှာ အကွေ့အကောက်များသော စင်္ကြံကိုးခုဖြစ်သည်။ သူမသည် ဤနေရာတွင် အမြဲလိုလိုရွှေငါးလေးများနှင့်အတူဆော့ကစားနေတတ်ခဲ့၏။
"ကံကြမ္မာ ကောင်းတွေ၊ အသက်ရှည်ကျန်းမာခြင်းတွေညရောက်ရှိလာပါစေ"
ဤနေရာမှာလည်း ခေါင်ရမ်းပင်တစ်ပင် စိုက်ထားသည်။ပန်းများပွင့်လျှင် သိပ်လှသည်။
" ချစ်စရာကောင်းတဲ့ သားသမီးမြေးမြစ်တွေ ပိုင်ဆိုင်ပါစေ"
ဤနေရာတွင် လှေကားထစ်အနည်းငယ်ရှိသည်။နောက်ထပ်လှေကားတစ်ကွေ့ကိုသာ ထပ်ဖြတ်ပြီးပါက သူမသည် ပင်မတံခါးမှ လုံးလုံးထွက်လာမည်ဖြစ်သည်။သူမ ဘာကိုမှ သဲသဲကွဲကွဲ ဘာမှမမြင်ရသော်လည်း ဤနေရာတို့နှင့် ရင်းနှီးနေ၍ အားလုံးသိနေသည်။
xxxxx