♎️Chapter 82
ဖုယွမ်ကျိုးမှာ ယွမ်ယဲ့ကသူ့စကားကို ဘယ်လောက်အထိနားထောင်ပြီး ဘယ်လိုဆုံးဖြတ်မည်မှန်းမသိတော့ပေ။
သူထပ်ပြောရန်ကြိုးစားသေးသော်ငြား ခြေသံကြားလိုက်ရသောကြောင့် ချက်ချင်းခေါင်းထောင်ပြီး ဘေးဘီကိုကြည့်လိုက်မိလေသည်။
"ဘယ်သူလဲ..."
သူသည်ကား ချန်ကျစ်ဟန်ခိုးနားထောင်နေမည်ကို မစိုးရိမ်ပေ။ ယွမ်ယဲ့ကလူရိုက်ခဲ့ပြီး ကျောင်းထုတ်ခံရလုနီးဖြစ်ခဲ့သည့်ကိစ္စကို တစ်ယောက်ယောက်ကြားသွားမည့်အရေးကိုသာစိတ်ပူပန်နေခဲ့သည်။ သို့သော်လည်း ထိုယောကျ်ားလမ်းလျှောက်ပုံကမြန်လွန်း၍ ဖုယွမ်ကျိုးမှာ သံသယဖြစ်စရာမတွေ့လိုက်ရသည့်တိုင် စိတ်ပူနေမိဆဲပင်။
"ဘာမှမရှိပါဘူး...စိတ်အေးအေးထားပါ..."
ယွမ်ယဲ့က ဘယ်အရာမှဂရုမစိုက်သလို သူ့ထက်ပိုပြီးတည်ငြိမ်နေလင့်ကစား ဖုယွမ်ကျိုးစိတ်ပူနေပုံကိုကြည့်ပြီး ပြုံးလိုက်သည်။
"မင်းသိပါတယ်...အင်း ...အဖေက အရမ်းသဘောကောင်းနေတာ..ဆိုတော့ ငါအပြင်မှာထွက်နေဖို့ကိုစိတ်မပူတော့ဘူး..."
ဖုယွမ်ကျိုးက သူ့ကိုဆတ်ကနဲကြည့်ပြီး WeChat ကိုဖွင့်ကြည့်လိုက်သည်၊၊ ပါပါးယွမ်နာမည်ကို အင်တာနက်တွင်ရိုက်ရှာလိုက်၏။ ငိုးတဲ့မှ..သူတကယ်ကြီးစိတ်ပူဖို့မလိုဘူးပဲ။
ယွမ်ယဲ့ လက်တွင်ဒဏ်ရာရချိန်က ကုသခဲ့ရသည့်အခါ ပါပါးယွမ်က ဆရာဝန်ကောင်းတစ်ယောက်နှင့်ဆက်သွယ်ပေးထားခဲ့သည်။ ယွမ်ယဲ့ကလည်းလုံးဝမသိခဲ့ပေ။
ထိုအကြောင်းတွေးမိသည့်အခါ ဖုယွမ်ကျိုးမှာ မဆိုသလောက်လေးစိတ်ဓာတ်ကျသွားမိသည်။ ယွမ်ယဲ့သာ အစတည်းက မိသားစုနှင့်အဆက်အသွယ်မဖြတ်ခဲ့လျှင် နောင်အနာဂတ်၌ ယခုလောက်ကြိုးစားနေရန်မလိုတော့ပေ။ ဒဏ်ရာမရတော့သည်လည်း ဖြစ်သွားနိုင်၏။ ယွမ်ယဲ့က ဒဏ်ရာရသည့်အကြောင်းမပြောခဲ့လျှင်ပင် ပါပါးယွမ်က ထိုကိစ္စကို ကျိန်းသေစုံစမ်းလိမ့်မည်။ သို့သော် ကံဆိုးပြီး 'အကယ်၍' သာမရှိခဲ့ပါမူ ယွမ်ယဲ့တစ်ယောက်တည်းသာ အရာအားလုံးကိုရင်ဆိုင်ရပေမည်။
သည်တခေါက်တွင် ယွမ်ယဲ့ကပေါ့ပေါ့ပါးပါးပင်ပြောလာ၏။
"သူကသိက္ခာအကျမခံနိုင်လို့ လုပ်ပေးမယ်တဲ့...ပြောရရင် ငါ့ရဲ့အမည်းစက်ကို မကြီးလာစေချင်ဘူးပေါ့..."
"ငါကအဲဒီလိုပြောတာမဟုတ်..."
ဖုယွမ်ကျိုး စဥ်းစားကြည့်လိုက်သည်။ ထိုသူကို စကားနည်းနည်းဖြင့်သိမ်းသွင်းလိုက်ပြီးနောက် ခြေသံများကတဝုန်းဝုန်းထွက်လာပြန်သည်။တပြိုင်တည်းမှာပင် ယွမ်ယဲ့အသင်းမှအဖွဲ့ဝင်တစ်ယောက်ကလည်း ယွမ်ယဲ့ကိုလှမ်းခေါ်လာလေသည်။
သူသည် ချက်ချင်းပါးစပ်ပိတ်လိုက်ပြီး ယွမ်ယဲ့ကသူ့အားပြုံးပြလာသည်။
"မပျော်မရွှင်ဖြစ်မနေပါနဲ့...ဒီနေ့ငါကချန်ပီယံလေ..ဒီတော့ ငါ့အတွက်ပျော်ပေးဦး...ငါမင်းပြောသလိုစစ်ဆေးကြည့်လိုက်ပါ့မယ်...မပူပါနဲ့..."
သူသည် ဖုယွမ်ကျိုးခေါင်းကိုထပ်ကိုင်လိုက်ပြီး နှုတ်ဆက်ကာ အသင်းဖော်ထံထွက်သွားလေတော့၏။ သူတို့က ထုံးစံအတိုင်း ဂုဏ်ပြုပွဲအနေဖြင့်စားသောက်ကြဦးမည်။
ဖုယွမ်ကျိုးလည်း လှည့်ပြန်လာလိုက်သည်။ ရှဲ့လင်က သူပြန်လာသည်အထိရှိနေဆဲပင်။ သူတို့နှစ်ယောက် အိမ်ကိုအတူပြန်လာခဲ့ကြသည်။ လမ်းတွင် ဖုယွမ်ကျိုးက ချန်ကျစ်ဟန်အကြောင်းပြောလာပြီး ရှဲ့လင်ကတုံ့ပြန်လာခဲ့သည်။
"သူကမကျွမ်းကျင်မှတော့...အသင်းထဲမှာနေလို့ရမှာမဟုတ်ဘူး.."
"ငါတို့ဘာလုပ်လို့ရသေးလဲ..."
ဖုယွမ်ကျိုးမှာ အတော်လေးစိတ်ဖိစီးနေရလေပြီ။ ဖြစ်နိုင်လျှင် သူ ချန်ကျစ်ဟန်အကြောင်းကိုဖွပစ်လိုက်ချင်ပြီး ထိုကိစ္စများက ကြီးသည်လည်းမဟုတ် သေးသည်လည်းမဟုတ်ပေ။သို့သော် သူသာ အသေအချာမကိုင်တွယ်နိုင်ပါက ယွမ်ယဲ့အပါအဝင် အသင်းတစ်သင်းလုံးက အရှုပ်အထွေးကြားထဲတွင်ပိတ်မိသွားလိမ့်မည်။ သည့်အပြင် ချန်ကျစ်ဟန်က အဖွဲ့မှမခွဲထွက်ခင် လက်ထောက်ခေါင်းဆောင်အဖြစ်ရှိနေသေးသောကြောင့် အေးအတူပူအမျှခံရလိမ့််မည်သာ။
သူသည် ရက်အနည်းငယ်ကြာသည်အထိ ထိုကိစ္စကိုသာတွေးနေမိသော်လည်း သည်တကြိမ်တွင်မူ မျှော်လင့်မထားဘဲ အလှည့်အပြောင်းတစ်ခုဖြစ်သွားခဲ့သည်။
ရက်အနည်းငယ်ကြာတွင် အသင်းဘက်မှ ချန်ကျစ်ဟန်ကို စတားလိုက်နှင့် ခွန်အားချင်းယှဥ်စရာမရှိသည့် အာတိတ်ရေခဲဟု အမည်ရသော အသင်းမှစာချုပ်ချုပ်လိုက်ကြောင်းကြေညာခဲ့သည်။ တချိန်တည်းမှာပင် ယွမ်ယဲ့ကို စတားလိုက်မှခေါ်ခဲ့ပြီး နှစ်ယောက်လုံးက အသင်းတစ်သင်းစီရောက်သွားခဲ့ကြသည်။
ဖုယွမ်ကျိုး ယွမ်ယဲ့ထံမှပြန်ကြားခဲ့ရသည်မှာ အာတိတ်ရေခဲအသင်းက ချန်ကျစ်ဟန်ကို အရင်ခေါ်ခဲ့ပြီး ကမ်းလှမ်းလာသည့်အခွင်အရေးတိုင်းက မက်လောက်စရာပင်ဖြစ်လေသည်။ ချန်ကျစ်ဟန်က စာချုပ်ကိုချက်ချင်းလက်မှတ်ထိုးခဲ့ပြီး သူကလွတ်လပ်သောကစားသမားဖြစ်ကြောင်းကြေညာကာ မူလအသင်းမှထွက်သွားခဲ့သည်။သို့သော်လည်း အာတိတ်ရေခဲအသင်းက ယွမ်ယဲ့ကိုမခေါ်ခဲ့လေရာ ယွမ်ယဲ့မှာ အရိုးများသည်၊ ချေးခါးသည်မရွေးနိုင်တော့ဘဲ စတားလိုက်ကိုတန်းသွားခဲ့သည်။ အခြားအသင်းဖော်များက စတားလိုက်၏ဒုတိယမြောက်အသင်းတွင်လက်မှတ်ထိုးခဲ့ကြသည်။ သူတို့၏အရည်အချင်းအရ အတန်အသင့်မျှော်လင့်ထားနိုင်လေ၏။
ဤသို့ဖြင့် အယ်လ်လာနိုအသင်းတွင် ချန်ကျစ်ဟန်တစ်ယောက်တည်းကသာ အာတိတ်ရေခဲအသင်းကိုသွားခဲ့ပြီး ကျန်သူအားလုံးက စတားလိုက်ကိုရောက်သွားကြသည်။
သို့သော်လည်း စာချုပ်ချုပ်ပြီးသည်နှင့် မကြာမီမှာပင် ချန်ကျစ်ဟန်၏အောက်ဖဲအားလုံး ရုတ်တရက်လှန်ခံလိုက်ရသည်။ မတိုင်ခင်က ဖုယွမ်ကျိုးရှာတွေ့ထားသည်ထက်ပင်ပိုများပြီး ပိုပြီးလည်းဆိုးရွားနေခဲ့သည်။ ဘယ်သူကတူးထုတ်လိုက်လဲမသိရပေ။
မတော်တဆမှုက အတော်လေးကြီးမားခဲ့ကာ အင်တာနက်ပေါ်တွင် ဝေဖန်သံလှိုင်းလုံးကြီးက ပြန့်ကားသွားခဲ့သည်၊၊ ၎င်းတို့က အာတိတ်ရေခဲအသင်းနှင့် ချန်ကျစ်ဟန်တို့၏စာချုပ်အကြောင်းကို ဝေဖန်ခဲ့ကြသော်လည်း အသင်းက မည်သည့်ထုတ်ပြန်ချက်မှမပြန်ကြားလာခဲ့ပေ။
အောက်ဖဲမြင်လိုက်မှ ဖုယွမ်ကျိုးမှာ ယခင်ဘဝက ယွမ်ယဲ့၏လက်ဒဏ်ရာက ချန်ကျစ်ဟန်ကြောင့်ဖြစ်ခဲ့ရမှန်း ပိုသေချာနိုင်ခဲ့သည်။ သူသည်ကား ဒေါသထွက်လွန်း၍ပေါက်ကွဲမိတော့မတတ်ပင်။ အင်တာနက်ပေါ်မှ ချန်ကျစ်ဟန်၏အတင်းအဖျင်းများကိုမြင်ပြီး ဝမ်းသာလုံးဆို့မိသေး၏။ တချိန်တည်းမှာပင် ၎င်းတို့အားလုံးကိုဖော်ထုတ်လိုက်နိုင်သည့်သူက တကယ်အရည်အချင်းရှိကြောင်း တွေးလိုက်မိသေးသည်။
အဲဒီလူက ယွမ်ယဲ့နဲ့စကားပြောနေတာကို ခိုးနားထောင်သွားတဲ့လူများလား။
ဖုယွမ်ကျိုးစိတ်ထဲတွင် ခန့်မှန်းချက်တစ်ခုက ဖျတ်ကနဲဝင်လာလေသည်။ သို့သော်လည်း ထိုသို့ပြောရန်မှာတိုက်ဆိုင်လွန်းလှချေ၏။ မဖြစ်နိုင်မှန်းသိနေ၍ သူပြုံးရုံသာပြုံးလိုက်ပြီး ထိုကိစ္စကိုဘေးဖယ်ထားလိုက်သည်။
ယခုလေးတင် သူ့စိတ်အခြေအနေကသာယာနေခဲ့သော်လည်း မကြာမီဒေါက်တာစွင်းက သူ့အားသတင်းဆိုးပို့လာသည့်အခါ သူသည်ကား နောက်တဖန်လဲပြိုသွားရပြန်လေသည်။
ဒေါက်တာစွင်းသည် ယခင်ကရှန်းရှီကောနေခဲ့သည့် စိတ်ကျန်းမာရေးစင်တာသို့ဆက်သွယ်ကြည့်ခဲ့၏။ သူတို့ပြောကြားချက်အရ ရှန်းရှီကောမှာ ကုသမှုကိုပူးပေါင်းပေးနေရင်း ရုတ်တရက်ထွက်သွားခဲ့ကာ အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။ ယင်းက ၎င်း၏စိတ်မတည်မငြိမ်ဖြစ်နေမှုကိုဖော်ပြနေခြင်းပင်။
ဒေါက်တာစွင်း: "အရင်ကထက်တောင်ဆိုးသွားနိုင်တယ်...သူကဗြုန်းစားကြီးထွက်သွားတာ..ဖုန်းကလွဲပြီး ဘာမှယူမသွားဘူး...ပေးထားတဲ့ဆေးတွေလည်းလွှင့်ပစ်လိုက်တယ်..."
ဖုယွမ်ကျိုးမှာ ဒိတ်ကနဲဖြစ်သွားရသည်။ ထိုအချိန်က သူအိမ်တွင်ရှိနေခဲ့သည်။ ရှန်းရှီကောဘယ်တော့မှ ပြန်မလာနိုင်တော့မှန်းလည်းသိနေခဲ့သည်။ စိတ်ကျန်းမာရေးစင်တာတွင် သူ့အပိုင်ပစ္စည်းများကိုထားခဲ့သလို ဗီလာကိုပါစွန့်ပစ်ထားခဲ့သည်။
တန်ဖိုးနှစ်ခုကို နှိုင်းယှဥ်မရသော်လည်း ဖုယွမ်ကျိုး၏ခံစားချက်က အတော်လေးဆိုးရွားနေခဲ့သည်၊၊
အထူးသဖြင့် ရှေ့နေအများအပြား တံခါးဝကိုရောက်လာသောကြောင့် စိုးရိမ်စိတ်များပိုများလာ၏။
သူတို့က အာတိတ်ရေခဲအသင်းမှ ရှေ့နေအဖွဲ့ဖြစ်ပြီး ရောက်လာရသည့်အကြောင်းအရင်းက အသင်း၏ရှယ်ယာအများစုကို ဖုယွမ်ကျိုးထံလွှဲပေးရန်ဖြစ်လေသည်။
"ဒီလိုနဲ့ပဲ..မင်းကအသင်းရဲ့ရှယ်ယာဝင်တစ်ယောက်ဖြစ်သွားပါပြီ..."
ရှေ့နေက အဓိပ္ပါယ်တမျိုးဖြင့်ဆိုလာခဲ့၏။
"မင်းမှာ အဖွဲ့ဝင်တွေကိုထွက်သွားခိုင်းမလား...ဆက်နေခိုင်းမလား ဆုံးဖြတ်ခွင့်ရှိတယ်..ဥပမာ အသစ်ဝင်လာတဲ့ချန်ကျစ်ဟန်..."
"အခုအချိန်မှာတော့...အခြားအသင်းတွေက ချန်ကျစ်ဟန်ကိုစာချုပ်ချုပ်ချင်မှာမဟုတ်ဘူး.."
ထိုသူ၏လက်ထောက်ကတိုက်ရိုက်ပင် ရှင်းပြလာခဲ့လေသည်။
"သူ့ကိုဘယ်လိုဖြေရှင်းမှာလဲ..သူ့ရဲ့ပရိုဖက်ရှင်နယ်ဖြစ်ချင်တဲ့မျှော်လင့်ချက်ကို မင်းကြောင့်နဲ့ပျက်စီးခံရမှာလား..."
ဖုယွမ်ကျိုးမှင်သက်သွားလေသည်။ သူ့အတွက် ချန်ကျစ်ဟန်ကိုဖြေရှင်းရန်မှာ နောက်မှဖြစ်ပြီး အာတိတ်ရေခဲ၏ရှယ်ယာကိစ္စကမူ သူ့အားထိတ်လန့်စေခဲ့သည်။ ရှယ်ယာအားလုံးကရောင်းချထားပြီးသားဖြစ်နေပါက ပိုက်ဆံပမာဏမှာ အတော်လေးများလောက်သည်။ ဘယ်သူကများ သူ့အားပို့ပေးလိုက်ပါသနည်း။
ယခုလိုလုပ်မည့်သူက တစ်ယောက်သာရှိတော့သည်။
ရှန်းရှီကော။
ချန်ကျစ်ဟန်ကို မက်လုံးပေးပြီးမြူစွယ်ထားသည့်ကိစ္စဖြစ်စေ။ အင်တာနက်ပေါ်တွင် ဗြုန်းစားကြီးပေါ်လာသည့်အပုပ်အပွသတင်းများနှင့် အင်မတန်မြန်ဆန်သည့်ထိုးနှက်ချက်များ၊ သူလိုချင်သမျှပေးမည့်သဘောထား၊ အားလုံးက ရှန်းရှီကော၏အကျင့်များပင်။
ဖုယွမ်ကျိုး တိတ်ဆိတ်သွားလေသည်။ ဖုန်းကိုထုတ်ကာ အာတိတ်ရေခဲအသင်းနောက်ကွယ်မှ ကုမ္ပဏီကိုရှာကြည့်လိုက်ရာ ရှန်းရှီကောအဖေဖြစ်နေလေ၏။
ထိုနေ့က ခြေသံများနှင့်ရှန်းရှီကောရှိနေသည့်အကြောင်းအရင်းကိုတွေးကြည့်သည့်အခါ အဖြေက ပကတိရှင်းလင်းသွားလေပြီ။
ရှေ့နေ့က သူ့အမူအရာကိုမြင်သွားပြီးရှင်းပြလာခဲ့သည်။
"ကျွန်တော့်အမှုသည်က အရင်ကကိစ္စတွေအတွက် တောင်းပန်တဲ့အကြောင်းပြောခိုင်းလိုက်ပါတယ်...ပဲနီစေ့တစ်ပြားပဲဆိုရင်တောင် ပြန်လျော်ပေးချင်ပါတယ်တဲ့...နောင်မှာ အကောင်းဆုံးဘဝရပါစေလို့လည်း ဆုတောင်းပေးပါတယ်တဲ့..."
"ပြီးတော့ရော"
ဖုယွမ်ကျိုး မေးကြည့်လိုက်၏။
ရှေ့နေက ခေါင်းခါပြလာသည်။
"သူ့ကိုဆက်သွယ်ဖို့ရော"
ဖုယွမ်ကျိုးက ရုတ်တရက်ထရပ်လိုက်မိ၏။
"ကျွန်တော်သူ့ကိုဆက်သွယ်ချင်လို့ပါ..."
ရှေ့နေက သူတောင်းဆိုသည်ကိုမငြင်းဘဲ ဖုန်းနံပါတ်ပေးလိုက်သည်။ သူ့ဖုန်းနှင့်ဆက်သွယ်နိုင်သော်လည်း မခေါ်တော့ဘဲ ရှေ့နေဖုန်းနှင့်ခေါ်လိုက်၏။ တဖက်က ချက်ချင်းဖုန်းကိုင်ခဲ့သည်။
"ဘာဖြစ်လို့လဲ..."
ရှန်းရှီကောအသံက ဖုန်းတဖက်မှထွက်ပေါ်လာလေသည်။
"သူကရှယ်ယာမလိုချင်ဘူးတဲ့လား..."
"ရှန်းရှီကော" ဖုယွမ်ကျိုးက သူ့အားခေါ်လိုက်သည်။
"......"
တဖက်က တိတ်ဆိတ်သွားခဲ့သည်။ သူ၏အသက်ရှူသံကပင် တိုးညှင်းနေသယောင်။
ဖုယွမ်ကျိုးကသူ့ကိုမေးလိုက်သည်။
"မင်းဒါကဘာသဘောလဲ..."
"တောင်းပန်ပါတယ်..."
အတန်ကြာသည်အထိ ဆိတ်ငြိမ်နေပြီးမှ ရှန်းရှီကောကပြန်ဖြေလာခဲ့သည်။
"အဲဒီနေ့က မင်းနဲ့ယွမ်ယဲ့ စကားပြောနေတာကိုကြားလိုက်တယ်..ကိုယ်မင်းအတွက် တကယ်ကိုတစ်ခုခုလုပ်ပေးချင်လို့ပါ...မင်းထပ်ပြီးစိတ်ဆိုးပြန်ပြီမလား..."
ဖုယွမ်ကျိုး: "ငါစိတ်မဆိုးဘူး...မင်းရဲ့လက်ဆောင်ကိုလည်းလက်မခံနိုင်ဘူး..."
"ကိုယ်မင်းကိုပြန်လျော်ပေးချင်ပေမဲ့ ဘာလုပ်ပေးရမှန်းလည်းမသိဘူး...ကိုယ်အရမ်း အပြစ်ရှိသလိုခံစားနေရလို့ပါ...ကိုယ်မင်းကို ထိခိုက်အောင်လုပ်ခဲ့တယ်...မင်းလည်းကိုယ့်ကိုကြောက်သွားခဲ့တယ်...ကိုယ်နားလည်နိုင်ပါတယ်...ဆောရီး.."
ဖုယွမ်ကျိုး ပြန်မပြောမိတော့ပေ။ အလွန်အမင်း စိတ်အဆင်မပြေဖြစ်မှုကိုသာခံစားနေရလေသည်။
ရှန်းရှီကော: "မင်းကဒီလိုလျော်ပေးတာမကြိုက်ရင်လည်း ထားလိုက်တော့...အစကတော့ မင်းကို ချန်ကျစ်ဟန်နဲ့လူချင်းတွေ့ခိုင်းပြီး ပျော်အောင်လုပ်ပေးမလို့ပဲ...ဒီကိစ္စကြောင့် ကိုယ်အသင်းကို ချန်ကျစ်ဟန်နဲ့စာချုပ်ချုပ်ထားတာဖျက်ခိုင်းမယ်ပေါ့..."
"မင်းမကြိုက်ရင် နောက်တမျိုးပြောင်းလိုက်မယ်လေ...မပူပါနဲ့...ကိုယ်မင်းအရှေ့မှာ ထပ်ပြီးမပေါ်လာတော့ပါဘူး... ဘယ်တော့မှပေါ့.."
"ကျေးဇူးတင်ပါတယ်..ဖုယွမ်ကျိုး..."
ထိုသူက ခေတ္တမျှ ရပ်သွားပြီးနောက်မှ ခပ်တိုးတိုးလေးသူ့နာမည်ကို တိုးတိုးလေးခေါ်လာခဲ့သည်။
"ရှန်းရှီကော? ရှန်းရှီ-"
တဖက်ကဖုန်းချသွားပြီး သူနောက်တကြိမ်ထပ်ခေါ်သည့်အခါ တဖက်ကဖုန်းပိတ်ထားလိုက်ပြီ။
သူ့ရင်ထဲတွင် အတိတ်နိမိတ်မကောင်းသည့် ခံစားတမျိုးပွင့်အာလာလေသည်။ ရှန်းရှီကောအသံက လုံးဝဆုံးဖြတ်ထားသလိုဖြစ်နေသည်။ သူနှင့်ထပ်မတွေ့တော့သလိုမျိုး..လောကကြီးကိုနှုတ်ဆက်သွားတော့မလိုမျိုး။
"သူဘယ်မှာလဲ..."
ဖုယွမ်ကျိုးမျက်လုံးများက နီရဲနေသည်။ ရှေ့နေ၏အင်္ကျီကော်လာကိုပင် ဆုပ်ကိုင်ထားမိ၏။
"ပြောစမ်းပါ...သူဘယ်မှာလဲလို့!"
ရှေ့နေသည်ကား ရှန်းရှီကောထွက်သွားသည့်နေရာကိုသာသိထားပြီး သူ့ကိုယ်သူထိန်းကျောင်းနိုင်လိမ့်မည်ဟု ယူဆထားပုံပေါ်သည်။ သူပင်ရှာမတွေ့လျှင် ရှန်းရှီကောဘယ်နေရာထွက်သွားမှန်း မည်သူကမှသိကြမည်မဟုတ်ပေ။
ဖုယွမ်ကျိုးမှာ ရူးသွားတော့မည့်နှယ်ခံစားနေရလေသည်။ သူ ရှန်းရှီကောကိုကြောက်လည်းကြောက်ပြီး မုန်းလည်းမုန်းတီးမိသည်။ ထို့အတူ ယခင်ဘဝက ခင်မင်ခဲ့ကြပုံတို့ကိုလည်းပြန်အမှတ်ရမိသည်။ ရှန်းရှီကောအပေါ်ရှိ သူ့ခံစားချက်တို့ကအင်မတန်ရှုပ်ထွေးနေသည့်တိုင် ရှန်းရှီကောကိုမသေစေချင်သည်မှာအမှန်ပင်။
သူသည်ကား ထိုသူကိုကောင်းစွာအသက်ရှင်နိုင်ရန် မျှော်လင့်ထားခဲ့လေသည်။
နောက်ဆုံးတော့ သူ ပါပါးယွမ်ကိုအကူအညီတောင်းလိုက်ရပြီး ပါပါးယွမ်ကလည်းရှန်းရှီကောကိုလိုက်ရှာပေးမည်ဟု ကတိပေးလာလေသည်။ စောင့်ဆိုင်းနေရသည့်အတောအတွင်း ဖုယွမ်ကျိုးမှာ တညလုံး တော်တော်နှင့်အိပ်မရခဲ့ပေ။ ဆယ်မိနစ်ခန့်အိပ်မောကျသွားချိန်လေးတွင် သူအိပ်မက်မက်ခဲ့ပြန်သည်။
ဆောင်းညတစ်ည၊ သူနှင့်ရှန်းရှီကောတို့သည် အခန်းကျယ်တစ်ခုထဲတွင်ရှိနေခဲ့ကြ၏။ ပြတင်းအပြင်တွင် ဆီးနှင်းများစတင်ကျနေပြီး ရှန်းရှီကောကအပြင်ဘက်မှ ကျနေသည့်နှင်းထုကိုလှမ်းကြည့်ကာ ပြောလာခဲ့သည်။
"ကိုယ်တစ်နေ့မှာ သေသွားရင် မင်းငိုမှာလား..."
သူ့အဖြေကိုစောင့်နေရင်း ရှန်းရှီကောကဆက်ပြောနေခဲ့သည်။
"ကိုယ်သေရင်လေ..အမေ့ရဲ့မွေးရပ်မြေမှာပဲသေချင်တယ်..နှင်းကျနေတာလေးကလည်းကလှပြီး အရမ်းအေးတဲ့ရာသီရှိတဲ့နေရာလေးပေါ့...နှင်းတွေကလည်းဖြူဖွေးပြီးလတ်ဆတ်နေတာ...ဒါဆို ကိုယ်လည်းလတ်ဆတ်နေမှာ..."
"ပေါက်ကရတွေမပြောစမ်းနဲ့..."
သူကရှန်းရှီကောကိုငေါက်လိုက်သည့်အခါ ရှန်းရှီကောက ရယ်သာရယ်နေပြီး ဘာမှမပြောလာတော့ပေ။
ရှန်းရှီကောက တကယ်ပြောနေသလိုဖြစ်လာသည့်အခါ သူထိတ်လန့်လာရလေသည်။
"မင်းမသေပါဘူး...မင်းကျိန်းသေအသက်ရှင်မှာ..ပြီးတော့ ဒီလိုစကားမျိုးထပ်မပြောနဲ့..."
"......"
ရှန်းရှီကောက တခဏမျှတောင့်တင်းသွားသော်လည်း ရုတ်တရက် နူးညံ့သည့်အပြုံးဖြင့်တုံ့ပြန်လာလေသည်။
"အိုကေ...မင်းပြောတဲ့အတိုင်းပါပဲ...မင်းကအသက်ရှင်ဆိုရင် ကိုယ်အသက်ရှင်ပါ့မယ်..."
ရှန်းရှီကောအဖြေကိုကြားရသည့်အခါ သူကျေနပ်သွားပြီး သိချင်စိတ်ဖြင့်မေးလာပြန်သည်။
"မင်းအမေရဲ့မွေးရပ်မြေကဘယ်မှာလဲ..."
သူသည်ကား အဆိုပါ သဘာဝအလှအပနှင့်ပြည့်စုံနေသည့် ဒေသကိုတွေ့ဖူးချင်နေလေ၏။
"ဒီနိုင်ငံထဲမှာပဲ...နယ်စပ်အစွန်အဖျားပေါ့..."
ရှန်းရှီကောကပြန်ဖြေလာသည်။
"နယ်မြို့လေးပါ..သူ့နာမည်က.. "
ဖုယွမ်ကျိုးမျက်လုံးများက ရုတ်တရက်ပွင့်လာပြီး ချက်ချင်းပင်ဖုန်းဖွင့်ကာ လေယာဥ်ခရီးစဥ်များကိုစစ်ကြည့်လိုက်သည်။
ထိုအချိန်ကာလက နှစ်သစ်ကူးအနားကိုကပ်နေပြီး လေယာဥ်လက်မှတ်များက ကုန်နေခဲ့ပြီ။ ကံကောင်း၍ သူသွားမည့်နေရာကနာမည်မကြီးသောကြောင့် နောက်ဆုံးလေယာဥ်အတွက် လက်မှတ်သုံးစောင်ကျန်နေသေး၏။
သူသည် လက်မှတ်တစ်စောင်ကိုအော်ဒါတင်လိုက်သော်လည်း ရုတ်တရက် တစ်ခုတွေးမိသွား၍ နှစ်စောင်ဝယ်လိုက်သည်။ ထို့နောက်အဝတ်အစားလဲကာ ရိုးရိုးရှင်းရှင်းလက်ဆွဲအိတ်ကိုပြင်ဆင်ပြီး အိမ်မှလူမသိအောင်ထွက်လာခဲ့၏။
ထို့နောက် ရှဲ့လင်၏ဗီလာသော့ကိုယူကာ ရှဲ့လင်ကိုအိမ်ထဲဝင်ခေါ်လိုက်သည်။
"မင်းကိုလာနှိုးမိတာ ဆောရီး..."
သူသည် ရှဲ့လင်အိပ်ခန်းထဲအထိဝင်လာပြီး ရှဲ့လင်ကိုနှိုးလိုက်၏။
"ငါရှန်းရှီကောကိုသွားရှာမလို့..မြန်မြန်သွားမှဖြစ်မှာ..ငါအခုထွက်ရတော့မယ်...မင်းလိုက်မလား..."
ဖုယွမ်ကျိုးသည်ကား သူနှင့်အတူအဖော်လိုက်ပေးရန်လူမလိုပါချေ။ သို့သော်လည်း ရှဲ့လင်ကသူနှင့်အတူရှိချင်နေမှန်း သူသေချာပေါက်သိနေပြီး ရှန်းရှီကောကိုသွားရှာချိန်တွင် သူ့ကိုမထားခဲ့လိုပေ။
"အိုကေ..."
အခြေအနေက အရေးကြီးနေသည်ဟုပြောထားသောကြောင့် ရှဲ့လင်က အထွေအထူးထပ်မမေးတော့ဘဲ ပစ္စည်းများယူကာ ဖုယွမ်ကျိုးနှင့်အတူလိုက်လာခဲ့၏။ ရှန်းရှီကောကိုကယ်ရန်မှလွဲပြီး ဘယ်အရာမှအရေးမကြီးတော့ပေ။
မြို့နာမည်ကိုမှတ်မိနေသေး၍ ဖုယွမ်ကျိုးမှာ ကံကောင်းသွားရသည်။ လေယာဥ်ပေါ်မှဆင်းပြီးသည်နှင့် ထိုနေရာသို့ကားဖြင့်ထပ်သွားရပြန်၏။ လမ်းတဝက်တွင် နှင်းများကကောင်းကင်မှတဆင့် ထူပိန်းနေအောင်ကျလာခဲ့သည်။ သည်နေရာက နှင်းကျတတ်ပြီး ယခုရာသီတွင် ရာသီဥတုကပိုဆိုးရွားလေသည်။ နေရာတိုင်းက နှင်းများဖြင့်ဖွေးဖွေးလှုပ်နေပြီး ရှန်းရှီကောပြောသလိုပင် အင်မတန်သန့်ရှင်းသည့်အလှတရားရှိနေသည်။
သူတို့မြို့ကိုရောက်လာသည့်အခါ မနက်စောစောဖြစ်နေသည့်တိုင် အမှောင်ထုကရှိနေသေးသည်။ ဤနေရာတွင် နေထွက်ချိန်ကနောက်ကျတတ်၏။
♎️