♎️Chapter 83 [End]
ဖုယွမ်ကျိုးက ရှန်းရှီကောနှင့်တွေ့ခဲ့ဖူးသူတိုင်းကို လိုက်လံမေးမြန်းကြည့်သည်။
မတိုင်ခင်က ရှေ့နေ့ထံမှ ဓာတ်ပုံတောင်းခဲ့သည့်အပြင် ရှန်းရှီကော၏ရုပ်ရည်သွင်ပြင်ကမှတ်မိလွယ်သောကြောင့် သူ့ကိုတွေ့လိုက်သူတိုင်းကချက်ချင်းသိသွားကြပြီး လမ်းညွှန်ပေးလိုက်ကြသည်။ ရှန်းရှီကောက တောင်ပေါ်တွင်အမဲလိုက်သွားသည်ဟုပြောလာကြ၏။
ရှန်းရှီကော ဤနေရာတွင်ရှိနေသည်မှာ သေချာသွားပြီဖြစ်ရာ ဖုယွမ်ကျိုးမှာစိတ်အေးသွားပြီး နှင်းတောထဲတွင်မေ့လဲမလိုပင်ဖြစ်သွားခဲ့ရသည်။ သို့သော်လည်း မကြာမီမှာပင် စိတ်ခြောက်ခြားမှုကြောင့် ရင်ထဲတွင်တင်းကျပ်သွားရပြန်၏။ ထိုသူ တောင်ပေါ်မှပြန်မရောက်သေးသရွေ့ သူစိတ်မချနိုင်သေးပေ။
တောင်ကမမြင့်သည့်တိုင် နှင်းများကြောင့်တက်ရခက်လေသည်။ ဖုယွမ်ကျိုးသည် တောင်ပေါ်ကိုဖြည်းဖြည်းချင်းတက်လာရင်း ရှန်းရှီကောကိုအော်ခေါ်နေရ၏။
"စိတ်မပူပါနဲ့..."
ရှဲ့လင်ကသူ့လက်ကိုကိုင်ပေးထားပြီး ၎င်း၏မျက်လုံးများကတည်ငြိမ်နေလေသည်။
"ကိုယ်မင်းနဲ့အတူလိုက်ခဲ့ပေးမယ်..."
ရှဲ့လင်သည် ဖုယွမ်ကျိုးကိုအမြဲစိတ်အေးရစေပြီး အနားတွင်ရှိနေသောကြောင့် လုံခြုံသည့်ခံစားချက်က ဖုယွမ်ကျိုးကိုငိုချင်လာစေခဲ့သည်။ သူခေါင်းညိတ်ပြလိုက်ပြီး ရှန်းရှီကောအားခေါ်နေသည်ကိုရပ်လိုက်ကာ နှင်းများကိုနင်းချေရင်း တောင်ပေါ်သို့ခပ်ဖြည်းဖြည်းတက်လာခဲ့လေသည်။
နောက်ဆုံးတွင်မူ သူတို့နှစ်ယောက် တောင်ထိပ်သို့ရောက်လာခဲ့ကြ၏။ တောင်ထိပ်တွင် ထီးထီးကြီးရှိနေသောတဲတစ်လုံးကိုတွေ့လိုက်ရသည်။ ၎င်းကနှင်းများဖြင့်ဖုံးလွှမ်းနေပြီး အေးစက်သည့်လေတို့ကတိုက်ခတ်နေလေ၏။ ရေခဲနှင့်နှင်းတို့၏အနံ့များအပြင် ဓာတ်ဆီနှယ် ခပ်စူးစူးအနံ့တစ်မျိုးလည်းရောနှောနေခဲ့သည်။
ဖုယွမ်ကျိုးမျက်နှာက ပြောင်းလဲသွားခဲ့သည်၊၊ ရှဲ့လင်ကသူ့ကိုဆွဲထားပြီး ရှေ့မတိုးနိုင်အောင်တားထားလိုက်သည်။
"မသွားနဲ့တော့..."
တချိန်တည်းမှာပင် ရှဲ့လင်ကရဲကိုလှမ်းခေါ်လိုက်ပြီး ဖုယွမ်ကျိုးက တဲထဲသို့အော်ခေါ်နေလေသည်။
"ရှန်းရှီကော...ရှန်းရှီကော! မင်းအထဲမှာလား..."
"...ယွမ်ကျိုး..."
တဲထဲမှထွက်လာသည့်အသံမှာ ပျော်ရွှင်မှုနှင့် အလွန်အမင်းအံ့အားသင့်နေမှုတို့ ရောထွေးနေသည့်တိုင် သတိမထားမိစေချင်သလို ချက်ချင်းအေးစက်သွားခဲ့သည်။
"ဘယ်လိုလုပ်ရောက်လာတာလဲ..ဘာလို့...လာရှာတာလဲ..."
ဖုယွမ်ကျိုး: "ငါမင်းကိုရှာတွေ့တဲ့ကိစ္စကိုအသာထား..ထွက်လာခဲ့...အထဲမှာမနေနဲ့တော့..."
သို့သော် ရှန်းရှီကောကထွက်မလာဘဲပြောရုံသာပြောလာခဲ့သည်။
"ဟင့်အင်း...ကိုယ်ထွက်လာလို့မရတော့ဘူး..ဒီမှာအေးတယ်..တောင်အောက်ကိုမြန်မြန်ဆင်းတော့..."
"ဘာလို့ထွက်လာလို့မရတာလဲ..."
ဖုယွမ်ကျိုးကပြန်မေးလိုက်သည်။
"သောက်ရေးမပါတာတွေလုပ်မနေနဲ့..ထွက်လာပြီးငါ့ကိုလာတွေ့ချေ.."
"ဆောရီး..."
ရှန်းရှီကောကမူ ခေါင်းမာနေဆဲ။
"ရတယ်...မင်းထွက်မလာဘူးမလား..."
ဖုယွမ်ကျိုးက ရှဲ့လင်လက်ကိုဖြုတ်ချပစ်ပြီး ရှေ့တိုးသွားလိုက်သည်။
"ဒါဆိုငါလာမယ်...မင်းသေချင်နေရင် ဒီနေ့မင်းနဲ့ငါအတူသေတာပေါ့..."
"ဖုယွမ်ကျိုး!"
ရှဲ့လင်က နောက်တကြိမ် သူ့ရှေ့မှပိတ်ရပ်လိုက်ပြန်သည်။ သူ၏အမူအရာက မဆိုသလောက်လေးပြောင်းလဲသွားကာ စကားပြောသည့်အသံကအေးစက်တင်းမာလာလေသည်။
"ရတယ်..."
ဖုယွမ်ကျိုးကသူ့လက်ကိုပြန်လည်ဆုပ်ကိုင်လိုက်ရင်း နမ်းရှိုက်လိုက်လေသည်။
"ငါအဆင်ပြေပါတယ်..လွှတ်လိုက်..."
ရှဲ့လင်က သူ့ကိုမျက်တောင်မခတ်ဘဲစိုက်ကြည့်နေသည်။ ဖုယွမ်ကျိုးကသူ့အား မတုန်မလှုပ်ဖြင့်ကြည့်နေမှ ဘေးဖယ်ပေးလာ၏။ သို့ထိတိုင် သူသည်ကားနေရာတွင်ရပ်စောင့်နေမည့်အစား ဖုယွမ်ကျိုးလက်ကိုဆွဲကာ သူနှင့်အတူသွားရန်ဆုံးဖြတ်လိုက်သည်။
"မင်းတစ်ယောက်တည်းမသွားပါနဲ့..."
ဖုယွမ်ကျိုး အသက်ကိုဖြည်းဖြည်းချင်းရှူထုတ်လိုက်သည်။ အဖြူရောင်အငွေ့များက တိမ်စိုင်အဖြစ်လွင့်မျောသွားခဲ့၏။ သူသည်ရှဲ့လင်လက်ကိုအားဖြင့်ဖျစ်ညှစ်လိုက်ရင်း တဲအရှေ့သို့လျှောက်သွားလိုက်သည်။
"ရှန်းရှီကော...တံခါးဖွင့်စမ်း..."
ဖုယွမ်ကျိုး တံခါးကိုတွန်းကြည့်သည့်အခါ အထဲတွင်သော့ခတ်ထားကြောင်းသိလိုက်ရလေသည်။
"မင်းငါ့ကိုမတွေ့ချင်လည်း..မင်းထွက်လာတဲ့အထိ ငါဒီမှာပဲစောင့်နေတော့မယ်..."
အထဲတွင်မူ ပကတိငြိမ်သက်နေလေသည်၊၊ သို့သော် ခဏအကြာတွင်တံခါးပွင့်သွားပြီး ဓာတ်ဆီအနံ့ပြင်းပြင်းက သူ့မျက်နှာတည့်တည့်ကိုပြေးဝင်လာလေသည်။ ရှန်းရှီကောကတံခါးအပြင်တွင်ရပ်နေသည့်လူနှစ်ယောက်ကိုကြည့်လိုက်ပြီး မျက်လွှာချကာ နှုတ်ခမ်းတို့ကအသာကော့တက်သွားလေသည်။ ၎င်းကမျက်တွင်းဟောက်ပင်ဖြင့်ပိန်ချုံးနေကာ မျက်နှာသည်လည်းဖြူလျော်လျော်ဖြစ်နေလေ၏။
"မတွေ့ရတာတောင်ကြာပြီပဲ..."
"မင်းဘာဖြစ်ချင်နေတာလဲ..."
ဖုယွမ်ကျိုးက ၎င်း၏အင်္ကျီကော်လာကို ဆွဲကိုင်လိုက်ပြီး သူ့အားကြည့်လာစေရန်ဖိအားပေးလိုက်၏။
"ငါသာရောက်မလာရင်...မင်းမီးရှို့မလို့လား.."
သူသည်စကားပြောဆိုရာတွင်ပင် ဒေါသကိုထိန်းချုပ်မထားနိုင်ခဲ့ပေ။ ဓာတ်ဆီအကုန်ကုန်သွားမည့်အရေးကိုလည်း စိုးရိမ်ခဲ့သည်။ သူသာနည်းနည်းနောက်ကျသွားပါက မီးလောင်နေသည့်အိမ်မဟုတ်လျှင် မီးကျွမ်းထားသည့်အလောင်းကိုသာမြင်ရတော့မည်။
"ကိုယ်တောင်းပန်ပါတယ်..."
ရှန်းရှီကောက ခါးသက်သက်အပြုံးဖြင့်ပြောလာ၏။
"ကိုယ်လေ အမြဲတမ်း...မင်းကို 'တောင်းပန်ပါတယ်' ဆိုတဲ့စကားကိုပဲပြောခဲ့မိတယ်ထင်တယ်..."
ဖုယွမ်ကျိုးမှာ နည်းနည်းလေးဝမ်းနည်းလာမိသည်။ သူသည် တဖက်လူကိုဖြည်းညင်းစွာနှင့်လွှတ်ပေးလိုက်ပြီး တိုးညှင်းသည့်အသံဖြင့်ပြောလိုက်လေသည်။
"မင်း ငါ့ကိုရှယ်ယာတွေပေးတယ်..ငါမလိုချင်ဘူး..ချန်ကျစ်ဟန်..အဲဒီကောင်ကရောဘာမလို့လဲ...အဲဒီကောင်ကိုတောင်းပန်ခိုင်းရုံနဲ့ မင်းအကြွေးတွေကျေပြီထင်နေတာလား..."
သူသည် ထိုနေရာတွင်စကားခဏရပ်ပြီးမှဆက်ပြောလိုက်သည်။
"မင်းငါ့ကိုမပြောပြလည်းကိစ္စမရှိတော့ဘူး...ငါမင်းကိုအခုတွေ့နေရပြီပဲလေ..."
ရှန်းရှီကောက အသံတိတ်နေသေးသည့်တိုင် မျက်လုံးများကမူ နီရဲလာလေသည်။
ဖုယွမ်ကျိုးကသူ့ကို ဘယ်လိုနည်းနှင့်ရှာတွေ့သွားမှန်းသူမသိတော့ပေ။ သူ့ကိုရှာတွေ့သည်ကအသာထား၊ သူ့ကိုပင်တွေ့ရန် အရင်စကားစခဲ့သေးသည်။ ၎င်းအချက်နှစ်ချက်ဖြင့်ပင် သူ၏မူလဆုံးဖြတ်ချက်ကို ချက်ချင်းပျက်စီးသွားစေခဲ့သည်။
"မင်းဘာဖြစ်စေချင်လဲ..."
ခဏအကြာတွင် သူသည် ညင်သာလှသည့်အသံဖြင့်ထပ်မေးလာပြန်၏။
"မင်းပြောလိုက်...ကိုယ်ဘာပဲဖြစ်ဖြစ်ပေးမယ်..."
"တကယ်ကတိပေးတာလား.."
ဖုယွမ်ကျိုးက မေးလိုက်လေသည်။
"တကယ်ကတိပေးတယ်..."
ရှန်းရှီကောကခေါင်းညိတ်ပြလိုက်၏။
"ငါကတော့ မင်းကိုပျော်ပျော်ကြီး အသက်ရှင်စေချင်တာ..."
အံ့အားသင့်ဖွယ်စကားကိုကြားလိုက်ရပြီးနောက် ရှန်းရှီကောက သူ့အား ကြောင်တောင်တောင်ဖြင့်ကြည့်နေလေသည်။
"ငါကတော့မင်းကို ကောင်းကောင်းအသက်ရှင်ပြီးမှသေစေချင်တယ်..."
ဖုယွမ်ကျိုး ဖွင့်ထုတ်လိုက်လေ၏။
"ကောင်းကောင်းဆေးကုနေ...မင်းသက်သာလာတာကို ငါစောင့်ကြည့်နေမှာ..."
"....."
ရှန်းရှီကောမျက်လုံးမှတဆင့် မျက်ရည်စတို့လိမ့်ဆင်းလာခဲ့သည်။ ၎င်းတို့က ပါးပြင်တလျှောက်စီးဆင်းသွားရင်း ရေခဲနှင့်နှင်းတို့အကြားတွင် အသံမထွက်ဘဲပျော်ဝင်သွားခဲ့သည်။
မွေးဖွားလာတည်းက သူသည် မိခင်ဖြစ်သူ၏စိတ်ဝေဒနာရောဂါကို ဗီဇအလျောက်ခံစားလာရပြီး ပြင်းထန်သည့်စိတ်ရောဂါကိုလည်းခံစားခဲ့ရသည်။ ရှောင်ချီးနှင့်မတွေ့ခင်အထိ သူသည် ဘဝ၏အဓိပ္ပါယ်ကိုနားမလည်ခဲ့ပေ။
သူသေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ အရေးမကြီး၊ အလုံအလောက်အသက်ရှင်ပြီးလျှင် သေမည်ဟုဆုံးဖြတ်ထားခဲ့သည် ။ထိုနေ့က တဖြည်းဖြည်းနီးကပ်လာသည်ကိုလည်းသူခံစားမိနေခဲ့သည်။
သို့သော် ရှောင်ချီးကသူ့အား အတော်လေးပြောင်းလဲသွားစေခဲ့သည်။ သူအသက်ရှင်နေစဥ်အတွင်းတွင် ယခုလိုလူတစ်ယောက်နှင့်စကားပြောခွင့်ရ၍ စိတ်ဝင်စားစရာကောင်းသည်ဟုခံစားခဲ့ရသည်။ သို့သော် သူသေသွားသည့်အချိန်တွင် ရှောင်ချီးကသူနှင့်အတူမလိုက်နိုင်၍ ၎င်းက ပျောက်ကွယ်သွားပေမည်။
သူသည်ရှောင်ချီးအပေါ် တွေးရခက်သည့်ခံစားချက်မျိုးရှိနေခဲ့သည်။ အချစ်နှင့်ခင်မင်မှုဆိုသည့်အရာထက်ကျော်လွန်ပြီး ယုံကြည်ကိုးစားရသည့်မိတ်ဆွေရင်းပုံစံလည်းမဟုတ်ပေ။ ၎င်းတို့ကိုပေါင်းစည်းလိုက်သည်နှင့် သူ့အတွက်ရှောင်ချီးဆိုသည့်လူက အရာအားလုံးဖြစ်လာခဲ့သည်။ သူငယ်ချင်း၊ ယုံကြည်ရသူ၊ ချစ်ရသူ၊ သူ၏အဓိပ္ပါယ်တစ်ရပ်နှင့် တည်ရှိမှု၏လိုရင်းဖြစ်လာခဲ့သည်။
ထိုခံစားချက်များက သူ့ဘက်မှသာဖြစ်သည်။ ရှောင်ချီးက ရောဂါကြောင့် သူ့အပေါ်ကောင်းပေးနေမှန်းသူသေချာသိသည်။ ထို့ကြောင့် သူရှောင်ချီးကိုမသိစေချင်ခဲ့ပေ။ သူ့ခံစားချက်များကို ကောင်းကောင်းသိုဝှက်ထားပြီး သူငယ်ချင်းများအဖြစ်ခင်မင်သွားရန် ရွေးချယ်ခဲ့သည်။
သို့သော်လည်း ရှောင်ချီးကသူ့အား အကြောင်းပြချက်၊ လက္ခဏာပင်မပြဘဲ ထားသွားခဲ့သည်၊၊ သူနှင့်အဆက်အသွယ်မှန်သမျှကိုဖြတ်တောက်ပစ်ပြီး သူ့လောကကြီးထဲမှပျောက်ကွယ်သွားခဲ့၏။
ရှောင်ချီးကသူ့ကို ဘလော့ခ်ပစ်ပြီး ဖုန်းနံပါတ်များပါဖျက်ပစ်လိုက်မှန်းသိလိုက်ရသောအခါ ရှန်းရှီကောမှာ သူချက်ချင်းသေဆုံးသွားသလိုခံစားလိုက်ရသည်။ ရှောင်ချီးက သူ့အားသတ်ပစ်ခဲ့သည်။ ထိုရက်ပိုင်းလေးအတွင်း သူ့ဝိညာဥ်က မြောချင်ရာမြောနေပြီး ကုစားပြီးနောက်မှတည်ငြိမ်သွားခဲ့သည်။ ထို့နောက် သူနေထိုင်ရာတိုင်းပြည်မှထွက်လာပြီး ရှောင်ချီးကိုလိုက်ရှာခဲ့သည်။
ထိုစဥ်က ရှောင်ချီးမှ သူ့အားထိုနာမည်ခေါ်ခွင့်မပေးခဲ့ဘဲ ဖုယွမ်ကျိုးဟုသာခေါ်ခိုင်းခဲ့သည် ။ အဆင်ပြေပါသည်၊၊ ဖုယွမ်ကျိုးဆိုသည့်နာမည်ကလည်း ကောင်းနေသည်ပင်။ သို့သော်ငြား သူ့အား ရှောင်ချီးဟု ခေါ်ရသည်ကိုပိုနှစ်သက်ခဲ့သည်။ ရှောင်ချီးဆိုသည့်အမည်လေးက သူတို့ကြားတွင် စံထားခဲ့သည့်အခေါ်အဝေါ်ပင်။
သူဖုယွမ်ကျိုးထံမှ အမုန်းခံနေရလျှင်ပင် အကြောင်းအရင်းကိုသိချင်ခဲ့သည်။ ဖုယွမ်ကျိုးက သူ့ရောဂါအကြောင်းသိသွား၍ပေလား။
ထိုသူက အခြားတစ်ယောက်နှင့်အတူရှိနေပြီ။ ယင်းက ရှန်းရှီကောစိတ်ထဲမှ အဖြစ်နိုင်ဆုံးအတွေးပင်၊၊ ဖုယွမ်ကျိုး သူ့အားမုန်းနေရသည့်အကြောင်းအရင်းကိုရှာမတွေ့ခင် သူကဖုယွမ်ကျိုးအတွက် မသင့်လျော်သည့်ကိစ္စတစ်ခုကိုကျုးလွန်မိခဲ့သည်။သူဖုယွမ်ကျိုးကိုထိခိုက်အောင်လုပ်မိခဲ့သည်။
ဖုယွမ်ကျိုးက ထိုအတွက်ကြောင့်နှင့်သူ့အား ပိုမုန်းသွားသည်မှာ ဖြစ်သင့်နေပြီး သူ့ဘက်မှအနှေးနှင့်အမြန် ဖုယွမ်ကျိုးကိုထိခိုက်အောင် ထပ်လုပ်မိနိုင်မှန်းသိနေခဲ့သည်။
ဤသို့နားလည်သဘောပေါက်လိုက်သည်နှင့် ရှန်းရှီကောထွက်လာခဲ့သည်။ မသွားခင်တွင် သူနောက်ဆုံးတစ်ခုလုပ်ထားခဲ့သည်။ သူ့အနေဖြင့် လူကိုယ်တိုင်တောင်းပန်သင့်မှန်းသိသော်လည်း ဖုယွမ်ကျိုးကသူ့ကိုမတွေ့ချင်ဖြစ်နေ၍ သူသွားမတွေ့ခဲ့ပေ။
သို့သော်လည်း ထိုအချိန်မှာပင် ဖုယွမ်ကျိုးကသူ့အားလာတွေ့ခဲ့သည်။
သူတို့ရောက်လာချိန်၌ ရှန်းရှီကောက ဓာတ်ဆီဖြန်းကာမီးရှို့သတ်သေရန်ကြံနေသလို အထင်ခံရပြန်သည်။
တကယ်တော့ သူ့ဝိညာဥ်က လောကကြီးမှထွက်ခွာပြီး ကောင်းကင်ဘုံကိုရောက်သွားခဲ့ခြင်းဖြစ်မည်။ မဟုတ်လျှင် ယခုလောက်ကောင်းသည့်ကိစ္စမျိုးဖြစ်လာမည်မဟုတ်ပေ။
သို့တိုင် ၎င်းကအမှန်တကယ်ဖြစ်နေခဲ့သည်။ ယွမ်ကျိုးကသူ့ကိုလာခေါ်ပြီး သူ့အိပ်မက်ထဲမှစကားလုံးလေးများကိုပြောပြခဲ့သည်။
"ငါမင်းကိုကောင်းကောင်းအသက်ရှင်စေချင်တယ်...."
သူ့ဘဝအဆုံးသတ်သည်အထိ အသက်ရှင်သန်စေချင်ခဲ့သည်။
၎င်းစကားတစ်ခွန်းက ဘဝ၏အဓိပ္ပါယ်ကိုရှာတွေ့စေသည်အထိ ရိုးရှင်းလွန်းနေခဲ့သည်။
ဖုယွမ်ကျိုးကသူ့ကိုအသက်ရှင်စေချင်ရုံသာ။
"အိုကေ...ကိုယ်မင်းပြောတဲ့အတိုင်းလုပ်ပါ့မယ်..."
ရှန်းရှီကောက နှေးကွေးစွာဖြင့်တုံ့ပြန်လာခဲ့သည်။
"မင်းဆန္ဒရှိရင်...ကိုယ်အသက်ရှင်ပါ့မယ်..."
ရှဲ့လင်ရဲခေါ်လိုက်သည့်နောက် ရဲများက တောင်ပေါ်သို့တက်လာကြပြီး ဓာတ်ဆီဖြင့်ဖြန်းခံထားရသောတဲကို မှတ်တမ်းယူသွားကြသည်။
ဖုယွမ်ကျိုး၊ ရှဲ့လင်နှင့်ရှန်းရှီကောတို့က တောင်အောက်သို့ပြန်ဆင်းလာကြချိန် မှောင်နေဆဲရှိသေး၏။ လမ်းပန်းဆက်သွယ်ရေးကအဆင်မပြေတော့ပေ။ ၎င်းတို့အားလုံး မြို့ငယ်လေးတွင်တစ်ညနေခဲ့ကြပြီး နောက်တနေ့မှ ထျန်းချန်ကိုပြန်လာခဲ့ကြသည်။ သူတို့ပြန်ရောက်သည့်နေ့သည် နှစ်တစ်နှစ်၏နောက်ဆုံးနေ့ဖြစ်နေခဲ့လေပြီ။
ယနေ့သည်ကား အားလပ်ရက်ဖြစ်ပြီး အားလုံးကနှစ်သစ်ကူးပွဲတော်အတွက်ပြင်ဆင်နေကြသည်။ ဖုယွမ်ကျိုးအိမ်ပြန်ရောက်သည့်အခါ မိသားစုကိုအသိမပေးဘဲ အပြင်ခိုးထွက်သွားသောကြောင့် အဆူခံရလေတော့၏။ ရှဲ့လင်ကိုသူနှင့်အတူခေါ်သွားသောကြောင့်သာ ကံကောင်းသွားခဲ့ခြင်းဖြစ်ပြီး ဖုယွမ်ကျိုးသည်လည်း လေယာဥ်ပေါ်မှဆင်းသည်နှင့်သူတို့အားအကြောင်းကြားခဲ့သည်။
မဟုတ်ပါက သည်ထက်ပိုများမည့် ဆုံးမဩဝါဒတို့ကသူ့အားစောင့်ဆိုင်းနေနိုင်လောက်သည်။
ရှန်းရှီကောကလည်း သူ့ဗီလာကိုပြန်သွားခဲ့သည်။ သူပြန်ရောက်လာသည်ကိုမြင်မှ ဖုယွမ်ကျိုးမိဘများက သူ့အားဆီးကြိုခဲ့ကြသည်။ ၎င်းတို့မှာ အစမှအဆုံးအထိ ဘာတွေဖြစ်သွားမှန်းမသိလိုက်ကြပါချေ။ ရှန်းရှီကောက အလုပ်ခရီးမှပြန်လာခြင်းဖြစ်မည်ဟုတွေးလိုက်ကြသည်။
ညနေပိုင်းတွင် ယွိဖေးတို့မိသားစုသုံးယောက်က သူတို့နှင့်အတူနှစ်သစ်ကူးရန်ရောက်လာခဲ့ကြသည်။ ရှဲ့လင်မိဘများက ဗီဒီယိုကောလ်ခေါ်လာပြီး အားလုံးအတူစုံသည်အထိ ညနေခင်းစားသောက်ချိန်ကိုစောင့်ဆိုင်းခဲ့ကြသည်။
ဖုယွမ်ကျိုးကသူ့ဖုန်းကို အိပ်ရာထဲတွင်ထားရစ်ခဲ့သည်၊ သူအပေါ်ထပ်သို့ပြန်တက်သွားပြီး ဒုတိယထပ်မှကောအရစ်တာအဆုံးအထိလျှောက်သွားလိုက်လေရာ ရှန်းရှီကောကအိမ်ထဲတွင်တစ်ယောက်တည်းထိုင်ရင်း ပြတင်းပေါက်ဘေးတွင်ထိုင်သောက်နေသည်ကိုမြင်လိုက်ရလေ၏။ သူကဖုယွမ်ကျိုးကိုမြင်သည့်အခါ ပြုံးပြရင်း ခွက်ကိုမြှောက်ပြလာငည်။
ဖုယွမ်ကျိုးမှာခွက်မရှိ၍ ပြန်မပြနိုင်ပေ၊၊ သို့ရာတွင် ခဏမျှရပ်နေပြီးနောက် ပြတင်းပေါက်ပေါ်တွင်အဖြူရောင်အငွေ့များမှုတ်ထုတ်လိုက်သည်။ ၎င်းတို့ပျက်မသွားခင်အချိန်လေးအတွင်း စာလုံးလေးလုံးရေးပြလိုက်၏။
ဟက်ပီးနယူးရီးယား.....
ရှန်းရှီကောက ကြောင်တောင်တောင်လေးဖြစ်သွားရကာ သူ့အားပြန်ပြုံးပြလာပြီး စာလုံးလေးလုံးကိုပြန်ရေးပြလာခဲ့သည်။ အားလုံးက ချောချောမွေ့မွေ့ပင်။
ဖြစ်သွားသမျှကမြန်ဆန်လွန်းသည်။ ဤသည်မှာ ဖုယွမ်ကျိုး၏ပထမဆုံးတုံ့ပြန်မှုပင်။
သူရှန်းရှီကောကို သတိပေးနိုင်ရန် ဆေးပြားပုံလေးဆွဲပြလိုက်သည်။ ရှန်းရှီကော နားလည်ပါ့မလားမသိသည့်တိုင် တဖက်ကဆေးသွားယူသည့်ဟန် လှည့်ထွက်သွားခဲ့၏။
ဖုယွမ်ကျိုးလည်းထွက်လာခဲ့လိုက်သည်။ သူအောက်ထပ်ကို ဖုန်းကိုင်ကာဆင်းသွားလိုက်၏။ လက်ထဲရှိဖုန်းက အဆက်မပြတ်တုန်ခါနေခဲ့သည်။ အများစုကသူ့အား နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလာကြသူများဖြစ်ပြီး ၎င်းမှလွဲ၍ အခြားစကားပြောလာမည့်သူ တစ်ယောက်မှမရှိပေ။
ရန်ရှူးထန်၏ နှစ်သစ်ဆုတောင်းစာက သပ်ရပ်သည့်စာလုံးများဖြင့် ပုံဖော်ထားလေသည်။ စာလုံးများကလှပပြီး အားမာန်အပြည့်ဖြစ်နေသည့်တိုင် ယင်းကို စုတ်တံသုံးကာ လက်ရေးလှအနေဖြင့်ရေးဆွဲထားခြင်းဖြစ်လေသည်။ စက္ကူအဖြူပေါ်တွင် ကြောင်လက်ဝါးရာလေးများပင်ပါသေး၏။ ထိုသူသည် အမွှေးနည်းသည့်လေလွင့်ကြောင်လေးတစ်ကောင်ကိုတွေ့ခဲ့သောကြောင့် ထိုအချိန်တည်းက ၎င်းကိုမွေးထားခဲ့ခြင်းဖြစ်လေသည်။
ယွမ်ယဲ့ကမူ သူဖြစ်နေသည့်ရူးလောက်စရာအခြေအနေနှင့် ပျင်းရိဖွယ်ရာ နှစ်သစ်ကူးဂါလာရှိုးအကြောင်းကို လာပြောထားလေသည်။ အိမ်တွင်ဂိမ်းဆော့နေရခြင်းကမှ ပိုကောင်းမည့်အကြောင်း၊ ပါပါးယွမ်ကသူ့အားခွင့်မပြုသည့်အကြောင်းနှင့် ခဏတဖြုတ် ဂိမ်းကစားခြင်းက မဆိုးလှသော်လည်း သူသည်ကား အတင်းအကျပ်တီဗွီရှေ့တွင်ထိုင်ကာ အစီအစဥ်ကြည့်ရန်စေခိုင်းခံနေရကြောင်းညည်းတွားထားလေသည်၊၊
သူ့ခမျာ ဖုယွမ်ကျိုးကိုနှစ်သစ်ကူးဆုတောင်းစာပို့ရန်ပင် ဖုန်းကိုင်ခွင့်မရရှာကြောင်းပြောထားသေးသော်လည်း ယခုလို စာရိုက်ပြီးစကားပြောနိုင်နေခြင်းက ထူးဆန်းထွေလာဖြစ်နေခဲ့လေပြီ။
ဖုယွမ်ကျိုးက ပြုံးလိုက်ကာ ညစာစားရန်သူ့အားလာမခေါ်ကြခင်အထိ တစ်ယောက်ချင်းစီစာပြန်ပေးလိုက်သည်။
အားလုံးကအတူထိုင်ကာ ညစာစားခဲ့ကြ၏။ ပါပါးယွိက သူနှင့်ဇနီးဟောင်းတို့ပြန်လည်သင့်မြတ်သွားပြီဖြစ်ကြောင်းကြေညာပြီး နောက်ပိုင်းတွင်ယွိဖေး အနုပညာလောကထဲသို့ဝင်ခဲ့လျှင်အကူအညီပေးမည်ဟုပြောခဲ့သည်။ သည့်နောက် ၎င်းကမူးနေပြီး ယွိဖေး၏သရုပ်ဆောင်ခြင်းနှင့်သီချင်းဆိုသည့်ဝါသနာကိုကန့်ကွက်နေခဲ့သည်၊ သို့သော်လည်း ယွိဖေးစကားကြောင့် ငြင်းပယ်ခံလိုက်ရလေ၏။
"ကျွန်တော် သရုပ်ဆောင်ပဲလုပ်ချင်တယ်..."
*****
"ဖောက်..."
ရုတ်ချည်း မီးရှူးမီးပန်းဖောက်လိုက်သံက ကောင်းကင်တခွင်အုပ်စိုးသွားပြီး အားလုံးကအတူတူ ပြတင်းအပြင်ကိုထွက်ကြည့်လိုက်ကြသည်။
အပြင်မှမီးရှူးမီးပန်းများက အရောင်စုံသည်။ ပြန့်ကားသွားချိန်တွင် စိတ်ကူးယဥ်ဆန်နေ၏။ အသောက်လွန်ထားသည့်ပါပါးယွိပင် အိမ်အပြင်ထွက်ကြည့်ခဲ့သည်၊၊ ထို့နောက် ရုတ်တရက်ကြီး မျက်ရည်ဖြိုင်ဖြိုင်ကျလာခဲ့သည်။ သူသည်ကား အိမ်နီးချင်းကသနားစရာကောင်းကြောင်း၊ နှစ်သစ်ကူးကို တစ်ယောက်တည်း ဖြတ်သန်းနေရကြောင်း၊ သူ့လိုနှစ်အကြာကြီး ကွာရှင်းခံရထားသည့် လူလွတ်တစ်ယောက်ဖြစ်နိုင်ကြောင်းပြောလာလေသည်။ ထိုသူသည် နှစ်တိုင်း ပွဲတော်ကိုတစ်ယောက်တည်းဖြတ်သန်းရလေရာ အထီးကျန်သည့်ခံစားချက်ကို ကောင်းကောင်းနားလည်နိုင်ခဲ့သည်။ လမ်းတစ်ဖက်မှ ထိုအိမ်နီးချင်းကိုခေါ်ပြီး သူတို့နှင့်အတူ နှစ်ကူးစေချင်သည်ဟုဆိုသည်။
ထိုသူသည် ဝေဖန်ပိုင်းခြားတတ်နေကာ မူးနေချိန်တွင်လည်းအားသန်နေဆဲ။ ဘယ်သူမှသူ့အားတားမရသောကြောင့် သူ ရှန်းရှီကောအိမ်တံခါးဘဲလ်အား သွားနှိပ်နေသည်ကိုသာစောင့်ကြည့်နေရလေတော့သည်။
ဖုယွမ်ကျိုး၏မိဘများမှာ သူတို့သားက ထိုအိမ်နီးချင်းကိုသဘောမကျမှန်းသိနေကြ၍ အခက်တွေ့နေကြလေသည်။ သို့တိုင် သူတို့သား၏ခန့်မှန်းရခက်သောမျက်နှာထားကြောင့် ဆန့်ကျင်သည့်စကားမျိုးမပြောခဲ့ကြပေ။
ရှန်းရှီကောက ပါပါးယွိ၏ဖော်ရွေမှုကို ငြင်းဆန်ခဲ့သည်။ သူကသူ့မိဘများနှင့် ဗီဒီယိုကောလ်ပြောနေပြီးတစ်ယောက်တည်းမဟုတ်ပေ။ ပါပါးယွိကပို၍ပင် အူပြတ်လုနီးပါးအထိငိုကြွေးလေတော့သည်။
ညစာစားပြီးသည့်အခါ ရှဲ့လင်က ဖုယွမ်ကျိုးတစ်ယောက်တည်းကိုခေါ်ထုတ်သွားသည်။ လက်စွပ်ကိုထုတ်ကာ လက်ဖဝါးထဲထည့်ပြီးဖုယွမ်ကျိုးကိုကမ်းပေးလိုက်၏။
"မင်းအခုဝတ်နိုင်မလား..."
သည့်နောက် မစဥ်းစားနေတော့ဘဲ ဖုယွမ်ကျိုးကလက်ဆန့်ကာ လက်စွပ်ကိုယူ၍သူ့လက်တွင်သူဝတ်လိုက်ပြီး ရှဲ့လင်လက်တွင်လည်းဝတ်ပေးလိုက်သည်။ ပြီးနောက် ဓာတ်ပုံရိုက်ကာ friend cycle တွင်တင်လိုက်လေသည်။
"ဒီနှစ်သစ်မှာတော့...မင်းရှိနေပါပြီ"
♎️
Extra ကျန်ပါဦးမယ်