Chapter 85
Viewers 4k

♎️Chapter 85

Main story Extra -2



ဖုယွမ်ကျိုးကတံခါးဘဲလ်နှိပ်လိုက်ချိန်တွင် ရှန်းရှီကောကအခန်းထဲတွင်ထိုင်ရင်း နာရီအပျက်လေးကိုကြည့်နေခဲ့သည်။


ထိုနာရီကို အစက ဖုယွမ်ကျိုးအားလက်ဆောင်ပေးရန်ဝယ်လာခဲ့သော်လည်း ဖုယွမ်ကျိုးကလက်မခံခဲ့ပေ။ သူရိုက်ခွဲပစ်လိုက်မိသော်လည်း လွှင့်မပစ်ရက်သောကြောင့် ဘူးလေးထဲတွင်ထည့်သိမ်းထားပြီး အချိန်ရလျှင်ထုတ်ကြည့်နေကျပင်။


တံခါးဘဲလ်သံကြားရသည့်အခါ ရှန်းရှီကောက တံခါးကိုလှမ်းကြည့်လိုက်သည်။ ဘယ်သူရောက်လာမှန်းမခန့်မှန်းတတ်သောကြောင့် တံခါးဖွင့်ကာခြံအဝသို့ထွက်လာခဲ့လိုက်၏။ သို့သော် တံခါးအပြင်တွင်ရပ်နေသောလူကိုတွေ့လိုက်ရသည့်အခါ သူတောင့်တင်းသွားခဲ့လေ၏။


"မင်းရောက်လာတာလား..."


သူသည်ကား စက္ကန့်အနည်းငယ်ကြာသည်အထိ မှင်သက်နေပြီးနောက် ချက်ချင်းတံခါးဖွင့်ပေးလိုက်၏။ သူသည်ကား အံ့အားသင့်နေရဆဲ၊၊ ဖုယွမ်ကျိုးက သူ့ထံယခုလိုရောက်လာလိမ့်မည်ဟု မယုံကြည်နိုင်သေးပေ။


"အဘွားကမင်းကို ဖက်ထုပ်တစ်ပွဲပေးလိုက်တဲ့..." 

ဖုယွမ်ကျိုးကသူ့အား ဖက်ထုပ်ပြလိုက်သည်။


"ကျေးဇူးပါပဲ..." 

ရှန်းရှီကောမှာတောင့်ဆတ်နေလျက်သားဖြင့် မပီမပြင်ရေရွတ်လာလေသည်။ 

"ကိုယ့်မှာတော့မင်းကို ပေးစရာမရှိဘူး..."


"မလိုပါဘူး...ဒါက ဖက်ထုပ်တစ်ပွဲတည်းပါ..."


ဖုယွမ်ကျိုး သူကိုကမ်းပေးနေသော်လည်း ရှန်းရှီကောလက်ထဲမှနာရီကိုမြင်လိုက်ရသည့်အခါ သူသည် တဒင်္ဂမျှကြက်သေသေသွားခဲ့၏။ ၎င်းမှာ ယခင်ဘဝက ရှန်းရှီကောသူ့ကိုလက်ဆောင်ပေးခဲ့သည့် နာရီလေးမှန်း သူချက်ချင်းမှတ်မိလိုက်သည်။


"ကိုယ်လမ်းကြုံလို့ဝယ်လာခဲ့တာ..." 

ရှန်းရှီကောက နာရီကို အိတ်ကပ်ထဲသို့လှစ်ကနဲပြန်ထည့်လိုက်ပြီး အပိုစကားမပြောတော့ဘဲ ပန်းကန်ကိုလှမ်းယူလိုက်သည်။


 "ကိုယ့်အတွက်ယူလာပေးတာကျေးဇူးပါပဲ..ယွမ်ကျိုး..အဘွားကိုလည်းကျေးဇူးတင်တဲ့အကြောင်းပြောပေးပါဦး..ကောင်းချီးတွေနဲ့ပြည့်စုံပါစေ...ပျော်စရာတရုတ်နှစ်သစ်ကူးပါ..."


ထိုနာရီလေးက ဖုယွမ်ကျိုးအတွက် အမှတ်တရများစွာရှိခဲ့သည်၊၊ ရှန်းရှီကောကိုယ်တိုင် ယင်းကိုရိုက်ခွဲထားကြောင်းမြင်လိုက်ရသည့်အခါ သူစိတ်မကောင်းဖြစ်သွားမိပြီး နူးညံ့စွာဖြင့်မေးလိုက်လေ၏။


 "အဲဒီနာရီက အစက မင်းငါ့ကိုပေးဖို့လုပ်ထားတဲ့နာရီလား..."


"မင်းသိနေတာလား.." 

ရှန်းရှီကောက နည်းနည်းလေးအံ့ဩသွားသည်။ သူနာရီအကြောင်းကို ဖုယွမ်ကျိုးထံ တခါမှမပြောခဲ့ဖူးပေ။


ဖုယွမ်ကျိုးမှာဘယ်လိုရှင်းပြရမှန်းမသိတော့ပေ။ စက္ကန့်ပိုင်းမျှအသံတိတ်နေလိုက်ပြီးနောက် ပြောလိုက်သည်။


 "အဲဒီနာရီပဲပေးပါလား..."


"ဒါပေမဲ့ ဒါကကွဲသွားပြီ...ပြင်လို့တောင်မရတော့ဘူး..." 

ရှန်းရှီကောက သူ့အိတ်လေးကိုကာထားပြီး ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှုတို့ရောထွေးနေရင်းပြောလာလေသည်။ 


"မင်းလိုချင်ရင်...ကိုယ်နောက်တစ်လုံးထပ်ဝယ်ပေးမယ်..."


"မရဘူး...အဲဒီနာရီပဲယူမယ်..." 

ဖုယွမ်ကျိုးသည်လည်း တင်းခံနေလေ၏။


ရှန်းရှီကောကသူ့စကားအတိုင်း နာရီကိုဖုယွမ်ကျိုးအားပေးလိုက်ရသည်။ ဖုယွမ်ကျိုးက ကျေးဇူးတင်စကားပြောကာယူသွားလေ၏။ ရက်အနည်းငယ်ကြာပြီးနောက် ရှန်းရှီကောအိမ်ကိုလူတစ်ယောက်ရောက်လာခဲ့သည်။ ရောက်လာသူက ဖုယွမ်ကျိုးမဟုတ်ဘဲ ရှဲ့လင်ပင်။


"မင်းကိုပေးခိုင်းလိုက်တာ..." 

ရှဲ့လင်က ပစ္စည်းတစ်ခုကမ်းပေးလာသည်။ 


"ဘာသဘောမှမပါဘူး...ဒီတိုင်း လက်ဆောင်ပြန်ပေးတာ..သူတို့မိသားစုကမင်းကိုပြန်ပေးတာ..."


ထိုသူက ပြောပြီးသည်နှင့်လှည့်ထွက်သွားတော့၏။ ရှန်းရှီကောက ဘူးကိုအိမ်ထဲယူလာပြီးဖွင့်ကြည့်လိုက်သည်။ နက်ခ်တိုင်ညှပ်သည့်ကလစ် ပြီးနောက် သူ့မျက်လုံးအရောင်နှင့်ခပ်ဆင်တူသည့် နီလာလက်ကြယ်သီးတို့ပင်။


အနီရောင်စာရွက်တစ်ရွက်လည်းပါလာသေးသည်။ 'နှစ်တိုင်း ချမ်းမြေ့ပျော်ရွှင်ပါစေ'


မျက်ရည်စတို့သည် လက်ကြယ်သီးပေါ်မှ ကျောက်မျက်အပေါ်ကျသွားခဲ့ပြီး တိတ်တဆိတ်စုပ်ယူခံလိုက်ရသည်။ ချက်ချင်းပင် ရှန်းရှီကောကအထူးပြုလုပ်ထားသော ပဝါစဖြင့်သုတ်ပစ်ပြီး ဘူးကိုဘေးဖယ်ထားလိုက်၏။


သူ့မျက်လုံးများကနီရဲနေခဲ့သော်လည်း အချိန်အတန်ကြာပြီးနောက် သူနူးညံ့စွာပြုံးလိုက်လေသည်။


အမြဲအေးချမ်းနေတော့မည်သာ။


06 ♎️


ဖုယွမ်ကျိုးနှင့်မိသားစုသည် ညစာအတူစားကြရင်း သူတို့ကလေးများ၏နောက်ဆုံးအဆင့်အကြောင်းကိုပြောဖြစ်ကြသည်။


ရှဲ့လင်သည်ကား လက်ရှိအချိန်အထိ အဆင့်တစ်နေရာတွင်ဗိုလ်ဆွဲထားဆဲပင်။ ယွိဖေးကမူ အမေဖြစ်သူ၏ဆေးရုံမှဝေယျာဝစ္စများနှင့် MV ရိုက်ကူးရေးများကြောင့် အတန်းပျက်ထားသည်မှာများနေလေပြီ၊၊ သို့ထိတိုင် ထိုသူက ထိပ်ဆုံးဆယ်ယောက်ထဲတွင်ဝင်နေဆဲ။ နှစ်ဝက်စာမေးပွဲတွင် ကြိုးစားပမ်းစားစာလေ့လာလိုက်ရပြီးသည့်နောက် ဖုယွမ်ကျိုးလည်း ဖြည်းဖြည်းချင်းအဆင့်တက်လာခဲ့ပြီး အတန်း၏ လေးနေရာအထိရောက်လာခဲ့သည်။ ၎င်းရလဒ်ကိုတွေ့ရသည့်အခါ လူကြီးများကအင်မတန်ပျော်ရွှင်သွားကြကာ ကလေးများကိုစာအိတ်နီတစ်လုံးစီချီးမြှင့်လာခဲ့သည်။


"တစ်လနှစ်လနေရင် ရှောင်လင်က ကောလိပ်ဝင်ခွင့်ဖြေရတော့မှာ...သူကနောက်ကျရင် ကောလိပ်ကျောင်းသားကြီးဖြစ်တော့မှာလေ...အချိန်ကုန်တာမြန်လိုက်တာနော်..." 

မာမားဖုက သက်ပြင်းရှည်ကြီးချလာသည်။


ထိုစကားကြားလိုက်ရသည့်အခါ ဖုယွမ်ကျိုးရင်ထဲတွင် မဆိုသလောက်လေးလံလာခဲ့သည်။ သူသည် ရှဲ့လင်သွားမည့်တက္ကသိုလ်အကြောင်းကိုသိနေခဲ့၏၊ သူ့အတွက် တစ်ခါကြုံခဲ့ပြီးသားဖြစ်ပြီး ရှဲ့လင်သည် ဤဘဝတွင်လည်းနှစ်ချင်းပေါက်အောင်မြင်သွားလိမ့်မည်။ သို့သော် သူ့အတွက်ကမူ သွားရန်မဖြစ်နိုင်ပါချေ။


နှစ်ဝက်ကြာပြီးလျှင် ရှဲ့လင်က မြို့မှထွက်သွားမည်ဖြစ်ပြီး သူတို့ နေ့တိုင်းအတူမရှိနိုင်တော့ပေ။


ဖုယွမ်ကျိုးသည် တွက်ကပ်တတ်သည့်လူစားမျိုးမဟုတ်စေကာမူ ခွဲခွာမှုကိုကြုံရသည့်အခါ သဘာဝအရ ဝမ်းနည်းမှုကိုမူခံစားရလေသည်။ သို့သော် နောင်အနာဂတ်တွင် ရှဲ့လင်တက်မည့်ကျောင်း၌ သူဝင်ခွင့်စာမေးပွဲဖြေရန်ရည်မှန်းထားခဲ့သည်။


နွေဦးပွဲတော်နေ့တွင် ရှဲ့လင်နှင့်ယွိဖေးတို့နှစ်ယောက်လုံး ပထမလ၏ခုနစ်ရက်မြောက်နေ့မတိုင်ခင် သူတို့၏ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများအားတွေ့ဆုံရန် ထျန်းချန်မှထွက်သွားခဲ့ကြသည်။


ဖုယွမ်ကျိုးမှာ ရှဲ့လင်ကို အလွန်အကျွံသတိရနေခဲ့သည်။ ၎င်းတို့က ငယ်ချစ်ဦးများဖြစ်ကြ၍ ရက်ပေါင်းများစွာခွဲခွာရခြင်းက သူတို့အားနေမထိထိုင်မသာဖြစ်စေလေသည်။ နေ့စဥ် ဗီဒီယိုကောလ်ခေါ်လျှင်ပင် မကျေနပ်နိုင်ကြပေ။ သူ့ဘက်မှလည်းအမြဲ စိတ်ဓာတ်ကျနေသည့်ပုံစံကိုထုတ်ပြတတ်လေသည်။


"မပျော်ဘူးလား..." 

ရှဲ့လင်ကသူ့အားမေးလာခဲ့သည်။


"ငါမင်းကိုလွမ်းတယ်..." 

ဖုယွမ်ကျိုးက ဖုန်းကိုကိုင်ထားရင်း မကွယ်မဝှက်ထုတ်ပြောလိုက်ပြီး ပက်လက်လှန်အိပ်လိုက်သည်။


"ကိုယ်အမြန်ဆုံးပြန်လာခဲ့ပါ့မယ်..."


"ရတယ်..ငါနဲ့ပဲအတူစကားပုံမှန်လေးပြောပေးပါ..." ဖုယွမ်ကျိုးက ကင်မရာကိုလက်ယမ်းပြလိုက်၏။


ရှဲ့လင်ကသူ့အား ခဏမျှကြည့်နေပြီးနောက် ရုတ်တရက်ပြောလာလေ၏။ 

"နားကြပ်တပ်လိုက်..."


"?"


ဖုယွမ်ကျိုးက ရှဲ့လင်နှင့်ဗီဒီယိုကောလ်ပြောတိုင်း အခန်းထဲမှာသာပြောတတ်သည်။ သို့ဖြစ်၍ ကရိကထများသည်ဟုထင်ပြီး နားကြပ်တပ်လေ့မရှိပေ။ ရှဲ့လင်ကဘာကိစ္စ နားကြပ်တပ်ခိုင်းမှန်းမသိစေကာမူ ထိုသူပြောသည့်အတိုင်းနားကြပ်တပ်လိုက်သည်။


သူနားကြပ်တပ်လိုက်သည်နှင့် ရှဲ့လင်အသံက စပီယာမှတဆင့် ကြည်လင်စွာဝင်လာခဲ့သည်။


"ကိုယ်လည်းမင်းကိုလွမ်းတယ်...ယွမ်ကျိုး..."


"ကိုယ်မင်းကိုဖက်ထားချင်ပြီး...နမ်းလည်းနမ်းချင်တယ်.."


ထိုသူ၏အသံက တိုးလျပြီးဆွဲဆောင်မှုအပြည့်ရှိသည်။ ဖုယွမ်ကျိုး၏နားကြပ်ကဈေးကြီးပြီး ကွာလတီလည်းမြင့်မားသည်။ ထိုစကားကြားလိုက်ရသည်နှင့် ဖုယွမ်ကျိုး၏မျက်နှာကတမဟုတ်ချင်းနီရဲသွားရပြီး နားရွက်မျာပင်ပူလာခဲ့သည်။


"အိုကေ...အိုကေ..." 


သူနားကြပ်ကိုချွတ်လိုက်ရသည်၊၊ ရှက်သွေးဖြာနေပြီး နှလုံးခုန်နေသည်က မြန်လွန်းလှသောကြောင့် ဆက်သည်းခံနေ၍ပင်မရတော့ပေ။ သူသိနေခဲ့သည်။ ရှဲ့လင်ကိုယခုလိုသွားစမ်း၍မရပေ၊၊ သူ့အနေဖြင့် အနှီလူကိုမပြိုင်နိုင်ပေ၊၊ သူက ထိုသူ၏ပြိုင်ဘက်မဟုတ်ပါချေ။


ရှဲ့လင်က စကားပြောနေသည်ကိုရပ်လိုက်သည်။ စကားတစ်ခွန်းနှစ်ခွန်းပြောပြီသည့်နောက် ထိုနေ့၏ဗီဒီယိုကောလ်ခေါ်ဆိုမှုကိုအဆုံးသတ်ခဲ့ကြ၏။


ဖုယွမ်ကျိုးမှာ ဤနှစ်၏နွေဦးပွဲတော်က အမြန်ကုန်ဆုံးသွားလိမ့်မည်ဟုတွေးထားခဲ့သည်၊၊ သို့သော် နောက်တနေ့တွင် အိမ်တံခါးမှဘဲလ်သံမြည်လာခဲ့သည်။ ဖုယွမ်ကျိုးကတံခါးသွားဖွင့်ပေးလိုက်သည့်အခါ အံ့ဩလွန်း၍ မျက်လုံးပင်ပြူးသွားခဲ့ရ၏။ ရှဲ့လင်က သူ့ထံတကယ်ကြီးရောက်လာခဲ့သည်လေ။


"မင်းဘယ်လိုလုပ် အမြန်ပြန်ရောက်လာရတာလဲ..." 

သူသည်ကားပျော်နေရင်းမှ ရှဲ့လင်အနောက်ကိုလှမ်းကြည့်လိုက်သေးသည်။ 


"မင်းအဖေနဲ့အမေရော..."


ရှဲ့လင်: "မြို့ပြင်မှာ...ကိုယ်ပြန်လာချင်လို့..."


"မင်း..." 

ဖုယွမ်ကျိုးနားလည်သွားပြီ။ ရှဲ့လင်က နှစ်သစ်ကူးကို အခြားနေရာတွင်ကုန်ဆုံးရမည်ဆိုသော်ငြား လမ်းလယ်ခေါင်မှပြန်လှည့်လာခဲ့ခြင်းသာ။


"မင်းငါ့ကိုလာတွေ့တာလား..." 


သူသည်ကား မယုံကြည်သလိုမေးလိုက်မိချေ၏။


"အင်း..."


ရှဲ့လင်က ကုတ်အင်္ကျီကိုချွတ်ပြီး ဖုယွမ်ကျိုးကို လေအေးမထိအောင်ကာပေးလိုက်ကာ သူ့အားဖက်ထားရင်း ခေါင်းငုံ့ကာနမ်းရှိုက်လာလေ၏။


ဗီဒီယိုထဲတွင်ပြောခဲ့သည့်အတိုင်း။


သူဖုယွမ်ကျိုးကိုလွမ်းနေခဲ့သည်၊၊ ပွေ့ဖက်ထားချင်ပြီး နမ်းချင်သည်။ သူ၏အနွေးဓာတ်လေးနှင့်အငွေ့အသက်လေးကိုခံစားကြည့်ချင်သည်။


ထို့ကြောင့် ယခုအချိန်တွင် နာရီအနည်းအကျဥ်းလေးသာရမည်ဆိုလျှင်ပင် သူနေမည်ဖြစ်ပြီး ပြန်သွားရ၍အချိန်ကုန်မည်ဆိုလျှင်ပင် သူလာဦးမည်ပင်။


သည်လူကို လုံးဝလက်မလွှတ်နိုင်သူမှာ သူကိုယ်တိုင်သာ။


သူ ဖုယွမ်ကျိုးမရှိဘဲမနေနိုင်ပေ။


အဝေးတွင်ရှိနေသမျှကာလပတ်လုံး သူထိုကောင်လေးကိုတမ်းတနေဦးမည်သာ။


07 ♎️


"လူဆိုးလေး" MV နာမည်ကြီးလာသည့်အခါ ယွိဖေးသည်လည်း အနုပညာလောကထဲတွင် ပိုနာမည်ကြီးလာပြီး ပိုအလုပ်များလာခဲ့သည်။ ထို့အပြင် ရှဲ့လင်အိမ်တွင်ဆက်နေ၍မရတော့သောကြောင့် မိဘအိမ်ကိုပြောင်းနေရတော့၏။ ထို့ကြောင့် သူနှင့်မတွေ့ဖြစ်တော့ပေ။


နောက်ဆုံးတော့ ဖုယွမ်ကျိုး ယွိဖေးနှင့် နှစ်ယောက်တည်းတွေ့ရန်အခွင့်အရေးရခဲ့လေပြီ။


ယွိဖေးကအလုပ်များရုံတင်မက သူနှင့်ရှဲ့လင်ကိုပါရှောင်နေမှန်းသူသိနေခဲ့၏။ ထို့ကြောင့် သူလေပူကိုမှုတ်ထုတ်ရင်းပြောလိုက်လေသည်။ 


"မင်းငါတို့နဲ့တသက်လုံးမခေါ်တော့ဖို့များ စိတ်ကူးနေတာလား..."


"ငါကဘာလို့မင်းကိုလျစ်လျူရှုရမှာလဲ..." 

ယွိဖေးကမျက်လွှာချလိုက်သည်။ 


"ငါအရင်ရက်တွေက အလုပ်များလို့ပါ...ပြီးတော့ငါတကယ်ကိုအချိန်မရဘူး..."


ဖုယွမ်ကျိုးမှာ ယွိဖေးက အခုထိလက်မလျှော့နိုင်ဖြစ်နေသေးမှန်းနားလည်သွားခဲ့သည်၊၊ သူတို့လက်ရှိဘဝတွင် နောက်တကြိမ်တွဲရန်အခွင့်အရေးမရှိတော့လင့်ကစား ယွိဖေးက သူ့ကိုယ်ပိုင်ခံစားချက်များကို ထုတ်ပြဖူးခြင်းမရှိပေ၊၊ သူသည်ကား အပြစ်ရှိစိတ်အနည်းငယ်ကိုခံစားရပြီး စိတ်ဓာတ်ကျသွားခဲ့သည်။ 


"ငါတောင်းပန်ပါတယ်..."


သူသည် အထက်တန်းကျောင်းတက်နေသည့်အတောအတွင်း ရည်းစားမထားပါဟု ယွိဖေးကိုပြောခဲ့ပြီးမှ သူ့ကတိကိုဖျက်လိုက်ပြီး ရည်းစားဖြစ်နေသူမှာလည်းယွိဖေး၏တဝမ်းကွဲအစ်ကိုဖြစ်နေလေသည်။


"မင်းငါ့ကိုတောင်းပန်စရာမလိုပါဘူး...ကျိုးအာ...မင်းလုပ်တာမှန်ပါတယ်..."


ယွိဖေးကခေါင်းယမ်းပြလေသည်။


"ငါမင်းကိုပြောခဲ့တဲ့စကားတွေကို ဂရုစိုက်မနေပါနဲ့တော့...မင်းဘာလုပ်လုပ် အဲဒါကမင်းရဲ့လွတ်လပ်ခွင့်ပဲ...တခြားသူတွေဝင်စွက်ဖက်တာကိုမခံနဲ့..."


"အချစ်ဆိုတာမျိုးက တကိုယ်ကောင်းဆန်ပြီး ကိုယ်စည်းနဲ့ကိုယ်ရှိရတာမျိုးပဲ..ငါမင်းအကြောင်း အရမ်းတွေးခဲ့မိတာလည်းဖြစ်နိုင်တာပဲ...ဒါပေမဲ့ ငါ့အစ်ကိုရည်းစားထားတာကသူ့ကိစ္စပဲ..ငါတွေးတာကလည်းငါ့ကိစ္စပဲ..မင်းနဲ့ဘာမှမပတ်သတ်ဘူး...မင်းငါ့ကိုသနားနေတာမျိုးလည်းမလိုချင်ဘူး..."


"မင်းရွေးချယ်တာကိုမခံရလို့ နောင်တရမိရုံပါပဲ..မင်းသာငါနဲ့အတူရှိဖို့ရွေးချယ်ခဲ့ရင်လည်း..မင်းနဲ့အစ်ကို့ကြားက ဆက်ဆံရေးကဒီအတိုင်းဖြစ်နေဦးမှာပဲ...ဒါကသူ့ကိုစိတ်ထိခိုက်စေမှာ...ပြီးတော့ ငါလည်းစိတ်မကောင်းဖြစ်ရမှာ..ဒီလိုဆိုတိုင်းလည်း ငါသူ့အတွက်ဆိုပြီးလက်လျှော့ပေးလိုက်မှာမဟုတ်ဘူး.."


သူသည်ပြုံးလျက်ဖြင့်ထိုသို့ပြောနေခဲ့ပြီး ဖုယွမ်ကျိုးမှာ တစ်ခုခုပြောချင်သည့်တိုင် ယွိဖေးဖုန်းကရုတ်တရက် အသံမြည်လာခဲ့သည်။ ထိုသူသည် ရုတ်တရက်အလုပ်တစ်ခုပေါ်လာပြီး ကျောင်းမှချက်ချင်းသွားရမည့်အခြေအနေဖြစ်လာလေသည်။


"ဒီတော့...ဘာမှစိုးရိမ်မနေနဲ့..အေးဆေးသာနေ..." 

ယွိဖေးကသူ့အားနှစ်သိမ့်လာရှာသည်။


 "ငါကမင်းရဲ့သူငယ်ချင်း...ပြီးတော့ ငါ့အစ်ကိုရဲ့ညီငယ်လေး...ဒါမျိုးကမပြောင်းလဲသွားဘူး...ငါ့ကိုယ်ငါထိန်းနိုင်ပါတယ်..." 


သူသည်ကား ဖုန်းကိုအိတ်ထဲထိုးထည့်ကာ ပြုံးပြလာလေသည်။ 

"ငါသွားနှင့်ပြီ..."


"မင်း...မင်းအဆင်ပြေမှဖြစ်မယ်နော်..." 

ဖုယွမ်ကျိုး ခဏမျှစကားရပ်လိုက်ပြီးနောက် ပြောလိုက်လေသည်။


 "မင်းနာမည်အကြီးဆုံးမင်းသားဖြစ်လာမှာကို ငါတို့အားလုံးစောင့်ကြည့်နေမယ်..."


"ငါမင်းစကားကိုမှတ်ထားလိုက်မယ်..."


ယွိဖေးကပြုံးလိုက်သည်။ ထို့နောက် လှည့်ထွက်လာခဲ့သည်။ သူ၏နီရဲနေသည့်မျက်လုံးထောင့်ကို လက်ဖြင့်ပွတ်ကာ သူ့ကိုယ်သူခပ်တိုးတိုး​ပြောလိုက်၏။


"သရုပ်ဆောင်ကောင်းချက်..."



♎️