♎️Chapter 86
Main story Extra -3
08
2008 ခုနှစ်၏နွေဦးရာသီအဝင်တွင် ရာသီဥတုက တနေ့ပြီးတနေ့ပိုပြီး ပူနွေးလာခဲ့သည်။ အေပရယ်လနှောင်းပိုင်း တစ်ရက်တွင် ဖုယွမ်ကျိုး၏ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့ပွဲကိုကျင်းပခဲ့၏။ သူသည် ရှဲ့လင်အနောက်မှ ပီယာနိုအခန်းထဲသို့လိုက်သွားခဲ့ပြီး ရှဲ့လင်သူ့အတွက် ရေးစပ်ပေးထားသည့်သီချင်းကိုနားထောင်ခဲ့သည်။
ယင်းကို ရှဲ့လင်ကသူ့အတွက်ရေးစပ်ပေးထားခဲ့ခြင်းဖြစ်သည်။ သည်ဘဝတွင် သူ ထိုသီချင်းနာမည်ကိုသိလိုက်ရပြီ၊ "အချစ်" ။
ဖုယွမ်ကျိုးသည် သီချင်းသံစဥ်ကို ယခင်ဘဝက အကြိမ်ပေါင်းမြောက်များစွာနားထောင်ခဲ့ရပြီး သံစဥ်တစ်ခုစီတိုင်းကို သူ့နှလုံးသားထဲတွင်မှတ်သားထားခဲ့၏။ ထို့ကြောင့် အစပိုင်းလေးတွင် အနည်းငယ်မျှပြောင်းလဲသွားရုံဖြင့် ဖုယွမ်ကျိုးသည် ချက်ချင်းသတိထားမိသွားလေတော့သည်။
အဓိကသံစဥ်က ယခင်နှင့်တထပ်တည်းပင်ဆိုသော်လည်း အသေအချာနားထောင်ကြည့်ပါက မတိုင်ခင်ကနှင့်ကွဲပြားသွားသည်ကိုသိနိုင်သည်။ ၎င်းက သာယာငြိမ့်ညောင်းသည်၊၊ သို့ထိတိုင် ဝမ်းနည်းမှုကိုကြာရှည်မခံစားရဘဲ ကြည်နူးမှုလေးကိုသာခံစားရလေ၏။
ဖုယွမ်ကျိုးက မျက်လုံးမှိတ်ကာ ငြိမ်ငြိမ်လေးနားထောင်နေလိုက်သည်။ ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှုတို့ရောယှက်နေပြီး သူ့မျက်လုံးကအနည်းငယ်မျှစိုထိုင်းလာခဲ့သည်။ သူ့နှုတ်ခမ်းထောင့်လေးများကမူ မဆိုသလောက်ကော့တက်နေလေ၏။
ဤဘဝတွင်တော့ သူတို့မလွဲကြတော့ပေ။
ဤသည်မှာ သူတို့နှစ်ယောက်၏ချစ်ခြင်းမေတ္တာများပင်။
သံစဥ်လေးသည် နားဝင်ချိုစွာစီးဆင်းနေပြီး ဖြည်းဖြည်းချင်းအရှိန်လျော့သွားခဲ့သည်။ ရှဲ့လင်သည် ပီယာနိုအရှေ့တွင်ထိုင်နေပြီး နောက်ဆုံးကီးကိုနှိပ်လိုက်၏။ နံဘေးတွင်ရပ်နေသောဖုယွမ်ကျိုးကခေါင်းငုံ့လာပြီး ထိုသူကိုပြင်းပြစွာနမ်းလိုက်လေသည်။
09 ♎️
ဖုယွမ်ကျိုးမွေးနေ့က ယွမ်ယဲ့မွေးနေ့နှင့် သိပ်မကွာလှပေ၊ တစ်ရက်လေးသာခြားလေသည်။ သို့ဖြစ်၍ သူ့မွေးနေ့ပြီးသည်နှင့်နောက်တစ်ရက်တွင် ယွမ်ယဲ့မွေးနေ့ရောက်လာလေသည်။
သည်နှစ်သူ့မွေးနေ့က တနင်္ဂနွေကျသောကြောင့် ယွမ်ယဲ့မွေးနေ့က တနင်္လာနေ့ရောက်သွားလေသည်။ နောက်တနေ့တွင် တန်းခွဲ ၇ က ကိတ်မုန့်အကြီးကြီးပြင်ပေးပြီး သူတို့မွေးနေ့ကိုကျင်းပပေးလေသည်။
ထိုနေ့တွင် တန်းခွဲ ၇ မှလူအားလုံး အနည်းငယ်မျှမချင့်မရဲဖြစ်မိကြလေသည်။ သူတို့အားလုံး၏အတွေးထဲတွင် ယွမ်ယဲ့နှင့်ဖုယွမ်ကျိုးတို့သည် သူငယ်ချင်းများဖြစ်ပြီး စားပွဲတစ်လုံးတည်းတွင်လည်းအတူထိုင်ခဲ့ကြသည်။ နောင်တွင်လည်း စံပြစုံတွဲဖြစ်လာမည်ဟုထင်ခဲ့ကြသည်။
သို့ထိတိုင် သူတို့အားလုံးသည်ကား ကိုယ့်စိတ်ထဲတွင်သာတွေးနေခြင်းကပိုကောင်းမည်ဟု ရှင်းရှင်းလင်းလင်းသိလိုက်ကြသည်။ ပြန်ပြောင်းအောက်မေ့နေချိန်တွင် မပြောနိုင်ချေ။ ဖုယွမ်ကျိုးနှင့်ရှဲ့လင်လည်း အဆင်ပြေနေကြသည်ပင်။ သူတို့နှစ်ယောက်အတွက် ဆုတောင်းပေးသင့်သည်။ စိတ်မကောင်းဖြစ်နေရန်မလိုအပ်ပေ။
"ငါ့အတွက် ကိတ်လုပ်ပေးလို့ မင်းတို့ကိုကျေးဇူးတင်ပါတယ်ကွာ..."
ယွမ်ယဲ့ကပြုံးလာချေသည်။
"စိတ်မကောင်းစရာပဲ...ငါအများကြီးမစားနိုင်ဘူး...ခဏနေရင်သွားရတော့မှာ..မင်းတို့ပဲခွဲစားကြတော့..."
ချန်ပီယံပြိုင်ပွဲပြီးသည့်နောက် ယွမ်ယဲ့က စတားလိုက်ခ်အသင်းနှင့် အောင်မြင်စွာစာချုပ်ချုပ်နိုင်ခဲ့သည်။ လက်ရှိတွင်မူ သူသည် ချန်ပီယံသစ် အသင်းတစ်သင်းအတွက်ပြင်ဆင်နေပြီ။ ခေါင်းဆောင်နေရာတွင် သူကိုယ်တိုင်ရပ်တည်နေရ၏။ မူလအသင်းသားများက အလုံအလောက်မသန်မာသောသေးပေ။ သူနှင့်ပါတနာဖြစ်ရမည့်သူက အဆင့်နှစ်လောက်ရှိသင့်သော်လည်း မတော်တဆမှုကြောင့် အခြားတစ်ယောက်ကိုအစားထိုးထားရသည်။
ချန်ကျစ်ဟန်က အာတိတ်ရေခဲအသင်းနှင့်စာချုပ်ချုပ်ပြီးနောက် သူနှင့်ပတ်သတ်နေသောကောလဟလများက အဖြန့်ခံလိုက်ရသည်။ ယခုမူ စာချုပ်လည်းဖျက်လိုက်ရပြီး သူကိုယ်တိုင်လည်းဘယ်ရောက်သွားပြီမှန်းမသိတော့ပေ။ သို့သော် မည်သည့်အသင်းကမှ သူနှင့်စာချုပ်မချုပ်တော့မည်မှာအသေအချာပင်။
ချန်ကျစ်ဟန်နှင့်ပတ်သတ်ပြီး ယွမ်ယဲ့စိတ်ကမရေမရာဖြစ်နေသည်။ သူတို့က နှစ်အတန်ကြာပါတနာများဖြစ်လာကြသော်လည်း အွန်လိုင်းတွင်သာစကားပြောဖြစ်ခဲ့ကြသည်။ သူကိုယ်တိုင်လည်း ချန်ကျစ်ဟန်၏စရိုက်အမှန်ကိုမသိပေ။ သူက သုံးစားမရသည့်အမှိုက်ဖြစ်နေပြီး ထိုသို့သောလူမျိုးကသူတို့အသင်းထဲတွင်မရှိနေသည်မှာ ကောင်းသည့်အချက်ပင်။
ကိတ်ကိုတစ်ကိုက်နှစ်ကိုက်စားပြီးသည်နှင့် ယွမ်ယဲ့ကသွားရန်ပြင်သည်။ ဖုယွမ်ကျိုးက သူ့ကိုအခြားအတန်းဖော်များနှင့်အတူ ကျောင်းဂိတ်အထိလိုက်ပို့ပေးပြီး အားပေးလိုက်လေသည်။
"ထရိန်နင်မှာကြိုးစားနော်..."
"အေးပါ.."
ယွမ်ယဲ့ကသူ့အသံကိုကြားသည့်အခါ လှည့်ပြီးပြုံးပြလာသည်။ နေရောင်အောက်တွင် သူ၏မျက်လုံးတို့ကအင်မတန်တောက်ပနေသည်။ ဆေးဆိုးထားသည့်ဆံပင်က လင်းလက်နေပြီး တကိုယ်လုံးက အရောင်အဝါများထွက်ပေါ်နေသလိုပင်။
၎င်းက ပြုံးပြီးပြောလာခဲ့သည်။
"ငါမင်းကိုနောက်ထပ် ချန်ပီယံဆုတစ်ဆုယူလာပြမယ်"
10♎️
ဇွန်လတွင် ရာသီဥတုက အပူဘက်သို့ကူးပြောင်းလာခဲ့သည်၊ သို့သော် လွန်ခဲ့သည့်နှစ်ရက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေချိန်တွင် အေးနေခဲ့သောကြောင့် အတော်အတန်အံ့အားသင့်ခဲ့ရသေး၏။
ရှဲ့လင်ကစာမေးပွဲခန်းထဲတွင် စာမေးပွဲဖြေနေချိန် ဖုယွမ်ကျိုးနှင့်ရှဲ့လင်မိဘတို့ကမူ အပြင်ဘက်တွင်စောင့်နေခဲ့ကြလေသည်။ သူက ဘဝတဆစ်ချိုးအလှည့်အပြောင်းများဖြစ်၍ ပေါ့ပေါ့တန်တန်သဘောမထားကြပေ။ စာမေးပွဲဖြေနေသည့်ရှဲ့လင်ကို လာစောင့်ပေးကြလေသည်။ ရှဲ့လင်မိဘများပင် နိုင်ငံခြားမှပြန်လာကြလေ၏။
ယခင်ဘဝက ရှဲ့လင်းအဆင့်များကိုသိထားပြီးဖြစ်သော်လည်း ဖုယွမ်ကျိုးမှာ အပြောင်းအလဲဖြစ်သွားမည်ကိုစိုးရိမ်နေဆဲပင်။ သူသည် လေအေးပေးစက်ဖွင့်ထားသည့် ကားထဲတွင်ပင်မထိုင်နေနိုင်တော့ဘဲ ကားပေါ်မှဆင်းကာလမ်းလျှောက်နေမိသည်။ ကျောင်းဝင်ပေါက်အရှေ့တွင်မတ်တပ်ရပ်စောင့်နေရင်း အချိန်နှင့်အမျှကျောင်းဘက်သို့လှမ်းကြည့်နေမိလေသည်။
"မင်းလည်းစာမေးပွဲဖြေတဲ့လူကိုလာစောင့်တာလား..."
စိတ်လှုပ်ရှားနေသည့်မိဘတစ်ယောက်က ဖုယွမ်ကျိုးထံစကားစလာသည်။ မိဘများမှာ အပြင်တွင်သာမတ်တပ်ရပ်နေရပြီး အနည်းငယ်စုက ဖုယွမ်ကျိုးနည်းတူငယ်ရွယ်ကြလေသည်။
"ဟုတ်ကဲ့..."
ဖုယွမ်ကျိုးကပြန်ဖြေလိုက်သည်။
"မင်းပုံစံကိုကြည့်ရတာကျောင်းသားဖြစ်မယ်..မွေးချင်းကိုလာစောင့်တာလား..."
အဆိုပါမိဘက ပြုံးပြီးမေးလာလေသည်။
"ကျွန်တော့်ကောင်လေးကိုပါ.."
ဖုယွမ်ကျိုးမှာ ရှက်ကိုးရှက်ကန်းနှင်ပြန်ဖြေလိုက်ရသည်။
"အိုး...မင်းတို့နှစ်ယောက်က အဆင်ပြေကြပုံပဲ..."
မိဘများကရယ်မောကြသည်။ ဖုယွမ်ကျိုးမှာရှက်နေသော်လည်း သူပြောနိုင်သည့်စကားမရှိပေ။ မတော်တဆသာမရှိခဲ့ပါက သူ့ကောင်လေးမှာ အမှတ်တစ်အထက်တန်းကျောင်း၏ ထိပ်ဆုံးကျောင်းသားဖြစ်လာလိမ့်မည်။ သူက ခပ်လျိုလျိုနေတတ်ပြီးထုတ်မပြောရုံသာ။
စာမေးပွဲပြီးသွားသည့်အခါ ဖြေဆိုသူများသည်ကျောင်းဂိတ်ဝမှစုပြုံထွက်လာခဲ့ကြ၏။ အမြင့်တွင်ရပ်နေသည့်ဖုယွမ်ကျိုးက အပေါ်စီးမှကြည့်နေ၍ လူအုပ်ထဲမှရှဲ့လင်ကိုလှမ်းတွေ့လိုက်ရ၏။ သူသည်လှေကားမှချက်ချင်းခုန်ဆင်းပြီး လူအုပ်ထဲတွင်တိုးဝှေ့သွားကာ ရှဲ့လင်လက်ကိုလှမ်းကိုင်လိုက်သည်။
"အခြေအနေဘယ်လိုလဲ..."
"အဆင်ပြေတယ်..."
ဖုယွမ်ကျိုးမှာ ရှဲ့လင်က "အဆင်ပြေတယ်" ဟုပြောလာမှ အဆိုးကြီးမဟုတ်ကြောင်းသိလိုက်ပြီး သက်ပြင်းချလိုက်သည်၊၊ မတော်တဆမှုက မရှိနိုင်တော့ပုံပင်။
သူတို့သည် လက်ဆွဲပြီး လူအုပ်ကြားမှထွက်လာနိုင်ခဲ့ကြသည်။ ကားထဲဝင်သည်နှင့် ရှဲ့လင်မိဘများကပါ တပုံစံတည်းမေးလာခဲ့ကြသည်။ ကားမောင်းသည့်ဒရိုင်ဘာပင် မေးလာသေး၏။ လွန်ခဲ့သည့်နှစ်ရက်အတွင်း ကောလိပ်ဝင်ခွင့်စာမေးပွဲသည် တကမ္ဘာလုံးတွင်တစ်ခါတည်းသော စာမေးပွဲကြီးဖြစ်နေလေသည်။
ရှဲ့လင်က အတော်လေးကံကောင်းလေသည်။ စာမေးပွဲကို သူ့ ကျောင်းတွင်သာဖြေရပြီး တိုက်ခန်းကလည်း ကျောင်းနှင့်နီးသည်။ ဖုယွမ်ကျိုးကဗီလာတွင်ပြန်လာနေသော်လည်း တိုက်ခန်းနှစ်ခန်းကိုအလွတ်မထားနိုင်သောကြောင့် နေ့လည်ပိုင်းတွင် သွားပြီးအနားယူကြသည်။
ရှဲ့လင်အနားယူနေသည်ကိုအနှောင့်အယှက်မဖြစ်အောင် သူ၏မိဘများက ဖုယွမ်ကျိုးအိမ်တွင်နေပြီး ရှဲ့လင်ကိုတစ်ယောက်တည်းအနားယူခိုင်းကြသည်။ ဖုယွမ်ကျိုးလည်းသွားမည်လုပ်သည့်တိုင် ရှဲ့လင်ကသူ့ကိုဆွဲထားပြီး အိမ်ထဲဝင်သည်နှင့်ဖက်ထားလေတော့သည်။
ဖုယွမ်ကျိုးက ရှဲ့လင်ကိုအရင်ဖက်လိုက်သည်။ ရှဲ့လင် စာမေးပွဲဖြေရာတွင် စိတ်သက်သာရအောင် သည်ရက်ပိုင်းအတွင်း ရှဲ့လင်စိတ်တိုင်းကျခွင့်ပြုပေးထားလိုက်၏။
"ဖက်ရုံနဲ့ရပြီလား..."
ရှဲ့လင်ကသူ့ကိုလွှတ်ပေးလိုက်သည်။ ဖုယွမ်ကျိုးက၎င်းကိုမှီကာ ရှဲ့လင်နှုတ်ခမ်းလေးများကိုနမ်းလိုက်ပြီး အပြုံးလေးနှင့်မေးလိုက်၏။
"မလောက်ဘူးလား..."
ရှဲ့လင်က အခွင့်အရေးကိုလုံးဝအလွတ်မပေးပေ။ ၎င်းကခေါင်းငုံ့လာပြီး ဖုယွမ်ကျိုးကိုနမ်းလာလေသည်။ ဆာလောင်မွတ်သိပ်စွာဖြင့်ပင်နမ်းလာခဲ့ခြင်းဖြစ်လေ၏။ ဖုယွမ်ကျိုးမှာ အသက်ပင်မရှူနိုင်တော့ဘဲ မျက်ရည်ပင်ကျလာခဲ့၏။ သူ့ဘက်မှရှဲ့လင်ကိုအရင်င် စနောက်ခဲ့ပြီး ယခုမူ တွန်းထုတ်၍ပင်မရတော့ပေ။
နမ်းပြီးမှ ရှဲ့လင်သည် ဖုယွမ်ကျိုး၏အစိုဓာတ်ပြည့်နေသောနှုတ်ခမ်းလေးများကိုပွတ်သပ်လိုက်သည်၊၊ ၎င်း၏လက်ချောင်းလေးများက ဖုယွမ်ကျိုး၏လည်ပင်းနှင့်ဂုတ်တလျှောက်ပွတ်သပ်သွားပြီး နောက်ဆုံး၌ ခါးကိုဖက်ကာ ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည်။
"မလုံလောက်သေးဘူး...ယွမ်ကျိုး..."
သူ ခေါင်းငုံ့ပြီး ဖုယွမ်ကျိုး၏နဖူးကိုနမ်းလိုက်သည်။ သူ၏မျက်တောင်လေးများကိုနှိမ့်ထားပြီး နက်ရှိုင်းသည့်မျက်လုံးတို့ကိုဖုံးကွယ်ထားသည်။ လည်စလုတ်လေးက အနည်းငယ်မျှတုန်ခါသွားကာ ပါးလွှာသည့်နှုတ်ခမ်းလေးများက အဖွင့်အပိတ်လုပ်နေပြီးမှပြောလာ၏။
"စာမေးပွဲပြီးရင် ကိုယ်မင်းကိုအမှတ်အသားပေးချင်တယ်.. ယွမ်ကျိုး.."
ယခုအချိန်တွင် အမှတ်အသားပြုခြင်း၏အဓိပ္ပါယ်ကို ဖုယွမ်ကျိုးအသေအချာသိနေပြီဖြစ်၍ ရှဲ့လင်ပြောလာသည်နှင့် သူ့မျက်နှာကရုတ်တရက်နီရဲသွားလေသည်။
"စိတ်ကူးထဲတောင်မရဘူး! မင်းမိဘတွေကိုလည်းပြန်စဥ်းစားဦး..."
ရှဲ့လင်မိသားစုက ပညာရေးဆိုလျှင် အင်မတန်တင်းကြပ်သည်။ လက်မထပ်ခင်အထိ ဘယ်လိုစည်းကျော်မှုမျိုးကိုမှ လက်ခံကြမည်မဟုတ်ပေ။ ရှဲ့လင်သာသူ့ကိုတကယ်အမှတ်အသားပေးလိုက်ပါက ဖယ်ရိုမုန်းအနံ့ရရုံဖြင့် သူတို့လည်းသိသွားပေလိမ့်မည်။
ထို့အပြင် သူ့ကိုယ်တိုင်လည်း အလွန်မြန်ဆန်နေသလိုခံစားရသည်။ သူတို့နှစ်ယောက် နှစ်ဝက်ကြာအောင်ချစ်လာခဲ့ကြပြီဆိုသော်လည်း ရှဲ့လင်နှင့်ထိုကိစ္စလုပ်ရမည်ဟုတွေးမိလျှင် သူရှက်သလိုခံစားနေရသေးသည်။ သည့်နောက် သူနှင့်ရှဲ့လင်တို့သည် နှစ်နှစ်ဆယ်ထက်မနည်းသူငယ်ချင်းများဖြစ်ခဲ့ကြပြီး ချစ်သူဖြစ်ကြသည်မှာမူ မကြာသေးပေ။
ရှဲ့လင်ကမျက်လွှာလေးချကာ စကားမပြောလာတော့ပေ။ သူ့မိဘများကဖုယွမ်ကျိုးထက် ပိုတွေးထားကြမှန်း သူနားလည်ပါသည်။
ထိုသူတိတ်ဆိတ်သွားမှ ဖုယွမ်ကျိုးမှာ ယနေ့က အရေးကြီးနေ့များအနက်တစ်နေ့ဖြစ်ကြောင်း သဘောပေါက်သွားသည်၊၊ ရှဲ့လင်ကိုစိတ်ဆင်းရဲအောင်လုပ်၍မဖြစ်သောကြောင့် လေသံကိုလျှော့လိုက်ရပြီး ပြောလိုက်လေ၏။
"မင်းစာမေးပွဲဖြေတာကိုပဲအာရုံစိုက်ထား...စာမေးပွဲပြီးမှထပ်ပြောကြမယ်..."
11♎️
ကျန်သည့်စာမေးပွဲသုံးခုလည်း အဆင်ပြေစွာဖြင့်ပြီးစီးသွားခဲ့သည်။ ယခုတော့ ရှဲ့လင်ကအပန်းဖြေခရီးထွက်သွားပြီး ဖုယွမ်ကျိုးကမူ နောက်ဆုံးကျန်နေသည့်စာမေးပွဲအတွက် ကျောင်းသွားရလေသည်။
ဤတကြိမ်နှစ်ဝက်စာမေးပွဲတွင် ဖုယွမ်ကျိုးအဆင့်များကပိုကောင်းလာသည်။ ရခဲ့ဖူးသမျှအဆင့်များတွင် အကောင်းဆုံးဟုပင်ပြောနိုင်သည်။ အထက်တန်း တန်းခွဲ ၁ ကိုပြန်သွားရန်မှာပြဿနာမဟုတ်တော့ပေ။ တန်းခွဲ ၁ မှလူတိုင်းအတော်လေးပျော်ရွှင်နေကြသော်လည်း တန်းခွဲ ၇ မှလူများကမူ ဝမ်းနည်းနေကြလေပြီ။
သူတင်မက ယွမ်ယဲ့ကပါ အထက်တန်းတတိယနှစ်ကိုပြောင်းရွှေ့ရတော့မည်။ ထိုသူသည် ကျောင်းတွင်တနေကုန်မျက်နှာမပြတော့သည့်တိုင် အဆင့်များကမူအောက်မကျသွားခဲ့ဘဲ ထိပ်ဆုံးသုံးယောက်တွင်ပင်ဝင်သွားခဲ့သေးသည်။ တာ့ယန်ပင်၎င်း၏အခြေအနေကြောင့် ခံစားသွားရပြီး စာသင်ရာတွင်ပင်အားမပါတော့ပေ။
ဖုယွမ်ကျိုးသည်လည်း အတန်းပြောင်းရန်တွန့်ဆုတ်နေမိသည်။ တန်းခွဲ ၁ တွင်လည်း သူငယ်ချင်းအများအပြားရှိသည်၊၊ ယေဘူယျသဘောအရ တန်းခွဲ ၁ တွင်စာသင်ရခြင်းကပိုကောင်းသည်။ ရှဲ့လင်သွားသည့်ကျောင်းကိုဝင်ရရန် သူ့အနေဖြင့် တန်းခွဲ ၁ ကိုသွားရန်လိုသည်။
မကြာခင် ဖုယွမ်ကျိုးကလည်း နွေရာသီအပန်းဖြေခရီးထွက်သွားခဲ့ပြီး ရှဲ့လင်၏ကောလိပ်ဝင်ခွင့်ရလဒ်များလည်းထွက်လာခဲ့သည်။ ငြင်းစရာမရှိလောက်အောင် သူက တစ်မြို့လုံး၏ နံပါတ်တစ်ဖြစ်ခဲ့၏။ လူကြီးများကသူ့အတွက် ပျော်ရွှင်နေခဲ့ကြသည်။ ထို့နောက် ရှဲ့လက်မွေးနေ့လည်းနီးကပ်လာပြီဖြစ်ရာ ရှဲ့လင်ကိုဂုဏ်ပြုပေးရန် ညစာစားပွဲကျင်းပရန်စီစဥ်လိုက်ကြသည်။
ယခုလိုနေ့မျိုးတွင် ရှဲ့လင်က မဖြစ်မနေဝိုင်သောက်ပြရပြီး ဖုယွမ်ကျိုးကမူ ဟန်ပြအနေဖြင့် အလွန်အကျွံသောက်ပေးရ၏။ ထို့နောက် သူလမ်းလျှောက်သည့်အခါ ဟိုယိုင်သည်ယိုင်ဖြစ်နေခဲ့သည်။ သူပျော်သလို ဝမ်းနည်းစိတ်လည်းဖြစ်မိသည်။ ရှဲ့လင်အဆင့်များကထွက်လာခဲ့ပြီ။ ဆိုလိုချင်သည့်သဘောမှာ သူတို့ခွဲခွာရဖို့နီးကပ်လာလေပြီ။
အိမ်ပြန်ရောက်သည့်အခါ ဖုယွမ်ကျိုးရေချိုးလိုက်သည်။ အဝတ်ချွတ်လိုက်ချိန်တွင် အရက်နံ့ဖျော့ဖျော့လေးကိုရလိုက်ပြီး ရုတ်တရက် ရှက်လာမိသည်။ ထိုအနံက သူ့အတွက် ရှဲ့လင်၏ဖယ်ရိုမုန်းကိုအမှတ်ရမိစေသည်။ ၎င်းက ဝိုင်အနံ့ဖြစ်ပြီး သိပ်သည်းပူနွေးသည်။ အချိန်နှင့်အမျှ ပို၍ပိုကာကျရှုံးလာစေသည်။
ရှဲ့လင်နှင့်အလွန်တရာ နီးစပ်နေ၍လည်းဖြစ်နိုင်သည်။
မတူကွဲပြားသည့်အခြေအနေအောက်မှာပင် ပြင်းထန်သည့်ခံစားချက်တို့က သူ့အားအပြင်းအထန်ဆွဲဆောင်နေပြီး စွဲလန်းယစ်မူးမှုတွင်ပျော်ဝင်စေသည်။
ဖုယွမ်ကျိုးကဆံပင်ကိုသပ်တင်ပြီး လည်ပတ်ကိုဖြုတ်လိုက်သည်၊၊ ပြန်မဝတ်တော့ဘဲ သူ၏ဖြူဖွေးနေသည့်လည်တိုင်လေးကိုပြသထားလိုက်သည်။ ထို့နောက် ဓာတ်ပုံရိုက်ကာရှဲ့လင်ကိုပို့လိုက်ပြီး သူအသင့်ဖြစ်နေပြီဟုအကြောင်းကြားလိုက်သည်။
လူကြီးများမှာ မူးပြီးအိပ်ရာစောစောဝင်သွားကြသည်။ ဖုယွမ်ကျိုးက ရှဲ့လင်အိမ်ကို တိတ်တိတ်လေးသွားလိုက်၏။ ရှဲ့လင်ကသူ့ကိုတံခါးအပြင်တွင်စောင့်နေလေသည်။ သူ့လည်ပင်းတွင်လည်ပတ်မရှိနေသည့်အခါ တဒင်္ဂခန့်တန့်သွားပြီး မေးခွန်းမေးလာခြင်းမရှိပေ။
"ဘာလို့ ဒီတခေါက်ကျ ဘာမှမပြောတော့တာလဲ..."
ဖုယွမ်ကျိုးက ညစ်ကျယ်ကျယ်ပြုံးပြလိုက်သည်။ ဤတကြိမ်က သူပြန်လည်မွေးဖွားလာပြီးနောက်ပိုင်း ရှဲ့လင်ထံကို လည်ပတ်မဝတ်ဘဲ ဒုတိယအကြိမ်ရောက်လာခြင်းပင်။ ပထမတကြိမ်က သူဘာမှမသိခဲ့၍ဖြစ်ပြီး ဤတကြိမ်ကမူ ရည်ရွယ်ချက်ရှိရှိဖြင့်ရောက်လာခြင်းပင်။ သူရောက်လာသည့်အခါ ရှဲ့လင် သူ့ကိုငေးကြည့်နေသည့်ပုံစံကိုမြင်ပြီး သူကျေနပ်သွားလေသည်။
သူသည် ရှဲ့လင်၏အရှေ့တွင် မှီချလိုက်ပြီး တမင်တကာခြေဖျားထောက်လိုက်သည်၊၊ လည်တံဖွေးဖွေးကိုလှစ်ပြရင်း သင်းပျံ့သည့်မက်မွန်ရနံ့ကို လေထုထဲသို့ပျံ့သွားစေသည်။
"အနံ့လေးကကောင်းလား..."
ရှဲ့လင်ကစကားမပြန်သည့်တိုင် မျက်လုံးအရောင်ကပြောင်းလဲသွားသည်၊၊ သူက ရှဲ့လင်မျက်နှာကို ပူနွေးသည့်လက်ချောင်းထိပ်လေးဖြင့် ဆတ်ကနဲလှမ်းကိုင်၏။ ဖုယွမ်ကျိုးက ၎င်း၏လည်ပင်းကိုတွယ်ချိတ်လိုက်ရင်း မျက်လုံးလေးများကိုကွေးညွတ်ကာဆိုလေသည်။
"အမှတ်အသားပေးလို့မရပေမဲ့ ကိုက်လို့တော့ရတယ်.."
ရှဲ့လင်လက်က သူ့ဂလန်းကိုကိုင်ထားခဲ့သည်။ ဖုယွမ်ကျိုးက အနည်းငယ် တုန်ယင်သွားလင့်ကစား မရှောင်ပေ။ သူ သည်နေရာကို တမင်တကာရောက်လာခဲ့သည်လေ။
"ကိုယ့်ကို ယာယီအမှတ်အသားလေးပေးခွင့်ပြုပါ.."
"ငါကမင်းအပိုင်ဆိုတာ တခြားသူတွေသိအောင်ပြလိုက်ချေ..."
12
ရှဲ့လင်က တက္ကသိုလ်တက်ရန်အတွက် အခြားနေရာသွားရမည့်အကြောင်းနှင့် တစ်နှစ်ကြာပြီးမှ ဖုယွမ်ကျိုးကိုပြန်တွေ့နိုင်မည်ဟု မပြောခဲ့ပေ။ သူဖက အပြင်ပန်းတွင်ဂရုမစိုက်ပုံပြသော်လည်း တကယ်တမ်းတွင် ထိုကိစ္စအပေါ်အာရုံရောက်နေခဲ့သည်။ ထို့ကြောင့်ပင် ဖုယွမ်ကျိုးကိုအမှတ်အသားပေးရန် တောင်းဆိုနေရခြင်းပင်။
ရှဲ့လက်ဘက်မှကြည့်လျှင် သူတို့သည် နှစ်ဝက်ထက်မနည်းတွဲခဲ့ကြပြီး နောင်အနာဂတ်တွင်လည်း ပြတ်ရန်မဖြစ်နိုင်ပေ။ သို့သော်လည်း ဖုယွမ်ကျိုး၏ ထူးခြားရောဂါကြောင့် ယခင်က အမှတ်ပေးမည့်အကြောင်းကိုထုတ်မပြောခဲ့ပေ။
သို့သော် ယခုအခိုက်အတန့်လေးတွင် သူနှင့်ဖုယွမ်ကျိုးတို့ တစ်နှစ်ခန့်ကြာအောင်ဝေးကွာနေမည့်အကြောင်းကိုသာတွေးမိနေပြီး စိတ်မချနိုင်ပေ။ အထူးသဖြင့် ဖုယွမ်ကျိုးက လုံလောက်ပြီလားဟု မေးလာချိန်တွင်ဖြစ်သည်။ သူ၏အတွင်းပိုင်းမှစိတ်စွမ်းအင်လှိုင်းများမှာ အထွတ်အထိပ်သို့ရောက်နေလေပြီ။
ဘယ်လိုလုပ် လုံလောက်နိုင်မှာလဲ...
အယ်လ်ဖာတစ်ယောက်၏စိတ်ဆန္ဒက ဖုယွမ်ကျိုးကို နေထိုင်ရကောင်းအောင်လုပ်ပေးချင်သည်။ ထိုသူကိုပိုင်ဆိုင်ချင်သည်။ အမှတ်အသားပေးချင်သည်။ ကိုယ်ပိုင်ဖယ်ရိုမုန်းများဖြင့် ချည်နှောင်လိုက်ချင်သည်။ ထိုအမှတ်အသားဖြင့် သူတို့လက်ထပ်ကြပြီး မိသားစုတစ်စုကိုစတင်ကြမည်။ ကလေးမွေးကြပြီး တနေ့တည်းတွင် အကြိမ်များစွာ ပွေ့ဖက်နိုင်မည်။ ဒုတိယအချက်မှာ နမ်းရှိုက်ခြင်းကလည်း ရေငတ်ပြေရန်အဆိပ်ရည်သောက်နေရခြင်းနှင့် မခြားနိုင်ပေ။
သူ့ကိုယ်သူအမြဲထိန်းသိမ်းထားရသည်။ နက်ရှိုင်းလာနေသည့် အစစ်အမှန်ခံစားချက်တို့ကိုချွန်းအုပ်ထားခဲ့ရသည်။ ထူးခြားဖြစ်စဥ်အခြေအနေမှသာ ၎င်းတို့က ထွက်ပေါ်လာနိုင်လိမ့်မည်။ ဤအခိုက်အတန့်လေးမှာပင် ၎င်းကထုတ်ပြောရန်မဖြစ်နိုင်တော့ကြောင်း သူသိလိုက်ရသည်။
သူဖုယွမ်ကျိုးကို အလုံးစုံပိုင်ဆိုင်ချင်သည်၊၊ သို့ရာတွင် အခြေအနေအရပ်ရပ်ကြောင့် သူထုတ်မပြောတော့ပေ။ စိတ်စောမှုတို့ကို နှလုံးသားထဲတွင်ဖုံးကွယ်ထားလိုက်ရသည်။
ဆယ်နှစ်ကျော်ခန့် ရင်းနှီးလာကြသည့်အခါ ဖုယွမ်ကျိုးက သူ့အတွေးတို့ကိုဖတ်နိုင်နေမှန်း ရှဲ့လင်ကရုတ်တရက်နားလည်လာခဲ့သည်။ ဖုယွမ်ကျိုးအကြောင်းကို သူသိနေပြီး ဖုယွမ်ကျိုးကလည်း သူ့အကြောင်းကိုသိနေခဲ့သည်။
မည်းမှောင်တိတ်ဆိတ်သည့်ညတွင် ဝိုင်အနံက တရိပ်ရိပ်တိုးလာခဲ့သည်။ သူသဘောကျနေသူက သူ့အရှေ့တွင်ရပ်နေခဲ့ပြီး ထိုသူကို သူပိုင်ကြောင်းလူတိုင်းကိုသိစေချင်ခဲ့သည်။
ယခုလိုကမ်းလှမ်းချက်ရလာသည့်အခါ သူစိတ်ထိန်းမနေတော့ပေ။
"မင်းနောင်တမရတာ သေချာတယ်နော်..."
အယ်လ်ဖာ၏စိတ်ဆန္ဒက လွတ်ထွက်မသွားခင် ရှဲ့လင်က သူ့ကိုယ်သူထိန်းချုပ်ထားပြီး ဖုယွမ်ကျိုးကိုမေးခွန်းထုတ်လာခဲ့သည်။
"ဘာကိုနောင်တရမှာလဲ.."
ဖုယွမ်ကျိုးကသူ့ကိုဖက်ကာ ပြုံးပြလိုက်သည်။
"မင်းငါ့ကိုမထားခဲ့ဘူးမလား..."
"မထားခဲ့ဘူးဆိုမှတော့ ဘာကိုစိတ်ပူနေရမှာလဲ...လုပ်စမ်းပါ..ငါ့ကိုအမှတ်ပေးလိုက်တော့...ရှဲ့လင်..."
ဝိုင်နီအနံ့နှင့် ချိုမြိန်သည့်မက်မွန်သီးရနံ့တို့ အပြန်အလှန်ရစ်တွယ်သွားခဲ့ကြသည်။
အမှတ်အသားပေါ်လာပြီးသည့်နောက် ဖုယွမ်ကျိုးက ရှဲ့လင်နှုတ်ခမ်းတို့ကို အရင်နမ်းလိုက်သည်။ ပြီးနောက် ရုတ်တရက်ကြီး ကိုက်ချလိုက်သည်။ သူကိုက်လိုက်သည့်အားကြောင့် သွေးတို့ကပန်းထွက်လာလေသည်။
"ဒါက ငါမင်းကိုပေးတဲ့အမှတ်အသား.."
ဖုယွမ်ကျိုးက ပြုံးလိုက်သည်။
"ငါလည်းမင်းကိုပိုင်တယ်ဆိုတာ သူတို့သိသွားရမယ်..."
♎️