Chapter 88
Viewers 4k

♎️Chapter 88

Another life -1


ဆောင်းဦးနှောင်းချိန်သို့ရောက်ခဲ့ပြီ၊၊ ရာသီဥတုကပိုအေးလာခဲ့လင့်ကစား ကျောင်းသားများ၏ ဘတ်စကတ်ဘောပြိုင်ပွဲအတွက် စိတ်အားထက်သန်မှုကိုမဟန့်တားနိုင်ပေ။ အမှတ် ၁ အလယ်တန်းကျောင်း၏အစဥ်အလာအရ ဘတ်စကတ်ဘောပြိုင်ပွဲကျင်းပနေစဥ် ကျောင်းသားအုပ်စုကြီးမှာ ပွဲခင်းအတွင်း ချွေးများဖြင့်ရွှဲစိုနေခဲ့ကြသည်။ ၎င်းတို့က ဘောလုံးကို ခြင်းတောင်းထဲဝင်သည်အထိပစ်လိုက်ချိန်တိုင်း နွေးထွေးသည့်လက်ခုပ်သံတို့က အဆတ်မပြတ်ထွက်ပေါ်လာတတ်လေသည်။


ပြိုင်ပွဲပြီးဆုံးသွားသည်နှင့် တန်းခွဲ ၇ က အမှတ်ပြည့်ဖြင့် တန်းခွဲ ၁၀ ကိုအနိုင်ရခဲ့သည်။ တန်းခွဲ ၇ တစ်ခန်းလုံး အုန်းအုန်းကြွပ်ကြွပ်ဖြစ်နေခိုက် ပြိုင်ပွဲ၏ဟီးရိုးဖြစ်သူ ယွမ်ယဲ့ကမူ ပျော်နေပုံမရပေ။ သူ၏မျက်လုံးတို့မှာမည်းမှောင်နေပြီး သူ့အားဘောလုံးပေးလိုက်သည့်ကောင်လေးကိုလှမ်းကြည့်လာသည်။


"ဖုယွမ်ကျိုး..." 

သူကပြောလိုက်လေသည်။ 

"မင်းတမင်လုပ်တာမလား..."


"ဘာကိုတမင်လုပ်ရမှာလဲ..." 

ဖုယွမ်ကျိုးကလည်းသူ့ကိုပြန်ကြည့်လိုက်ပြီး ဂရုမစိုက်သလိုပုံစံဖြင့် ပြန်ပက်လေသည်။ 


ယွမ်ယဲ့: "မသိသလိုလုပ်မနေနဲ့...ငါ့မျက်နှာတည့်တည့်ကိုပစ်နိုင်တာ မင်းတစ်ယောက်ပဲရှိတယ်..."


"မင်းမျက်နှာကိုထိသွားလို့လား" 

ဖုယွမ်ကျိုးက သူ့ကို ခေါင်းမှခြေထောက်အထိကြည့်သည်။ 


"မင်းမှာမျက်နှာရောရှိလို့လား..."


အချို့က ထိုစကားကြောင့်ရယ်ကြပြီး ဖုယွမ်ကျိုးအနောက်မှကပ်လိုက်သွားကြပြီး ယွမ်ယဲ့၏သူငယ်ချင်းကမူ ဒေါသထွက်နေလေသည်။ အုပ်စုနှစ်စု၏စကားသံက ပိုကျယ်လာပြီး လေထုကပိုအန္တရာယ်ရှိလာသည်။ နောက်ဆုံးတွင် ဆရာကရောက်လာပြီး စကားအနည်းငယ်ပြောလိုက်သောကြောင့် ရန်ပွဲဖြစ်မသွားခဲ့ပေ။


"မင်းတမင်လုပ်တာဟုတ်ဟုတ် မဟုတ်ဟုတ် အခု ယွမ်ယဲ့ကိုတောင်းပန်လိုက်..." 

ဆရာက ကြားဝင်ပြီးစေ့စပ်ပေးလာသည်။


"တောင်းပန်ပါတယ်...ငါ့အမှားပါ.."


ဖုယွမ်ကျိုးက ပြောသည့်အတိုင်းလုပ်လိုက်သော်ငြား စိတ်ပါလက်ပါမဟုတ်ပေ။ ပြီးနောက် သူ့လူများကိုခေါ်ပြီးထွက်သွားလေတော့သည်။ တဖက်ကမူ စိတ်တိုလွန်းသောကြောင့် ၎င်းတို့အနောက်ကိုလိုက်ရိုက်ချင်နေကြ၏။ ယွမ်ယဲ့တစ်ယောက်တည်းကသာ သဘက်နှင့်ချွေးသုတ်ကာ မျက်နှာသေဖြင့်ရှိနေလေသည်။


သူ့သူငယ်ချင်းများကမူ ဆဲရေးနေဆဲ။


 "ယီးပဲ..ဖုယွမ်ကျိုး...မင်းကအတော်လေးရွံစရာကောင်းတဲ့ကောင်!"


"အေးလေ!" 

တစ်ယောက်ကလည်း ဝင်ထောက်ခံလာသည်။ 


"ကြည့်စမ်းပါဦး..ယွိဖေးကသူ့ကိုရေဘူးလာပေးပြန်ပြီ..ဘာလို့များ ကောင်မလေးတစ်ယောက်တောင်မှ ငါ့ကိုရေဘူးလာမပေးရတာလဲ..."


ပထမပြောလိုက်သည့်တစ်ယောက်က ဝင်ဟောက်လေသည်။

 "အခုအချိန်ကြီးမှာ မင်းပြောသင့်တဲ့စကားလား!"


ထိုကောင်လေးမှာ ဇက်ကလေးပုဝင်သွားကာ ဆက်မပြောရဲတော့ပေ။ အခြားသူများကဆက်လက်ပြီးပြောဆိုနေကြဆဲတွင် ကျောင်းသားတစ်ယောက်ကယွမ်ယဲ့အနားကပ်လာပြီး တိုးလျသည့်အသံဖြင့်မေးလာခဲ့သည်။ 


"အစ်ကိုယဲ့...ရေလေးသောက်ဦး...ပြောစမ်းပါဦး..ဖုယွမ်ကျိုးကို ဘယ်လိုသင်ခန်းစာပေးကြမလဲ..."


ယွမ်ယဲ့သည် ဘာမှမပြောလာသော်လည်း အုပ်စုထဲတွင် အတည်ငြိမ်ဆုံးဖြစ်နေလေသည်။ သူသည် လူရိုက်တတ်သူမဟုတ်သည့်တိုင် ဖုယွမ်ကျိုးကိုမူ ရိုက်ပစ်ချင်သည်မှာကြာလှလေပြီ၊၊ ဖုယွမ်ကျိုးကို ဘာမှလုပ်မရ၍သာလွှတ်ထားရခြင်းဖြစ်လေ၏။ အနည်းဆုံးတော့ ကျောင်းတွင်လုပ်၍မဖြစ်ပေ။


အထက်တန်းဒုတိယနှစ်မှကျောင်းသားတိုင်း ယွမ်ယဲ့နှင့်ဖုယွမ်ကျိုးတို့က တစောင်းစေးနှင့်မျက်ချေးပင်ဖြစ်ကြောင်း သိကြသည်။ ပထမဆုံးရသည့်သင်ခန်းစာက မကြီးကျယ်ခဲ့ပေ။ သူတို့သေချာမမှတ်မိကြတော့သည့်တိုင် နှစ်ယောက်သားက အပြန်အလှန်သဘောမကျကြသည်အထိ ဖြစ်စေခဲ့သည်။


နှစ်ယောက်လုံး၏အကျင့်တို့ကိုပြောရလျှင် တစ်ယောက်ကလေကျယ်တတ်ပြီး တယောက်မူ စိတ်ရှိတိုင်းထင်တိုင်းကြဲတတ်သည်။ အကျင့်စရိုက်တူသည့်လူတိုင်းက ညီအစ်ကိုကောင်းမဖြစ်လာလျှင် ကမ္ဘာမကျေသည့်ရန်သူများဖြစ်လာစေတတ်၏။ 


ကံခေပြီး သူတို့ကြားမှပဋိပက္ခမှာပိုကြီးထွားလာကာ တကျောင်းလုံး၏ငြိမ်းချမ်းရေးကိုပျက်စီးစေခဲ့သည်။


ယွမ်ယဲ့၏သူငယ်ချင်းများဘက်ကလည်း ၎င်းကို ဖုယွမ်ကျိုးဘက်မှအမှားဟုထင်နေကြသည်။ ထိုသူတွင် နောက်ထပ်ရန်သူတော်ကြီးတစ်ပါးရှိနေသေး၏၊၊ တန်းခွဲ ၁ မှရန်ရှူးထန်ပင်။ သူတို့လည်း ရန်ရှူးထန်ကိုသဘောမကျစေကာမူ ဖုယွမ်ကျိုးကိုပိုမုန်းကြသည်။ ထိုသူ၏ပြည့်စုံသည့်စရိုက်ကိုအခိုင်အမာအာမခံနိုင်ပြီး ယွမ်ယဲ့လိုစကားများသူကိုပင် စော်ကားလေ့မရှိပေ။


သို့သော်လည်း ဤတကြိမ် ကျောင်းတွင်းဘတ်စကတ်ဘောပြိုင်ပွဲတွင် ဖုယွမ်ကျိုးနှင့်ယွမ်ယဲ့တို့က အတန်းဖော်များဖြစ်လာကြသောကြောင့် တန်းခွဲ ၇ မှလူတိုင်း မျက်လုံးပြူးသွားကြတော့သည်။ အတန်းဖော်များအချင်းချင်း ပြိုင်ပွဲတွင်အတူဝင်ပြိုင်ကြခြင်းက မှားနေခြင်းမဟုတ်သော်လည်း ဤနှစ်ယောက်ကမတူပေ။ ပြိုင်ပွဲမစခင် အချင်းချင်းသတ်ကြတော့မလို့များလား။


ယွမ်ယဲ့သည် အခြားသူများခန့်မှန်းခဲ့ကြသလို ပြိုင်ပွဲတွင်ဝင်မပြိုင်ခဲ့ပေ။ သူကဖုယွမ်ကျိုးကိုမြင်သည်နှင့် မုန်းတီးပြီးကြည့်မရဖြစ်နေခဲ့သည်။ အတန်းပိုင်ဆရာတာ့ယန်က အချိန်အတော်ကြာတောင်းပန်မှ ၎င်းကလက်ခံခဲ့၏။ တာ့ယန်ကသူ့ကိုကောင်းကောင်းဆက်ဆံပြီး သူပြောသမျှလက်ခံပေးခဲ့သည်။ သို့ဖြစ်၍ ယွမ်ယဲ့မှာ အနည်းအကျဥ်းမျှစိတ်မကောင်းဖြစ်သွားခဲ့ရရှာ၏။


သူနှင့်ဖုယွမ်ကျိုးတို့ အသင်းဖော်များဖြစ်လာကြသည့်အခါ ယွမ်ယဲ့က ဘတ်စကတ်ဘောကစားသည်ထက် လူပိုရိုက်ချင်နေပြီး ဖုယွမ်ကျိုးကလည်း ထပ်တူထပ်မျှပင်။ 


အခုလေးတင် ဘောလုံးကို သူ၏မျက်နှာတည့်တည့်သို့ပစ်သွင်းပေးလိုက်ပြီး ယွမ်ယဲ့ကလည်း ပြိုင်ဘက်အသင်းကိုခုခံရန်ထက် ကိုယ့်အသင်းသားများဘက်သို့သာ နဂါးမျက်စောင်းများပစ်ပေးနေခဲ့လေသည်။


သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးသည်ကား အလွန်အမင်းဆိုးဝါးလှပြီး ကစားပွဲတွင်လည်း ပူးပေါင်းမှုမရှိကြပေ။ ကစားပွဲ အမြန်ပြီးသွားရန်သာ အာရုံစိုက်နေကြလေသည်။


ကံကောင်း၍ ယွမ်ယဲ့နှင့်ဖုယွမ်ကျိုးတို့ဘက်မှ ဟာကွက်မရှိပေ။ နောက်ဆုံးပွဲတွင် တန်းခွဲ ၁၃ နှင့် ရင်ဆိုင်ရေသာ်လည်း သူတို့အသင်းထဲတွင် ဘတ်စကတ်ဘောကစားသမားနှစ်ယောက်ပင်ပါနေ​သေးသည်။


ယွမ်ယဲ့က အရှုံးကိုလက်မခံနိုင်သူပင်။ သို့သော် ဖုယွမ်ကျိုးနှင့်ပူးပေါင်းပြီးနိုင်ရသည်ထက် ရှုံးသွားခြင်းကပိုကောင်းပေမည်။ သူက ဖိုင်နယ်ပွဲတွင်ဝင်မပါရန်ဆုံးဖြတ်လိုက်ပြီး ဖုယွမ်ကျိုးတစ်ယောက်တည်းကိုသာ ပြိုင်ပွဲတွင်အရှုံးခံခိုင်းရန်ကြံလိုက်သည်။ ဆီမီးဖိုင်နယ်တစ်ပွဲတည်းနှင့် တာ့ယန်ပျော်သွားပြီးလျှင် လုံလောက်သွားပြီပင်။


တစ်ဖက်မှဆဲရေးတိုင်းထွားသံတို့က ဆက်လက်ထွက်ပေါ်နေဆဲ။ ဖုယွမ်ကျိုးဘက်မှာလည်း မထူးမခြားနားပင်။ သူ့သူငယ်ချင်းများက ယွမ်ယဲ့၏နုံချာမှုတို့ကိုဝေဖန်နေပြီး ယွိဖေးရောက်လာသည့်အခါ ဟုတ်ကနဲတိတ်သွားကြတော့သည်။ သူမရှေ့တွင်မူ ၎င်းတို့အားလုံးက မရိုင်းစိုင်းရဲချေ။


"ကျိုးအာ..."


ယွိဖေးသည် ပြုံးရွှင်သောမျက်နှာဖြင့် ဖုယွမ်ကျိုးကိုရေဘူးကမ်းပေးလာ၏။ အခြားသူများမှာ မနာလိုဖြစ်နေကြရသည်၊၊ သူတို့မရ၍မဟုတ်ဘဲ ယွိဖေးကအင်မတန်လှလွန်းနေသောကြောင့်သာ။ သူမကျောင်းထဲသို့ဝင်လာသည်နှင့် ထိုနေ့တနေ့လုံးကို ပွက်ပွက်ညံနေစေပြီး ကျောင်းသူသစ်လေး၏အလှကို ဆရာများနှင့်အခြားအတန်းမှလူများပင် စိတ်ဝင်စားနေခဲ့ကြသည်။


အချို့သူများကမူ ယွိဖေးအလှအပေါ်တုံ့ပြန်မှုမရှိကြသည့်တိုင် ဖုယွမ်ကျိုးကမူ အေးဆေးနေခဲ့သည်။ သူ့သူငယ်ချင်းများပင် သူယွိဖေးအပေါ်ဆက်ဆံပုံကို အခြားသူများထံ၌မမြင်ခဲ့ရဖူးပေ။


"နင်ကစားသွားတာကောင်းတယ်..." 

ယွိဖေးကပြုံးပြီး ဖုယွမ်ကျိုးကိုချီးကျုးပေးလာသည်။


"ကျေးဇူးပဲဟာ.." 

ဖုယွမ်ကျိုးက ရေဘူးကိုလှမ်းယူလိုက်သည်။ 

"နင်လည်း ဘယ်လိုကစားရမလဲဆိုတာသိနေတာပဲမလား...ငါနင်ပြောတာကိုတော့မကြားဖူးဘူး.."


"ငါကအများကြီးမသိပါဘူး...ဒါပေမဲ့ နင်ကစားတာတော့တကယ်ကောင်းတယ်..."


"တကယ်တော့...ငါဒီနေ့ကစားတာက အများကြီးလျှော့ထားတာ..." 

ဖုယွမ်ကျိုးက ကြွားနေသေးသည်။ 

"မနာလိုဖြစ်နေတဲ့သူတောင်ရှိတယ်..."


အချို့က မာလွန်းသည့်သံချောင်းကိုမုန်းတတ်သည်မှာ ဓမ္မတာပင် ။ 


မဟုတ်သေးပါဘူး၊ သန်မာတယ်ဆိုရင် သူတို့ညီအစ်ကိုယွမ်ယဲ့က ဖြောင့်တန်းနေတဲ့စတီးလိုလူသားမျိုးပါ၊ ဒီလိုနတ်ဖုရားမလေးကို ဘယ်လိုလုပ်ပြောနိုင်ရတာလဲ၊ မဆီလျော်လိုက်တာ။


သာမန်မိန်းကလေးများက ကျရှုံးသွားသည်မှာကြာပြီဆိုသော်လည်း ယွိဖေးက သာမန်မဟုတ်ပေ၊၊ သူမက ဘာမှမဖြစ်သလိုပင် ယွိဖေးနှင့်စကားဆက်ပြောနေခဲ့သည်။ သူမ၏ရည်ရွယ်ချက်ရှိသော စကားလမ်းကြောင်းပေးမှုအောက်တွင် လေထုက အေးစက်သွားခြင်းမရှိပေ။ အခြားမိန်းကလေးများဆိုလျှင် ရူးသွားလောက်ပေမည်။


"အတန်းစတော့မယ်...ပြန်ရအောင်..."


ဖုယွမ်ကျိုးက အတန်းတက်ရသည်ဖြစ်စေ၊၊ မတက်ရသည်ဖြစ်စေ ကိစ္စမရှိသည့်တိုင် အခြားသူများကမဟုတ်ပေ။


"ကောင်းပြီလေ..."


ယွိဖေးက စကားနားထောင်လိုက်ပြီး သွားရန်ပြင်သည်။ ဖုယွမ်ကျိုးက သတိရသွားသည့်အရာရှိ၍ သူမကိုလှမ်းတားလိုက်သည်။ 

"ခဏနေဦး..."


သူအတန်းထဲပြန်ဝင်လိုက်ပြီး ကိတ်မုန့်ဘူးကိုယွိဖေးထံပေးလိုက်သည်။


 "ငါမနက်က စတိုးဆိုင်သွားခဲ့တယ်..နင်ကြိုက်တဲ့ကိတ်မုန့်တွေ့တော့ တစ်စိတ်ဝယ်လာပေးတယ်..အတန်းထဲမှာစားလိုက်နော်.."


ယွိဖေးမျက်လုံးတို့က အရောင်လက်သွားပြီး တောက်ပစွာဖြင့်ပြုံးလိုက်၏။ 

"ကျေးဇူးတင်ပါတယ်...ကျိုးအာ..."


သူမပျော်သွားသည့်ပုံကို အခြားသူများက မလွဲမသွေတွေ့သွားခဲ့ကြပြီး သူမထွက်သွားသည်နှင့် ဖုယွမ်ကျိုးကိုဝိုင်း စ ကြတော့သည်။ 


"လေးစားသွားပြီ...ယွမ်ကော...အရမ်းမိုက်တယ်ဗျာ...အဲဒီကိတ်ကအကန့်အသတ်နဲ့ထုတ်တာ..တော်ရုံဝယ်လို့မရဘူး...တန်းစီပြီးဝယ်လာတာမလား..."


"မဟုတ်ပါဘူး...လမ်းကြုံလို့ပါကွာ..."


"မလိမ်နဲ့နော်..."


ဖုယွမ်ကျိုးဆွံ့အသွားပြီး နောက်ထပ်မုန့်ထုပ်တစ်ထုပ်ကိုပါ ပြလိုက်ရ၏။ 

"ငါရှဲ့လင်အတွက်လည်းဝယ်လာခဲ့တယ်..သူကညဆိုရင် ငါနဲ့အတူစာလုပ်နေကျ..သူဗိုက်ဆာနေမှာစိုးလို့..ငါသူ့အတွက်ဝယ်လာပေးခဲ့တာ.."


ပြောပြောဆိုဆိုပင် သူရှဲ့လင်ကိုပို့ပေးရန်ထွက်လာခဲ့သည်။ နောက်တွင်ကျန်ခဲ့သူများက တစ်ယောက်မျက်နှာတယောက်ကြည့်ကာ တီးတိုးအတင်းတုတ်ကြလေတော့သည်။


"ယွမ်ကောကမှ ငါတို့ထင်တာထက် ပိုဖြောင့်သလိုပဲ..."


"ချီးကိုဖြောင့်ရမှာလား..ရှဲ့လင်နဲ့ပတ်သတ်မှုကမှ ပိုထူးဆန်းနေတယ်လို့မထင်ကြဘူးလား.."


"....."


"...." 

ဘယ်သူမှစကားမပြော​ကြတော့ပေ။


"သံသယဖြစ်စရာကောင်းလွန်းတယ်...."



♎️