♎️Chapter 89
Another life-2
ဖုယွမ်ကျိုး အတန်းထဲသို့ပြန်လာခဲ့၏။
ယွမ်ယဲ့ကမူ ထုံးစံအတိုင်း အတန်းလာမတက်ခဲ့ပေ။ ဖုယွမ်ကျိုးသည်လည်းထိုအတိုင်းဖြစ်စေချင်ခဲ့သည်၊ သူတို့သည် အတန်းတူရုံမက စားပွဲခုံတစ်လုံးထဲတွင်လည်းအတူထိုင်ရသေးသည်။ အကွာအဝေးမှာနီးကပ်လွန်း၍ လူများကိုစိတ်ဖိစီးစေသည်အထိ။
ထိုအချက်ကြောင့် သူသည် ထိုင်ခုံပြောင်းပေးရန် တာ့ယန်ကိုအကြိမ်ရေမနည်းတောင်းဆိုခဲ့သော်လည်း တာ့ယန်က ဆန်းကြယ်သည့်အပြုံးဖြင့်ငြင်းပယ်ခဲ့သည်။
ယွမ်ယဲ့သုံးနေသည့် စားပွဲနှင့်ထိုင်ခုံပင် သူ့အတွက်ရွံစရာကောင်းလွန်းနေ၏။ ထိုသူမရှိသည့်အချိန်ဆိုလျှင် ဖုယွမ်ကျိုးသည် စားပွဲနှင့်ထိုင်ခုံကို ကန်ကျောက်ပစ်ချင်စိတ်များ တဖွားဖွားဖြစ်နေရတတ်သည်။
သို့တစေ တကယ်တမ်းတွေးကြည့်လိုက်သည့်အခါတွင်လည်း သည်လောက်အထိလုပ်နေရန်မလိုပေ သူသည်ကား မျောက်မှိုင်မှိုင်သည့်မျက်နှာဖြင့် ထိုင်ခုံကိုကျောမှီကာထိုင်လိုက်မိသည်။ အတန်းချိန်များကို ဆက်တိုက်တက်လိုက်ရသည့်တိုင် မငြီးငွေ့ပေ။ ဖုန်းကိုထုတ်ကာ နိုင်ငံခြားမှသူငယ်ချင်းဖြစ်သူ လော့ရန်စုန့်ကိုမက်ဆေ့ချ်အနည်းငယ်ပို့လိုက်ပြီး စကားပြောနေလိုက်၏။ သူ ယနေ့လုပ်သည့် ဘတ်စကတ်ဘောပြိုင်ပွဲတွင် ဆုရသည့်အကြောင်းကြွားလိုက်သည်။
လော့ရန်စုန့်ကနိုင်ငံခြားတွင်နေထိုင်သူဖြစ်ပြီး အချိန်ကွာခြားချက်ကြောင့် သူဘက်တွင် ညအချိန်ဖြစ်နေကာ ပြန်စာမရခဲ့ပေ။ သို့ပါသော်လည်း လော့ရန်စုန့်က အိပ်ရာမှနိုးသည်နှင့်သူ့ကိုစာပြန်လာခဲ့သည်။
သူတို့သိကျွမ်းလာခဲ့ကြသည်မှာ တစ်နှစ်ခန့်ရှိခဲ့ပြီ။ အားလုံးနီးပါးကိုထုတ်ပြောနိုင်ခဲ့ပြီး တစ်ယောက်ဘဝအကြောင်းကိုတစ်ယောက်မျှဝေခဲ့ကြသည်၊၊ သူတို့အပြန်အလှန်ရင်းနှီးနေကြသော်လည်း ၎င်းတို့၏နာမည်ရင်းနှင့် ဓာတ်ပုံတို့ကိုမူဖလှယ်ခြင်းမရှိခဲ့ကြပေ။ ၎င်းသည်ကား သူတို့နှစ်ယောက်ကြားမှ စကားလုံးများမလိုအပ်သည့်နားလည်မှုပင်။
ဖုယွမ်ကျိုးသည်ကား ယခုလိုမျိုး ဆန်းကြယ်သည့်ပတ်သက်မှုမျိုးကိုနှစ်သက်သည့်တိုင် တစ်နေ့တွင်တော့ လော့ရန်စုန့်ကို အပြင်၌တွေ့ဆုံခွင့်ရရန်မျှော်လင့်ထားမိသည်။ ပြီးလျှင် သူတို့နှစ်ယောက်အဆင်ပြေသွားနိုင်လိမ့်မည်ဟု မှတ်ယူထားခဲ့၏။
မျက်နှာပင်မမြင်ဖူးသော သူစိမ်းတစ်ယောက်သည် သူနှင့်တူညီသောဝါသနာရှိပြီး မိတ်ဆွေများဖြစ်ခဲ့ကြသည်၊ သို့တစေ သူ့ဘေးတွင်ထိုင်သည့်လူကမူ သူ့အားနေ့တိုင်း စိတ်ရှုပ်ရအောင်လုပ်ခဲ့သည်။
ဖုယွမ်ကျိုးသည်ကား ဖြစ်နိုင်လျှင် ယွမ်ယဲ့ကို ကျန်သည့်ဘဝတလျှောက်လုံး မတွေ့ချင်တော့ပေ။ ရန်ရှူးထန်လည်းအပါအဝင်ဖြစ်ပြီး ထိုနှစ်ယောက်က ကျောင်းတွင် သူအမုန်းဆုံးလူများပင်။
တခါတလေ လူများကိုမတွေ့ချင်၍ ရှောင်တိမ်းလျှင်လည်း ဒုက္ခများပြီး စိတ်ရှုပ်စရာကောင်းပြန်သည်။
ဖိုင်နယ်ပွဲမတိုင်ခင် အသင်းသားများအားလုံး အတန်းချိန်များအပြီးတွင် ပြိုင်ပွဲအတွက် စုရုံးလေ့ကျင့်ရန်ချိန်းဆိုကြသည်။ ဖုယွမ်ကျိုးသည် ယွမ်ယဲ့မျက်နှာကိုမမြင်ချင်သော်လည်း ပြိုင်ပွဲအတွက် နှာခေါင်းပိတ်ပြီးသွားလိုက်ရသည်။ သို့တစေ တကယ့်အချိန်ကျလာသည့်အခါ ယွမ်ယဲ့ကပေါ်မလာတော့ချေ။
"ဟေး...ယွမ်ယဲ့...ဘယ်မှာလဲ...ဘာလို့မလာတာလဲ..."
ယွမ်ယဲ့နှင့်အဆင်ပြေနေသူတစ်ယောက်က ယွမ်ယဲ့ကိုလှမ်းခေါ်သောကြောင့် ယွမ်ယဲ့ကဖုန်းပြန်ဖြေလာခဲ့သည်၊၊ ယွမ်ယဲ့၏အပြောကြောင့် ဖုန်းခေါ်သည့်လူ၏မျက်နှာက မည်းမှောင်လာပြီး သူကဖုန်းချသွားခဲ့၏။ သည့်နောက် အနှီသူသည် စိတ်ဆိုးလွန်း၍ ဖရုသဝါစာစကားများပင်ထွက်ကျလာလေတော့သည်။
"ဘာဖြစ်လို့လဲ..."
"သူမလာတော့ဘူးတဲ့..."
ထိုလူကပြောပြလာခဲ့သည်။
"နိုင်မှာလည်းမဟုတ်တာကို...အားကုန်မခံချင်ဘူးတဲ့..."
ဖုယွမ်ကျိုးကား တမဟုတ်ချင်းဒေါသထွက်လာရလေသည်။
"အဓိပ္ပါယ်မရှိတာပဲ...ငါတို့မနိုင်ဘူးဆိုတာကို သူဘာကြည့်ပြီးပြောရတာလဲ..."
ထိုသူမှာ ချီတုံချတုံဖြစ်နေပြီးနောက်ဖုယွမ်ကျိုးကို တချက်ကြည့်ကာဆိုလာလေသည်။
"သူပြောတာတော့ မင်းပါရင်ရှုံးမှာပဲတဲ့.."
ဖုယွမ်ကျိုးမှာ ပိုပြီးပင်ဒေါသထွက်လာလေသည်။ သူတောင်ရောက်လာတာကို ဘာလို့ ယွမ်ယဲ့ဆိုတဲ့ ငနဲသားကမလာရတာလဲ။ သူကအခွင့်ထူးခံလူတန်းစားလား။
"ငါသွားရှာမယ်..."
သူလှည့်ထွက်လာခဲ့လိုက်သည်။ ထိုသူကိုခေါ်လာ၍မရလျှင် ရိုက်နှက်ပစ်မည်ဟု ကြိုတွေးထားလိုက်သည်။
"သူဘယ်မှာလဲဆိုတာ မင်းသိလား.."
အခြားသူများက သူ့အားဝိုင်းမေးကြသည်။
"သိတယ်..."
ဖုယွမ်ကျိုးသည် ယွမ်ယဲ့တစ်ယောက် ကျောင်းနားမှအင်တာနက်ကဖေးတွင် အဝင်အထွက်လုပ်နေသည်ကို မကြာခဏမြင်ခဲ့ရ၏။ သူခန့်မှန်းကြည့်ရလျှင် အနှီသူ ထိုနေရာတွင်ရှိနေမည့်ရာခိုင်နှုန်းက ကိုးပုံပုံလျှင်ရှစ်ပုံလောက်ကသေချာနေ၏။
သူသည်ကား အင်တာနက်ကဖေးအတွင်းသို့ ဒုန်းစိုင်းဝင်သွားလိုက်သည်။ ကျောင်းယူနီဖောင်းကိုချွတ်လိုက်ပြီးဖြစ်သည့်တိုင် ဧည့်ကြိုထိုင်ခုံတွင်ထိုင်နေသည့်စာရေးက သူ့ကိုအရွယ်ရောက်ပြီးသူဟုမမြင်သောကြောင့် အတားခံလိုက်ရပြီး အထဲဝင်ခွင့်မရပေ။
ဖုယွမ်ကျိုး: "ကျွန်တော်အင်တာနက်လာသုံးတာမဟုတ်ဘူး..လူလာရှာတာ..."
ဖုယွမ်ကျိုးက သုန်မှုန်စွာဖြင့်ပြောလိုက်လေသည်။ "ကျွန်တော့်မြေးလေးကိုပါ..."
ဆိုင်ထဲသို့လှမ်းကြည့်လိုက်သည့်အခိုက် ယွမ်ယဲ့ကိုဘယ်နေရာမှမတွေ့ရပေ။ သူအပေါ်ထပ်အထိတက်သွားပြီး သီးသန့်ခန်းထဲကိုပင်ဝင်ရှာခဲ့သည်၊၊ တစ်ယောက်ပြီးတစ်ယောက်စကားပြောနေကြသည့်အသံများအားကြားရပြီးသည့်အခါ နောက်ဆုံး၌ သူယွမ်ယဲ့အသံကိုကြားလိုက်ရလေတော့သည်။
သူသည် တံခါးကိုကန်ဖွင့်ပြီး ပြန်ပိတ်လိုက်သည်၊၊ ထိတ်လန့်သွားသောစာရေးက သူ့ကိုဆွဲထုတ်ရန်ကြိုးစားခဲ့သည်။ ယွမ်ယဲ့ကနားကြပ်တပ််ထား၍ ဂိမ်းကိုညွှန်ကြားနေပုံရသည်။ သူသည်ကား စားပွဲကိုဗြန်းကနဲရိုက်ကာ အေးစက်နေသည့်အသံဖြင့် ယွမ်ယဲ့ကိုတချက်လွှတ်အမိန့်ပေးလိုက်၏။
"ငါနဲ့လိုက်ခဲ့စမ်း.."
တဖက်က သူ့ကိုဆက်လက်လျစ်လျူရှုထားပြီး မျက်လုံးပင်လှန်မကြည့်လာပေ။ ဖုယွမ်ကျိုး ဖန်သားပြင်၏ထောင့်စွန်းပေါ်လက်တင်ပြီး ခြိမ်းခြောက်လိုက်ပြန်သည်။
"ငါပိတ်လိုက်မှာနော်.."
ယွမ်ယဲ့က သူ့ကိုအေးစက်စက်ဖြင့်တုံ့ပြန်သည်။ "မင်းဘာလာလုပ်တာလဲ..."
"ပြန်လိုက်လာပြီး ထရိန်နင်လာဆင်း.."
ယွမ်ယဲ့က နှာမှုတ်လိုက်သည်။ စကားပြန်ပြောဖို့ရာ ပျင်းရိလွန်းနေပြီး ဖုယွမ်ကျိုးမှာဒေါသကိုထိန်းထားရလေသည်။
"ငါမင်းကိုထပ်မေးမယ်...လိုက်မှာလား..."
"ထွက်သွားစမ်းကွာ..."
ယွမ်ယဲ့က နားကြပ်ကိုပြန်တပ်ချင်နေသည်။
"မင်းသိလား..."
ဖုယွမ်ကျိုးက ရုတ်တရက်ထုတ်ပြောလိုက်သည်။
"ငါသည်းခံထားရတာ တော်တော်ကြာပြီ...အခုတော့ ထပ်သည်းမခံနိုင်တော့ဘူး..."
သည့်နောက် သူယွမ်ယဲ့ကို ဆွဲထိုးလိုက်သည်။ မျက်နှာတည့်တည့်ကိုမှထိုးလိုက်ခြင်းပင်။ "ဂွက်" ဆိုသောအသံဖြင့် နားကြပ်ကလွင့်သွားပြီး ယွမ်ယဲ့မျက်နှာမှာ လည်ထွက်သွားခဲ့သည်။ သူသည်ကား ဖုယွမ်ကျိုးက သူ့ကိုယခုလိုလုပ်လာလိမ့်မည်ဟုမထင်ထားခဲ့သောကြောင့် ကြောင်သွားရပြီး နှစ်ယောက်လုံးငြိမ်သွားခဲ့ကြသည်။
"မလိုက်လာရင် မင်းစုတ်ပြတ်သတ်သွားမယ်"
ဖုယွမ်ကျိုးသည်ကား တကယ်လုပ်ရန်စဥ်းစားထားပြီးသားပင်။
နားကြပ်ကကွန်ပျုတာနှင့် အဆက်ပြတ်သွားပြီး ဂိမ်းထဲမှမသံများထွက်လာခဲ့သည်၊။တယောက်ယောက်ကအော်နေ၏။
"ခေါင်းဆောင်...ဘယ်ရောက်သွားတာလဲ..တစ်ခုခုပြောပါဦး..ဘာဆက်လုပ်ရမလဲ..ကျွန်တော်တို့ဆက်ထိန်းထားလို့မရတော့ဘူး!"
ယွမ်ယဲ့မျက်နှာထားက မသိမသာပြောင်းလဲသွားပြီး ဖုယွမ်ကျိုးကိုလည်းဂရုမစိုက်နေတော့ပေ။ သူပြောတော့မည့်အချိန် ဖုယွမ်ကျိုးထံမှ အကန်ခံလိုက်ရပြန်သည်။
"မင်းအထိုးခံချင်ပြန်ပြီလား.."
သူက နားကြပ်ကိုကောက်ကာ ပွဲကိုဆက်လက်ညွှန်ကြားနေပြန်သည်။
ဖုယွမ်ကျိုးမှာ အစပိုင်းတွင်စိတ်ဆိုးနေခဲ့သည့်တိုင် သူကိုယ်တိုင်လည်း ဂိမ်းဆော့ရခြင်းကိုနှစ်သက်နေခဲ့သည်။ ဂိမ်းတွင် battle ဆိုင်ရခြင်းက အရေးကြီးမှန်းသိသောကြောင့် သူစောင့်နေလိုက်၏။ ပါးစပ်ပိတ်ပြီးထိုင်ကြည့်နေစဥ်မှာပင် သူသည်အခြေအနေကို အပေါ်ယံအရနားလည်သွားပြီး ယွမ်ယဲ့ကိုအကြံပေးလိုက်သည်။
"တတိယအသင်းကိုဘေးဖယ်ခိုင်းပြီး အလယ်လမ်းကနေတည့်တည့်ဖောက်လိုက်တာကနေပိုကောင်းတယ်..."
ယွမ်ယဲ့က ခဏရပ်လိုက်ပြီး စက္ကန့်အနည်းငယ်ကြာစဥ်းစားနေပြီးမှ ဖုယွမ်ကျိုးပြောသည့်အတိုင်း ပြောလိုက်သည်။
နိုင်သွားသည့်အခါ ယွမ်ယဲ့ကနားကြပ်ချွတ်ပြီး သက်ပြင်းရှည်ကြီးကိုချလိုက်၏။
"မင်းလည်းဂိမ်းကစားတာလား..."
သူ စိတ်ပျော်နေ၍ ယခုလေးတင် အထိုးခံအကန်ခံထားရသည့်ကိစ္စကိုမေ့သွားပြီး မထင်မှတ်ဘဲ ဖုယွမ်ကျိုးအပေါ်ရင်းနှီးသလိုဖြစ်လာလေသည်။
"ကစားတာပေါ့..."
ဖုယွမ်ကျိုးလည်းပြန်ဖြေလိုက်သည်။
"ငါးနှစ်ရှိပြီ..."
ယွမ်ယဲ့: "ဘာနဲ့ကစားတာလဲ..နေရာကရော...မင်းပုံစံကိုကြည့်ရတာ level မြင့်လောက်တယ်.."
"အင်း..အဲဒါတစ်ခုပဲတော်တာလေ..."
ဖုယွမ်ကျိုးကလျှော့ပေါ့ပြောလိုက်သည်။
"ဥပမာ..လူတွေရိုက်တာမျိုးပေါ့.."
ယွမ်ယဲ့မှာ ဖုယွမ်ကျိုးထံမှ ထပ်အရိုက်ခံရမည်စိုး၍ သူ့ကိုယ်သူကာထားလိုက်မိသည်။
အသင်းကနိုင်သွားခဲ့သော်လည်း ယွမ်ယဲ့ရှုံးသွားလျှင် နှမြောစရာဖြစ်သွားနိုင်သည်။
"မင်းလာစွယ်နေတာလား..."
ဖုယွမ်ကျိုးက ပါးစပ်ထောင့်မှသွေးများကိုသုတ်ပစ်လိုက်ပြီး အတော်လေးအရှက်ရမိခဲ့သော်လည်း ယွမ်ယဲ့နှင့်ယှဥ်လျှင် ဘာမှမဟုတ်သေးပေ။
သို့သော် ယွမ်ယဲ့ကဒေါသထွက်သည့်ပုံစံမပြဘဲ ပြောလာခဲ့သည်။
"ငါမင်းနဲ့ပြန်လိုက်ခဲ့ပေးမယ်..."
"အကြွေးလည်းပြန်ဆပ်ရမယ်နော်..."
ယွမ်ယဲ့ကပြောလိုက်သေး၏။
"မင်းငါ့ကိုစောင့်နေပေးတယ်...အကြံလည်းပေးတယ်...ဂိမ်းလည်းဆော့ပေးလို့ ငါအရိုက်ခံလိုက်တာ..မင်းကိုလျှော့ပေးလိုက်မယ်..."
"မင်းစောစောတည်းကပြောပါလား..."
ဖုယွမ်ကျိုးက အင်တင်တင်ဖြင့်တုံ့ပြန်လိုက်သည်။ ရှက်သွား၍မဟုတ်ဘဲ သူကကောင်းကောင်းကစားခဲ့သောကြောင့် သူထိုးလိုက်သည်မှာလွန်သွားခဲ့ပါက ယွမ်ယဲ့တစ်ခုခုဖြစ်သွားမည်စိုးသောကြောင့် သူသည်ကား ယွမ်ယဲ့ကိုဆွဲထူပေးလိုက်ရလေသည်။.
ယွမ်ယဲ့က ရွဲ့စောင်းသွားသည့်အဝတ်အစားတို့ကိုပြန်ပြင်လိုက်ပြီး ဖုယွမ်ကျိုးကိုခဏမျှငေးကြည့်နေကာပြောလိုက်လေသည်။
"မင်းကဒီလောက်လည်းစိတ်ရှုပ်စရာမကောင်းပါဘူး.."
"ဒါဆိုလည်းသွားကြမယ်..."
"အိုကေ..."
နောက်ပိုင်း သူတို့နှစ်ယောက်ကြားမှဆက်ဆံရေးက ပိုမိုပေါ့ပါးလာပြီး မထင်မှတ်ဘဲအတွဲညီလာခဲ့ကြသည်။ နှစ်ယောက်လုံးက အဆင့်အမြင့်ဆုံးအထိကစားနိုင်ခဲ့ကြပြီး ချန်ပီယံဖြစ်လာခဲ့ကြ၏။
လူတိုင်းကပျော်ရွှင်နေပြီး ထိုနေ့ညတွင် ညစာအတူစားခဲ့ကြသည်။ ဖုယွမ်ကျိုးနှင့်ယွမ်ယဲ့တို့က အများဆုံးဂုဏ်ပြုခံရပြီး အလွန်အကျွံသောက်ဖြစ်ခဲ့ကြသည်။ ဖုယွမ်ကျိုးကမူးမူးနှင့်ကျောင်းပြန်ရောက်လာပြီး အစာအိမ်ထဲတွင်လည်းနေမကောင်းတော့ပေ။ ရှဲ့လင်နှင့်အတူပြန်ရန် ၎င်းအတန်းပြီးသည်အထိစောင့်နေရသေးသည်။
ယနေ့တွင် ယွိဖေးက အတန်းပြီးသည်မှာစောသောကြောင့် ဖုယွမ်ကျိုးနှင့်ရှဲ့လင်တို့နှစ်ယောက်သာ ကားထဲတွင်ကျန်ခဲ့ကြသည်။ ဖုယွမ်ကျိုးမှာ အတော်လေးမူးနေခဲ့သောကြောင့် ရှဲ့လင်ကိုမှီထားရပြီး ဗလုံးဗထွေးပြောနေကာ သူ၏မျက်နှာနှင့်ရင်ဘတ်ကိုပွတ်သပ်နေခဲ့သည်။ အနှီသူ၏ နူးညံ့သောဆံနွယ်နက်တို့က ရှဲ့လင်၏မေးရိုးတလျှောက်ပွတ်တိုက်နေပြီး တဖက်လူကိုယားယံလာစေလေသည်။
ရှဲ့လင်က ဖုယွမ်ကျိုးကို သူ့အိမ်သို့အရင်ခေါ်သွားလိုက်သောကြောင့် ဖုယွမ်ကျိုး၏မိဘများက ၎င်းတို့၏သားအရက်မူးလာသည်ကို အပြစ်မတင်ကြတော့ပေ။ သူ့အိမ်တွင်ကျန်နေသေးသော ဖုယွမ်ကျိုးအဝတ်အစားတို့ကိုထုတ်ကာ အိပ်ရာပေါ်တင်ပေးလိုက်ပြီး ရေချိုးရန်ပြောလိုက်သည်။ သို့ထိတိုင် ဖုယွမ်ကျိုးကမူ အိပ်ရာပေါ်တွင်လှဲနေပြီး ခပ်တိုးတိုးရေရွတ်နေ၏။
"ငါလှုပ်တောင်မလှုပ်ချင်ဘူး..."
ရှဲ့လင်ကမလှုပ်ပေ။ ဖုယွမ်ကျိုးကလည်း ထိုသူကိုမပြောနိုင်တော့သောကြောင့် သူဟာသူပင်ကြယ်သီးဖြုတ်လိုက်ရ၏။ သို့သော်လည်း တစ်လုံးလေးဖြုတ်ရန်ပင် မနည်းကြိုးစားနေရပုံပင်။ နှစ်လုံးဖြုတ်ပြီးသွားသည့်အခါ သူလုံးဝသည်းမခံနိုင်တော့၍ ရှဲ့လင်၏အင်္ကျီကိုလှမ်းဆွဲပြီး ပြောလိုက်လေသည်။
"လာပြီး ငါ့ကိုကူချွတ်ပေးလို့...."
♎️