Chapter 2
Viewers 4k

Chapter 2


သူ၏‌ဦးခေါင်းကို လှည့်လိုက်ရင်း အကျွမ်းတဝင်မရှိသည့်ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ရွှီဇီယန်၏မျက်နှာတစ်ခုလုံး မဲမှောင်သွားလေ၏။ သူဘယ်တော့မှ ဒီမှတ်ဉာဏ်တွေကို မကြည့်တော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့်လည်း အခုတော့ သူ၏ကတိစကားကို သူပြန်ချိုးဖျက်ရပေတော့မည်။


အကူအညီမဲ့နေသော မျက်နှာဖြင့် သူ့မှတ်ဉာဏ်တွေထဲသို့သွားပြီး တစ်စုံတစ်ခုကို ရှာဖွေလေသည်။ ရှာဖွေပြီးနောက် ရွှီဇီယန်၏နှုတ်ခမ်းမှာ အနည်းငယ်မဲ့သွား၏။ ဖြစ်ချင်တော့ ဒီနေ့သည် ရွှီ‌ရှောင်က ရွှီဇီရုန်ကို ပြန်ခေါ်လာမည့်နေ့ဖြစ်သည်။ ထပ်ပြောရမည်ဆိုလျှင် (အရင်)ရွှီဇီယန်၏အမေသည် ဆုံးသွားတာမကြာသေးသောကြောင့် (အရင်)ရွှီဇီယန်က သူ့အမေသေဆုံးသွားသည့်ကိစ္စကို ရွှီဇီရုန်အားအပြစ်ပုံချလေ၏။


ဒီလိုတွေးကြည့်ပြန်တော့လည်း နားလည်ပေးလို့ရနိုင်သည်။ ဘယ်နေရာကမှန်းမသိ ရုတ်တရက်ကြီးပေါ်လာပြီး သူ့ထက်အသက်လေးနှစ်ငယ်သည့်ညီငယ်အဖြစ် ဘယ်သူကတော့ ချက်ချင်းကြီးလက်ခံနိုင်မှာလဲ? ထိုအရာကို ဘယ်သူမှတော့ ကောင်းကောင်းမွန်မွန် လက်ခံနိုင်မှာမဟုတ်ပေ။ ပြီးတော့ ညီငယ်လေးက ဒီလိုမျိုးတိုက်ဆိုင်စွာပေါ်လာတာဟာ သေသွားသည့်(အရင်)ရွှီဇီယန်၏အမေကို မလေးစားရာကျ‌မနေဘူးလား?


အချစ်ဦးအကြောင်းနဲ့ပတ်သက်လို့ ရွှီမိသားစုမှာ ထိုကိစ္စကိုသိသောသူ သိပ်မရှိပေ။ ရွှီရှောင်က သူမကို သေသေချာချာဝှက်ထားခဲ့ပြီး သူလက်ထပ်ပြီးသွားခဲ့တာတောင် သူမနှင့်ခိုးတွေ့နေခဲ့သည်။ နောက်တော့ ရွှီရှောင်အဖေက ရွှီရှောင်တို့ကိစ္စကိုသိသွားပြီး ရွှီရှောင်ကို သူမနှင့်အ‌ဝေးမှာနေရန် အတင်းဖိအားပေးလေ၏။ ရွှီရှောင်လည်း ဘာမှမတတ်နိုင်ဘဲ သူ့အချစ်ဦးနှင့် လမ်းခွဲလိုက်ရသည်။


အစကနေအဆုံးတိုင်အောင် (အရင်)ရွှီဇီယန်၏အမေသည် ထိုကိစ္စကိုမသိသွားပေ။ အကယ်၍ သူမယောင်္ကျားဆီမှာ အခြားမိန်းမ‌တစ်ယောက်ရှိနေပြီး ထိုမိန်းမနှင့်ရသည့်ကလေးလည်း ရှိနေတယ်ဆိုတာကို သူမ ထိုအချိန်က သိခဲ့မည်ဆိုလျှင် သူမအလွန်ဒေါသထွက်လွန်းလို့ သူမ မသေခင် မိစ္ဆာကျင့်စဉ်ကျင့်ပြီး မိစ္ဆာဘဝရောက်သွားပေလိမ့်မည်။


(အရင်)ရွှီဇီယန်သည် သူ့အဖေက ရွှီဇီရုန်ကို ပြန်ခေါ်လာမည်ဆိုတာကို သိသွားခဲ့သည့်အချိန် သူအလွန်မခံမရပ်နိုင်အောင် ဒေါသထွက်သွားပြီး စိတ်ထွက်ပေါက်ရှာချင်သဖြင့် တောင်ပေါ်က တောအုပ်ထဲကို ထွက်သွားလေ၏။ ရွှီဇီယန်သည် သူ့ဘေးပတ်ပတ်လည်က အကိုင်းအခက်အကျိုးတွေဖြင့် ပြည့်နေတာကို ကြည့်လိုက်ရင်း သူ့နှုတ်ခမ်း နောက်တစ်ခါထပ်မဲ့သွားလေသည်။ မိုးကြိုးကောင်းကင်စိတ်ဝိညာဉ်(လိန်လင်ကန်)သွေးကြောက အလွန်ကိုစွမ်းအားကြီးတာပဲ အာ...! ပြောရမည်ဆိုလျှင် သူကညအခုမှ အသက် ၁၁ နှစ်၊ ၁၂ နှစ် အရွယ်သာရှိသေးပြီး သူ၏ချီစွမ်းအင်စုဆောင်းမှုက အဆင့်၅(ပဥ္စမအဆင့်)ရှိနေပြီ။ ဒီနေရာမှာရှိသည့် သစ်ပင်တွေက ကျိုးကျပျက်စီးနေပြီး လောင်ကျွမ်းနေသည့် လက္ခဏာအပိုင်းအစများလည်း ရှိနေလေ၏။ ဒီအရာကိုကြည့်ခြင်းအားဖြင့် ရွှီဇီယန်၏စွမ်းအား ဘယ်လောက်ကြီးလည်းဆိုတာ ပြောနိုင်သည်....


ရွှီဇီယန်သည် သက်ပြင်းရှည်ကြီးချလိုက်ရင်း သူ၏လက်တွေကို တစ်ဖန်ပြန်ကြည့်လိုက်ရာ နောက်တစ်ကြိမ်ဝမ်းနည်းသွားရပြန်သည်။ သူက အသက်သုံးဆယ်နားနီးနေပြီဖြစ်သော အရွယ်ရောက်သူတစ်ဦးဖြစ်ပြီး ဒါပေမယ့် အခုတော့ သူကကလေးတစ်ယောက်လို သရုပ်ဆောင်ရတော့မည်။ ဒါကအလွန်ခက်ခဲသော တာဝန်ပဲ။


သို့ပေမယ့်လည်း သူက (အရင်)ရွှီဇီယန်ဘယ်ပျောက်သွားလည်း မသိတော့ ဒီကိုယ်ခန္ဓာက သူ့ဟာဖြစ်နေပြီးပြီ။ ဆိုတော့ကား သူလုပ်နိုင်တာကတော့ အရင်လူ၏နေရာမှာနေပြီးတော့ သူ့ဘဝကို အသက်ရှင်ရုံပဲ ရှိတော့သည်။ 


ဝတ္ထုစာအုပ်ကို ကုဗတုံးထဲသို့ ပြန်ထည့်လိုက်ပြီး ရွှီဇီယန် သူ့ကိုယ်ပေါ်က ဖုန်တွေကိုခါလိုက်ရင်း ရွှီမိသားစုအိမ်တော်ကို ပြန်ရန်ဆုံးဖြတ်လိုက်လေသည်။ ကောင်းကင်ကို ကြည့်လိုက်တော့ မွန်းတည့်ချိန်တောင် ရောက်နေလေပြီ။ သူ့အဖေရွှီရှောင်သည် ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ အကယ်၍ သူသာဓားပျံဖြင့် ခရီးသွားမည်ဆိုလျှင် ခဏလေးအတွင်း ရွှီဇီရုန်ကို ပြန်ခေါ်လာလို့ရပေသည်။ 


နူးညံ့ပြီးဖြူစင်သည့် ကလေးတစ်ယောက်ကို မိစ္ဆာကျင့်ကြံသူဖြစ်သွားအောင်လုပ်ခဲ့သည့် မူလဇာတ်‌‌ကောင်အကြောင်း‌စဉ်းစားကြည့်လိုက်ရင်း ရွှီဇီယန် သူ့ရင်ဘတ်ထဲက ဒေါသတွေကို ဘယ်လိုမှမထိန်းချုပ်နိုင်အောင် ဖြစ်လာလေသည်။ တစ်စုံတစ်ယောက်ကို ဒီလောက်ထိဖြစ်အောင်တော့ မနှိပ်စက်သင့်ဘူးလေ!


သူ၏လှုပ်ရှားမှုအတိုင်း သူ့အရှေ့မှာလွင့်‌မြောနေသည့် ကုဗတုံးလေးကလည်း လှုပ်ရှားလေသည်။ ရွှီဇီယန်လည်း သူ၏ခါးတွင်ချိတ်ထားသော ကျောက်စိမ်းပြားလေးကိုယူပြီး သေတ္တာထဲသို့ ထည့်လိုက်၏။ အပြင်ကနေကြည့်မည်ဆိုလျှင် ပုံမှန်မဟုတ်တာ ဘာမှမတွေ့ရပေ။


သူ၏နှုတ်ခမ်းထောင့်စွန်းလေး ကော့တက်သွား၏။ ဟုတ်ပါပြီ...ဒါက ရွှေလက်ချောင်းပဲနေမှာပါ။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အဲဒီအထဲကိုဘာပဲထည့်ထည့် တစ်စုံတစ်ယောက် ခိုးသွားမှာကို သူ စိတ်ပူစရာမလိုတော့ဘူး။


သို့ပေမယ့် သူက ဒီဝတ္ထုစာအုပ်ထဲရောက်နေတာ၊ ကျင့်ကြံသူတွေကလည်း တကယ့်အစစ်တွေ၊ သိုလှောင်သိမ်းဆည်းမည့်နေရာတွေရှိကြပေမယ့် အဲအရာကို တစ်စုံတစ်ယောက်က ခိုးသွားနိုင်ချေရှိပေသည်။ သူအတွက်တော့လား—— သူ၏ပြိုင်ဘက်က ဒီကမ္ဘာ၏မသေမျိုးကျင့်ကြံသူဖြစ်လျှင်တောင် သူ့ဆီကနေ ဘာမှခိုးသွားနိုင်မည်မဟုတ်ပေ။


သူ့ကိုယ်ပေါ်မှာရှိသည့် ပစ္စည်းများကို ကုဗတုံးထဲသို့ ထည့်လိုက်ပြီးနောက် လေပေါ်မှာပြန်နေသည့် ပိုက်ဆံများနှင့် လက်ဝတ်တန်ဆာပစ္စည်းများကို ရုတ်တရပ် ကြည့်လိုက်ရင်း ရွှီဇီယန် ရယ်ချင်‌လာသည်။ 


ကုဗတုံးထဲထည့်ထားသည့် သူ့ကိုယ်ပေါ်က ပစ္စည်းတွေအားလုံးကို ပြန်ထုတ်လိုက်ရင်း ဒီလိုဈေးကြီးပြီးတော့ လူကြိုက်များသည့်ပစ္စည်းတွေ ပေါက်ကရပစ္စည်းတွေကို ကိုင်ထားကာ သူ ကြည့်လိုက်ရင်း ဘာလို့ ဒီလိုပစ္စည်းတွေအများကြီးကို သိမ်းထားတာလဲလို့ ဆန်းကြယ်စွာ မေးခွန်းထုတ်လိုက်ချင်မိသည်။ 


ပြီးနောက် သူခြေနှစ်လှမ်းလောက် လှမ်းလိုက်ရင်း ရွှီဇီယန် ပြန်ရပ်သွား၏။ သူ့ခေါင်းထဲက အကြောင်းအရာတွေကို ပြန်စဉ်းစားရင်း သူမျက်နှာခါးသက်သွားပြန်သည်။


မူလရွှီဇီယန်သည် ချီစွမ်းအင်စုဆောင်းမှုအဆင့်၅ ရှိနေပြီဖြစ်ပြီး အခုရွှီဇီယန်က သာမန်စီးပွားရေးသမားပင်ဖြစ်သည်။ သူသည် သူ့မှတ်ဉာဏ်တွေထဲက (အရင်)ရွှီဇီယန်နှင့် အခြားလူတွေ ဘယ်လိုတိုက်ခိုက်လဲဆိုတာကို ကြည့်လိုက်ပြီး ထိုအရာက ဇာတ်လမ်းကို ကြည့်နေရသလိုပင်။ အကယ်၍ တစ်စုံတစ်ယောက်သာ သူ့ကို တိုက်ခိုက်နည်းစနစ်တွေကို ဘယ်လိုသုံးရလဲဟု မေးလာခဲ့ရင် သူချက်ချင်း မျက်ကန်းပုံစံဖြစ်သွားပေလိမ့်မည်။


ရွှီဇီယန်သည် ကြာပန်းပုံစံထိုင်လိုက်ရင်း သူ့မေးစေ့ကိုကိုင်ထားကာ စတင်စဉ်းစားလေတော့သည်။ သူသည် ဒီမှတ်ဉာဏ်တွေကို ပြန်မစဉ်းစားချင်ပေမယ့်လည်း အသက်ရှင်ဖို့အတွက် (အရင်)ရွှီဇီယန်၏ပုံစံကို သူသေချာစွာ လေ့လာရပေမည်။


ကံအားလျော်စွာ သူ၏ကျင့်ကြံခြင်းအဆင့်က အရမ်းကြီးမမြင့်သေးသောကြောင့် သူသိထားသည့် နည်းလမ်းတွေကို လက်ချောင်းများဖြင့် ရေတွက်နိုင်ပေသည်။ မဟုတ်ပါက အရာအားလုံးကို အချိန်တိုအတွင်း ကျွမ်းကျင်အောင် မတတ်မြောက်မှာ ရွှီဇီယန်စိုးရိမ်မိသည်။


သူ့မျက်လုံးများကိုမှိတ်လိုက်ပြီး အာရုံစူးစိုက်လိုက်ရင်း ဒီအရာဟာ အတော်လွယ်ကူပေသည်။ အဘယ်ကြောင့်ဆိုသော် (အရင်)ရွှီဇီယန်၏ အလေ့အကျင့်များသည် သူ၏ကိုယ်ထဲတွင် ရှိနေသေးသောကြောင့် သူ၏ကိုယ်အတွင်းစစ်ဆေးရန် အလွန်လွယ်ကူ၏။ သူ့ကိုယ်ခန္ဓာအတွင်းရှိ စွမ်းအင်အားလုံးကို အချိန်တိုအတွင်း သူစစ်ဆေးလို့ ပြီးသွား၏။


သူ၏စွမ်းအင်တွေကို မိုးကြိုးစွမ်းအင်နည်းလမ်းများဖြင့် ဖြန့်ဝေရန် ကြိုးပမ်းပြီးနောက် ရွှီဇီယန် သူ့မျက်လုံးတွေကို ဖြေးဖြေးချင်းဖွင့်လိုက်လေသည်။ ဒီလိုလေ့ကျင့်မှုပုံစံမျိုးကို သူ့ကိုယ်က မှတ်မိနေသည့်အတွက် အခုသူကျင့်ကြံရသည်မှာ သက်‌တောင့်သက်သာဖြစ်ပြီး နည်းနည်းလေးမျှ အခက်အခဲမရှိပေ။


အချိန်နှစ်နာရီလောက်အသုံးပြုပြီးနောက် သောကောရောကောဖြစ်နေသည့် မန္တန်တွေရော၊ ကျင့်ကြံခြင်းလမ်းစဉ်တွေရော၊ (အရင်)ရွှီဇီယန်၏အလေ့အကျင့်တွေရော အားလုံးကို နောက်ဆုံးတော့ သူမှတ်မိသွားလေသည်။ 


(အရင်)ရွှီဇီယန်၏အသက်က အခုမှ ၁၂ အရွယ်ပဲရှိသေးသောကြောင့် ရွှီဇီယန် နောက်တစ်ခါ ထပ်ပျော်သွားပြန်သည်။ သူဖြည်းဖြည်းချင်း ပြောင်းလဲမယ်ဆိုရင် သူ၏အကျင့်စရိုက်က သူ့မှတ်ဉာဏ်တွေထဲက (အရင်)ရွှီဇီယန်နှင့်မတူလျှင်တောင် သူဘယ်သူလဲဆိုတာကို တစ်ယောက်မှသိနိုင်မည်မဟုတ်ချေ။


ထပ်ပြောရမည်ဆိုလျှင် (အရင်)ရွှီဇီယန်၏ အကျင့်စရိုက်က အနည်းငယ် အထက်စီးဆန်လေသည်။ ဒီနည်းလမ်းအတိုင်း (အရင်)ရွှီဇီယန်၏ ရက်စက်ကြမ်းကြုတ်သည့်စိတ်ကို ပြောင်းလဲပစ်ရမည်။


"ပါး၊မား ပြောရမယ်ဆိုလျှင် ဒီကမ္ဘာပေါ်ကို ကျွန်တော် ဘယ်လိုရောက်လာမှန်း မသိဘူး… ဒါပေမယ့် ကျွန်တော် ဒီကိုရောက်နေပြီဖြစ်လို့ ကျွန်တော် ကောင်းကောင်းအသက်ရှင်နေထိုင်ပါ့မယ်… ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ပါးတို့အပေါ်တာဝန်မကျေခဲ့ပါဘူး… ပြီးတော့ ကျွန်တော် ပါးတို့အသက်ကြီးလာတဲ့အထိ မစောင့်ရှောက်ပေးနိုင်တော့ဘူး… နောက်ဆိုရင် ပါးတို့ကိုစောင့်ရှောက်ဖို့ ရွှီဇီယွိကိုပဲ အားကိုးရတော့မှာ..." ရွှီဇီယန်သည် မြေပြင်ပေါ်တွင် ဒူးထောက်ရင်းအကြိမ်အနည်းငယ်လောက် အရိုအသေပေးလိုက်သည်။


သူ ဘာလို့ ဒီနေရာမှာ ပေါ်လာလည်းဆိုတာကို သူမသိပေမယ့် ပြန်သွားလို့မရတော့ဘူး ဆိုတာကိုတော့ သူသိလေသည်။


ရွှီမိသားစုက လူတွေဟာ နေရာတိုင်းတွင် ဝင်ဆံ့အောင်နေထိုင်တတ်ကြသည်။ သူသည် သူ့မိဘတွေနှင့် US သို့ လိုက်နေစဉ်အခါက သူသည် အချိန်ခဏလေးအတွင်း အလိုက်အထိုက်နေတတ်သွားလေသည်။


ယခု သူသည် ထူးဆန်းသည့်ကမ္ဘာကြီးထဲကို ရောက်ရှိလာတာတောင် သူကောင်းကောင်းမွန်မွန် အသက်ရှင်နေထိုင်မည်ဆိုတာကို သူ့ကိုသူယုံကြည်မှုရှိနေသည်။


သူ နောင်တရတာတစ်ခုကတော့ သားသမီးတာဝန်ကိုမကျေပွန်ခဲ့ခြင်းဖြစ်ပြီး သူ၏ညီရွှီဇီယွိကလည်း ဂေးဖြစ်နေသောကြောင့် ရွှီမိသားစုမျိုးဆက် ပျက်သွားတော့ပေမည်။


"အာ... ထားလိုက်ပါတော့.... ကမ္ဘာကြီးက လူဦးရေထူထပ်နေတာဆိုတော့ ဒီလိုမျိုးဖြစ်သွားတာက ကမ္ဘာကြီးကို တစ်ဖက်တစ်လမ်းကနေ ကူညီတာလို့ပဲ သဘောထားလိုက်တာပေါ့..." ရွှီဇီယန်သည် သက်ပြင်းခပ်ယဲ့ယဲ့လေးချရင်း ပြောလိုက်သည်။


မြေပြင်‌‌ပေါ်ကနေ ထလိုက်ပြီး ရွှီဇီယန် သူကိုယ်သူကြည့်ကောင်းအောင် ပြင်ဆင်လိုက်ကာ သူ့ရုပ်ရည်သူကြည့်ရန် သူ့မှတ်ဉာဏ်ထဲကအတိုင်း ချောင်းငယ်တစ်ခုဆီသို့ ဦးတည်လိုက်သည်။


ရေ၏ရောင်ပြန်ဟပ်မှုဖြင့် ရွှီဇီယန်သည် နောက်ဆုံးတော့ သူ၏ယခုလက်ရှိပုံစံကို မြင်တွေ့လိုက်ရသည်။


ယခုလက်ရှိပုံစံသည် သူအသက် ၁၂ နှစ်အရွယ်ကပုံစံနှင့် တော်တော်တူပေသည်။ ပြီးတော့ သူကကြည့်ကောင်းသည့် အစ်ကိုတစ်ယောက်အနေဖြင့် တွေးကြည့်လို့ရပေသည်။ မျက်ခုံးတစ်ဖက်ကိုပင့်လိုက်ရာ ရေထဲရှိပုံရိပ်ယောင်လေးသည် သူ့ပုံစံအတိုင်းလိုက်လုပ်လေသည်။


"မျှော်လင့်ထားတဲ့အတိုင်းပဲ... ငါနဲ့တကယ်ကို ချွတ်စွပ်တူနေတာပဲ..." ရွှီဇီယန်သည် သူ့မျက်နှာကိုကိုင်လိုက်ရင်း ညည်းညူလိုက်သည်။


ဒါပေမယ့် သူအရွယ်ရောက်ရင့်ကျက်တဲ့ပုံစံနဲ့ နှိုင်းယှဥ်ရမယ်ဆိုရင် အခု ဒီကောင်လေးက သူ့မျက်လုံးထဲမှာ နှစ်လိုဖွယ်သိပ်မရှိဘူး!!!


ရွှီဇီယန်သည် တိတ်တဆိတ်ခေါင်းယမ်းလိုက်ရင်း ရွှီမိသားစု၏အိမ်တော်ကိုသွားမည့် လမ်းကြောင်းသို့ လျှောက်သွားလေတော့သည်။


"သခင်လေး၊ သခင်လေး…" အစေခံပုံစံအဝတ်အစားဝတ်ထားသည့် ဆယ်ကျော်သက်အရွယ်ကောင်‌လေးတစ်ယောက်က အိမ်တော်၏အနောက်ဘက်ဝင်ပေါက်တွင် စိုးရိမ်တကြီးထိုင်စောင့်နေလေသည်။ ရွှီဇီယန်‌ တောင်ပေါ်ကနေ ဆင်းလာတယ်ဆိုတာကို မြင်လိုက်သည်နှင့် သူအမြန်ပြေးလာ‌၏။


ရွှီဇီယန်သည် ခဏလောက် သူ့မှတ်ဉာဏ်ထဲကနေ အစေခံ၏နာမည်ကို ရှာလိုက်ပြီးနောက် သူ့မျက်နှာရှုံ့မဲ့သွားလေသည်။ "လော့ကျူး ဘာလို့ အော်ကြီးဟစ်ကျယ် လုပ်နေရတာလဲ?" 


လော့ကျူး အနည်းငယ်လန့်သွားပြီး သူ ခပ်မြန်မြန် ပြန်ရှင်းပြလေသည်။

"သခင်လေး… သခင်ကြီးက ဟိုတစ်‌ယောက်ကို ခေါ်လာပါပြီ… သခင်လေးကို သခင်ကြီးက အရှေ့ခန်းမမှာ စောင့်နေပါတယ်…"


လော့ကျူးပြောသည့် စကားကိုကြားပြီး ရွှီဇီယန် နှလုံးတုန်လှုပ်သွားသည်။ မူလမှတ်ဉာဏ်အတိုင်းဆိုလျှင် သူက စိတ်ဖိစီးပြီးတော့ တောင်ပေါ်မှာပဲ တစ်ရက်လုံးလုံးနေခဲ့လေသည်။ ရွှီမိသားစု၏အိမ်တော်ကို မနက်မှ သူပြန်လာခဲ့သည်။ ထိုအချိန်တုန်းက သူ့အဖေကိုသွားတွေ့ရမည့်အစား ရွှီဇီရုန်ကို သွားတွေ့ခဲ့၏။ ရွှီဇီယန်ဟာ မထိန်းချုပ်နိုင်ပဲ သူ့ကိုကျိန်ဆဲရင်း ရွှီဇီရုန်၏မျက်နှာကို ဒေါသတကြီးဖြင့် ရိုက်ခဲ့သည်။


ထိုကိစ္စကြောင့် ရွှီရှောင်သည် ရွှီဇီယန်ကို အပေါ်ယံအနည်းငယ်သာဆူလေသည်။ ထိုအကြောင်းကြောင့် ရွှီဇီယန်က ရွှီဇီရုန်ကို ပိုမုန်းတီးသွားလေသည်။ ထိုအချိန်မှစ၍ ရွှီဇီယန်သည် အကြောင်းမရှိအကြောင်းရှာပြီး ရွှီဇီရုန်ကို ပြဿနာရှာလေတော့သည်။


အကယ်၍ သူသာ မူလရွှီဇီယန် ဖြစ်နေမယ်ဆိုရင်တောင် သူ့အဖေအရှေ့မှာတော့ ရွှီဇီရုန်ကို ဘာမှလုပ်နိုင်မည် မဟုတ်ပေ။ အနည်းငယ်တော့ သူကျိန်ဆဲပေလိမ့်မည်။ ဒါပေမယ့် အခုရွှီဇီယန်က ရွှီဇီရုန်အပေါ် ဘာအမုန်းတရားမှမရှိပေ။ ဒါကြောင့် သူတို့နှစ်ယောက်တွ့ဆုံသည့်အခါ သူအနေနှင့် ရွှီဇီရုန်ကို အနိုင်ကျင့်စရာမလိုပေ။


ထို့အပြင် မူလရွှီဇီယန်သည် အသက် ၁၂ အရွယ်သာရှိသေးပြီး သူ၏ညီငယ်လေးကို အနိုင်ကျင့်တယ်ဆိုတာ ကလေးအရွယ် အမှားအမှန်ကို မခွဲခြားတတ်သေးသည်မို့ နားလည်ပေးလို့ရပေသည်။ ဒါပေမယ့် အခုရွှီဇီယန်ကိုယ်ထဲမှာက အသက် ၃၀ အရွယ်ရင့်ကျက်သည့် ယောင်္ကျားတစ်ယောက်ရှိနေသည်။ အကယ်၍ အခြားလူတွေက သူ့အပြုအမူနှင့် ပတ်သက်ပြီး သတိထားမိမယ်ဆိုလျှင်တောင် သူအနေနှင့် အသက် ၈ နှစ်အရွယ်ကလေးကို အနိုင်ကျင့်မည်မဟုတ်ပေ။


"ကောင်းပြီ… ငါသိပြီ…" ရွှီဇီယန် လက်ကိုဝှေ့ယမ်းလိုက်ပြီး လော့ကျူးကို အဝေးသို့ သွားခိုင်းလိုက်၏။ သူသည် သူ၏ဝတ်ရုံစကိုမပြီး အပြုံးချိုချိုလေးဖြင့် အရှေ့ခန်းမဆီသို့ ဦးတည်လျှောက်သွားသည်။ 


သူ လမ်းလျှောက်နေရင်း တွေးနေမိသည်။ နောင်ကျလျှင် သူဘယ်လိုသရုပ်ဆောင်မလဲ? ပြီးတော့ တခြားလူတွေက ဒီလူကိုယ်ကပြောင်းသွားတာကို မမြင်နိုင်၊ မတွေ့နိုင်လောက်ဘူးမလား?


အနောက်ဘက်အဆောင်နှင့် အရှေ့ခန်းမက အနည်းငယ်တော့ ကွာ‌ဝေးသည်။ ဒါပေမယ့် သူက ပဥ္စမချီစွမ်းအင်စုဆောင်းမှုအဆင့် ရှိနေပြီဖြစ်ပြီး သူ၏စွမ်းရည်က သာမန်လူတွေထပ်တော့သာပေသည်။ အကယ်၍ သူနှေးနှေးလျှောက်လျှင်တောင်မှ နှေးသွားလိမ့်မည်မဟုတ်ပေ။ ရေနွေးကြမ်းတစ်ဝက်စာအချိန်ကို အသုံးပြုပြီးနောက် သူသည် အရှေ့ခန်းမ၏ တံခါးကိုမြင်နေရပြီဖြစ်၏။


အေးအေးဆေးဆေးပုံစံဖြင့် အရှေ့ခန်းမဆီကို လျှောက်သွားပြီး အရှေ့ခန်းမ၏ထိုင်ခုံများတွင် လူတွေအားလုံး နေရာယူထားကြတာကို တွေ့လိုက်ရသည်။


ရွှီမိသားစုသည် အလယ်အလတ်တန်းစား ကျင့်ကြံခြင်းမိသားစုဖြစ်သည်။ ထိပ်တန်းမိသားစုများနှင့် မယှဥ်နိုင်သော်လည်း ထိပ်တန်းမိသားစုငါးခုနှင့် ဆက်နွယ်မှုရှိသဖြင့် လူအများက မလေးမစားလည်းမလုပ်ရဲသလို ရှုံ့ချခြင်းလည်းမရှိပေ။


မျိုးနွယ်စုသည် တဖြည်းဖြည်း လူဦးရေများပြားလာ၏။ ပင်မရွှီမျိုးနွယ်စုကနေ ဆင်းသက်လာကြသူများလည်းရှိသလို အခြားမျိုးနွယ်စုအခွဲများလည်း ရှိကြသည်။ ရွှီမိသားစုတစ်ခုလုံးသည် ပင်မမျိုးနွယ်စု၏ သားစဥ်မြေးဆက် ဆင်းသက်လာသူများဖြစ်သည်။ ထို့ကြောင့် ပင်မမိသားစုက အမွေဆက်ခံရန် ကလေးတစ်ယောက်ပေါ်လာတိုင်း မျိုးနွယ်စုအခွဲများက လာရောက်ကြည့်ရှုကြလေသည်။ 


ရွှီဇီယန် အခန်းထဲသို့ ဝင်လာသည့်အချိန်တွင် အားလုံး၏အကြည့်များက သူ့ဆီသို့ရောက်လာ၏။


ရွှီရှောင်၏သားလည်းဖြစ်သလို အလွန်ထူးခြားသည့်စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားသည်က လူအများ၏အာရုံစိုက်ခြင်းကို ခံရပေသည်။


မိုးကြိုးကောင်းကင်စိတ်ဝိညာဥ်သွေးကြောဆိုသည့် ဒီစွမ်းရည်ဖြင့် အကယ်၍ သူသာဂိုဏ်းကြီးတစ်ခုခု၏ တပည့်ဖြစ်ခဲ့မည်ဆိုလျှင် သူသည်လက်ရွေးစင်တပည့်အဖြစ် သင်ကြားခံရလိမ့်မည်။


ခန္ဓာကိုယ်ထဲ၌ ဒီလိုစွမ်းရည်မျိုးရှိကတည်းက သူသည် ရွှီမိသားစု၏ အမွေဆက်ခံသူဖြစ်လိမ့်မည်ဟု အားလုံးကဆုံးဖြတ်ထားကြသည်။ သူသည် ကျင့်ကြံခြင်းကို ကောင်းကောင်းမွန်မွန်ကျင့်ကြံနေသမျှ ကာလပတ်လုံး ရွှီမိသားစုသည် သူ့ကို တောင်ကဲ့သို့ အထောက်အပံ့ပေးလိမ့်မည်။


ခေါင်းဆောင်နေရာကို လိုချင်နေကြသူများသည်ပင်လျှင် ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်နေမည်စိုး၍ သူ့ကို ဘယ်သူမှ စိတ်အ‌နှောင့်အယှက်မပေးရဲကြပေ။


အစကဆူညံနေသည့်ခန်းမကြီးဟာ ရွှီဇီယန်ဝင်လာသည်နှင့် ရုတ်တရပ်ကြီး တိတ်သွားလေ၏။


ရွှီဇီယန်က သူ့ညီငယ်လေးအပေါ် ဘယ်လိုသဘောထားရှိလည်းဆိုတာကို လူတိုင်းကသိချင်နေကြသည်။


*****

MC - ရွှီဇီယန် (Xu ZiYan)(Shou/Uke)

ML - ရွှီဇီရုန် (Xu ZiRong)(Gong/Seme)



#TK