Chapter 98
" အား ..."
အစောပိုင်းက ခေါင်းမာနေသည့်လူမှာ ရှအန်းက သူ့လက်ကို ချိုးလိုက်သောကြောင့် အော်ဟစ်နေသည်။
အားလုံး အံ့အားသင့်သွားကြသည်။
မယုံနိုင်စရာပဲ ...
ရှအန်းက အလွန်နူးညံ့သိမ်မွေ့သည့်အတွက် ယောကျာ်းကြီးတစ်ယောက်၏ လက်ချောင်းကို အလွယ်တကူချိုးနိုင်သည့်ပုံဟု မထင်ရပေ။
" အကျင့်မကောင်းတဲ့မိန်းမ ... ငါ့ကိုဒီလိုလုပ်ရဲတယ်ပေါ့ ..."
ရွာသား၏ စကားမဆုံးမီမှာပင် နောက်ထပ်အော်သံတစ်ခု ထွက်ပေါ်လာသည်။
" အား ... ကယ်တင်ရှင်မိန်းကလေး ကျုပ်ကိုခွင့်လွှတ်ပါ ..."
ထိုလူ မြေပြင်ပေါ်လဲကျသွားပြီး ရှအန်းက သူ့ခန္ဓာကိုယ်ကို ဖိနပ်ဖြင့် တက်နင်းထားသည်။
ထိုသို့ နင်းထားသည့်အတွက် ရွာသား၏အော်သံ ပိုကျယ်လာသည်။
" ထွက်သွားစမ်း ..."
ရှအန်းက ခြေထောက်အောက်မှလူကိုကြည့်ကာ အေးစက်စက် အမိန့်ပေးလိုက်သည်။ အစောပိုင်းက ရက်စက် ကြမ်းကြုတ်နေသူမှာ သိုးငယ်တစ်ကောင်ကဲ့သို့ သူမစကားကို နားထောင်နေသည်။
ရွာသားထွက်မသွားခင်အချိန်ထိ အယ်လန် စိတ်နှင့်ကိုယ်နှင့် မကပ်ပေ။
“Come on Challenger” အစီအစဉ်ကို သူကြည့်ခဲ့သော်လည်း ရှအန်း အလွန်သန်မာနေရခြင်းမှာ ပရိုဂရမ်အဖွဲ့၏ တည်းဖြတ်မှုကြောင့်ဟု တွေးခဲ့မိသည်။
သို့သော် ယနေ့တွင် ရှအန်း၏ လက်ဗလာဖြင့် တိုက်ခိုက်မှုကို မြင်လိုက်ရသည့်အခါ “Come on Challenger”က အစီအစဉ်ကောင်းတစ်ခုဖြစ်ကြောင်း သိရှိသွားခဲ့သည်။
ရှအန်းက ရသစုံထဲက ကဲ့သို့ပင် ခံ့ညားလှသည်။
" ရှအန်း ဒီည မင်းရှိနေလို့တော်သေးတယ် ... မဟုတ်ရင် ငါလည်းသနားစရာဖြစ်နေမှာ ..."
အန်လန်က သန်မာသောလူ၏ လက်သီးချက်ကိုတွေးမိပြီး ခဏတာ ထိတ်လန့်သွားခဲ့သည်။
ကံကောင်းသည်မှာ ရှအန်းက ရသစုံရှိုး နှင့် တစ်ထပ်တည်းပင်ဖြစ်သည်။
" ရှအန်း ရွာကလူတွေ ငါတို့ကို လိုက်မရှာခင် မြန်မြန်ပြန်ကြမယ်လေ ..."
အယ်လန်နှင့်ရှအန်းက သူတို့ငှားထားသည့်အ်ိမ်သို့ အမြန်ပြန်သွားကြသည်။
ရှအနိး မူလက ထိုကလေးကို ကယ်ဆယ်ရန် စိတ်မဝင်စားသော်လည်း သူတို့ကယ်ခဲ့သည့် ကလေးလေးက သူ၏အင်္ကျီစကို လာဆွဲထားသည်။
" မမနတ်သမီး မသွားပါနဲ့ ... မသွားပါနဲ့ ..."
ထိုကလေးလေးက သတိမေ့လုနီးပါးဖြစ်နေသော်လည်း လုံခြုံမှုမရှိကြောင်းကို ခံစားနေမိသည်။ ရှအန်းကို ဆက်တိုက်ခေါ်နေသော သူ၏ပုံစံက သနားစရာကောင်းနေသည်။
သို့သော် ကမ္ဘာပျက်ကပ်နေ့ရက်များမှ ရောက်ရှိလာခဲ့သည့်ရှအန်းက သနားညှာတာမှု မရှိပေ။
ကလေးလေးဖမ်းဆုပ်ထားသည့် အင်္ကျီစကို ပြန်ဆွဲ၍ ထွက်သွားတော့မည်အချိန်၌ ကလေးသံလေးတစ်ခုက သူမနားထဲ ရောက်လာသည်။
" မာမား သူ့ကို အိမ်ခေါ်သွားရအောင် ..."
" မာမားတို့နဲ့တူတူ ခေါ်သွားမှာလား ..."
သူမသားလေးက မြေပြင်ပေါ်လဲကျနေသည့် ကလေးလေးကိုကြည့်ကာ သူ၏မျက်လုံးများက ထူးဆန်းမှုများဖြင့် ပြည့်နှက်နေသည်။
သူ၏မျက်တောင်များက ရှည်လျားသောကြောင့် ရှရှင်းချန်၏မျက်လုံးထဲ ရောင်ပြန်ဟပ်နေသည့် ထူးဆန်းသောအကြည့်က်ု မမြင်ခဲ့ပေ။
" အင်း ... အန်ကယ်အယ်လန်ပြောတာက သူက ဒီနေရာမှာ လူကုန်ကူးခံရတာတဲ့ ... အိမ်ကိုခေါ်သွားကြတာပေါ့ ..."
တစ်လုံးချင်း ဖြည်းညှင်းစွာပြောလိုက်သည့် စကားများကြောင့် ရှအန်း စိတ်ရှုပ်သွားသည်။ ဤရက်ပိုင်းအတွင်း သူမသားလေးက သူမကိုသာ ဖက်တွယ်နေပြီး အခြားကလေးများကို သတိထားမိသည်ကို မနှစ်သက်ခဲ့ပေ။
ဒါပေမဲ့ ကျေးလက်ဒေသလိုနေရာမှာ ကလေးလေးတစ်ယောက်က လူကုန်ကူးခံရတာကို မြင်တော့ အိမ်ကို တူတူခေါ်သွားချင်တယ်တဲ့လား ...
ဒါ လုံးဝသာမန်မဟုတ်ဘူး ...
အကြိမ်များစွာစဉ်းစားတွေးခေါ်ပြီးပေမယ့် ရှအန်း သူ့သားလေးရဲ့ အတွေးကို နားမလည်နိုင်ခဲ့ပေ။.
သို့သော် ရှအန်းက ရှုပ်ထွေးသောသူ မဟုတ်သည့်အတွက် သူမစဉ်းစားမရနိုင်သည့် ကိစ္စများကို ရင်ထဲ မထားတတ်ပေ။
" သားတကယ် ခေါ်သွားချင်ရင် ခေါ်သွားလေ ..."
ရှအန်းလိုက်လျောလိုက်ပြီး ထိုကိစ္စကို ထပ်မတွေးတော့ပေ။
နောက်ဆုံးတွင် ဤကောင်လေးက သူမ မကယ်တင်နိုင်သည့်လူ မဟုတ်ပေ။ သူက ဤကမ္ဘာတွင် အရေးကြီးလူတစ်ယောက်ဖြစ်ပြီး မည်မျှအရေးကြီးကြောင်း သူမ မခန့်မှန်းနိုင်ခဲ့ပေ။
နောက်နေ့မနက်စောပိုင်း နေမထွက်မီမှာပင် ရှအန်းနှင့် အယ်လန်တို့ ကားပေါ်အမြန်တက်ကာ အလွန်ခေါင်သည့် တောင်ကြားရွာငယ်လေးဆီမှ ထွက်လာကြသည်။
အလျင်အမြန် ထွက်ခွာလာရသည့် အကြောင်းရင်းမှ ညပိုင်းက သူတို့ကယ်ဆယ်ခဲ့သည့် ကောင်လေးမှာ ခေါင်းကိုအရိုက်ခံရသဖြင့် အဖျားဝင်လာသောကြောင့်ဖြစ်သည်။
ထို့ကြောင့် ရှအန်းနှင့် အယ်လန်တို့ မနက်စောစောတွင် ဆေးရုံသို့ ထွက်လာခဲ့ကြသည်။
ဆေးရုံတွင် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ပြန်ပေးဆွဲခံရသည့်ကောင်လေး ပြန်လည်ကောင်းမွန်လာခဲ့သည်။
အဖျားကျသွားပြီးနောက် ထိုကောင်လေး အဆင်ပြေသွားသည်ဟု အားလုံးထင်ခဲ့ကြသည်။ သူ၏အဖျားပျောက်ကင်းသွားပြီးနောက် မျက်လုံးများဖွင့်ကာ ပထမဆုံးပြောလိုက်သည်က –
" ဘယ်သူတွေလဲဟင် ..."
ငယ်ရွယ်သေးသော ကလေးငယ်လေးက အတိတ်မေ့ရောဂါဖြစ်နိုင်လိမ့်မည်ဟု မည်သူမျှ မသိခဲ့ပေ။
ထို့ကြောင့် သူ၏မိဘများကို ရှာပေးချင်သော အယ်လန်က ခေါင်းကုတ်နေရသည်။
…
မှတ်ဉာဏ်များ ရုတ်တရက် ပျောက်ဆုံးသွားသော ကောင်လေးကို ရှအန်းနှင့် အယ်လန်တို့ စိတ်ပူနေစဉ်တွင် ရှအန်း၏ ပြဿနာတစ်ခုက တိတ်ဆိတ်စွာပေါ်လာသည်။
" Come on Challenger ပထမပိုင်းကြည့်ပြီးပြီလား ... ရှအန်းက တကယ်ခန့်ညားတယ် ..."
" ဒုတိယပိုင်းလည်းကောင်းပါတယ် ... ရှအန်းက တိုက်ခိုက်တတ်ရုံမကဘူး သူမမှတ်ဉာဏ်ကလည်း အံ့မခန်းပဲ ... သူမက အရာရာမှာ ထူးချွန်နေတော့တာပဲ ..."
" ရှအန်းက သေချာပေါက်ညစ်ထားတာပဲ ... နှစ်ခါတောင် ချန်ပီယံ ဖြစ်ထားတာလေ ... တတိယတစ်ပွဲလည်း သူပဲနေမှာ ..."
" ရှအန်းနဲ့ယှဉ်ရင် တခြားပါဝင်သူလေးယောက်က တော်တော်ဆိုးရွားတယ် ... ရှအန်းက ဒီရှိုးအတွက် တန်ဖိုးမြင့်တဲ့ ကိုယ်စားပြုနတ်ဘုရားမလေး ဖြစ်ရုံတင်မကဘူး ခန့်ညားတဲ့ ကိုယ်စားပြု နတ်သားလေးဆိုလည်းဟုတ်တယ် ..."
" ရှအန်းက တကယ်အံ့ဩစရာကောင်းတယ်လို့ထင်မိတယ် ... သူမမွေးထားတဲ့သားလေးကလည်း ချစ်စရာလေးပဲ ..."
"ရှအန်း ..."
ထိုနာမည်ကို နေရာအနှံ့တွင် ကြားနေရသဖြင့် လျှို့ရွှယ်လီ၏ မျက်နှာက ပုပ်သိုးလာသည်။
သူမရဲ့ ညီမလေးက တကယ်ကံကောင်းနေတာပဲ ...
( ဒီနေရာမှာ step sisterလို့သုံးထားတာ အမေတူအဖေကွဲလား မိထွေး or ပထွေးရဲ့သမီးလားမသိလို့ ညီမလို့ သုံးလိုက်တယ်နော် TT)
သူတို့ ငယ်ရွယ်စဉ်က ရှအန်းက ရှကျင်းဟောင်အစား ရှမိသားစုသို့ မွေးစားခံရပြီး သူမက ဆင်းရဲပြီး ငွေမရှိသောအိမ်၌ ကြီးပြင်းလာရသည်။
ရှမိသားစု၏ သမီးအရင်းပေါ်လာသောအခါ သူမ ညီမက ထိုအိမ်မှ နှင်ထုတ်ခံခဲ့ရသည်။ ထို့နောက် သူမက ကံကောင်းလွန်းသဖြင့် scoutများမှ တွေ့ရှိသွားခဲ့သည်။
( Scout –သရုပ်ဆောင် or မော်ဒယ်လုပ်ဆောင်ရန် ရုပ်ရည်ချောမောသူများကို ရှာဖွေပေးရသည့် အေဂျင်စီများမှ လွှတ်ထားသောလူများ)
သူမက နာမည်မကြီးသော်လည်း သက်တောင့်သက်သာ နေနိုင်စားနိုင်ခဲ့သည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်က အိမ်တစ်လုံး ဝယ်နိုင်ခဲ့သည်။
အကယ်၍ သူမသာ ပြန်ပေးဆွဲခံသူများထဲ ပါသွားခဲ့ပါက ရှအန်း၏ ယခုလက်ရှိဘဝသည် သူမဘဝ ဖြစ်နေခဲ့လိမ့်မည်။
" လီလီ ဘာဖြစ်လို့လဲ ..."
သူမသမီး မျက်နှာပျက်နေသည်ကို မြင်သောအခါ ကျူးဟုန် စိတ်ပူသွားသည်။
" ရှအန်းကြောင့်ပေါ့ ..."
လျှို့ရွှယ်လီက သူမအမေကိုကြည့်ကာ ပြောလိုက်သည်။
" ဘာဖြစ်လို့လဲ ... သူက နင့်ကို စော်ကားလို့လား ..."
"အမေ နောက်လကနေစပြီး ရှအန်းကို အိမ်ပြန်လာဖို့ ပြောကြည့်ဦးလေ ... သူက နာမည်ကြီးလာတော့ အရင်လို မဟုတ်တော့ဘူး ... အရင်ထက် ငွေပိုရှာနိုင်ပြီလေ ..."
ကျူးဟုန် ထိုစကားကိုကြားသည့်အခါ စိတ်လှုပ်ရှားသွားသည်။
" ဘာ ရှအန်းက အရင်ထက်ပိုပြီး ငွေရှာနိုင်ပြီလား ..."
ကျူးဟုန်က ဖျော်ဖြေရေးလောကသတင်းများကို အာရုံမစိုက်သည့်အတွက် ရှအန်း မည်မျှ နာမည်ကြီးနေသည်ကို မသိပေ။
" အမေ မသိဘူးလား ..."
" ငါမသိဘူးလေ ... အဲ့ဟာမကို ရှာမတွေ့တာကြာပြီ ... သူထွက်မပြေးနိုင်ဘူးထင်နေတာ သူက ငါ့ကို တမင်ရှောင်နေတာပဲ ..."
ထိုကိစ္စနှင့် သူမသမီး ယခုပြောလိုက်သည့် ကိစ္စနှစ်ခုပေါင်းကာ ကျူးဟုန် စိတ်တိုလာသည်။
" မဖြစ်သေးဘူး ငါသူ့ကိုရှာမှဖြစ်မယ် ..."